ပရဟိတအဖွဲ့ ဘယ်လိုဖွဲ့မလဲ( အကူအညီပေးစေလို)

တစ်ဦးဆောင်သော်မရ အများဆောင်သော်ရ၏ ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ကျနော်တို့ မနှစ် 2010တုန်းက ပရဟိတ အဖွဲ့ကလေးဖွဲ့ဖြစ်တယ်။ ခုဆိုရင် ကျနော်တို့အဖွဲ့လေးဟာ အဖွဲ့ရယ်လို ပီပီသသ ဖြစ်လာပြီး ၂ရဦးအထိရှိလာပြီဖြစ်တယ်။ ဒါပေမယ့် ခုချိန်ထိ အဖွဲ့ရဲ့ အမည်နာမ မရှိသေးပါဘူး။ တပိုင်တနိုင်အားဖြင့် လှုပ်ရှားနေတဲ့ အဖွဲ့ကလေးပါ။ အဓိက လှူဒါန်းဖြစ်လာတာကတော့ ပညာရေးဘက်အပိုင်းပါ။ ကျနော်တို့ ဖားကန့်မှာဆိုရင် ရာသီအစလို့ပြောလို့ရတဲ့ အောက်တိုဘာ လကနေစပြီး ရာသီသိမ်းချိန်ဖြစ်တဲ့ မေလအထိ အဖွဲ့ဝင်များဆီက လစဉ်လစာငွေများထဲကနေ စေတနာ ရှိသလောက်လှူဒါန်းထားတာတွေကို ကောက်ခံပြီး စုပေါင်းထားခဲ့တာပါ။ 2010ထဲမှာတော့ ကျနော်တို့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားပြင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စတင်လှူဒါန်းဖြစ်ပါတယ်။ ခုလက်ရှိလည်း 2011ခုနှစ်အတွက် စတင်ကောက်ခံနေကြပါပြီ။ နောက် အဖွဲ့ကိုလည်း ရေရှည်တည်တံ့စေချင်တဲ့အတွက် ကျနော်တို့ ဆက်လက် ကျိုးစား အားထုတ်နေကြတယ်။

အစကနဦးက အဖွဲ့ကို ကျနော်တို့ သူငယ်ချင်း ၅ ဦးကနေစတင်ခဲ့တာပါ။ စဉ်းစားဖြစ်ပုံက လစာထုတ်တိုင်းကျနော်တို့ ပျော်ပါးစားသောက်မယ့် အထဲက မပြောပလောက်တဲ့ ငွေကြေးတွေကို စုပြီး အကျိုးရှိမယ့် အရာတစ်ခုခုကိုလုပ်မယ်ဆိုပြီးတော့ပါ။ မရှိနွမ်းပါးတဲ့သူတွေကို မိမိတို့ သက်နိုင်တဲ့အထဲကနေ လှူဒါန်းဖြစ်အောင်ပါ။ ခုတော့ သူငယ်ချင်း တစ်ဦးတစ်ယောက်ချင်းဆီကနေ တဆင့်စကားတဆင့်နားနဲ့ ပြောလာလိုက်တာ ခုဆို အဖွဲ့ဝင်များတိုးလာပြီး ပရဟိတ လှူဒါန်းငွေအတွက် ပိုမိုကောက်ခံရရှိလာပါပြီ။ ဆက်လက်လုပ်ဆောင်ချင်လာတာကတော့ ခုဆို အမြို့မြို့ အနယ်နယ်မှာ ပရဟိတ အဖွဲ့ကလေးတွေ ကိုယ်ဆီကိုယ်ဆီပေါ်ပေါက်လာတာကို အားကျလာတာပါ။ ကျနော်တို့လည်း သက်နိုင်တဲ့ အတိုင်းအတာဘက်ကနေ ဖားကန့်လို့ နေရာမျိုးမှာ ပညာရေးအတွက် ရည်စူးလှူဒါန်းလိုစိတ်ဖြစ်ပေါ်လာရတာပါ။ ပညာရေးအတွက် သီးသန့်စဉ်းစားလှူဒါန်းသွားမယ်လို့လည်း  ဆုံးဖြတ်ထားကြတာပါ။

ခု ဂေဇက်ကမန်ဘာများကို အကူအညီတောင်းစရာလေးရှိပါတယ်။ ကျနော်ကတော့ Onlineပေါ်မှာလည်း လှုပ်ရှားချင်တော့ ပရဟိတ အဖွဲ့လေးအတွက် ဆိုဒ်တစ်ခုထောင်ချင်တာပါ။ ဖြစ်ချင်တော့ Freeဖြစ်ရင်တော့ ပိုပြီးအဆင်ပြေနိုင်တာမို့ ဝိုင်းဝန်း အကြံဉာဏ်ပေးစေလိုတာပါ။ ညွှန်ပြနိုင်တဲ့ သူရှိရင် ညွှန်ပြကြပါ။ နောက်တစ်ခုက အဖွဲ့ကို ရည်ရှည်လုပ်ဆောင်မယ်လို့ စဉ်းစားဖြစ်တဲ့အတွက် အဖွဲ့ ဖွဲ့စည်းပုံကို ဘယ်လိုလုပ်ဆောင်ရမလဲ..။ ဘယ်လို လှုပ်ရှားဆောင်ရွက်ရမလဲဆိုတာကိုပါ လက်ရှိ ပရဟိတ အဖွဲ့ဖွဲ့ထားသူရှိရင် ပြောပြကြပါလို့ ။

ကျနော်တို့က ကုမ္ပဏီ ဝန်ထမ်းပါ။ ဖားကန့်မှာဆိုတော့ကာ အားလပ်ချိန်ရှိမှာတာ လှုပ်ရှားနိုင်တာပါ။ လှူဒါန်းဖြစ်ဖို့လည်း ကိုယ့်ဖာသာကို ရှာကြရတာပါ။ အကုန်လုံးလိုလိုက ဝန်ထမ်းဖြစ်တာမို့ အပြင် သိပ်မထွက်နိုင်သော်ငြားလည်း လုပ်နိုင်တဲ့ ဘောင်အတွင်းကနေ လှုပ်ရှားဖြစ်ကြပါတယ်။

မနှစ်ကဆိုရင် ဖားပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို သူငယ်တန်း စာရေးစားပွဲ၊ ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောလ်ပန်များ ကိုလှူဒါန်းဖြစ်ခဲ့တယ်။ မနှစ်က အားနဲ့ အလှူငွေကို အများကြီး မဟုတ်သော်လည်းပဲ ၆သိန်းကျော်ရရှိခဲ့တာပါ။ ခုလက်ရှိ 2011မှာလှုပ်ရှားလာတော့ ပိုမို ထည့်ဝင်လာကြပါတယ်။ ဒါကြောင့်

၁။ ပရဟိတ ဆိုဒ်တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ ( Freeရမရ)

၂။ အဖွဲ့ ဖွဲ့စည်းပုံ

၃။ လှုပ်ရှားမှု

၄။ အဓိက ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖြစ်ဖို့

စတဲ့အချက်များကို ဝိုင်းဝန်း အကြံပေးစေလိုပါတယ်..။ ကျနော်မေးလ်ထဲကို လတ်သလောရောက်လာတဲ့ မေးလ်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ခေါင်းစဉ်မပါပေမယ့်လို့ အတ္တအကျိုး ပရအကျိုးလို့ ခေါင်းစဉ်ပေးထားပါတယ်။

အတ္တအကျိုး ပရအကျိုး(မှတ်ချက်။ တဆင့်ပြန်လည်မျှဝေခြင်း)

          ရေရှည် စိတ်ချမ်းသာပျော်ရွှင်မှုအတွက် မိမိရည်မှန်းချက်ထမြောက်အောင်မြင်ရေးကို အလေးပေး ဆောင်ရွက်ရမည်ဆိုသော်လည်း အတ္တအကျိုးစီးပွားကိုချည်း အမြဲဦးစားပေး မနေမိအောင်ကား သတိပြုရန် လိုပါသည်။

မြန်မာ့ဆိုရိုးစကားတွင် “အများအကျိုးဆောင် ကိုယ့်အကျိုးအောင်”ဟူသော စကားတစ်ခွန်းရှိသည်။ အတ္တအကျိုးနှင့်ပရ အကျိုးဆက်စပ် ပတ်သက်နေသည်ဆိုသော သဘော။ သည်သဘောကိုပင် တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်က “အများကောင်း ကျိုး သယ်ပိုးမည့်သူ၌ မိမိအကျိုးပါ သေချာပြီးဖြစ်သည်” ဟူ၍ဆိုခဲ့သည်။ ကောင်းသော အလုပ် လုပ်သူသည် ထိုလုပ်ရပ်က ပေးသည့်ဆုလာဘ်ကို ခံစားရမြဲဖြစ်သည်။

ဥပမာ- သူတစ်ပါးထံမှ လေးစားချစ်ခင်မှုကို လိုသည်ဆိုပါစို့။ ဦးစွာ ပထမ မိမိက လေးစားကြောင့်ပြရလိမ့်မည်။ ကိုယ်လေးစားလျှင် သူလေးစားလာလိမ့်မည်။ မယုံမရှိပါနှင့်။ တစ်လလောက်စမ်းကြည့်ပါ။ လမ်းမှာ၊ အိမ်မှာ၊ ရုံးမှာ၊ တစ်ဦးချင်းတွေ့ရသူ အသီးသီးကို တကယ်အရေးပါသော ပုဂ္ဂိုလ်များသဖွယ် သဘောထားပြီး ဆက်ဆံကြည့်ပါ။

လူဆိုသည်က အရေးပါချင်သူ ချည်းဖြစ်သည်။ အရေးတယူပြုခံချင်သူချည်းဖြစ်သည်။ ပြီးလူအများအပြားပင် မိမိကို တခြားလူတွေ အရေးတယူုပြုသလောက် မပြုဟု ထင်မှတ်ခံစားနေတတ်ကြသည်။ သူတိုကို့ သင်က အရေးတယူပြုလိုက်သည့်အခါ သူတို့အလိုဆန္ဒတွေပြည့်ဝကြသည်။ သင်နှင့် တွေ့သဖြင့် သူတို့ စိတ်ချမ်းသာကြသည်။ သည်အတွက် သင့်အား ကျေးဇူးတင်သည်။ ခင်မင်သည်၊ လေးစားသည်။ သင့်မှာ အကြောင်းကြီးငယ်ရှိလျှှင် စေတနာ ဗရပွနှင့် သင့်အား ကူညီကြမည်။

တဖန် တစ်ဖက်သားကို လေးစားစွာ ဆက်ဆံနိုင်ရန်အတွက် ထိုသူ၏ အရေးကိစ္စများ၊ ၎င်း၏ အယူအဆနှင့် ခံစားချက်များအပေါ် စိတ်ဝင်စားမှုရှိရန်လို၏။ စင်စစ် ထိုစိတ်ဝင်စားမှုမှလည်း ကြီမားသော အကျိုးကျေးဇူးရနိုင်သေး၏။ လောကလုူသားတိုင်းမှာပင် သူများနှင့်မတူသော အတွေ့အကြုံနှင့် အတွေးအမြင်များရှိတတ်ကြသည်ဖြစ်ရာ လူအများကို စိတ်ဝင်စားသူသည် လောကအကြောင်း လူ့အကြောင်းကို သူတကာထက် နှံ့စပ်သိမြင်သူ ဖြစ်လာနိုင်ပေသည်။

ဝိုင်းဝန်းအကြံပေးချင်လျှင် ကျနော်ရဲ့ Gmail -naymyoaung066@gmail.comကို ပေးပို့အကြံပေးစေလိုပါတယ်..။

လေးစားလျှက်

သော်ဇင်(လွိုင်ကော်)

 

 

 

3 comments

  • လင်းငယ်

    November 8, 2011 at 8:14 pm

    ပရဟိတနဲ့ ပက်သက်ပြီး တစ်ခုလောက်တော့ အကြံပေးချင်ပါတယ်။ ပရဟိတ အဖွဲ့တစ်ခု ဖြစ်ဖို့က အလှူငွေကြေးပေါ့။ အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေက လစဉ်ကြေး ဆိုပြီးတော့ အမြဲ ကောက် သင့်ပါတယ်။ ဒါမှလည်း အဖွဲ့က ရေရှည် တည်မြဲမှာပါ။ ကျန်တဲ့ အဖွဲဝင် မဟုတ်တဲ့ သူတွေကသာ ကိုယ် ဆန္ဒရှိသလို လှူဖို့အတွက် ဖြစ်သင့်ပါတယ်။

  • kai

    November 9, 2011 at 7:08 am

    ၁။ ပရဟိတ ဆိုဒ်တစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ ( Freeရမရ)
    ဖရီးရတာတွေရှိပါတယ်..။ ဒါတွေက… တကယ်ဆိုရင်တော့ နိုင်ငံခြားကလှူမဲ့သူတွေအတွက် အယုံအကြည်တော့ နည်းတာပေါ့..။ ဖြစ်နိုင်ရင် ဝယ်ပါ..။
    ဒိုမိန်းတခုမှ တနှစ် ၁၀၊ ဟို့စတင်န်းခက.. တလ ၅ဒေါ်လာလောက်ရှိတာပါ.။ အီးမေးလ်ကို အဲဒီဒိုမိန်းနဲ့ ဖွင့်ပါ။

    ၂။ အဖွဲ့ ဖွဲ့စည်းပုံ
    ယူအက်စ်မှာတော့.. အသင်းတွေက ဥပဒေအောက်မှာ.. ဖွဲ့ရတာပါ..။ ပုံစံရှိပြီးသားပါပဲ..။
    မြန်မာပြည်မှာလည်း.. အာဏာပိုင်တွေဆီသွားလျှောက်ပြီး ဖွဲ ့စေချင်ပါတယ်..။ (ရတာမရတာတပိုင်းပေါ့)
    ငွေတွေ စာရင်းမရှင်းပဲ.. သုံးနေ..လက်ခံနေ လှူနေလို့မရပါဘူး..။Nonprofit organization တွေက အမြတ်ခွန်လွတ်တာမို့ပါ..။
    အဖွဲ့ ဖွဲ့စည်းပုံကို ငွေကြေးအဓိကထားပြီး တည်ဆောက်ပါ..။ ငွေပေး(လှူ)နိုင်သူ ခေါင်းဆောင်လုပ်ပါ။

    ၃။ လှုပ်ရှားမှု

    Politic နဲ့ ဘာသာရေး ကင်းရင်ကောင်းပါတယ်..။
    အဲဒါနဲ့ကင်းတာတွေ လုပ်စေချင်တာပါ။ အဲဒါက ပိုကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားလို့ရပါတယ်။။

    ၄။ အဓိက ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖြစ်ဖို့
    အသင်းမှာ ပုံမှန်ဝင်ငွေရှိအောင် လုပ်ရပါတယ်.။ အလှူငွေတခုထဲနဲ့ရပ်တည်ဖို့မစဉ်းစားပါနဲ့..။
    အဓိက ရည်မှန်းချက် အသင်းမှာ ဘဏ္ဍာတောင့်အောင် လုပ်ဖို့ပါပဲ..။
    Fundraising Ideas ကောင်းလေးတွေရှာပါ..။လုပ်ပါ..။
    =
    ဆိုတော့.. ဘာတွေလုပ်မလည်း.. ဘာရည်ရွယ်ချက်လည်း..Bylaws – organization’s operating manual ကို စာနဲ့ချရေးပါ.။ သူများလုပ်ထားတာတွေတောင်းပါ..။
    http://en.wikipedia.org/wiki/Nonprofit_organization
    http://grantspace.org/Tools/Knowledge-Base/Nonprofit-Management/Boards/Nonprofit-bylaws

  • maungmoenyo

    November 9, 2011 at 8:31 am

    “There is no limit to what you can accomplish if you don’t care who gets the credit” – Ronald Reagan.

Leave a Reply