မင်္ဂလာစုစာအုပ်

introMay 23, 20101min850

အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ်
လက်ဆောင်ပေးလိုက်ပါတယ်။
အဲဒီ စာအုပ်က ငွေကြေးစုဖို့မဟုတ်ပါဘူး။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊
ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။ ဖတ်မိတဲ့ စာလေးတစ်ပုဒ်က
ဒီလိုဆိုပါတယ်။

ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ် တစ်အုပ်ကို အမေက
လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို ဖွင့်ကြည့်တော့
စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲ ရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးနဲ့ အမေကို
ကျွန်မကြည့်မိတော့ အမေက ပြုံးရင်း “သမီး… ဒါ သမီးအတွက် အမေအထူးလုပ်ထားတဲ့
“မင်္ဂလာစု” စာအုပ်လေးပါ။ နောင်နောက် အမှတ်တရဖြစ်စေတဲ့ နေ့မျိုးမှာ ဒီစာအုပ်ထဲ
ငွေအနည်းအများမဆို စုနိုင်တယ်။ ဒါမှ နောက်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ
ငွေတွေအပြင် ပျော်ရွှင်ခြင်းတွေပါ ရှိနေလိမ့်မယ်”

အမေပြောတဲ့ စကားကို ကျွန်မ အမှတ်တမဲ့ပဲ ထားလိုက်မိတယ်။ ကျွန်မ အမျိုးသားက
အဲဒီစကားကို ခေါင်းတညိတ်ညိတ်နဲ့ မှတ်သားနေခဲ့တယ်။

မင်္ဂလာဆောင်ပြီးနောက် အမျိုးသားက စာအုပ်ထဲ ကျပ် ၅ဝဝ နှစ်ကြိမ် စုလိုက်တယ်။
တစ်ကြိမ်က သူရာထူး တိုးတဲ့အတွက်ဖြစ်ပြီး နောက်တစ်ကြိမ်က ကျွန်မ ခွဲစိတ်ခန်းက
ထွက်တဲ့နေ့ဖြစ်တယ်။ အဲဒီတုန်းက အမျိုးသားရဲ့ အပြုအမှုကို ကျွန်မရီခဲ့မိတယ်။
ဒါပေမယ့် စိတ်ထဲမှာတော့ ကြည်နူးမိပါတယ်။ ကျွန်မ ကျန်းမာလာတဲ့နေ့ကို
သူ့ရဲ့ပျော်ရွှင်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့လို့ပါပဲ။

သိပ်မကြာဘူး… ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအတွက် ကျွန်မ ငွေ ၂ဝဝဝကျပ်
စုလိုက်တယ်။ အဲဒီနောက် မွေးဖွားလာတဲ့ ရင်သွေးငယ်လေး သယ်ဆောင်လာခဲ့တဲ့
ပျော်ရွှင်မှုက ကျွန်မတို့အတွက် တိုတောင်းခဲ့တယ်။ ကျွန်မတို့ကြားထဲ
အငြင်းအခုန်နဲ့ အေးစက်မှုက မြန်မြန်ဆန်ဆန် ရောက်လာခဲ့တယ်။ လျှော်လို့
မကုန်နိုင်တဲ့ အနှီးတွေ၊ တိုက်လို့မကုန်နိုင်တဲ့ နို့တွေက
ကျွန်မတို့ရဲ့ခံစားမှုကို ဆိုးသထက် ဆိုးဝါးလာစေခဲ့တယ်။ အမေ လက်ဆောင်ပေးခဲ့တဲ့
“မင်္ဂလာစု” စာအုပ်က အံဆွဲတစ်နေရာမှာ ကျွန်မတို့ရဲ့ မေ့လျှော့ခြင်းကို ခံခဲ့ရတယ်။
စာအုပ်ထဲက ပျော်ရွှင်ခြင်း ကိန်းဂဏန်းက နဂိုနေရာမှာပဲ ရပ်တန့်နေခဲ့တယ်။

ကွာရှင်းဖို့အတွက် ကျွန်မတို့ ပြင်ဆင်ကြတော့ အမေက “အဲဒီစာအုပ်ထဲက ငွေကို
သမီးတို့ အရင်ဖြုန်းပြီးမှ ကွာရှင်းကြပါ။ စာအုပ်ထဲက ငွေက သိပ်မများပေမယ့်
အဲဒီငွေက သမီးတို့နှစ်ယောက်လုံး ပိုင်တဲ့ငွေဖြစ်တယ်” လို့ပြောတယ်။

စာအုပ်ထဲက ငွေ ၁ဝဝဝကို ကျွန်မ ထုတ်ယူလိုက်တယ်။ လိုချင်တာ ကြာနေပြီဖြစ်တဲ့
အဝတ်အစားတွေကို ကိုင်ဆွဲရင်း ကုန်တိုက်ထဲကနေ ကျွန်မထွက်လာခဲ့တယ်။
ကုန်တိုက်တံခါးဝအရောက် အရောင်းစာရေးမဆီ ကျွန်မပြန်လှည့်လာပြီး “ဆောရီးပဲ…
ဒီပစ္စည်းတွေ ကျွန်မ မယူတော့ဘူး။ ပိုက်ဆံပြန်အမ်းပေးပါ” လို့ တောင်းဆိုလိုက်တယ်။

ခေါင်းထဲမှာလည်း ဒီငွေ ၁ဝဝဝ ဟာ ငါတို့ရဲ့ မင်္ဂလာတွေ၊ အမှတ်တရနေ့တွေ၊ အပျော်တွေ
စုထားတဲ့ ငွေဖြစ်တယ်လို့ ချက်ချင်းတွေး လိုက်မိတယ်။

ကျွန်မ အမျိုးသားက အရှက်ကြီးသူ တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် တစ်ခါက လမ်းမပေါ်မှာ
“ငါနင့်ကိုချစ်တယ်” လို့ အော်ပြောခဲ့ဖူးတယ်။ အဲဒီအတွက် ကျွန်မ ငွေတစ်ရာ
စုခဲ့တယ်။

ကျွန်မရဲ့ မွေးနေ့ကို သူမှတ်မိတယ်။ ကျွန်မရဲ့ ဖိနပ်အတိုင်း၊ ကျွန်မရဲ့
လျှို့ဝှက်နံပါတ်နဲ့ ကျွန်မ ကြောက်တတ်တဲ့ အရာအားလုံးကို သူမှတ်မိနေတယ်။
အဲဒီအတွက် မွေးနေ့တုန်းက ကျွန်မ ၃ဝဝကျပ် စုခဲ့တယ်။

မိန်းမတွေနဲ့ သူကင်းရှင်းတယ်။ ရေလာမြောင်းပေးလုပ်တဲ့ သူ့လက်အောက်က
ဝန်ထမ်းတွေနဲ့ သူကင်းကင်းရှင်းရှင်း နေခဲ့တယ်။ အခွင့်အရေး မပေးခဲ့ဘူး။
အဲဒီအတွက် ကျွန်မ ၅ဝဝကျပ် စုခဲ့တယ်။

ဒီငွေ ၁ဝဝဝထဲမှာ အပျော်တွေ ဒီလောက် စုမိနေပါလား? ဒီလိုဆိုရင် စာအုပ်ထဲ စုထားတဲ့
ငွေ နှစ်သောင်းကျော်ထဲမှာ …. ကျွန်မမျက်လုံးထဲ မျက်ရည်တွေ ပြည့်လျှံလာခဲ့တယ်။

ညနေအိမ်ပြန်ရောက်တော့ စာအုပ်ကို သူ့လက်ထဲ အပ်လိုက်ပြီး “ ဒီထဲက ငွေတွေ
အမြန်သုံးလိုက်၊ သုံးကုန်မှ ကွာရှင်းမယ်” လို့ ပြောလိုက်တယ်။

နောက်တစ်ရက်ညမှာ ကျွန်မလက်ထဲ စာအုပ်ကို သူပြန်အပ်ခဲ့တယ်။ ကျွန်မ ဖွင့်ကြည့်တော့
ငွေတွေလျှော့မသွားတဲ့အပြင် ၁ဝဝဝကျပ် ထပ်တိုးလာခဲ့တယ်။

“ဒီထဲက ငွေ တစ်ကျပ်တစ်ပဲဟာ ငါတို့အတူ ကျော်ဖြတ်ခဲ့တဲ့လမ်းကို မှတ်သားထားတယ်။
ငါနင့်ကို အဲလောက်တောင် ချစ်ခဲ့မှန်း ကိုယ့်ကိုယ်ပြန်သတိထားမိလို့ ငွေ ၁ဝဝဝ
ငါထပ် စုလိုက်တယ်” လို့ သူက ပြောတယ်။

အမေပြောတဲ့ စကားတွေ မှန်ခဲ့ပါတယ်။ အချစ်ဆိုတာ လက်ထပ်ဖို့အတွက် ဖွင့်ခဲ့တဲ့
အကောင့်နံပါတ်ဖြစ်တယ်။ လက်ထပ်ပြီးနောက် လင်မယားကြားမှာရှိတဲ့ အမှတ်တရ၊
ပျော်ရွှင်ခြင်းတွေ၊ ရိုမန်တစ်ဖြစ်ရပ် အားလုံးကို ဒီအကောင့်ထဲ
စုထည့်ဖို့ဖြစ်တယ်။ ဒီလို နေ့နေ့၊ လလ အပျော်တွေ စုတဲ့ အစုစာအုပ်လေးသာ ရှိခဲ့ရင်
ဘယ်လောက်ပဲ ဆင်းရဲတဲ့ လက်ထပ်ခြင်းမျိုး၊ ပင်ပန်းတဲ့ လက်ထပ်ခြင်းမျိုး
ဖြစ်ခဲ့ပါစေ အခက်အခဲ အားလုံးကို ကျော်ဖြတ်နိုင်ပါတယ်လေ….

PS. copy