လူမစွမ်းနတ်မ(၂)
လူမစွမ်းနတ်မ(၂)
ဒီတစ်ယောက်အကြောင်းကတော့ အရမ်းကြီးထူးခြားမှုမရှိပါဘူး၊ ဒါပေမဲ့ ရေးလက်စနဲ့မို့ ဆက်ရေးလိုက်တာပါ၊ကျွန်တော်တို့အိမ်နားမှာ ဦးထူးမနှစ်ယောက်ရှိတယ်လို့ပြောခဲ့ပါတယ်။
တစ်ယောက်က မျက်မမြင်ပါ၊တစ်ယောက်ကတော့ မြင်ပါတယ်၊ အခုပြောမဲ့သူက မျက်မြင်ဦးထူးမရဲ့ညီလေးပါ။ သူ့နာမည်က ကံထူးပါ။ (သူတို့ရဲ့နာမည်တွေကိုထုတ်ရေးနေရတာကတော့ မကောင်းပြောချင်တဲ့သဘောနဲ့မဟုတ်လို့ရေးတာပါ၊ ဆွေမျိုးသားချင်းတွေက ဒီမှာဖတ်ရင်းတွေ့မိတဲ့သူရှိနေရင်လည်းတောင်းပန်ပါတယ်။) နာမည်နဲ့လိုက်အောင်ကံထူးတာတော့မဟုတ်ပါဘူး၊ သူ့ရဲ့ထူးတဲ့ ကံကြောင့်သာမိဘတွေက ကံထူးလို့ပေးထားပုံရပါတယ်၊ ဘာကြောင်လဲဆိုတော့ သူဟာလက်နှစ်ဘက်မပြည့်စုံတဲ့သူပါ၊မွေးရာပါလို့ပြောပါတယ်၊ လက်တစ်ဖက်က တတောင်ဆစ်လောက်နေရာမှာတုံးတိလေးဖြစ်နေပါတယ်၊အဖျားခပ်ရှူးရှူးလေးပါ။ ထိပ်ဘုလုံးလေးက တစ်လက်မ အဝိုင်းလောက်ပဲရှိမှာပါ ။ဘယ်ဘက်လားညာဘက်လားမမှတ်မိတော့ပါ၊ ကျွန်တော်တို့အဲဒီရပ်ကွက်ကိုရောက်ကာစက အဲဒီလက်နဲ့လိုက်တို့ရင်ကြောက်ပြီးပြေးကြပါတယ်၊
နောက်တော့ နဲနဲကိုင်ရဲလာပါတယ်။ ပျော့စိစိနဲ့ပါ၊နောက်လက်တစ်ဖက်က လက်ငါးချောင်းအပြည့်မရှိပါဘူး။ နှစ်ချောင်းပဲရှိပါတယ်။ လက်သန်းလောက်ဘုတိုလေးနှစ်ခုပါ။ တော်တော်သန်ပါတယ်၊သူ့လက်နှစ်ချောင်းနဲ့ကျွန်တော်တု့ိ ကလေးတွေရဲ့လက်ချောင်းတွေကိုညှပ်ထားရင် ကျွန်တော်တို့ ကလေးတွေ ရုံးလို့မရပါဘူး။ သူက လက်သာမစုံတာ ဆေးလိပ်သောက်ဖို့မီးခြစ် ခြစ်တတ်ပါတယ်၊ ပုဆိုးစည်းတတ်ပါတယ်၊အရက်လဲ သောက်တတ်ပါတယ်၊ ဖဲလည်းရိုက်တတ်ပါတယ်။ သူ့ရဲ့မကောင်းကြောင်းကိုပြောတာမဟုတ်ပါ၊ လုပ်နိုင်စွမ်းတာကိုပြောတာပါ။
ဒါကမထူးခြားပါဘူး၊ထူးခြားတက ဘက်မညီတဲ့လက်နှစ်ဖက် ရှိနေပေမဲ့ စက်ဘီးစီးတတ်ပါတယ်၊ ဂိုက်ကိုလှမ်းကိုင်ထားရင် စက်ဘီးပေါ်မှာလူက ကိုယ်တစ်ခြမ်းစောင်းပြီးကုန်းကုန်းကြီးဖြစ်နေပါတယ်။ ဒါပေမဲ့ လူတစ်ယောက်ကိုနောက်က တင်ပြီးနင်းနိုင်လောက်အောင်ကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်တာပါ။ ကျွန်တော် လူပျိုပေါက်အချိန်အရောက်မှာ သူမိန်းမယူလိုက်ပါတယ်၊ ကလေးတစ်ယောက်ရပါတယ်။ ကျွန်တော်လူပျိုပေါက်ဖြစ်နေပြီဆိုတော့ သူငယ်ချင်းတွေ ဆုံကြချိန်မှာ ကြံကြံဖန်ဖန်ပြောဖြစ်ကြပါတယ်။ သူ့လက်တစ်ဖက်ရဲ့အသုံးဝင်ပုံကိုပါ။(ဟီးဟီး) သူကနဲနဲလည်းပွေပါတယ်။
နောက်တော့သူဟာမြို့နေ တော်တော်ကြာကြာပျောက်သွားပါတယ်၊မိန်းမထပ်ယူသွားသလိုလိုကြားရပါတယ်၊ သူ့မိန်းမနဲ့ကလေး ကိုတော့ သူ့အမေနဲ့ အကိုက တင်ကျွေးထားရတာပေါ့။ ဆင်းရဲနွမ်းပါးကြပါတယ်။
တနှစ်လောက်အကြာမှာထင်ပါတယ်၊သူပြန်ရောက်လာပါတယ်၊ မန္တလေးဘက်ကိုသွားနေတယ်ပြောပါတယ်။ ပြန်လာတော့ ပန်းချီဆွဲတတ်လာပါတယ်၊ တစ်ပေခွဲ×နှစ်ပေ လောက်သစ်သားဘောင်မှာ အဝတ်နဲ့ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက်စောင်းတီးနေတဲ့ပုံ ရေဆေးပန်းချီတစ်ချပ်လက်ဆောင်အဖြစ် ကျွန်တော်တို့အိမ်ကိုဆွဲပေးပါတယ်။ အိမ်မှာတော်တော်ကြာကြာအဲဒီပုံလေးကိုချိတ်ဆွဲထားတာမှတ်မိနေပါတယ်။ အဲဒီအလုပ်ကလေးနဲ့သူတော်တော်အလုပ်ဖြစ်နေပါတယ်။ နောက်တစ်ကြိမ်မြို့က ထပ်ပျောက်သွားပါသေးတယ်၊ အဲဒီလိုပဲ တနှစ်ကျော်ကျော်အကြာမှာ ပြန်ရောက်လာပြန်ပါတယ်၊ ဒီတစ်ခါတော့ ဗေဒင်တတ်လာပါတယ်၊ ပုသိမ်ရွှေမုဌော ဘုရားမှာ ဗေဒင်ဆရာသွားလုပ်ပါသေးတယ်၊ အခုတော့ ဘယ်ကိုရောက်နေကြတယ်မသိတော့ပါ၊ခြေလက်အင်္ဂါ မပြည့်စုံသော်လည်း ဘဝကိုရုံးကန်နိုင်စွမ်းကြတဲ့သူတွေ အကြောင်းလေး သတိရလို့ ရေးလိုက်တာပါ။
2 comments
Koyin Sithu
November 7, 2011 at 2:38 pm
ကိုကြောင်လေးရေ… အလုပ်များလို့ ရွာကခဏပျောက်သွားတယ်
မဟုတ်လား… ပြန်လာတော့ ဘာတွေထပ်တတ်လာပြီးလဲ…. :D:D
အဲ့ကံထူးက ကျွန်တော်များလားမတိဖူး…
အိမ်ကတစ်နှစ်ပျောက်လိုက်… ပညာတစ်ခုတတ်လာလိုက်နဲလုပ်နေတာ..
ခုဆို ထွက်သွားတာ ၃နှစ်ပြည့်ပြီပေါ့…
ဂေဇက်တွင် ကြောင်လေးရဲ့ ရသစာပေများ ပြန်တွေ့ရတဲ့အတွက်
ဝမ်းသာပါတယ်… ဖြောင်း… ဖြောင်း… 🙂 🙂 🙂
small cat
November 7, 2011 at 2:56 pm
ကျွန်တော်က ရသ စာပေရေးတာမဟုတ်ပါဘူးဗျာ၊
ရမ်းချစာပေရေးတာပါ။