သောတာပန်နဲ့ပတ်သတ်၍ သိကောင်းစရာများ အပိုင်း(၁)

ဆန်နီနေမင်းNovember 22, 20111min1559

မေး။ ။ လူ-သောတာပန်အရိယာ သေပြီးနောက် လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေဖြစ်ရိုး ထုံးစံရှိပါသလားဘုရား။ “အရိယာသောတာပန်တည်ပြီးလျှင်(သောတာပန်ကိစ္စ၌အလုံးစုံပြီးမြောက်ပြီး ဖြစ်၍၊ ဈာန်ကိစ္စတို့လို “လျှောလို့” တဖန်ပြန်လည်ဖြစ်တည်အောင် လုပ်ရရိုး ထုံးစံလုံးဝမရှိ၊) ပုထုဇဉ် အဖြစ်သို့ ပြန်ရောက်ရိုး ထုံးစံလုံးဝမရှိ၊ အပါယ်လေးဘုံသို့ ရောက်ရိုးထုံးစံလုံးဝမရှိ၊ (၈)ခုမြောက်ဘဝ ရောက်ရိုးထုံးစံလုံးဝမရှိ၊ အလွန်ဆုံး (၇)ဘဝ သုဂတိ၌ကျင်လည်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရသည်။ ” ထိုသို့ သံဃာတော်များ ဟောကြားသည်ကို ကြားနာခဲ့ဖူးပါသည်။

ထိုသို့ဆိုလျှင် တပည့်တော် တွေးမိသည်မှာ လူအရိယာသောတာပန် သေပြီးနောက် လူ့ပြည်၌ လူ့ပဋိသန္ဓေ နေရသည်ရှိသော် လူသောတာပန်ကလေးပဲ မွေးရမည်။ (ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ရာ မဝံ့ရဲ၍ အရှင်ဘုရားကို တိုင်ပင်ရပါသည်ဘုရား။) သို့မဟုတ်၊
ထိုသို့မဟုတ်ဘဲ လူအရိယာသောတာပန် သေပြီးနောက် လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ မဖြစ်ရတော့ဟူ၍ မှတ်ယူရမည်လော။

သန်းထိုက်ထွန်း၊ စင်္ကာပူ

ဖြေ။ ။ လူသောတာပန်သေပြီးလျှင် လူ့ဘဝကို ပြန်လည်ဖြစ်နိုင်ပါတယ်။ မြတ်ဗုဒ္ဓလက်ထက်က သောတာပန်တည်သူများဟာ ယခုချိန်ဆို နတ်ပြည်၊ ဗြဟ္မာပြည်ရောက်နေမှာ သေချာပါတယ်။ အဲဒီတော့ သူတို့ဟာ တကယ်လို့များ လူ့ပြည်ကိုလာချင်ပါက ဂေါတမမြတ်စွာဘုရားရဲ့ သာသနာတော်မှာတော့ လူ့ဖြစ်ခွင့်တော့ ကြုံတော့မှာ မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နတ်သက်တမ်းဟာ ကြာရှည်လှတဲ့အတွက် သာသနာကွယ်ပြီးနောက်ပိုင်း သာသနာမရှိတဲ့အချိန်မှသာ လူဖြစ်ကြပါလိမ့်မယ်။ သာသနာပကာလမှာ ပစ္စေကဗုဒ္ဓါများတောင် ဖြစ်ကြသေးတယ်ဆိုတော့ သောတာပန်လူများလည်း ဖြစ်နိုင်ပါတယ်။ ပစ္စေကဗုဒ္ဓါတွေဟာ သူတို့လည်း သောတာပန်အဆင့်ကနေ တစ်ဆင့်ချင်းတက်ပြီး ဖြစ်ရမှာပါ။ ဒါကြောင့် သာသနာပကာလမှာ ယခုသာသနာခေတ်က သောတာပန်တည်သူများ၊ နတ်ပြည်ရောက်နေတဲ့ သောတာပန်များဟာ လူဖြစ်နိုင်ကြပါတယ်။

ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှသုတ်မှာ သိကြားမင်းဟာ သောတာပန်တည်သွားသူ ဖြစ်ပါတယ်။ အဲဒီအခါမှာ သူဟာ လူ့ပြည်ကို ပြန်လည်လာဦးမယ်လို့ ပြောသွားပါတယ်။ အဲဒီတော့ သိကြားမင်း လူ့ပြည်လာမဲ့အချိန်ဟာ သာသနာမရှိတဲ့အချိန်သာ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သိကြားမင်းဘဝသက်တမ်းမကုန်ခင် သာသနာက ကွယ်မှာမို့ပါ။ ဒါကြောင့် လူ့ဘဝနဲ့သောတာပန်တည်သူဖြစ်စေ၊ နတ်ဘဝကနေသောတာပန်တည်သူဖြစ်စေ လူ့ပြည်ကိုလာချင်ပါက လာ၍ဖြစ်နိုင်ပါတယ်။ သိကြားမင်းပြောသွားတဲ့စကားကို ထောက်မယ်ဆိုရင် လူသောတာပန်ကလေး မွေးဖွားနိုင်တယ်ဆိုတာကိုလည်း အတိအကျမှတ်သားနိုင်ပါတယ်။

နောက်တစ်ခုက လူသောတာပန်ကလေး မွေးမမွေးကိစ္စကို မြတ်ဗုဒ္ဓတိုက်ရိုက်ဟောထားတဲ့ ပါဠိတော်ထဲမှာတော့ မတွေ့ဖူးပါဘူး။ ဒါကလည်း အထူးဆန်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သောတာပန်ဖြစ်သွားတဲ့လူဟာ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ လူ့ပြည်ကို လာချင်စိတ်မရှိကြတာ များပါတယ်။ ဒါကြောင့် သောတာပန်များဟာ နတ်ပြည်မှာပဲ ဖြစ်ကြတာပါ။ အဲဒါကြောင့် မြတ်စွာဘုရားဟောခဲ့တဲ့တရားတော်တွေထဲမှာ မတွေ့ရခြင်း ဖြစ်ပါတယ်။ သိကြားမင်းကြီးကသာ လူ့ပြည်ကို လာဦးမယ်လို့ သူတစ်ယောက်တည်းပဲ ပြောသွားတာပါ။ ကျန်တဲ့သောတာပန်ဖြစ်သူတွေကတော့ လူ့ပြည်ကိုလာမယ်လို့မပြောဘဲ နတ်ပြည်ကိုသာ သွားရောက်ကြပြီး နောက်ဆုံး သုဒ္ဓါဝါသဗြဟ္မာပြည်မှာ ရဟန္တာဖြစ်သွားကြပါလိမ့်မယ်။

ဒါပေမဲ့ မြတ်ဗုဒ္ဓတရားတွေကို အကျယ်ချဲ့ဖွင့်ဆိုပြီး တွေးခေါ်ကြံဆနိုင်တဲ့ အဋ္ဌကထာဆရာတော်များ၊ ဋီကာဆရာတော်များနှင့် တည်တောဆရာတော်ကဲ့သို့သော ဆရာတော်များကတော့ လူသောတာပန်မွေးတာရှိခဲ့တယ်လို့ မြတ်ဗုဒ္ဓလက်ထက်က ကောသလမင်းကြီးရဲ့ သားတော်နှင့်အထိန်းတော်ရဲ့သားတော်နှစ်ယောက်ကို ထောက်ဆပြီး ယူဆကြပါတယ်။ အဲဒီသားတော်နှစ်ယောက်ဟာ မွေးပြီးမကြာခင် ကင်မွန်းတပ်မင်္ဂလာလုပ်တဲ့အခါ စကားပြောကြတာကို ကောသလမင်းရဲ့ သမီးဖြစ်သူ သုမနဒေဝီက ကြားခဲ့ပါတယ်။ အဲဒီအခါ သုမနဒေဝီမင်းသမီးက ဒီကလေးနှစ်ယောက်အကြောင်းကို မြတ်ဗုဒ္ဓအား သွားလျှောက်တဲ့အခါ မြတ်ဗုဒ္ဓက သူတို့ဟာ ကဿပဘုရားရှင်လက်ထက်က တရားကျင့်ခဲ့တဲ့ ရဟန်းတော်များဖြစ်ကြောင်း၊ အဲဒီဘဝကနေ နတ်ပြည်ရောက်ပြီး ယခုဘဝမှာ လူလာဖြစ်ကြောင်း၊ သူတို့ဟာ ဒီဘဝမှာ ရဟန္တာများ ဖြစ်ကြမယ်လို့ မိန့်တော်မူခဲ့ပါတယ်။

အဲဒီကလေးနှစ်ယောက်ဟာ ဘဝတွေကို ပြန်လည်မှတ်မိတဲ့ ဇာတိဿရဉာဏ်ရရှိတယ်ဆိုတာကိုတော့ သူတို့ကလေးနှစ်ယောက် စကားပြောတာကို ထောက်ဆပြီး သိနိုင်ပါတယ်။ သူတို့ဟာ သောတာပန်ဟုတ်မဟုတ်ကိုတော့ သူတို့အရင်ဘဝက တရားကျင့်ခဲ့တာရယ်၊ နတ်ပြည်ကိုရောက်ခဲ့တာရယ်၊ နောက်ပြီး ဒီဘဝမှာလည်း တကယ်ကို ရဟန္တာများဖြစ်သွားကြတာတွေကိုထောက်ဆပြီး ကဿပဘုရားရှင်လက်ထက်က တရားကျင့်ရင်း သောတာပန်ဖြစ်ခဲ့ကြကာ ဂေါတမမြတ်စွာဘုရားလက်ထက်မှာ သောတာပန်ကလေးများဟု ယူဆကြခြင်း ဖြစ်ပါတယ်။

မေးခွန်းရှင်က သောတာပန်အကြောင်းနဲ့ဆက်စပ်လို့ နှစ်ခုမေးထားတာဆိုတော့ ကျန်တစ်ခုကို ဆက်လက်ရေးသားလိုက်ပါဦးမယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

www.sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

9 comments

  • small cat

    November 23, 2011 at 9:01 am

    သောတာပန်တစ်ယောက် ရဲ့ သွင်ပြင် စရိုက် လက္ခဏာ၊စိတ်နေစိတ်ထားတွေကိုရေးးထားတာရှိပါသလားဘုရား၊
    ဘယ်နေရမှာ ရှာဖတ်လို့ရပါသလဲဘုရား။မရေးရသေးရင်လဲ ရေးပေးစေလိုပါတယ်……

  • ကြောင်ကြီး

    November 23, 2011 at 11:09 am

    အရှင်ဘုရား…
    သောတာပန် လူ့ဘဝ ပြန်လာတယ်လို့ အထောက်အထား မရှိပါ။ ပိုသေချာစေသည်မှာ လူဘဝမွေးကထဲက သစ္စာညဏ်ပိုင်းမွေးလာသူဟူ၍ မရှိသေးခြင်း ဖြစ်ပါသည်။ ဗုဒ္ဓတရားတော်အရ ကျင့်ကြံသူများသာ မျက်မှောက်ဘဝတွင် သစ္စာညဏ်ပိုင်းသိခွင့် ရပါသည်။ သိပြီးသွားလျင်လည်း အောက်ပြန်မဆင်းလို ကြတော့ပါ။ ခြွင်းချက်အနေဖြင့် ဆုတောင်းခွင့် ရှိကောင်းနိုင်ပါသည်။ ဥပမာ – မြတ်စွာဘုရားရှင်သည် အဓိဌာန်လိုလျင် အာယုကပ်တခုလုံး ရှည်ကြာအောင် သက်တမ်းရှည်နိုင်သော်လည်း မည်သည့်ဘုရားရှင်မျှ သက်တမ်း၏ လေးပုံငါးပုံထက် ရှည်ကြာအောင်နေခဲ့သည်ဟု ပြောသံမကြားပါ။ ထို့အတူ အောက်အရိယာဖြစ်သော သောတာပန်သည်လည်း လုပ်နိုင်ပါသော်လည်း လုပ်ရိုးထုံးစံ မရှိဟုထင်ပါသည်။ ငရဲသားဘဝမှ လျင် လူဖြစ်လာသူသည် ရွေးခွင့်ရှိငရဲပြည်သို့ ပြန်မသွားလိုခြင်းမျိုး ဖြစ်ပါမည်။ ထို့အတူ သုဂတိနတ်ဘုံရောက်သွားသော သောတာပန်သည်လည်း သေလွန်သည့်အခါ အထက်သို့ ဘုံစဉ်စံတက်ပြီး နိဗ္ဗာန်ကျွတ်တမ်းဝင်ဖို့သာ ရှိပါသည်။ လူ့ပြည်သို့ ပြန်လာလိုသူ ရှိမည်မထင်ပါ။ ဆုတောင်း ဖြည့်လိုသူ ဆုကြီးပန် ပုထုဇဉ်နတ်များသာ လူ့ပြည်သို့ဆင်း ပါရမီဖြည့် ကျင့်ကြံရရိုးရှိပါသည်။

    ကိုကြောင်လေးရေ ညဏ်အနုအရင့်ပေါ်လိုက်လို့ ပညတ်အားဖြင့် သောတာပန် အမျိုးမျိုးရှိပါတယ်။ တဦးနဲ့တဦး လားရာမတူပါဘူး။ ဆရာတော်ကြီး အလိုအရတော့ စူဠသောတာပန်အစစ် ဖြစ်လျင်တောင် လူ့ပြည်ပြန်မလာတော့လို့ ဆိုထားပါတယ်။ မဟာသောတာပန်ဖြစ်သွားလျင်တော့ မေးစရာမလိုတော့ပါ။
    သဲအင်းဂူဆရာတော်ကြီး ဟောထားခဲ့တဲ့ သောတာပန်လက္ခဏာများကို ဓမ္မဒေါင်းလုတ်ဆိုက်မှာ နာနိုင်ပါတယ်။ ကိုကြောင်လေး သိလိုတဲ့ အကြောင်းအရာနဲ့ ဆိုင်တဲ့ တရားသုံးပုဒ် ဝေမျှလိုက်ပါတယ်။ တပုဒ်မကတော့ နာကြည့်စေလိုပါသည်။
    သဲအင်းဂူ ဆရာတော်
    http://www.dhammadownload.com/TheeInnGuSayadaw-UOakKaHta-mp3.htm
    မဟာသောတာပန်
    http://dhammadownload.com/MP3Library/TheeInnGuSayadaw/Mp3D04/001-D04-TheeInnGuSayadawUOakKaHta-MahaThawTaPan.mp3
    သောတာပန် အမျိုးမျိုး
    http://dhammadownload.com/MP3Library/TheeInnGuSayadaw/Mp3D04/004-D04-TheeInnGuSayadawUOakKaHta-29-3-1969.mp3
    သောတာပန် ၆မျိုး
    http://dhammadownload.com/MP3Library/TheeInnGuSayadaw/Mp3D04/013-D04-TheeInnGuSayadawUOakKaHta-13-1-1966.mp3

    • small cat

      November 23, 2011 at 1:31 pm

      ကျေးဇူးပါ အကိုကြောင်

    • Wow

      November 24, 2011 at 10:35 am

      ဦးကြောင်ရေ ကျမကိုယ်တိုင် သဲအင်းဂူ ဆရာတော်ဘုရားကြီးရဲ့ တရားကျင့်စဉ်အတိုင်း ကျင့်ကြံဖူး၊ ကျင့်ကြံဆဲပါ။ အခုဆို ၄ နှစ်ဆက်တိုက် သင်္ကြန်တွင်းတရားစခန်းဝင်ဖြစ်ပြီး ဆရာတော်ကြီးရဲ့ တရားကျင့်စဉ်အတိုင်းကျင့်ကြံနေသူပါ။ ကျမ ၅ နာရီဆက်တိုက် တရားထိုင်ဘူးပါတယ်။ တရားဆိုတာငြင်းစရာမဟုတ်ပါဘူး ကျင့်စရာမို့ မသိသူများ ကိုယ်တိုင်ကျင့်ကြရန်ဖိတ်ခေါ်ပါတယ်။
      ဦးကြောင်ညွန်းတဲ့ စီဒီတွေအကုန်ကျမမှာရှိပါတယ်။
      (ဆရာတော်ကြီး အလိုအရတော့ စူဠသောတာပန်အစစ် ဖြစ်လျင်တောင် လူ့ပြည်ပြန်မလာတော့လို့ ဆိုထားပါတယ်။ မဟာသောတာပန်ဖြစ်သွားလျင်တော့ မေးစရာမလိုတော့ပါ။)
      ဟုတ်ပါတယ် မလာလိုတော့လို့ပြောပါတယ်။ မလာဘူး လို့မပြောပါဘူး။ သောတာပန် အရိယာဖြစ်ပြီး တာနဲ့ တစ်ဆင့်တက်လို့ အနာဂဂ်အရိယာ အစရှိသည်ဖြင့် ၃၁ ဘုံမှာ နိဗာန်ရောက်ဖို့ ဝိပသနာတရားများ ပွားများနိုင်တာ လူ့ဘုံပဲဖြစ်ပါတယ်။
      လူတစ်ယောက်သေတာနဲ့ အောက်ပါ မျိုးစေ့တွေကျန်ခဲ့ပါတယ်။
      – အဝိဇာ(သောတာပန်တစ်ယောက်မှာ အဝိဇာမကုန်သေးပါဘူး)၊
      – တဏှာ (ဘဝလိုလားမှု ဟာ သောတာပန်မှာရှိပါသေးတယ်) ၊
      – ကံ (ကုသိုလ်၊ အကုသိုလ်)
      အထက်ပါမျိုးစေ့ တွေအတိုင်း နောက်ဘဝမှာ ပဋိသဓေ ယူပါတယ်။

  • Wow

    November 23, 2011 at 11:27 am

    ဖတ်ဖူးသလောက် မှတ်မိနေတာကတော့ သောတာပန်တစ်ယောက်ဟာ ဒိဌိ (အယူမှားခြင်း )နဲ့ ဝိစိကိတ်စ (ယုံမှားသံသယ) နှစ်ပါးလုံးပယ်နိုင်ပြီးဖြစ်ပါတယ်။ ဒါကြောင့်သာမန်လူတွေထက် ရတနာသုံးပါး အပေါ် အတိုင်းထက်အလွန်ကြည်ငြိုပြီး ယုံမှားသံသယ စိုးစဉ်းမှမရှိပါဘူး။
    သာမန်ပုထုဇဉ်တွေအနေနဲ့ ဒါန၊ သီလ၊ ဘာဝနာ အမှုပြုရာမှာ တစ်ခါတစ်ယံ တွေဝေမှု ဝင်တတ်ကြပါတယ်။ သောတာပန်တစ်ယောက်ဟာ ဒါမျိုးမရှိပါဘူး။ (ဒါပေမဲ့ အပေါ်ယံ၊ ခဏတာ သဒါလား ဆိုတာတော့ စောင့်ကြည့်ဖို့လိုပါတယ်)
    ငါးပါးသီလ ကို အသက်နဲ့လဲပြီးစောင့်ထိန်းနိုင်ခြင်းကတော့ မြင်သာပါတယ်။
    သောတာပန်ဖြစ်ရာမှာလည်း ဘာဝနာ(ဝိပသနာ) နည်းလမ်းကလွဲပြီး အခြားမရှိပါဘူး။ ဒိဌိ နဲ့ ဝိစိကိတ်စ ကို ဝိပသနာတရားကသာ အပြီးသတ်နိုင်ပါတယ်။
    တခါတရံ ပုထုဇဉ်ပီပီ ယုံမှားသံသယ ရှိတတ်လို့ ဒါန၊ သီလ တရားနှစ်ပါးထဲနဲ့ သောတာပန် မဖြစ်နိုင်ပါဘူး။

  • ဆန်နီနေမင်း

    November 24, 2011 at 11:14 am

    အင်း အထက်မှာ ဦးဇင်းရေးခဲ့တဲ့ သိကြားမင်းအကြောင်းကိုပဲ ပါဠိတော်၊ အဋ္ဌကထာထဲမှာ သေချာလေးသဘောပေါက်အောင် ရှာဖတ်လိုက်ပါ။ သေချာတာကတော့ သိကြားမင်းဟာ သောတာပန်ဖြစ်တာသေချာသလို လူ့ပြည်ကို လာဦးမယ်လို့ ပြောသွားတာလည်း သေချာပါတယ်။ ကျန်တဲ့သောတာပန်တွေ ပြောသွားတာတော့ မကြားဖူးပါဘူး။ ဒါပေမဲ့ သိကြားမင်းကတော့ သူကိုယ်တိုင် ဘုရားရှင်ကိုလျှောက်သွားတာလေ။

    • Wow

      November 24, 2011 at 11:41 am

      အရှင်ဘုရားပြောတဲ့ အကြောင်းရှာဖတ်လိုက်ပါဦးမယ် ဘုရား။

  • nikita

    November 24, 2011 at 11:26 am

    အရှင်ဘုရား
    ဇာတိဿရဉာဏ်ရဖို့ အတွက်ကရော ယခုလက်ရှိဘဝတွင် ကျင့်ကြံအားထုတ်လို့ ရနိုင်ပါသလား
    ဘယ်လိုမျိုး ကျင့်ကြံအားထုတ်လို့ ရနိုင်ပါမလဲ ဘုရား..။

  • ဆန်နီနေမင်း

    November 24, 2011 at 1:33 pm

    အင်း သာသနာရှိနေသမျှ ရဟန္တာတောင် ဖြစ်နိုင်တယ်တဲ့အတွက် ဇာတိဿရဉာဏ်လည်းရရှိအောင် အားထုတ်နိုင်ပါတယ်။ အားထုတ်ဖို့ကတော့ ဝိပဿနာပဲဖြစ်တာမို့ ဝိပဿနာသာ အားထုတ်ပါလေ။

Leave a Reply