ဘာလာလုပ်တာလဲ?
ကျနော်တို့၏ မိဘများသည် ဘာသာရေး၌ အထူးလေးစားကြသော ပုဂ္ဂိုလ်များ ဖြစ်သည့် အလျှောက် ကျနော်တို့အား ရတနာသုံးပါးနှင့် မိဘဆရာသမားတို့အပေါ် အရိုအသေပြုတတ် အောင် အမြဲသင်ကြားပေးပါသည်။ ထိုသို့ သင်ကြားပေးသည့်အတွက် ညစဉ်တိုင်း အနန္တောအနန္တ ငါးပါးကို အမြဲရှိခိုးကန်တော့ပြီးမှ အိပ်ယာဝင်ခြင်းအကျင့်သည် ကျနော်တို့အတွက် နေ့စဉ်လုပ်နေ ကျ ကုသိုလ်ဝတ်တစ်ခုပင် ဖြစ်ပါသည်။ ထိုအထဲတွင်မှ မိဘနှစ်ပါးအား အိပ်ယာဝင်ခါနီးတိုင်း ကိုယ်ထိလက်ရောက် ရှိခိုးခြင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။
“သာဓု…သာဓု…သာဓု…သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆုတွေ ပြည့်စုံပါစေ…..” ။ ထုံးစံအတိုင်း အဖေနဲ့ အမေတို့မှ ညစဉ် ကန်တော့တိုင်း ဆုပေးနေခြင်းဖြစ်သည်။ ထိုသို့ ဆုပေးတိုင်းလည်း ကျနော့စိတ်မှာ တွေးမိသည်။ ဟင် …ဘာလို့ အသက်ရှည် စေချင်တာလဲလို့…။ ကျနော် ခဏခဏ စဉ်းစားမိတယ်။ ဘယ်အချိန်မှာလဲဆိုရင် သက်ကြီးရွယ်အိုတွေကို မြင်လိုက် တိုင်းမှာပေါ့။ “နင်အဲလို အသက်ရှည် ချင်သလားလို့…”။ “နိုး မရှည်ချင်ပါဘူး။ ပျင်းစရာကြီးလို့သာ အဖြေထွက်လာသည်။”
တစ်ခါတလေ အမေတို့ဆုပေးရင် ကျနော်က ပြန်ရစ်တတ်ပြန်တယ်။ ကျနော့ကို ဘာလို့ အသက်ရှည်စေချင်ရတာလဲလို့…။ အမေရယ် ဘဝကြီးကဖြင့် ပျင်းစရာကြီးပါ။ လူတွေမှာ ရှုပ်နေကြ တယ်ဆိုတဲ့ အလုပ်တွေကို ကြည့်နေတာ။ တစ်နေ့တစ်နေ့ ရှာရ၊ ဖွေရ၊ ချက်ရ၊ ပြုတ်ရ၊ စားရ ၊ သောက်ရ ဆိုတဲ့ အလုပ်တွေချည်းပဲ နေ့တိုင်းကြီး လုပ်နေရပြီး ပြီးတော့လည်း သေတာပဲမလား။ အသက်ရှည်တော့ရော ဘာများထူးလုပ်နေမှာမို့လဲ….။ လို့ ခဏခဏ ရစ်တတ်သည်။
လူတိုင်း အဲလိုချည်းပဲဆိုတော့ ပျင်းစရာ မကောင်းကြဘူးလား။ အမေက ပြန်မေးသည်။
“ ဒါဆို အသက်မရှည်ချင်ဘူးလား။” တဲ့။ အင်း …အဲလိုကျတော့လည်း စဉ်းစားစရာပဲ။ ကျနော့ အတွေးက တစ်မျိုး။ ဒီလူ့ဘဝမှာ ဘာလုပ်ဖို့ ရောက်လာသလဲ။ ကိုယ်လုပ်ရမယ့် အလုပ်ကို အချိန်ရှိခိုက် အစွမ်းကုန် လုပ်ပြီးရင် ကိုယ့်အလုပ်ပြီးရင် တော်ပြီလေ။ ဒီကနေ ပြန်တော့ပေါ့နော့။ ဒါဆို မကောင်းဘူးလားလို့။ ဒီထက်ပိုပြီး အသက်တွေရှည် မနေချင်ပါဘူး။ ပြီးတော့ အားလုံး တွေ့ရတဲ့ လူတွေဆိုတာကလည်း တစ်ချိန်ချိန်တုန်းက ရေစက်တွေ ပါလာခဲ့လို့ပဲလေ။ ဒီတော့ ကိုယ်ယူထားတဲ့ အကြွေးရှိရင်လည်း အဲဒီဆပ်ရမယ့် လူကို ကောင်းကောင်းလေး ဆပ်သွားမယ်။ ကိုယ့်ကို အကြွေးဆပ်မယ်ဆိုတဲ့လူကျပြန်တော့ မြန်မြန်ဆပ်ခိုင်းပြီး လစ်တာကောင်း မယ်ထင် တယ်။
ဒီကြားထဲမှာ မနာလိုတာတွေ၊ ဝန်တိုတာတွေ၊ ဒေါသထွက်ပြီး ပင်ပန်းတွေကြီး မနေချင် သလို အဲလိုတွေနဲ့ အားတွေလည်း မဖြုန်းပစ်ချင်ပါဘူး။ နောက်ပြီး စွဲလမ်းမှုဆိုတာတွေကလည်း တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ တစ်စုံတရာကို စွဲနေသမျှ ပင်ပန်းနေတော့တာပါပဲ။ အဲဒီ အစွဲကို လွတ်ချလိုက်မှ လူက တော်တော်လေးကို ပေါ့ပါးပြီး နေလို့ ကောင်းသွားပါတယ်။
ကျနော့မှာ အဲလို အတွေးမျိုးက ရှိနေပါတယ်။ ဒီတော့ ကျနော့် အတွေးအတွက် ကျနော် အဖြေပြန်ထုတ်ရပါတော့တယ်။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုပ်ပြီးရင် တော်ပြီဆိုတော့ အဓိက လုပ်စရာကဘာလဲ။ လူအဖြစ်ကို ရောက်လာပြီး သမရိုးကျ ကျောင်းတက်မယ်။ ပြီးရင် အိမ်ထောင်ပြုမယ်။ နောက်တော့ ကလေးတွေနဲ့ မိသားစုတွေ တည်ပြီး အလုပ်တွေ ရှုပ်နေကြမယ်။ ဒါပဲလား အလုပ်က။ ဒါက တကယ့်အလုပ်လား? ။ အဲဒီအပြင် တခြား ဘာလုပ် စရာရှိသေးသလဲ။ ? ဆိုတာကို စဉ်းစားရပါပြီ။ ဘာလို့လဲ ဆိုတော့ ကျနော်မှ သူများလို အဲလို စီးကြောင်းထဲမှာ မနေချင်တာလေ။ အဲဒါကိုပဲ ဘဝလို့ ခေါ်နေကြတာပဲလား။ ဒါဆိုရင်တော့ ဘာမှ သိပ်မခက်လှ ပါဘူး။ ငယ်တုန်း ပညာသင်။ အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုပေါ့။ အိမ်ထောင်ပြုဖို့အရေး ဆိုတာကလည်း သိပ်ပြီး အချိန်တွေကုန်ခံနေစရာမလိုသလို ဘာမှလည်း ကြိုးစားပမ်းစားနဲ့ ဟန်ရေးတွေပြနေစရာမလိုလောက်ပါဘူး။ ဘာတွေ ဘယ်လိုပဲ ရွေးနေပါစေ။ နောက်ဆုံးတော့ ဒုက္ခပဲ တွေ့မှာပဲလို့ မြင်သိနေရ ကြားသိနေရတာတွေက ကျနော့ကို အဲလိုပဲ ယူဆစေပါတယ်။ ဒါကတော့ ကျနော့ အမြင်ကို ပြောတာပါ။ သူများကို ပုပ်ခတ်ပြီး ပြောခြင်း မဟုတ်ပါ။ ကျနော့် အယူအဆ သက်သက်သာ ဖြစ်ပါတယ်။ ကျနော်က ဘဝ ဆိုတာရဲ့ အစကနေ အဆုံးထိကို သာမာန်လူတွေ ရှင်သန်သွားတာတွေ အပေါ်လိုက်ပြီး သုံးသပ်ကြည့်တယ်။ အနှစ်ချုပ်တော့ ဘာရလဲ။ ဘာကျန်လဲ။
အဲလို အတွေးမျိုးတွေက ငယ်ကတည်းက ခဏတိုင်း တွေးမိနေတာလေ။ ပညာတွေ သင်ရင်းနဲ့ ဂိတ်ကုန်ထိတွေးမိတယ်။ အလုပ်တွေ လုပ်ရင်းနဲ့ ဒီလိုနဲ့ပဲ ဘဝက ပြီးသွားပြီလားလို့ တွေးပြန်တယ်။ ကျနော် ငယ်တုန်းက အင်း..ပြောရမယ်ဆိုရင် ကျနော် ခြောက်တန်းလောက်တုန်း က ကျနော့ အဘွားဆုံးတယ်။ ကျနော်တက်တဲ့ ကျူရှင်က သူငယ်ချင်းတွေ တစ်တန်းလုံးနီးပါး နာရေးကို လိုက်ပို့ကြတယ်လေ။ ကျနော် ငိုဖို့ ကြိုးစားပေမယ့် မျက်ရည်က မထွက်ဘူးဖြစ်နေတယ်။ နောက်ပြီး အဲလို သေတဲ့အခါ ငိုနေတဲ့လူတွေအပေါ် နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဘာလို့ငိုနေရတာလဲ ဆိုတာကို သေချာ သိချင်တယ်။ အဖြေကတော့ ဝမ်းနည်းလို့တဲ့။ ဘာအတွက် ဝမ်းနည်းတာလဲလို့ ဆက်စဉ်းစားလိုက်တော့ ကိုယ့်အတွက်လား။ သူ့အတွက်လားဆိုပြီး ဇဝေ ဇဝါတွေနဲ့ပဲ အဖြေသေချာ မထွက်ဘူးလေ။ အဲတုန်းက ခံစားချက်ကို မှတ်မိသေးတယ်။ ဘယ်လိုမှကို စိတ်မှာထူးပြီး မခံစားရတာ။ အဲလို ဖြစ်တာကိုလည်း နားမလည်ခဲ့။ အင်း ဒါကတော့ ငယ်သေးတော့ ဘာမှ မသိသေးလို့ပဲနေမှာပါ လို့ထင်ခဲ့တာ။
အဲဒီနောက် တက္ကသိုလ်တက်တော့ တစ်ခါ အတန်းသား တစ်ယောက် စတုတ္ထနှစ်မှာပဲ ဆုံးသွားခဲ့တယ်။ သူက တစ်ဦးတည်းသောသား။ သူဋ္ဌေးသား။ အထက်မှာ အမတွေချည်းမို့ ဖူးဖူးမှုတ်ထားခြင်းခံရသူတစ်ယောက်။ သူဖြစ်ချင်တာ ဘာမဆို ဖြစ်ခွင့်ရတဲ့ အနေအထား။ ပြောရမယ်ဆို ရုပ်ကလည်း သူများထက် ပိုဖြောင့်တယ်ပေါ့။ စာကျတော့လည်း လောဘက ကြီးသား။ အင်း ဥစ္စာပေါ၊ ရုပ်ချော၊ စာတော်ဆိုတော့ ဘာများလိုသေးလဲနော်။ ဒါပေမယ့် သူ ငယ်ငယ်ရွယ်ရွယ် ကျောင်းမပြီးခင်မှာပဲ ကျောင်းတက်ရင်းက မကျန်းမမာဖြစ်ပြီး ကျောင်းတွေ ပျက်ပျက်နေလိုက်တာ။ သူ့ကို မတွေ့တာ တော်တော်ကြာသွားပြီ။ တွေ့မယ့် တွေ့တော့ သူ့ရဲ့နာရေး ဖိတ်စာက ရောက်လာခဲ့ပြီလေ။ သေသွားပြီတဲ့။ ကျနော်တို့ အတန်းသားများ အားလုံး အံ့ဩကြ ရသည်။ သူနေမကောင်းတာကို သာမာန်လောက်ပဲလို့ သဘောထားမိတာကြောင့် လူမမာ သွားမမေးခဲ့ရတာကိုတောင် နောင်တရမိပါတယ်။
အဲဒီနောက် သူ့နာရေးကို လိုက်ပို့တဲ့အခါ ကျနော့ အတွက် စဉ်းစားစရာ ရလာခဲ့တယ်။ တကယ်ဆို သူ့ဘဝက ကျနော်တို့နဲ့ ယှဉ်ရင် အစစ ပြည့်စုံနေပါရက်နဲ့ ဘာကြောင့်များ သေမင်းက အစောကြီး ခေါ်သွားရသလဲ။ အင်း ဘယ်လောက်ပဲ ပြည့်စုံပါတယ် ပြောပြော။ နောက်ဆုံးတော့လဲ ဒီဘူတာပဲ ဆိုက်တော့တာပါပဲလားနော်။ ကျနော် သူ့အသုဘကို လိုက်ပို့ရင်းက ခေါင်းထဲမှာ အတွေးတွေက ရှုပ်ထွေးလျက်ပေါ့….။ လူ့ဘဝကို ရလာပြီး ဘာမှလည်း မဟုတ်ပဲ သေသွား ရပြန်တယ်။ ဒါဆို ဘာလာလုပ်တာလဲ။ ဆိုတာတွေ နဲ့ …..။
နောက်တစ်ခုရှိသေးတယ်။ အဲဒါက တတိယနှစ်မှာ ကြုံရတာပါ။ သူငယ်ချင်းတစ်ယောက်။ သူက တစ်ဦးတည်းသောသမီး။ မိဘက ချမ်းသာတယ်။ သူကလည်း လိမ္မာတယ်။ ဟော့ဟော့ ရမ်းရမ်းမရှိဘူး။ အနေအထိုင်ကစတော်တယ်။ အဲ ..စာလည်းတော်တယ်ဗျနော်။ လူကလည်း ဖွေးပြီးသန့်နေတာပဲ။ ကြည့်တာနဲ့ သူဋ္ဌေးသမီးမှန်း တန်းသိတယ်။ အပျံစား ဝတ်ထားလို့မဟုတ်။ ရိုးရိုးပဲ ဝတ်ပေမယ့် ရုပ်သန့်လွန်းလို့လေ။ အင်း တစ်နေ့တော့ သူ ဆိုင်ကယ် တိုက်ခံရတယ်။ သူ့ ခြေထောက် တစ်ဖက် ကျိုးသွားခဲ့တယ်။ အဲဒီမှာ သမီးကို သိပ်ချစ်တဲ့ အဖေဖြစ်သူက နှလုံးရောဂါ အခံရှိတာကြောင့် သူ့သမီး သတင်းလည်း ကြားရော စိုးရိမ်ပူပန်စိတ်တွေက ထိန်းမရဖြစ်ပြီး သူ့နှလုံးက ဖောက်လာတော့တယ်။ ဒီတော့ အမေဖြစ်သူခမျာ သမီးခြေထောက်အတွက် ဆေးရုံ ပြေးရသလို အဖေ့အတွက်ကလည်း ဆေးရုံမှာ ဗျာတွေများရရှာတယ်။ အဲလိုနဲ့ သူ့အဖေဖြစ်သူမှာ ဒီသမီးစိတ်နဲ့ပဲ ဆုံးသွားတယ်လေ။ သမီးကတော့ ခြေထောက်မှာ စတီးချောင်း ထည့်ရတာကြောင့် ခြေထောက်ကြီး တန်းပြီး သွားလို့ လာလို့ မရရှာဘူးပေါ့။ အင်း ကျနော်တို့လည်း နေ့စဉ်ဆိုသလို သူ့ဆီ သွားမေးလို့ စာကူးပေးကြနဲ့ ဝိုင်းပြီး အားပေးကြပါတယ်။
အဲဒီမှာ ကျနော် ပြောပြချင်တာကတော့ သူ့အဖေနာရေးမှာ ကျနော် တို့ အတန်းသားများ အားလုံး လိုက်ပို့ကြတယ်။ ကျနော် တော်တော့်ကို စိတ်ထဲမှာ ဆို့နင့်စွာ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ သမီးဖြစ်သူရဲ့ ခြေထောက်က စတီးချောင်း ထည့်ထားခါစမို့ ကျောက်ပတ်တီး စည်းထားတာ ကြောင့် လုံးဝကို သူ့ခမျာ ရွေ့လို့မရပါဘူး။ အဲလို အနေအထားနဲ့ အဖေဖြစ်သူ နာရေးမှာ အဖေကန်တော့တာကစ တော်တော်လေးကို ခက်ခဲပင်ပန်းရှာပါတယ်။ နောက်ပြီး အဖေဖြစ်သူကို နာရေးကားပေါ်တင်တဲ့အချိန်မှာ သူ့မှာ အဖေရဲ့ အလောင်းနောက်ကို လိုက်ချင် ပေမယ့် မလိုက်နိုင်ပဲ ခြေထောက် တန်းတန်းကြီးကို ဒရွတ်ဆွဲပြီး ငိုပွဲတွေ ဆင်နေရရှာတယ်လေ။ အင်း…ကျနော်လေ ကိုယ့် အဖွားသေတာတောင် ငိုဖို့ မျက်ရည် မထွက်ခဲ့တာ။ ဒီနာရေး မှာတော့ မနေနိုင်အောင်ကို ဝမ်းတွေနည်းလိုက်လာပါတယ်။ သူတို့ သားအဖရဲ့ မြင်ကွင်းကို မြင်ရသူ အပေါင်းလည်း လွန်စွာ စိတ်တွေထိခိုက်လို့ မျက်ရည်တွေ ဝေကြရပါတယ်နော်။ အင်း…. ဒုက္ခ…ဒုက္ခ လို့သာ တွေးမိရင်း ရင်ထဲမှာ မွန်းကြပ်စွာနဲ့ အသက်ကိုတောင် မနည်းကို ရှုနေရပါပြီ။ အော် ဘဝမှာ အရာရာ ပြည့်စုံတယ်လို့ ထင်ထားပြန်တော့လည်း ကံကြမ္မာတွေက မထင်ထားတာ တွေကို ဖန်တီး နိုင်ပါလားရယ်လို့ တွေးရင်း သက်ပြင်းတွေသာ အခါခါချနေရပါတော့တယ်။
ဒါဆို ဘဝရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရက ဘာလဲ။ ချမ်းသာခြင်းလား? ပညာတွေ တော်နေ၊ တတ်နေခြင်းပဲလား။ ? ရုပ်ရည် ချောမောလှပခြင်းပေပဲလား။? ဂုဏ်တွေ ပကာသနတွေပဲလား? ကျော်စော ထင်ရှားခြင်းပေပဲလား။? ဒါမှမဟုတ် လူချစ်လူခင်များခြင်းပေပဲလား။? ရယ်လို့ “လား”ပေါင်းများစွာနဲ့ ကျနော့် ဘဝအတွေးများက မရပ်နိုင်အောင် လည်ထွက် နေပါတော့တယ်။ အဲဒါတွေရှိပြီးလည်း ဘယ်မှာ အေးချမ်းလို့လဲ? ဘယ်မှာ ချမ်းသာလို့လဲ? အင်း…ကြီးလာလေ ဒီအတွေးတွေက ပိုပြီး ဖြေဖို့ ခက်လာလေပဲ ဖြစ်နေပါတော့တယ်။ ????????????????