ဘလက်ရဲ့ နေပြည်တော် မန္တလေးသွား တောလား ၂

black chawNovember 20, 20111min1966

ကိုပေါက်ရေ။

ဒီနေ့ ၁၂-၁၁-၂၀၁၁  မနက် ရ နာရီခန့်တွင် မန္တလေးမှ မိတ်ဆွေတစ်ယောက်က ရွှေပြည်မိုးမှ ဝယ်လာသော နံနက်စာများ ဝယ်ယူပြီး ရောက်ချလာပါသည်။ ကျွန်တော်လည်း နန်းကြီးသုတ်တစ်ပွဲ နှင့် ကော်ဖီတစ်ခွက်သောက်ပြီး မိတ်ဆွေကို မေးရပါသည်။ မန်းတက္ကသိုလ် ဘယ်နားလောက်မှာ ရှိလဲဟု။  နောက်ဆုံး သူလိုက်ပို့ပြီး ကျွန်တော့် အစီအစဉ်နှင့် ကျွန်တော်ပြန် ရန် သဘောတူလိုက်ကြပါသည်။ မနက် ၈ နာရီလောက်တွင် ကျွန်တော် မန်းတက္ကသိုလ် အဝင်ဝရောက်နေပါပြီ။ ဆိုင်ကယ် တက်စီတစ်စီးကို ဓါတ်ပုံရိုက်မည်၊ ဟော်တယ်ပြန်အရောက် ငါးထောင်ကျပ်နှင့်ဈေးတည့်သွားကြပါသည်။ သို့နှင့် ဆိုင်ကယ်တက်စီ ဆရာ၏ လမ်းညွှန်မှုဖြင့် မန်းတက္ကသိုလ်အမှတ်တရပုံများ ရိုက်ဖြစ်ပါသည်။ ဆိုင်ကယ်ဆရာက မန်းကျောင်းအကြောင်းတော်တော် သိနေပါသည်။ စာတိုက်ကိုပင် အတင်းဓါတ်ပုံရိုက်ခိုင်း နေပါသည်။ ဒီစာတိုက်မှာ ကျောင်းသားတွေ အိမ်ကငွေလာတာကို မျှော်နေကြသည် ဟုပင်ပါလိုက်သေးသည်။ ဟော်တယ်ပြန်ရောက်တော့ မနက် ၁ဝ နာရီ မထိုးတတ်သေး။ ရေမိုးချိုး အဝတ်အစားလဲပြီး ဒီနေ့အတွက် အစီအစဉ်ကို ယောက်ခမကြီးတွေနှင့် တိုင်ပင်ကြ ပါသည်။ ယောက်ဖတို့ မိသားစုက မန်းတောင်ခြေရှိ မယ်သီလရှင် ကျောင်းတစ်ကျောင်းတွင် နေ့ဆွမ်းကပ်ကြမည် ဆိုပါ သည်။ ယောက်ခမကြီးတွေက သူတို့နှင့်လိုက်သွား ကြမည်ဖြစ်ပါသည်။ ကျွန်တော်က ကျွန်တော့်တူမလေး ၏ သူငယ်ချင်း ဆီဒိုးနားတွင် မင်္ဂလာဆောင်ရှိသဖြင့် တူမလေးကို ကြိုပေးရန် တာဝန်ယူလိုက်ပါသည်။ စောနေသေးသဖြင့် မန္တလေးတောင်တက်ကြရန် ကျွန်တော့်တူကိုခေါ်ပြီး ထွက်ခဲ့ကြပါသည်။  စက်လှေကားရှိရာနား တွင် ကားကိုရပ်ခဲ့ပါသည်။ စက်လှေကားနှင့် တူဝရီးနှစ်ယောက် မန္တလေးတောင်ပေါ်တက်ခဲ့ကြပါ သည်။ ငြိမ့်ငြိမ့်လေးပဲ ကိုပေါက်ရေ။ တောင်ပေါ်တွင် ဘုရားဖူးပြီး ဓါတ်ပုံနည်းနည်းရိုက်ဖြစ်ပါသည်။ ရှုခင်းပုံလေးများသာ မက စကပ်ပေါင်လယ်ကျော်ကျော် ဝတ်ထားသော ကောင်မလေးပုံပင် ပါသေးပါ၏။ ဒီလိုနေရာမျိုးကို ဒီလိုဝတ်စားလာ တာကတော့ မသင့်တော်ဘူးထင်မိပါသည်။ ကောင်မလေးပုံကို ဓါတ်ပုံ ရအောင်ရိုက်ခဲ့ဖြစ်ပါသည်။  ပြန်ဆင်းမည်ဆိုပြီး ဓါတ်လှေကားကိုကြည့်တော့ ပိတ်ထားပါသည်။ စက်လှေကားကလည်း အတက်သာရှိပါသည်။ သို့ဖြင့် ကျွန်တော်တို့ ကိုယ့်ခြေထောက်ကိုယ်သုံးကာ လှေကားမှ တစ်ထစ်ခြင်းဆင်း ရပါသည်။ အခုမှ သဘောပေါက်ပါသည်။ စောင်းတန်းတစ်လျှောက် ဖွင့်ထားလိုက်သည့် ဆိုင်တွေက နည်းတာမဟုတ်။ စားသောက်ဆိုင်တွေလည်းပါသေးသည်။ ဒီဆိုင်တွေ လူစည်ဘို့က ဓါတ်လှေကားနှင့် စက်လှေကားရှိနေလျှင် ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဆိုင်တွေ လူစည်အောင် တမင် ဖန်တည်းပေးထားသည် ဟု ကျွန်တော် စွတ်စွဲချင်ပါသည်။ အောက်ရောက်တော့ ကားရပ်ထားရာကို ဘိနပ်ဗလာနှင့် လမ်းပြန်လျှောက်ရသဖြင့် စိတ်ထဲနည်းနည်း တော့ ဒေါသထွက် မိပါသည်။ ဘာမှမတတ်နိုင်ပါ။ အပြန်လမ်းတွင် ကျုံးကြီးကို ဓါတ်ပုံရိုက်ဖြစ်ပါသည်။ ဆီဒိုးနားရှေ့ ရောက်တော့ ၁၂ နာရီ ခန့်။ တူမလေးကို စောင့်ရင်း ဓါတ်ပုံရိုက်ဖြစ်ပါသည်။ ဟော်တယ်ပြန်ရောက်တော့ ထမင်းစားပြီး တရေးလောက်အိပ်မည် ကြံကာမှ မန်းလေးမှ ယောက်ဖတော်၏ သားငယ်က ကစားကွင်းလိုက်ပို့ဖို့ ပူဆာနေသဖြင့် happy palace ဆိုသော ကလေးကစားကွင်းကို လိုက်ပို့ဖြစ်ပါသည်။ ကလေးတွေကစားသည့်ကိစ္စကို ဘလက်ကတော်နှင့် လွှဲထားလိုက်ပြီး ကစားကွင်းရှေ့မှာ ဖွင့်ထားသော အင်တာနက်ဆိုင်မှ မန်းဂဇက်တွင် ဓါတ်ပုံများတင်ရန် ကြိုးစားကြည့်ပါသည်။ တစ်ပုံပဲ တင်လို့ အဆင်ပြေသဖြင့် လက်လျှော့လိုက်ရပါသည်။ ညနေပိုင်းမှာ ဟော်တယ် အလယ်တည့်တည့်က နေရာလေးမှာ အရက်ဝိုင်း ဖွဲ့ဖြစ်ကြပါသည်။ ယောက်ဖက ဘလက်လေဘယ်အကြီးတစ်လုံး စီစဉ်ပေးပါသည်။ စားကြသောက်ကြစကားတွေပြောကြရင်းမှ မိတ်ဆွေတစ်ယောက်၏ ယောက်ဖက အဆိုတော် ဖိုးကျော် ဖြစ်နေမှန်းသိရပါသည်။ ဘလက် က ရစ်သဖြင့် အဆိုတော် ဖိုးကျော် ကို မိတ်ဆွေက လှမ်းဖိတ်ပါသည်။ ဘလက်ကမူးလာတော့ ထုံးစံအတိုင်း သီချင်းဆိုမယ် ဖြစ်ပြီး ကာရာအိုကေ သို့ ဆက်ဖြစ်ကြပါသည်။ ကိုဖိုးကျော်က သူ့ သီချင်းဖြစ်သည့် ရေစုန်မျှောလိုက်ပြီ သီချင်းဆိုပြသောအခါ ဒီလိုလူကြီးတွေ ဘေးရောက်နေတာ နှမြောစိတ်ဖြစ်မိပါသည်။ အသံကြီးက ကြည်ပြီး ကောင်းတုန်း။ ဒီဘက်ခေတ် တစ်ပုဒ်ကောင်းခေတ်မှာ ဆိုလျှင်တော့ ဖိုးကျော်သည်လည်း နာမည်ကြီးမှာ သေချာပါသည်။ ဘလက်ကလည်း ဘယ်ရမလဲ။ ကိုငှက် ရဲ့ သီချင်းတစ်ပုဒ်ကို မူးမူးနှင့် မု(ဒ်) အပြည့်ထည့်ကာ ဆိုခဲ့ပါသည်။

ဒီလောက်ပါပဲ။ ဒီတစ်ခေါက် မန်းလေးသွားတောလားက မန်းတက္ကသိုလ် ဓါတ်ပုံရိုက်ဖြစ်တာနှင့် အဆိုတော် ဖိုးကျော်နှင့် တစ်ဝိုင်းတည်းသောက် ကာရာအိုကေ အတူဆိုခွင့်ရခဲ့တာလေးပဲ ထူးခြားပါသည်။ မနက် ၅ နာရီလောက် ဘုရားကြီး ဝင်ဖူးပြီး အမြန်လမ်းမှ ပြန်ခဲ့ ကြပါသည်။ မန်းလေးနှင့် သိတ်မဝေးသော နေရာတစ်ခုအရောက်တွင် ကားတွေ စုပြုံရပ်နေတာတွေ့၍ မေးကြည့်ရာ ခရီးသည်တင်ကား မှောက်တာ ၈ ယောက်သေသည် ဟု ပြန်ပြောကြပါသည်။ အခုအချိန်နောင်တရမိသည်မှာ ကျွန်တော် ကားရပ်ပြီး ရွာအတွက် ဓါတ်ပုံရိုက်ခဲ့ရရင် တန်ဘိုးရှိမှာပဲဆိုသည့် နောင်တဖြစ်ပါသည်။ နေပြည်တော် ရောက်တော့ ဝိုင်ကေကေအိုမှာ ယောက်ဖအကြီးက ထမင်းဟင်းများမှာပြီး အဆင်သင့် စောင့်နေပါသည်။ ဆိုင်ရှေ့တွင် ရပ်ထားသော နံပတ်တူ ဆိုင်ကယ်နှစ်စီး ကိုတွေ့သဖြင့် ဓါတ်ပုံရိုက်ဖြစ်ပါသည်။ ဗိုက်ဆာလို့လားမသိ စားလို့ တော်တော်ကောင်းပါသည်။ အထူးသဖြင့် ကဏန်းပျော့ဟင်းက တော်တော်ကောင်းပါသည်။ ယောက်ခမကြီး လင်မယား က နေပြည်တော်တွင် တစ်ညအိပ်ဦးမည် ဆိုသဖြင့် ကျွန်တော် တို့ လင်မယားနှင့် တူလေး သုံးယောက်သား ရန်ကုန်သို့ ခရီးဆက်ခဲ့ကြပါသည်။ ၁၁၅ မိုင်တွင် ခဏနားသည့်အခိုက် ကျွန်တော် နာရီဝက်ခန့် အိပ်ပျော်သွားပါသည်။ ပင်ပန်းနေတာ ကိုး။ လမ်းတွင် နေဝင်ချိန်ကို ကားရပ်ပြီး ဓါတ်ပုံရိုက်ဖြစ်ပါသည်။ ရိုးမ၏ နေဝင်ချိန်က သိတ်မလှပပါ။ ဒီနေရာမှာ နေဝင်သွားသော်လည်း ရှေ့ ၂ မိုင်ခန့်တွင် နေထွက်နေတာကိုလည်း ကြုံရပါသေးသည်။ တောင် အနိမ့်အမြင့် ကွာတာ ဖြစ်နိုင်ပါသည်။ ဒီတစ်ခေါက် ဘလက်၏ တောလားခြင်းကတော့ ဒီလောက်ပါပဲ။ ဓါတ်ပုံတွေကတော့ ရိုက်ဖြစ်တာ မနည်းပါ။ မနေ့က အမည်ပေးမထား ဆိုသည့် ပို့စ်တွင် ကြည့်နိုင်ပါသည် ခင်ဗျား။

 

အဆိုတော်ဟောင်းကြီး ဖိုးကျော်။

6 comments

  • windtalker

    November 20, 2011 at 10:19 pm

    ဆိုင်ကယ်တက်ကဆီ ၅၀၀ဝ ကတော့ နည်းနည်းများတယ် အကိုရေ
    ဒါပေမယ့် လည်း အကိုသွားတဲ့နေ ့က လပြည့်နေ ့ဆိုတော့ ၊ ဆစ်လို ့ရမှာ မဟုတ်လောက်ဘူးဗျို ့

  • အမှန်က ဖိုးကျော်ကို ခေါ်။
    နောက် စိုးစိုး ကိုပါခေါ်ပြီး မင်းညဖြစ်ပါစေလုပ်လိုက်ကြရင်ပိုမိုက်မှာ။
    မန်းလေးတောင် စက်လှေခါးက အခါကြီးရက်ကြိးမှဖွင့်တာ။
    ကျနော်တို့ကတော့ စက်လှေကားမစီးဘူး။
    တက်လိုက်ရင်ခဏလေးနဲ့တောင်ပေါ်ရောက်သွားတာ။
    လမ်းလျှောက်တက်မှ ဘီလူးရုပ်ထုပုစိကွေးလေးတွေရယ် မန်းလေးတောင်အနောက်ဘက်အလှရယ်မြင်ရတာ။
    နောက်တစ်ခေါက်လာရင်တောင်ခြေကနေ တောင်ပေါ်အထိလမ်းလျှောက်တက်ရင်းဓါတ်ပုံရိုက်မယ်ဗျာ။

  • small cat

    November 21, 2011 at 6:57 am

    ကိုဘလက် နောက်အဆိုတော်တစ်ယောက်နဲ့သီချင်းထပ်ဆိုချင်ရင် ပြော
    ကျနော်ရန်ကုန်ကိုလာခဲ့မယ်။

  • ပေါက်ဖော်

    November 21, 2011 at 10:10 am

    အန်ကယ်ချောရေ
    အဆိုတောမလေးတွေနဲ ့ကောရင်းနှီးပါသလား ခင်ဗျာ

  • etone

    November 21, 2011 at 4:30 pm

    ကိုချောကလက်က ခရီးသွားရင်းပျော်စရာကောင်းအောင် ဖန်တီးခဲ့ပါပကောလား … ဟီး ။ အားကျတယ် 🙂

    ဟိုလူကြီးက အဆိုတော်မှန်း သိတောင်မသိဘူး ဟ ီး ။

  • thit min

    November 21, 2011 at 9:28 pm

    အဆိုတော်ကြီးက မိုက်ကယ် ဒီဇိုင်းကြီးနော်။
    သွားရ လာရ လုံတာပေါ့ဗျာ။ ရွှေဘဲ။

Leave a Reply