စဉ်းစားမိတဲ့၊စဉ်းစားခဲ့ဖူးတဲ့အကြောင်းတစ်ခု
စဉ်းစားမိတဲ့၊စဉ်းစားခဲ့ဖူးတဲ့အကြောင်းတစ်ခု
အခုကာလ အခါသမယဟာဖြင့် တန်ဆောင်မုန်းလ ကထိန်ပွဲတွေ ချိမ့်ချိမ့်သဲကျင်းပတဲ့ကာလပါ၊ ရွာထဲမှာလည်း ကထိန်ပွဲ အကြောင်းတွေကို တော်တော်များများရေးထားတာ တွေ့ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီးအကြောင်းအရာတစ်ခုကို ကျွန်တော်တွေးမိပါတယ်၊ဟိုခပ်ငယ်ငယ် (၅)တန်းကျောင်းသားဘဝ ကလည်းတွေးခဲ့ဖူးပါတယ်။ ဒီအတွေးမျိုးကိုရွာထဲရေးထားပြီးသားများရှိနေမလားမသိပါ၊ အခုရက်ပိုင်းရွာနဲ့နဲနဲအဆက်ပြတ်သွားတော့ မသိလိုက်ပါ၊ တော်တော်များများလိုက်ရှာကြည့်တော့ မတွေ့မိသေးလို့ ရေးလိုက်တာပါ။
“ကထိန်”၊ ကထိန်ဆိုတာအများသိပြီးအကြောင်းအရာတစ်ခုပါ ၊ကထိန်ရဲ့အနှစ်သာရတွေကို ရွှေအိမ်စည် က အကျယ်ရေးပြထားပြီးပါပြီ။
“ဘုံကထိန်”၊ ဘုံ ဆိုတာ အများဆိုင်တယ်ဆိုတဲ့သဘောပါ၊ ဘုံကထိန်ဆိုတာ အများစုပေါင်းပြီးဆောင်ရွက်ကြတာပါ၊အကျယ်ပြောရန်မလိုပါ၊
“မဟာဘုံကထိန်”၊ ကျွန်တော်ဆွေးနွေးချင်တာ အဲဒီရှေ့ဆုံးက ပါတဲ့ “မဟာ” ဆိုတာကိုပါ၊
ကထိန်ပွဲတွေကိုမြို့အတော်များများ၊နေရာအတော်များများမှာ စုပေါင်းဘုံကထိန်အဖြစ်ပြုလုပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ ရပ်ကွက်တွေ၊မြို့တွေ၊ မြို့နယ်တွေ၊ခရိုင်တွေ၊တိုင်းနဲ့ပြည်နယ်တွေမှာလုပ်ကြပါတယ်၊ မြို့အဆင့်ထိက သာမန်ဖြစ်ပေမဲ့ မြို့နယ်အဆင့်ကစလို့ စုပေါင်းမဟာဘုံကထိန် လို့နာမည်တပ်ကြပါတယ်၊ မဟာ ဆိုတာပါလာပါပြီ။
အများသိကြတဲ့အတိုင်း မဟာ ဆိုတာကြီးကျယ်မြင့်မြတ်ခြင်းဆိုတဲ့အဓိပ္ပါယ်ပါ။ ဆောင်ရွက်တဲ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင်ကို ကြီးကျယ်အောင်လုပ်ကြရပါတယ်၊ တော်၏လျော်၏လုပ်လို့လည်းဘယ်ဖြစ်မလဲ၊ လူရယ် စရာဖြစ်မှာပေါ့၊ စည်ကားသိုက်မြိုက်စွာ၊ခမ်းနားကြီးကျယ်စွာ ဆိုတဲ့အသုံးအနှုန်းတွေကိုသုံးကြရပါတယ်၊ သုံးနိုင်အောင်လည်းလုပ်ကြပါတယ်။
အဲဒီလိုလုပ်တဲ့လုပ်ငန်းစဉ်တွေထဲမှာ ပဒေသာပင်တွေ အပြိုင်သီးခြင်း၊သူ့ထက်ငါသာအောင် အရုပ်မျိုးစုံ အကောင်မျိုးစုံလုပ်ခြင်း၊ မြို့တွင်းသို့စီတန်းလှည့်လည်(ကြွား)ပြသခြင်း၊(ဂုဏ်သရေရှိ မြို့မျက်နှာဖုံး) များကိုကျွေး မွေးဧည့်ခံခြင်းတွေပါဝင်ပါတယ်၊ ပြီးမှ အပြိုင်အဆိုင် အလှအပ တန်ဆာဆင်ပြုလုပ်ထားတဲ့ပဒေသာပင်တွေကို မြို့တွင်းရှိဘုန်းတော်ကြီးကျောင်းများကိုမဲနှိုက်လျှက် လိုက်လံပေးပို့ကြပါတယ်၊
ကျွန်တော်တစ်ခုစဥ်းစားမိပါတယ်၊အခုမှမဟုတ်ပါ၊ (၅)တန်ကျောင်းသားဘဝကပါ၊အဲဒီအချိန်ကအကြောင်းကိုပဲ ဦးတည်ပြောပါ့မယ်။
စုပေါင်းမဟာ ဘုံကထိန်ဆိုတာကို (၅)တန်းကျောင်းသားဘဝ ဝါးခယ်မမြို့မှာစတွေ့ဖူးတာပါ။
သူတို့မြို့ရဲ့အစဉ်အလာ ပျော်ပွဲရွှင်ပွဲတစ်ရပ်ပါ၊ အခုတော့ အဲ့ဒီလိုဟုတ်သေးရဲ့လားမသိပါ၊
အထက၊အလက၊အမကကျောင်းတွေ၊ဈေးတွေ၊ရပ်ကွက်တွေ၊ လမ်းတွေ၊ဌာနတွေ၊အသင်းအဖွဲ့တွေ က ပဒေသာပင်တွေကို အကောင်းဆုံးအရုပ်ဖြစ်အောင်ဆောင်ရွက်ပြီးမြို့တွင်းကိုလှည့်လည်ပြကြတာပါ၊ ဆင်ရုပ်၊မြင်းရုပ်၊ကရဝိတ်ရုပ်၊အစရှိသည်ဖြင့်ပေါ့၊သင်္ဘောပိုင်ရှင်များကလည်း သင်္ဘောပုံ၊လှေပုံတွေလုပ်ကြတာပါ၊ အဲဒီအရုပ်တွေမှာ ဘုန်းကြီးကျောင်းကိုလှူမယ့်လှူဖွယ်ပစ္စည်းတွေချိပ်ဆွဲထားတါပါ၊
ဘုန်းကြီးလှူတဲ့ကုန်ကျစရိတ်စုစုပေါင်းဘယ်လောက်ရှိသလဲ၊အရုပ်လုပ်၊ပဒေသာပင်လုပ်၊စီတန်းလှည့်လည်၊ ဧည့်ခံကျွေးမွေးတဲ့ကုန်ကျစရိတ်ဘယ်လောက်ရှိသလဲ။ ခွဲခြားတွက်ချက်လိုက်ရင်ဘယ်လိုများနေမလဲ၊
သိန်းတစ်ရာအောက်နည်းမည်မထင်ပါ။ အဲဒီငွေတွေကိုဘယ်သူတွေကုန်ကျခံနေရသလဲ၊ စဉ်းစားကြည့်ပါ၊ ရပ်ကွက်ပဒေသာပင်အတွက်၊ရပ်ကွက်ဥက္ကဌက ရပ်ကွက်ပြည်သူတွေထံကကောက်ပါတယ်၊
ဌာနပဒေသာပင်အတွက်၊ ပြည်သူထဲမှာနေတဲ့ ဝန်ထမ်းတွေထံမှကောက်ပါတယ်၊ဌာနနဲ့ဆက်သွယ်လုပ်ဆောင်ဖို့မဖြစ်မနေလာတဲ့ ပြည်သူတွေထံမှ အလှူခံပါတယ်၊ ဒါ့အပြင် ဆိုင်ရာဆိုင်ရာ ဌာနက ဆိုင်ရာဆိုင်ရာလုပ်ငန်းရှင်တွေကိုခွဲခံပါတယ်၊ ပြည်သူတွေထဲကပါဘဲ၊လုပ်ငန်းရှင်တွေ ကပြည်သူတွေအပေါ်ပြန်အမြတ်တင်ကြပါတယ်၊
ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောချင်ပါသေးတယ်၊ခင်မင်တဲ့ဈေးဆိုင်ပိုင်ရှင်တစ်ယောက် က ပစ္စည်းတစ်ခုကို (၄၀%)လောက်အမြတ်တင်ထားတယ်၊ဘာဖြစ်လို့လဲလို့မေးကြည့်တော့ ငါတို့ဈေးဆိုင်တွေက ထမင်းစားနိုင်ရုံလောက်အမြတ်တင်လို့မရဘူးတဲ့၊လှူနိုင်တန်းနိုင်အောင်ရယ်၊ကျန်းမာရေးစရိတ်ရယ်၊ အခွန်ပေးဆောင်ဖို့ရယ်၊အခ ပေးဆောင်ဖို့ရယ်တွေကိုပါတွက်ချက်ထားရတယ်တဲ့၊ အခွန်ဆိုတာက တော့ရှင်းပါတယ်၊အခ ဆိုတာက ခုနကပြောတဲ့ ဖော်မပြနိုင်တဲ့အကြောင်းအမျိုးမျိုးသောခွဲခံမှုတွေကိုပြောတာ ဖြစ်တယ်လို့ရှင်းပြပါတယ်။
အဲဒီတော့ မဟာဆိုတဲ့ကြီးကျယ်ခန်းနားတဲ့ ဘုံကထိန်တွေရဲ့အကျိုးအပစ်ကိုဝိုင်းဝန်းဆွေးနွေးပေးကြပါလို့တောင်းဆိုပါရစေ၊
ကျွန်တော်ကတော့ ညာဏ်သိပ်မမီလို့ အကျိုးနဲ့အပစ်ကို မဝေခွဲတတ်ဖြစ်နေပါတယ်။