မသေသော မြို့တော် ( ၂ )
မဇ္ဈိမဒေသတွင် ကဿပမြတ်စွာဘုရား၏ သာသနာတော်အတွင်း ကောရပ္ပတိုင်း၌
ကောရပ္ပမင်းအုပ်ချုပ်၏ ၊ ထိုမှ (၁၂) ဆက်မြောက်သော မင်းစောအမည်ရှိ ကောရပ္ပမင်း
လက်ထက်တွင် နဂါးညီနောင် ဖျက်ဆီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးခဲ့ရလေသည်။
ထိုမင်းစောသည် ဘီလူးမအား မိဖုရားတင်မြှောက်မိခဲ့သည်ဟု ဆိုပါသည်။ သားတော်
(၃)ပါးနှင့်သမီးတော်(၁)ပါးဖွားမြင်ခဲ့ပါ၏။ ထို့နောက်မှ ဘီလူးမမှန်းသိရှိလာ၍ သားတော်ကြီး
မှတပါး မိဖုရားကြီးနှင့် ကျန်သားတော်နှစ်ပါးအပါအဝင် သမီးတော်တို့အား နန်းတော်မှ
နှင်ထုတ်လေတော့၏။ ထိုမိသားစုလေးဦးတို့သည် ဒါွရာဝတီမြို့၏ အရှေ့ဖက်ကမ်းတွင်
တောင်ခြေကို အမှီပြု၍ နေထိုင်ကြလေ၏ ။
ဖခမည်းတော်မင်း နတ်ရွာစံလျှင် သားတော်မင်းစော နန်းတက်၏ ။ သားတော်မင်းစော၌
လူပင်ဖြစ်သော်လည်း အစွယ်ပါသဖြင့် အစွယ်ခေါခေါ မင်းစောဟုတွင်၏ ။ ထိုမင်းလက်ထက်
တွင် ညီဖြစ်သူ ဘီလူးနှစ်ယောက်နှင့် နှမဖြစ်သူ ဘီလူးမတို့သည် ဒွါရာဝတီမြို့အား စောင့်
ရှောက်ကြလေသည်။
အစွယ်ခေါခေါ မင်းစောလက်ထက်တွင် မဇိ္ဈမတိုင်းမှ ဥပကံသ အမျိုးအနွယ်ဖြစ်သော
ဝါသုဒေဝ ၊ ဗလဒေဝ မင်းညီနောင်တစ်ကျိပ်တို့သည် ဒွါရာဝတီမြို့သို့ တိုက်ခိုက် သိမ်းပိုက်ရန်
ရောက်ရှိလာလေ၏ ။ ၎င်းညီနောင်တစ်ကျိပ်တို့သည် ဆင်ခေါင်းအရပ်မှနေ၍ ချဉ်းကပ်ချီတက်
ကြလေသည်။ ဆင်ခေါင်းဟု ခေါ်ခြင်းမှာ ဂေါတမဘုရားအလောင်းသည် ဆင်မင်းဖြစ်တော်မူစဉ်
သေလွန်၍ ဦးခေါင်းချရာအရပ် ဖြစ်သဖြင့် ဆင်ခေါင်းဟု တွင်သည်ဆိုပါ၏ ။ ဝါသုဝေဒမင်းသား
ညီနောင်တို့ စီးနင်းလာသော သင်္ဘောသည် ဒွါရာဝတီမြို့ဆိပ်သို့ ရောက်အောင် မဝင်နိုင်သော
ကြောင့် တူးမြောင်းဖေါက်ကာ ဝင်ခဲ့ရလေသည်။ ၎င်းကို စတုံပေါက် (စလထုံပေါက်) ဟု တွင်
ကြောင်း အဆိုရှိ၏ ။
ဒွါရာဝတီမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ချီတက်လာသော်လည်း မြို့တော်အား ရှာဖွေ၍ မတွေ့ပေ၊
မြို့ကိုစောင့်ရှောက်သော ဘီလူးတို့၏ တန်ခိုးကြောင့် မြို့သည် ကောင်းကင်သို့ပျံတက်၍
သမုဒ္ဒရာကျွန်းငယ်၌ တည်၏ ။ ၎င်းကျွန်းကို မာန်အောင်ကျွန်းဟု ပြဆိုကြပါသည်။
ရန်သူများသွားကုန်သည်ရှိသော် မိမိနေရာ၍ ပြန်၍တည်၏ ။ အကြိမ်ကြိမ် ချီတက်ရှာဖွေကြသော်လည်း
မြိုု့တော်အား ရှာဖွေ၍ မတွေ့ပေ။ ထို့နောက် ကုန်သည်ယောင်ဆောင်၍ မြို့တွင်းသို့ဝင်ပြီးလျှင်
“ကဏှဒီပါယန” ရသေ့ကြီးအား ချဉ်းကပ်မေးမြန်းကြလေသည်။
ရသေ့ကြီးက ဤမြို့တော်၏ တစ်နေရာ ရေကန်တွင် ကျောက်မြည်းရုပ်ရှိ၏ ။ မြို့စောင့်ဘီလူးမ
ပြည့်ဝသည် ရန်သူများလာခဲ့သော် ကျောက်မြည်းရုပ်၏ ကျောပြင်ကို ပွတ်ပေး၏ ။ ထိုအခါ
ကျောက်မြည်းရုပ်သည် အော်မြည်လေသဖြင့် မြို့အလုံးသည် ကောင်းကင်သို့ ပျံတက်လေသော
ကြောင့် ရှာမတွေ့ကြောင်းမိန့်လေ၏။
“သင်မင်းသားတို့သည် ဤမြို့ကို ရလိုပါလျှင် မြို့တံခါး လေးမျက်နှာ၌ သံတိုင်များစိုက်ထူပြီးလျှင်
မြို့တော်ပျံတက်အံ့ဆဲဆဲ၌ သံကွင်းများကို သံတံသင်းလျှို၍ တွဲချိတ်လျှင် ပျံတက်၍ ရမည်မဟုတ်ပေ”
ဟု အကြံပေး၏ ။ မင်းညီနောင်တို့သည် မြို့မျက်နှာအစွန်၌ သံတံသင်း မြေ၌စိုက်၍ တည်ကုန်၏ ။
ထိုခဏ၌ မြည်ဟီးလေသော် မြို့သည် ပျံတက်ခြင်းငှာ အားထုတ်လေသည်။
တံခါးလေးမျက်နှာတို့၌ တည်သော မင်းသားတို့သည် သံကွင်းများကို သံတံသင်းတို့၌ ချိတ်တွဲကြ
လေ၏ ။ ထိုအခါ မြို့တော်မှာ ပျံတက်၍ မရတော့ပေ။ မင်းညီနောင်တို့သည် မြို့တော်သို့ ဝင်ရောက်
ကာ မင်းစောကိုသတ်၍ ဒွါရာဝတီမြို့ကို သိမ်းယူလေ၏ ။ သို့ဖြစ်၍ ဒွါရာဝတီဟူသော မြို့တော်သည်
“ သံတွဲ ” ဟူ၍ အမည်တစ်ခု တိုးလာခဲ့လေတော့သည်။
မြို့တော်၌ တံခါးလေးပေါက်ရှိ၏ ။ အရပ်လေးမျက်နှာမှ လူအပေါင်းမှာ တံခါးလေးပေါက်မှ ဝင်ထွက်
သွားလာနိုင်သောကြောင့် “ ဒွါရာဝတီ ” ဟု ရှေးကခေါ်ဆိုပါ၏ ။ သံနှင့်ချိတ်တွဲ၍ တိုက်ယူရသဖြင့်
“ သံတွဲ ” ဟု သမိုင်းတွင်လေတော့သတည်း ။
အရှင်ကောသလ္လ ( ဂဝေသီ ) ၏ ခွင့်ပြုချက်ဖြင့်….
သိလိုပါသော ဝါသနာရှင်များ စာများနေပါက ပျင်းရိငြီးငွေ့မည်စိုးပါသောကြောင့်
အပိုင်း (၃ ) ကို စောင့်ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ ။
4 comments
pyinlepyaw
November 9, 2011 at 1:04 pm
ကိုယ့်နေတဲ့မြို့ရဲ့ ရာဇဝင် ကို ခုမှ သိရတော့တာပါ ၊ ရှယ်ယာလုပ်ထားလိုက်ပါတယ် ။
ဆက်လက်အားပေးနေပါ့မယ် ၊ သိခွင့်ရလို့ကျေးဇူး ။
J.me
November 9, 2011 at 1:09 pm
မသေသော မြို့တော် ဆိုတာ မရှင်းသေးဘူးဗျ
ရာဇဝင်အပြည့်နဲ့မြို့တစ်မြို့ပဲနော်
ဆက်ဖတ်ရင်း နားရည်လည်လာမယ်ထင်တယ် ။
မိုးပွင့်ဖြူ
November 9, 2011 at 1:34 pm
ဆက်ဖတ်ပါမည် သမိုင်းကိုစိတ်ဝင်စားတယ်
Gipsy
November 9, 2011 at 10:14 pm
အပိုင်း (၄) ရောက်ရင် ဒွါရာဝတီ မြို့တော် ရာဇဝင် ပြီးပါပြီ…၊
ပြီးရင် သမိုင်းဝင် စေတီများအကြောင်း ဆက်၍ တင်ပြပေးပါမယ်…၊
ရာဇဝင် များကိုစိတ်ဝင်စားသူအပေါင်းကို ကျေးဇူးတင်ပါကြောင်း….။