မော်ဒယ်
ကြပ်လှသော ဘတ်စကားပေါ်မှအတင်းတိုးဆင်းလိုက်သည်။
ချွေးနံ့များနှင့်လုံးထွေးစွာစီးလာခဲ့ရသော ကားပေါ်အမြန်လွတ်မြောက်ချင်ဇောနှင့်
ဇွတ်တိုးဆင်းလိုက်ရ၍အောက်သို့ရောက်သော် စီးလာသော ဖိနပ်ကပြတ်ပြီ။
ကုန်းပြီးစီးလို့ရအောင်အကြံအဖန်လုပ်ရသည်။ ပြုပြင်စီးရအုန်းမည်လောလောဆယ်။
ခက်ပြီ။ ဗိုက်ကလဲဆာပြီ။ အိပ်ထဲတွင်လည်း ဒီညစာ စားဖို့လောက်သာရှိသည်။
စားလိုက်လျှင် မနက် ကို အလုပ်အင်တာဗျူး သွားစရာ ခရီးစရိတ်ကမရှိဖြစ်မည်။
စတိုင်ကျကျ ဝတ်စရာ အင်းကျီလေးတထည်လဲ လိုသေးသည်။
ဘယ်သူ့ကိုမှအကူအညီတောင်းလို့ မရတော့။
အသိတွေကလဲ ဘွဲ့ရအလုပ်လက်မဲ့ သူ့ကို ချေးငှါးတတ်လွန်းလို့တွေ့တာနဲ့ ဝေးဝေးကပြေးသည် မဟုတ်လား။
စဉ်းစားရင်စဉ်းစားသလောက် စိတ်ညစ်စရာတွေ ကတထွေးကြီးပါလား။
မစဉ်းစားတော့ လောလောဆယ်ဗိုက်ဆာတာ စားမှဖြစ်မည်။
လမ်းဘေး ထမင်းကြော်ဆိုင်တဆိုင်သို့ ဝင်လိုက်ပြီး အသက်သာဆုံး ထမင်းကြော်တပွဲမှာလိုက်သည်။
စားသည်။ တနေကုန် ရှောက်၍အလုပ်ရှာခဲ့ရသောကြောင့် ဗိုက်ကတပွဲနဲ့မဝ။ မတတ်နိုင်၊ ပိုက်ဆံကကုန်ပြီ။
ဗိုက်မဝတဝနဲ့ ဆိုင်ကထပြီး အိမ်ကိုလမ်းလျှောက်ပြန်လာသည်။ အိမ်ဆိုလို့ ခုမှစဉ်းစားမိသည်။
အိမ်လခမပေးနိုင်တာ ၃ လရှိပြီ။ နောက် ၂ရက် နေလို့မှ မပေးရင် အိမ်ပေါ်ကမောင်းချမည်တဲ့ အိမ်ရှင်က။
ပြီးတော့ ဟိုနေ့ကအရေးကြီးသွားစရာရှိလို့အိမ်နားက အသိတယောက်ရဲ့ စက်ဘီးကိုငှါးစီးမိပါတယ်။
မြောင်းထဲထိုးကျလို့ ဂွေခွင်သွားတာ ရော်ရအုန်းမည်။ဒီနေ့ပြင်ခပေးရမယ်လို့မနက်ကပြောသည်။
အဲဒီလူ မမြင်အောင်ပုန်းပီးအိမ်ထဲဝင်မှ။ပေးစရာပိုက်ဆံမရှိဘူးလေ။
စိတ်ပျက်လက်ပျက်နှင့်လေးကန်သောခြေလှမ်းများကမြေကိုမလွတ်ချင်။ “ဂုံ” ကနဲ နေအောင်
ခြေထောက်ကတစုံတခုကိုခလုတ်တိုက်မိသည်။ နာလိုက်တာဟု ညည်းလိုက်မိရင်း ငုံ့ကြည့်လိုက်တော့
သတ္တူုပုံးတလုံး အဖုံးနှင့်။ ဘာဘဲ ဖြစ်ဖြစ်အိမ်ယူသွားရမယ်။
အနဲဆုံး ဘော်တယ် ကုလားရောင်းစားလို့ရတာပေါ့လို့တွေးရင် ယူလာသည်။ အိမ်ဘေးအိမ်ကလူမမြင်အောင်
အိမ်သို့ဝင်သည်။ ကောက်လာသော ပုံးကို ခနချ ပြီးတမျိုးထည်းသောဗိုက်ဖြည့်စရာရေအိုးမှရေကိုသောက်သည်။
ပြန်ထိုင်ပြီး ပုံးကိုဖွင့်ရန်ကြိုးစားသည်။ ဖွင့်လို့မရ။အဖုံးကကြပ်နေသည်။ ကလော်စရာတခုခုရှာသည်။
သံပေတံတချောင်း။ ဖွင့်လို့ရပြီ။ဗလာ။ ဘာမှမထဲ့ထား။ ရတယ်လေ။ပုံးခွံရောင်းစားမှာပေါ့။
အိပ်မည်။ပင်ပန်းလွန်းလှပြီ။ တခနအတွင်းအိပ်ပျော်သွားသည်။ နိုးတော့မိုးလင်းနေပြီ။
သတိတရရှိလိုက်သော ညကကောက်ခဲ့သော ပုံးလေးကို ဘာရယ်မဟုတ်ကြည့်လိုက်မိသည်။
“ဟာ” ကနဲအော်မိသည်။
အိပ်ချင်မူးတူးမလို့လား မျက်လုံးကိုသေခြာပွတ်သည်။ပြန်ကြည့်သည်။
မမှားပါ၊ဟုတ်တယ်။ပုံးလေးထဲမှာ ပိုက်ဆံတချို့နှင့် ဖိနပ်တရံနဲ့ သပ်ရပ်သောအင်းကျီတထည်။
ပိုက်ဆံကိုယူပြီးရေကြည့်လိုက်တော့ အိမ်လခပေးစရာ၊စက်ဘီးဖိုးရော်စရာများ လောက်သည်။
ယနေ့တရက်စာ စားစရာထမင်းဖိုး၊ခရီးစရိတ်အကုန်လောက်သည်။နဲနဲလေးတော့ပိုသည်။
ဒီအတိုင်းဆိုအဆင်ပြေပြီ။
သည်လိုနှင့် လုပ်စရာရှိစရာများဆက်တိုက်လုပ်လိုက်ရင်းတနေ့တာကုန်သွားသည်။
အလုပ်အင်တာဗျူးကသွားသာ သွားလိုက်ရသည်၊ကိုယ်လိုဘာရရလုပ်လိုသူတွေကများနေ၍
ကိုယ့်အလှဲ့မရောက်တော့။အလုပ်ကမရ။
ဒီနေ့လဲမနေ့ကလိုဘဲအင်းကျီအသစ်ဝတ်ထားတာသာပိုသောအနေအထားနှင့်ပြန်လာရပြန်သည်။
ဈေးအပေါဆုံးညစာထက် နဲနဲပိုကောင်း၍ဝဝလင်လင်စားလောက်အောင်ရှိသောပိုက်ဆံဖြင့်ထမင်း
လဲစားပြီးပြီ။
အိမ်ပြန်ရောက်သည်နှင့် မနေ့ကကောက်လာသောပုံးကိုအရင်စလိုကြည့်မိသည်။
“ဟယ်”
ရပြန်ပြီ။အထဲမှာပိုက်ဆံတွေ။သို့သော်သိပ်တော့မများ။တရက် ၂ ရက် သုံးလောက်ရုံ။
ပိုက်ဆံအပြင်တခါမှ မစားဘူးသောတန်ဖိုးကြီးအသီးအနှံများ၊စည်သွတ်ဘူးများ၊အချိုရည်ဘူးများပါ
ပါသည်။
“ဝေး ဟေး ဟေး” ဟု ခပ်တိုးတိုးလေးအော်လိုက် မိသည်။ပျော်သွားသည်။
အဲဒီလိုနှင့် နေ့စဉ်လိုအပ်သောအသုံးအဆောင်နှင့်စားစရာများဤပုံးထဲမှရသည်။
ဒီလိုနဲ့ နေလာလိုက်တာတနေ့တော့ ဤပုံးထဲမှထူးခြားသောဘူးလေးတခုကိုတွေ့ရသည်။
“စားစရာ” ဟုရေးထားသော်လည်း တခါမှ မတွေ့ဘူးသော အခဲလေးများဖြစ်နေသည်။
ဘာဘဲဖြစ် ဒီအထဲကမကောင်းတာမှမရဘူးတာ စားကြည့်မည်ဟုဆုံးဖြတ်ပြီးတခဲစားကြည့်လိုက်သည်။
တော်တော်အရသာရှိသည်။
ဆက်စားလိုက်ရာတထုပ်လုံးကုန်သွားသည်။
ထူးခြားသလိုခံစားမှုတခုရလိုက်ပြီး၊ ခန္ဓာကိုယ် ကတဖြည်းဖြည်းသေးငယ်သွားသည်။
ဟာ ငါအမြင်မှားတာလား ဟုတွေးနေတုန်း ဘယ်တုန်းကနဲ့မတူသော ရေဆာမှုကပြင်းထန်စွာခံစားရသည်။
ခန္ဓာကိုယ်ရဲ့ကိစ္စနောက်မှစဉ်းစားမည်။လောလောဆယ်လိုသည်က ရေ ဘဲ။
“ရေ ရေ ရေ ” ဟု အော်မိရင်း ရေအိုးရှိရာကြည့်လိုက်တော့သေးသွားသော ကိုယ့်ခန္ဓာကိုယ်နှင့် မမှီတော့။
ဟာ ခက်ပြီ။
သတိရသွားသည်။ ဟိုပုံးထဲမှာရှိမည်။
ကြည့်လိုက်တော့ ပုံးသည် ယခုလက်ရှိခန္ဓာကိုယ်အတွက် တံခါးပေါက်တခုသို့နှယ်။
ဝင်ကြည့်မည်။ အတင်းကုန်းထပြီး ပုံးထဲဝင်လိုက်သည်။ရေတဘူးတွေ့ရ၍မျက်စိစုံမှိတ်ပြီးသောက်ပလိုက်သည်။
ရေငတ်ပြေ အားအင်ပြည့်သွားပြီ။ မျက်စိကိုဖွင့်လိုက်တော့
“ဟာ” ကနဲအော်မိသည်။ ပုံးထဲမှာ ပိတ်မိနေပြီ။အဖုံးကသူ့အလိုလို ပြန်ပိတ်သွားပြီ။
အဖုံးကိုတွန်းကြည့်သည်မရ။ ရှိသမျှအားကုန်သုံး၍အတင်းဖွင့်သည်။မရ။
ဟာ……….ဒီအထဲမှာသေရတော့မှာဘဲထင်တယ်ဟုစဉ်းစားနေတုန်းပုံးကမြောက်တတ်သွား၍ဟန်ချက်ပျက်ပြီးလဲကျသည်။
နောက်တော့ ခေါင်းမူးလာပြီးအိပ်ပျော်သွားတော့သည်။
အိပ်ရာကနိုးတော့ ပြန့်ပြူးသပ်ရပ်သော အိပ်ယာတခုထက်မှာ။ခန္ဓာကိုယ်ကလဲပုံမှန် ပါလား။
ဒါဆို ညက ဟာ က အိမ်မက်လား။ မဖြစ်နိုင်၊ ခုရောက်နေတာ မိမိအိပ်ယာမှ မဟုတ်တာလေ။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ကြီးကျယ်ခမ်းနားသောအိပ်ခန်းဆောင်ကျယ်ကြီးဖြစ်နေသည်။
အမွှေးနံ့သာ ခပ်သင်းသင်းလေးက ရင်ကိုအေးပြီး၊စိတ်ကိုကြည်စေသည်။
အိပ်ယာမှထလိုက်ချိန် ပြုံးရွှင်သောမျက်နှာနှင့် လူတယောက်ဝင်လာသည်။
“နိုးပါပြီလားခင်ဗျာ။ ဘေးကအခန်းလေးမှာမျက်နှာသစ်ပါ။ကိုယ်လက်သန့်စင်ပါ။ပြီးရင် ဒီမှာချိတ်ထားတဲ့
အဝတ်အစားတွေအနက်ကနှစ်သက်ရာတစုံကိုလဲလှည်ဝတ်ပါ။ပြီးရင်ဒီစားပွဲပေါ်ကဘဲလ်ကိုနှိပ်ပြီးကျနော့ကိုခေါ်ပါ
အပြင်ကစောင့်ပါမယ်။လူကြီးမင်းသိချင်တာတွေ နောက်မှအားလုံးရှင်းပြပါမယ်”ဟု ရိုကျိုးစွာပြောပြီး လှဲ့ထွက်သွား
ပါတယ်။
အားလုံးသူပြောတဲ့အတိုင်းလုပ်ပြီးဘဲလ်ကိုနှိပ်ပြီးခေါ်လိုက်သည်။
ရိုကျိုးသောအမူအရာနှင့် ရှေ့ကဦးဆောင်ပြီး တနေရာသို့ခေါ်သွားသည်။
ခန်းနားစွာပြင်ဆင်ထားသော နံနက်စာများ၊ခင်းကျင်းထားသောစားပွဲကြီးတခုနှင့်အတူစားပွဲထိပ်မှာထိုင်နေ
သော တောက်ပစွာ၊ပြုံးနေသော လူကြီးတဦး။
လာပါ၊ကြွပါ၊ဟုယဉ်ကျေးစွာခေါ်ခြင်းခံလိုက်ရသည်။
ဘယ်ရုံးသွားသွား မိမိကသာမျက်နှာချိုသွေးရပြီး၊ အငေါက်ခံရသည်ကိုတွေးမိပြီး ပြုံးမိသွားသည်။
ဤအပြုံးကို တဘက်ကလူကြီးကသူ့ကိုပြုံးပြသည်ဟုထင်သွားပုံရဟန်တူသည်။
ထပ်မံသူကပြုံးပြသည်။ပြီး တော့စိတ်ကိုသက်တောင့်သက်သာထားပြီးမနက်စာစားပါ။
ပြီးရင်ရှင်းပြပါမယ်ဟုဆိုသည်။
စားစရာများအလယ်က ဘယ်ရီသီးများနှင့်ဖျော်ထားသော ဒိန်ချဉ်ခွက်ကိုသောက်လိုက်သည်။
ချိုမြအေးစက်သောဒိန်ချဉ်ကဘယ်ရီသီးတို့၏အမွှေးနံ့နှင့် လျှာကိုပါမကစိတ်နှလုံးကိုပါအရသာရှိလှပေသည်။
ကျောက်ပုဇွန်ထုပ်ကြီးကိုချိစ်မှိုတို့နှင့်ရောကာဖုတ်ထားသောဟင်းလျှာကိုဇွန်းနှင့်ခပ်လိုက်ပြီးစားလိုက်ချိန်တွင်
စကားသံကထွက်လာသည်။စားချင်တာအထူးရှိရင်ပြောပါဟူသောလူကြီး၏စကား။
မလိုတော့ပါဘူးဟုယဉ်ကျေးစွာဖြေရင်း ပုဇွန်ပန်းကန်ကိုချပြီး၊
ရှေ့တွင်ရှိနေသော ရနံ့မွှေးလှသောသိုးသားကင်ကိုဆလပ်ရွက်နှင့်လိပ်ခါ အချည်ရည်နှင့်တို့လိုက်သည်။
သည်လိုနှင့် အမျိုးမျိုးစားပြီးသွားပြီ။
အစာပိတ်အဖြစ်ခလမ်ဘယ်ရီဖျော်ရည်အနည်းငယ်ချဉ်ချဉ်လေးနှင့်အအီပြေစေသည်။
ပါးစပ်ကို အနီးရှိလက်သုတ်ပုဝါနှင့်သုတ်နေချိန်တွင် ရှေ့ကလူကြီးကပြောသည်။
“ဒီ နေရာ ကို သံလွင်ဂြိုလ်လို့ခေါ်ပါတယ်။ ခင်ဗျားတို့ရဲ့ ဂြိုလ်ပြာကြီးလိုဘဲ လူတွေနေတာပါ။
ခင်ဗျားတို့ရဲ့ ဂြိုလ်ပြာကြီးလိုဘဲ ကျနော်တို့ဆီမှာလဲ အကြမ်းဖက်သမားတွေ၊
အာဏာရှင်ကြီးတွေစိုးမိုးတာတွေ၊ ရှိခဲ့ပါတယ်။အဲ နောက်ပိုင်းသူတို့ကိုဖယ်ရှားနိုင်ခဲ့ပြီးနောက်မှာ
အကျင့်သိက္ခာကြီးမားတဲ့ကိုယ်ကျိုးစွန့်အနစ်အနာခံတဲ့ နိုင်ငံခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့တယ်။
တိုင်းပြည်အကျိုးကိုရှေ့တန်းတင်လုပ်ဆောင်ကြလို့ပြည်သူပြည်သားများကလဲ လေးလေးစားစားလိုက်နာလုပ်
ကိုင်ကြလို့ခုလိုသာယာဝပြောတဲ့ လူ့ဘောင်တခုကိုတည်ဆောက်နိုင်ခဲ့တယ်။
အဲဒီတော့ ငတ်မွတ်ခေါင်းပါးမှု၊မရှိဘူး။ဆေးဝါးမကုသနိုင်လို့သေရတဲ့သူမရှိဘူး။
ပညာမသင်နိုင်လို့စာမတတ်သူမရှိလို့အားလုံးကစဉ်းစားချင့်ချိန်နိုင်တဲ့စာတတ်၊ပညာတတ်လူတွေဖြစ်ကုန်တယ်။
အဲဒီတော့မတရားတာကိုလုပ်ရမှာ “ရှက်တတ်ကြတယ်” ကြောက်တတ်ကြတယ်။
(အင်း ဒီလူကြီးကဟိရီဩတပ္ပကိုပြောနေတာကိုး လို့စဉ်းစားရင်းဆက်နားထောင်သည်)
ရလာဒ်ကတော့အလုပ်အကိုင်တွေအဆင်ပြေတယ်၊လူလူချင်းဒုက္ခရောက်နေသူကိုတွေ့တာနဲ့ချက်ချင်းကူညီ
လို့ဒုက္ခရောက်နေသူဆိုတာလဲမရှိဘူး။
ကျနော်တို့ဂြိုလ် မှာအားလုံးဟာ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိနေကြတယ်။
အားလုံးဟာအဆင်ပြေလွန်းတဲ့
သည်အနေအထားမှာအခုနောက်ပိုင်းမွေးလာတဲ့ကလေးတွေအတွက်သမိုင်းနောက်
ခံတွေကိုအထောက်အထားနဲ့ပြချင်လို့။ခင်ဗျားတို့ဆီမှာအာဏာရှင်တွေကြောင့်ဒုက္ခများနေကြတာဒီကမသိတဲ့
လူတွေအတွက်တော့အံ့ဘွယ်သုတမဟုတ်လား။
အဲဒီဟာကိုဒီကတီဗီအစီအစဉ်မှာခင်ဗျားရဲ့ဒုက္ခများနဲ့ဘာကြောင့်ဖြစ်ရတယ်ဆိုတာနေ့စဉ်ရှင်းပြလွှင့်ထုတ်မယ်။
ခင်ဗျားရဲ့ဆင်းရဲဒုက္ခတွေကိုဒီကလူတွေကကြားလဲမကြားဘူးဖူး၊သိလဲမသိဘူးဆိုတော့ ခင်ဗျားဟာကျနော်အတွက်
တန်ဖိုးအကြီးဆုံးရှေးဟောင်မော်ဒယ်လူသားပေါ့ဗျာ။ လို့အရှည်ကြီးရှင်းပြပါတော့တယ်။
ဆက်ပြီးတော့ …………………….
ခင်ဗျားကိုရွေးခေါ်ရတာတော့မိသားစုမရှိတဲ့ တဦးတည်းနေသူဖြစ်လို့ပါ၊
ခေါ်တဲ့နည်းလမ်းကတော့ထောင်ချောက်ဆင်ဖမ်းတဲ့နည်းပေါ့နော်။
တိုက်ရိုက်ကြီး အသွင်ပြောင်းမေ့ဆေးကိုစားခိုင်းတာမျိုးလုပ်ဘို့မလွယ်တာရယ်၊ပြီးတော့အကြမ်းဖက်တဲ့နည်း
တွေမသုံးတော့တဲ့ကျနော်တို့အတွက်ခုလိုကျုံးသွင်းဖမ်းယူနည်းကိုသုံးလိုက်ရတာနားလည်ပေးပါလို့
လဲတောင်းပန်ပြန်ပါတယ်။
သူ့စကားအကျမှာ သူကိုမေးလိုက်မိတယ်။ကျနော်ကိုဘယ်တော့ပြန်ပို့ပေးမှာလဲ?လို့မေးလိုက်တော့
ခင်ဗျား ဟိုမှာနေရတာဆင်းရဲဒုက္ခတွေနဲ့မဟုတ်လား။ဘာတခုအဆင်ပြေလို့လဲ။
အဲဒီစံနစ်ဆိုးကြီးအောက်မှာပေါ့နော်။
အဲဒီတော့ဗျာ လောလောဆယ်တော့ဒီမှာအသံလွှင့်ထုတ်လုပ်ပေးပါ။
အာဏာရှင်ဆိုတာတွေကိုအခုခင်ဗျားတို့ကမာ္ဘမှာလဲသုတ်သင်နေပြီဆိုတာသတင်းမှာတွေ့တယ်။
အကြမ်းဖက်သမား ဘင်လာဒင်၊အာဏာရှင်ဟူစိန်၊ပြီးတော့ကဒါဖီ တယောက်ပြီးတယောက်သေချင်းဆိုးနဲ့
သေကုန်ကြပြီဆိုတော့………………………….
ခင်ဗျားတို့ကမာ္ဘမှာလည်း ဒီမှာလိုအေးချမ်းတဲ့လူ့ဘောင်တခုမကြာခင်ရောက်လာတော့မှာပါ။
အဲဒီကျရင်ခင်ဗျားကိုပြန်ပို့ပေးပါ့မယ်။လို့ပြုံးပြီးပြောပါတယ်။
ဒီလိုနဲ့…………..ကဲ အလုပ်ရပါပြီခင်ဗျား
“အားလုံးဘဲကောင်းသောနံနက်ခင်းပါ၊ကျနော်က #%& ပါ၊ကျနော်ဟာဆိုရင် &%#&%$#
ဆိုတဲ့ဆင်းရဲဒုက္ခတွေကို ………………….”
“…………………………………………….”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှတ်ချက်။ ။ဟိုရှိ ရှင်းအိချိ ၏ ဂျပန်ဝတ္ထုတိုများမှ မှီငြမ်း၍ ဆီလျှော်အောင်ပြန်ဆိုပါသည်။
အားလုံးကိုလေးစားပါသည်….
မောင်သစ်မင်း
16 comments
koyinmaung
November 3, 2011 at 8:37 am
အော်….ဆရာသစ်ကတော့အကောင်းမြင်ဝါဒကိုအခြေခံပြီး
တင်ပြပေးသွားတာကောင်းပါတယ်……
အာဏာရှင်တွေကျဆုံးနေကြတာဝမ်းသာစရာပါ
ဒီတခါကျဆုံးမဲ့အာဏာရှင်ကဘယ်သူဖြစ်နိုင်မလဲဆိုတာ…???
pan pan
November 3, 2011 at 9:26 am
အချိန်တန်တော့လည်း ဖြစ်လာမှာပါရှင်
ဘယ်ချိန်ဟာ တန်ပြီလဲဆိုတာ သိဖို့ပဲလိုတယ်
သိပြီးရင်တော့ လုပ်နိုင်ဖို့လိုတယ် 🙂
thit min
November 3, 2011 at 10:04 am
ပန်ပန်က
အရင်သစ်မင်းရဲ့”ပုံပြင်”ပို့စ်က နဲ့ချိန်ညှိတယ်ပေါ့။အရမ်းမှန်ပါတယ်။ကောင်းပါတယ်၊မရွှေပန်ပန်။
pan pan
November 4, 2011 at 9:04 am
ကိုသစ်မင်းက သူတစ်ပါးစိတ်ကို မှန်းနိုင်တယ်နော်
မှန်းရင်မှန်နေတာပဲ
ဘယ်လိုများမှန်းလိုက်တာပါလိမ့် 🙂
inz@ghi
November 3, 2011 at 8:43 am
ကောင်းပါ့ ဆြာသစ်ရေ့ ….
စုံ စုံ
November 3, 2011 at 9:18 am
ကိုသစ်မင်းရေ ဖတ်လို့အရမ်းကောင်းပါတယ်
မူရင်းအရသာမသိပေမယ့် ကိုသစ်မင်းဘာသာပြန်တာတကယ်ထိမိပါတယ်
ဖတ်ရင်းနဲ့လဲဗိုက်ဆာလာတယ် မျက်စိထဲမှာ စားပွဲတွေကိုကွက်ကွက်ကွင်းကွင်း
မြင်လာလို့ 🙂
နွယ်ပင်
November 3, 2011 at 9:31 am
မူရင်းရေးသားထားဘယ်လောက်ကောင်းလဲ မသိပင်မဲ့
ကိုသစ်မင်းရဲ့ ဘာသာပြန်ပုံ အရေးအသားနဲ့ တင်ပြပုံက အရမ်းကိုကောင်းပါတယ်
thit min
November 3, 2011 at 10:03 am
ကိုရင်မောင်ပြောလိုက်မှ
ကျနော်ဟာကျနော် ပေါ့စတစ်သင်ကာ မှန်းသိတော့တယ်။
ရင်းနှီးစွာပြောရရင် သစ်မင်းစိတ်ဆင်းရဲလဲခနဘဲ။
အခက်အခဲဆိုတာတော့မျိုးစုံတွေ့ခဲ့ရလို့၊အခက်တွေ့တိုင်းတခါတည်းအဖြေပါစဉ်းစားတဲ့အကျင့်ရခဲ့ပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုအင်ဇာဂီရေ
ကျေးဇူးပါနော်။ ပညာစုံတဲ့ကိုအင်ဇာဂီကိုလေးစားပါကြောင်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စုံစုံရေ နွယ်ပင်ရေ
ဘာသာပြန်ဆိုပေမဲ့ သူပေးထားတဲ့အိုင်ဒီယာက အဲဒီကောင်လေးကိုဖမ်းတယ် သူ့အခက်အခက်အခဲတွေကို
ပြောခိုင်းတယ်။ဒါလေးဘဲ။ သစ်မင်း က မှန်ဘီးလူးတတ်တယ် ။ မှီငြမ်းလို့ရေးထားတယ်ကော။(ဟဲဟဲ)
စုံစုံက စာထက် စားစရာကိုစဉ်းစားတာကိုး၊ အဲဒီလိုနေ့တိုင်းစားရင် ဖက်တီးဖြစ်မှာ။တခါတလေတော့ကောင်းပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပေါက်ဖော်
November 3, 2011 at 6:07 pm
စွယ်စုံ ကိုသစ်ပဲ..
စူပါ ပါဝါ ဖြစ်ဖို ့ ဆိုတာလဲ စောင့်ဖတ်လျက်ပါဗျ..
လမ်းကြုံရင် သံလွင်ဂြိုလ်ကို လိုက်ပို ့ပါဦး….
😆
Moe Z
November 3, 2011 at 1:05 pm
ဒါဆိုရင်တော့ ကိုသစ်မင်းရဲ့ဇာတ်လိုက်က သံလွင်ဂြိုဟ်ပေါ်မှာပဲအရိုးထုတ်ရတော့မယ်..
ဘင်လာဒင်၊ ဟူစိန်၊ ကဒါဖီ တို့သေသွားပေမယ့် နောက်ထပ် ဂျူနီယာဘင်လာဒင်၊ ဂျူနီယာဟူစိန်၊ ဂျူနီယာကဒါဖီတို့ပေါ်လာဦးမှာပါပဲ..
လူတွေရဲ့အတ္တတွေ၊ လောဘတွေက အဆုံးမရှိဆိုတော့လေ..
ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းတယ်
ဖတ်နေတုန်း ဖုန်းမြည်တာတောင်မကိုင်ချင်ဘူး 🙂
comegyi
November 3, 2011 at 1:50 pm
ဒါမှ မော်ဒယ် အစစ်ဗျ
တကယ့် ရိုးလ်မော်ဒယ်ပေါ့ကိုသစ်ရာ
ကိုသစ်က
စွယ်စုံရသကိုး…..
အားရတယ်ဗျာ…
blackchaw
November 3, 2011 at 9:56 pm
ဆရာသစ်ရေ။
ဒီတစ်ပုဒ်လည်း သမန်ကာ ရှန်ကာ ဖတ်ပြီး
ပွားတော့မှ အသေးစိတ် ပြန်ဖတ်တော့မယ်ဗျို့။
thit min
November 4, 2011 at 5:55 am
မိုးဇက်ရေ………………….
ဖုန်းမည်လာရင်၊ပြုံးကြည်စွာကိုင်လိုက်ပါကွယ်။
တော်ကြာ သွေးနီးတဲ့ အရေးကြီး ကိစ္စဖြစ်နေရင်
သစ်မင်းရဲ့ စာ က အပြစ်မကင်းတာ ဗျ လို့ ပြောစရာဖြစ်နေပါအုန်းမယ်(^^)
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုခမ်းကြီးရေ…………………
Jack of all trades, master of none ပါ၊ ဒီလိုဘဲစမ်းရေးနေတဲ့အဆင့်ပါဘဲ။အဲ…ဘယ်လိုပြောရမလဲဆိုတော့၊သိတာတွေ
ပြန်ပြောပြနေတာမျိုးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုဘလက်ရေ……………………
လူကြီးလူကောင်းသဘောပါနော်။အဆင်ပြေပါတယ်လို့။
manawphyulay
November 4, 2011 at 11:39 am
ပထမစစချင်းမှာတော့ ဖတ်ရတာ သိပ်နားမလည်ဘူး။ နောက်မှ ဇာတ်ရယ်လည်သွားတော့တယ်။ အတော်ကောင်းပါတယ်ရှင်။ ဒီလိုပိုစ့်တွေ များများ တွေ့ချင်ပါတယ်နော်။
ကြောင်ကြီး
November 4, 2011 at 11:52 am
မော်ဒယ်တပါး
ခေါ်ဆွယ်သွား..
ပျော်တယ်တအား
မျှော်ဆွယ်ပွား…
ဘော်ဒယ်ကုလား
အော်ရယ်သွား..။။။
etone
November 4, 2011 at 1:49 pm
ကိုသစ်မင်းရဲ့ ဂလုံဆို ခလုတ်တိုက်မိတဲ့ ပုံးက အတော်ကြီးလို့ပဲ ဖြစ်ရမယ် … 😀
အစုံစိပါအောင်ဆံ့တယ်ဆိုတော့လေ 😳