Guilin ခရီးစဉ် (၂)
Guilin ခရီးစဉ် (၂)
ဘူတာကိုရောက်လို့ လာကြိုတဲ့ခရီးသွားအေဂျင်စီကလူနဲ့တွေ့ပြီးတာနဲ့ သူက ကျွန်မတို့နှစ်ယောက်ကို ဘူတာနားက ဟိုတယ်နဲ့တွဲလျက် စားသောက်ခန်းမထဲကိုခေါ်သွားပါတယ်။ သူတို့ကုမ္ပဏီနဲ့ဆက်ထားတဲ့ အဲဒီနေ့မနက်စောစောရထားနဲ့ရောက်သမျှခရီးသွားဧည့်သည်အားလုံးကို စောင့်ခေါ်ခဲ့ပါတယ်။ တစ်ဝိုင်းစာ ၁ဝ ယောက်အတွက် နံနက်စာနဲ့အရင်ဆုံး ဧည့်ခံပြီး ၃ ရက် ခရီးစဉ်ကို အသေးစိတ်ပြောပြပါတယ်။ တကယ်တော့ ကျွန်မက ခရီးစဉ်အသေးစိတ်ကို ကြိုသိခဲ့ပြီး ပိုက်ဆံပါတစ်ခါထဲပေးခဲ့ပြီးသားပါ။ ဒါပေမယ့် တရုတ်လူလည်တွေက လူလည်ကျဖြစ်အောင်ကျပါတယ်။ မူလစာချုပ်ထဲမှာပါတဲ့ အစီအစဉ်အတိုင်းပဲဆိုရင် နေရာစုံရောက်မှာမဟုတ်ကြောင်း၊ (စာချုပ်ထဲမှာမပါတဲ့နေရာတွေကို ဓါတ်ပုံတွေပြပြီး) မူလအစီအစဉ်ကို ၂ ရက်နဲ့ပြီးအောင်စီစဉ်ပေးလိုက်ရင် တစ်ရက်စာအချိန်ပိုမှာဖြစ်ကြောင်း၊ အဲဒီအချိန်မှာ သူတို့ပြတဲ့နေရာတွေကို သွားလည်လိုက်ရင် အရမ်းကောင်းမှာဖြစ်ကြောင်း၊ ဒီလောက်အဝေးကြီးလာပြီး ဒီလိုမှမသွားရင် တန်မှာမဟုတ်ကြောင်း စသဖြင့် အမျိုးမျိုးဆွယ်ပါတော့တယ်။ ကျွန်မကလဲ စိတ်ကသိပ်ခိုင်တာမဟုတ်တော့ လက်ခံလိုက်ပြီး ဘယ်လောက်ထပ်ပေးရမလဲလို့မေးလိုက်တော့ ယွမ် ၅၀ဝ တဲ့ … နှမြောပေမယ့် အဲဒီလိုမှ မလုပ်ရင် သူတို့က ကြည်မှာမဟုတ်တော့ပဲ ၂ ရက်အတွင်း စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ကြအုန်းမှာလေ။
Guilin (桂林) ကွေ့လင်မြို့က သိပ်လှတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပြီး Li river နံဘေးမှာ တည်ရှိပါတယ်။ 桂花 Guihua လို့ခေါ်တဲ့ ကွေ့ပန်းတွေပွင့်တဲ့နေရာမို့ ပန်းနံမည်ကိုအစွဲပြုပြီး ကွေ့လင်မြို့လို့ခေါ်တာဖြစ်ပါတယ်။ ၈ လပိုင်းမှာ ကွေ့ပန်းတွေပွင့်တဲ့အချိန်ဆိုရင် တစ်မြို့လုံးမွှေးကြိုင်နေတာပဲလို့ပြောတယ်။ ပန်းပွင့်မြင်ဖူးအောင် ဝီကီကရှာပြီး တင်ပေးလိုက်ပါတယ်။
ပထမနေ့ခရီးစဉ်က ကွေ့လင်းမြို့တွင်း ထင်ရှားတဲ့ပန်းခြံတွေနဲ့ လှိုင်ဂူတစ်ခုကို လိုက်ပို့ပေးမှာဖြစ်ပါတယ်။ ကားတစ်စီးစာ လူစုံအောင်စောင့်နေတာနဲ့တင် မနက် ၈ နာရီလောက်အထိဖြစ်သွားပါတယ်။ လူစုံတော့မှ ဂိုက်တစ်ယောက်နဲ့ကားပေါ်တင်ပေးလိုက်ပြီး ခရီးစဉ်စပါတယ်။ ကားပေါ်ရောက်တာနဲ့ ခရီးသွားလမ်းညွှန်ကောင်မလေးက သူတို့မြို့အကြောင်း ဗဟုသုတရအောင် ရှင်းပြပါတယ်။ ကျွန်မမှတ်မိနေတာကတော့ သူတို့မြို့သူ မြို့သားတွေက မိတ်ဆွေသူငယ်ချင်းကို ချစ်စနိုးနဲ့ (guo rou) (dog meat) ခွေးသားလို့ ခေါ်လေ့ရှိတယ်တဲ့။ အပေါ့အပါးသွားချင်ရင် (chang ge) သီချင်းဆိုမယ်လို့ပြောပြီး … အလေးသွားချင်ရင်တော့ (tiao wu) ကမယ် လို့ ပြောရမယ်ဆိုလို့ ဝိုင်းရယ်ကြပါတယ်။
ပထမဆုံးလိုက်ပို့တဲ့နေရာက ( Reed Flute Cave ) လှိုင်ဂူပါ။ တောင်အကြီးကြီးထဲမှာ လှိုင်ဂူဖြစ်နေတာပါ။ တောက်တက်ကားလေးတွေနဲ့ပြောင်းပြီး တောင်တစ်ဝက်လောက်အထိ တက်သွားရပါတယ်။ တောင်တစ်ဝက်လောက်ရောက်မှ တောင်ထဲကိုဝင်တဲ့ အပေါက်နဲ့ တောင်အောက်ကိုပြန်ဆင်းရမယ့် ဓါတ်လှေကားကို တွေ့ရပါတယ်။ တစ်ခါမှမကြုံဖူးလို့ မြင်ကွင်းက ထူးဆန်းနေပါတယ်။ ဓါတ်လှေကားနဲ့ဆင်းလိုက်ရတဲ့အချိန်မှာမြင်ရတဲ့ မြင်ကွင်းနဲ့ခံစားမှုကတော့ ရုပ်ရှင်ထဲရောက်သွားသလိုမျိုးပေါ့ … မြန်မာပြည်မှာတုန်းက ပင်းတယလှိုင်ဂူ၊ ကလောက မြင်းမထိလှိုင်ဂူ နဲ့ မေမြို့က ပိတ်ချင်းမြှောင်လှိုင်ဂူတွေကို ရောက်ခဲ့ဖူးပါတယ်။ လှိုင်ဂူအတွင်းမှာ အဖွဲ့အသေး (ဆယ်ယောက်တစ်ဖွဲ့)ထပ်ခွဲပြီး ဂိုက်တစ်ယောက်ချင်းစီနဲ့လိုက်ပို့ပြီး ရှင်းပြပါတယ်။ လှိုင်ဂူထဲက ကျောက်ခတ်ပန်းဆွဲလေးတွေကို ပိုလှသွားအောင် စလိုက်မီးရောင်စုံတွေနဲ့ အလှဆင်ထားပါတယ်။ ဓါတ်ပုံရိုက်ရတာတော့ တော်တော်လေးမှောင်ပါတယ်။ မီးလုံးလေးတွေကို တီးလုံးနဲ့ကတဲ့ ဖြေဖျော်မှုတစ်ခုကို တစ်မိနစ်လောက် လုပ်ပြပါတယ်။ အမှောင်အရင်ချလိုက်ပြီးမှ အရောင်လေးတွေ ယိမ်းကနေသလိုပေါ်လာတာကိုမြင်ရတာ လှလွန်းပါတယ်။
ဂူထဲကပြန်ထွက်လာတော့ နေ့လည်စာစားချိန်ဖြစ်နေပြီမို့ စားသောက်ဆိုင်တစ်ဆိုင်ထဲကို ခေါ်သွားပါတယ်။ ၁ဝ ယောက်တစ်ဝိုင်းထိုင်စားရပါတယ်။ ဟင်းက ၁ဝ မျိုးချပေးပါတယ်။ ကြက်သား၊ ငါး၊ ဝက်သား၊ ကြက်ဥ၊ အသီးအရွက်၊ ဟင်းချို စသဖြင့် စုံအောင်လုပ်ထားပေးပါတယ်။ အရသာတော့ သိပ်မကောင်းပါ။ တစ်ပွဲစီလာချတာမို့ လက်မြန်မှသာ စားလို့ရပါတယ်။ ကျွန်မတို့က မြန်မာပီပီ လက်မမြန်ပါ။ တူကိုင်တာလဲ သူတို့လိုမကျွမ်းပါ။ သူတို့မစားချင်တဲ့ အသီးအရွက်နဲ့ ထမင်းကိုသာ အဝစားခဲ့ရပါသည်။ ထမင်းစားပြီးတော့ ကွေ့လင်မြို့ရဲ့ အထင်ကရ ရှုခင်းဖြစ်တဲ့ Elephant Trunk Hill ကို လိုက်ပို့ပေးပါတယ်။ ရှုခင်းက အလွန်လှသော်လည်း ရာသီဥတုက မိုးအုံ့နေတာမို့ ကျွန်မရိုက်တားတဲ့ ပုံတွေကတော့ သိပ်မလှပါဘူး။ ဂိုက်က အများကြီးရှင်းပြပေးသော်လည်း ဓါတ်ပုံရိုက်ဖို့ အာရုံများနေတာကြောင့် သေချာမကြားခဲ့ရဘူး။ အဲဒီမှာ စွယ်တော်ကျွန်းလေးတစ်ခုလဲရှိတယ်။ ချစ်သူစုံတွဲပုံစံမျိုးရုပ်ထုလေးတွေနဲ့ လှလှပပ သာသာယာယာရှိပြီး ရေစပ်ထဲမှာ ကျောက်ရုပ်ဆင်တွေလဲရှိပါတယ်။ ဆင်တွေအထိသွားပြီး ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။
ဆင်နှာမောင်းတောင်ပြီးတော့ ကျောက်ဂူတစ်ခုကိုလိုက်ပြပါတယ်။ ဘုရားဆင်းတုတော်တွေရှိနေတဲ့ ရေစပ်နားက ကျောက်ဂူတစ်ခုဖြစ်ပါတယ်။ ထူးခြားတဲ့ သဘာဝတွေကို မြင်တွေ့ခဲ့ရတယ်။ အဲဒီဂူကို (Fubo Hill) လို့ခေါ်ပြီး အထဲမှာ ကျောက်တုံး ကျောက်ခက်တွေ အများကြီးတွေ့ခဲ့ရပါတယ်။ တွဲလျောင်းကျနေတဲ့ ကျောက်တိုင်လေးတစ်ခု အပေါ်ကနေအောက်နားကို အဖျားရှူးသွားပြီး အောက်က ကြမ်းပြင်နဲ့လဲ မထိတဲ့အနေအထားတစ်ခုက အံ့ဩစရာ သဘာဝတစ်ခုပါ။ ကျောက်ဓါးတဲ့ … ထုံးကျောက်တွေဖြစ်ပြီး နှစ်ပေါင်းများစွာ ပုံသဏ္ဍာန်မပြောင်းပဲ ထူးခြားစွာ တည်ရှိနေတဲ့ ရာဇဝင်ထဲက ကျောက်ဓါးဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ ဗုဒ္ဓဆင်းတုတော်လေးတွေ ဂူထဲမှာရှိနေတာကလဲ ကျွန်မတို့ကို အံ့အားသင့်စေခဲ့ပါတယ်။ Tang dynesty နဲ့ Song dynesty (960-1279) လက်ထက်က ပန်းပုလက်ရာနဲ့ ပန်းချီလက်ရာများကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
Seven Star Park လို့ခေါ်တဲ့ ပန်းခြံတစ်ခုကို လိုက်ပြပါတယ်။ တရုတ်ရိုမီရိုနဲ့ ဂျူးလီယက်လို့ တင်စားခေါ်နိုင်တဲ့ လျန်စန်းပေါ် နဲ့ ကျုရင်ထိုင် ဇာတ်လမ်း စတင်ခဲ့ရာ နေရာလို့ဆိုပါတယ်။ တရုတ်ရာဇဝင်ဇာတ်ကားအနေနဲ့ ကြည့်ခဲ့ဖူးကြလိမ့်မယ်ထင်ပါတယ်။ ကောင်မလေး ကျုရင်ထိုင်က ကောင်လေးကိုဝတ်စားပြီး ကျောင်းသွားတက်တဲ့ဇာတ်လမ်းလေးပါ။ နောက်ဆုံး လူကြီးတွေသဘောမတူလို့ နှစ်ယောက်လုံး အသက်အသေခံပြီး အငွေ့တွေပဲပေါင်းပြီး ဇာတ်သိမ်းသွားတဲ့ သနားစရာဇာတ်လမ်းလေး ဖြစ်ခဲ့တဲ့နေရာပေါ့။ 279 ဧကကျယ်ဝန်းတဲ့ ပန်းခြံတစ်ခုဖြစ်ပြီး အချိန်တစ်နာရီလောက်ယူပြီး လိုက်ကြည့်ခဲ့ရပါတယ်။ အတွင်းမှာ ဂိုက်တစ်ယောက်သီးသန့်လိုက်ပြပြီး လျှပ်စစ်ကားလေးတွေနဲ့ စီးပြီး လိုက်ကြည့်ခဲ့ရပါတယ်။ ဘာသာရေးအယူသီးတဲ့ ဘုန်းကြီးကျောင်းလေးတစ်ခုလဲ ပန်းခြံထဲမှာတွေ့ခဲ့တယ်။ တောင်စွယ် ရ ခု ရှိလို့ Seven Stars Park လို့ နံမည်မှည့်ခေါ်တာဖြစ်ပါတယ်။ တောင်စွယ်တောင်ကြားလေးတွေ၊ စမ်းချောင်းတွေ၊ ကျောက်တုံးကျောက်ဆောင်တွေ၊ တိရိစ္ဆာန်လေးတွေ၊ ပန်းလေးတွေနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အစုံအလင် တစ်နေရာထဲမှာ တွေ့နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
အဲဒီကနေပြန်တော့ ညနေ ၄ နာရီလောက်ပဲ ရှိသေးပေမယ့် တစ်နေ့တာခရီးစဉ်ပြီးဆုံးလို့ တည်းခိုရမယ့် ဟိုတယ်ကို လိုက်ပို့ပါတယ်။ ညနေစာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စားဖို့ပြောပြီး မနက် ရ နာရီမှာ လာကြိုပါ့မယ်တဲ့။ ဟိုတယ်က 4 stars အဆင့်ရှိပြီး တော်တော်ကောင်းပါတယ်။ အခန်းထဲဝင် ခဏနား ရေမိုးချိုးပြီး အနီးအနားလမ်းလျှောက်ပြီး ကွေ့လင်မြို့ရဲ့ နံမည်ကြီး အစားအစာဖြစ်တဲ့ Guilin Mifen လို့ခေါ်တဲ့ မြန်မာပြည်က မြေအိုးမြီးရှည်လိုမျိုး အစားအစာတစ်ခုကို ထွက်စားကြပါတယ်။ အလွန်အရသာရှိပြီး ထူးခြားတဲ့ မုန့်တီဖတ်တစ်မျိုးဖြစ်ပါတယ်။ ညဘက်မှာ ညရှုခင်းထွက်ကြည့်ရလောက်အောင် အင်အားမရှိတော့တာမို့ ပင်ပန်းတာတွေစုပြီး ကောင်းကောင်းအိပ်ပျော်သွားပါတော့တယ် …
32 comments
weiwei
November 27, 2011 at 8:28 pm
ခရီးစဉ် (၁) တင်ပြီး (၂) ကိုတင်နိုင်ဖို့ အချိန်အတော်ကြာသွားပါတယ် … အချိန်ကြာကြာပေးဖို့ မအားတာနဲ့ အခုလိုကြာသွားတာပါ .. အပိုင်း (၃) ကိုလဲ သီးခံစောင့်ပြီး အားပေးကြပါအုန်းလို့ ကြိုတင်တောင်းပန်ထားချင်ပါတယ် …
thit min
November 27, 2011 at 8:34 pm
တော်တော် လှတာဘဲ မဝေဝေရေ
ကျောက်တောင် ကျောက်သားတွေကတော့ အံ့ဩစရာ၊လွမ်းစရာ၊စိတ်ဝင်စားစရာတွေပါဘဲ။
ဘုရားပုံတော်တွေကလည်း မြန်မာနဲ့တော်တော်ကို ဆင်တယ်နော်။
ငါးဖမ်းတာ ဒီမှာကတော့ တင်ကျည်း(ဒင်ကျီး) ငှက် ကိုသုံးကြတယ်။
အောက်ဆုံးကပုံကတော့ ဗိုက်ကိုဆာသွားပါရောဗျာ။
တကယ်ပါဘဲ ၊အရသာရှိမဲ့ပုံပါဘဲဗျာ(^^)
weiwei
November 27, 2011 at 8:40 pm
ဓါတ်ပုံတွေက အများကြီးရှိပါတယ် … အကုန်တင်ဖို့ အဆင်မပြေနိုင်လို့ နဲနဲပဲ ရွေးတင်ရတယ် … အရမ်းလှတာကို စာနဲ့ရေးပြလို့ ဘယ်လိုမှမရဘူးဖြစ်နေပါတယ် …. တောင်တွေများတဲ့နေရာဖြစ်လို့ ဂူတွေလဲ အများကြီးရှိပါတယ်။ တောင်ထိပ်လောက်အထိ ကားပတ်လမ်းနဲ့ရအောင်တက်ပြီးမှ လှိုင်ဂူထဲကို တစ်ထပ်ချင်း ပြန်ဆင်းတာ အောက်ဆုံး ရေတွေရှိတဲ့အထိပဲ … ရုပ်ရှင်ထဲကအတိုင်းပါပဲ … ဂူထဲမှာ လှေကလေးတွေတောင် စီးခဲ့ရသေးတယ် …
မုန့်တီက တကယ်စားလို့ကောင်းတယ် … မျှစ်ကို ဟင်းရည်ထဲမှာထည့်ထားတယ် … မှိုခြောက်လဲပါတယ် … ငရုတ်သီးမှုန့်အစားများတာနဲ့ အရသာက ဗမာအကြိုက်ပါပဲ …
windtalker
November 27, 2011 at 8:47 pm
ဗိုက်ဆာနေတုန်း
အန်တီဝေ့ ပို ့စ် ကို ကြည့်မိသွားပြီဗျို ့
မဖြစ်သေးပါဘူး
အပြင်ထွက် ဝါးတီးဖွင့်ဦးမှ…
🙂
ကိုပေါက်(မန္တလေး)
November 27, 2011 at 8:56 pm
မဝေ ကို တကယ်ကိုကံကောင်းသူလို့ သတ်မှတ်လိုက်ပါတယ်။
အရမ်းကိုအားကျပါ၏။
ိပိတ်ထားတဲ့ ဓါတ်ပုံကလူကိုပုံကိုစိတ်ဝင်စားပါ၏။
အဲဒီပုံက မဝေမဟုတ်ဘူးဆိုရင်……………..
ဆိုရင်………………..
ဆိုရင်…………………..
weiwei
November 27, 2011 at 9:05 pm
ကျွန်မတို့က ၂ ယောက်သွားတာဆိုတော့ ကင်မရာ ၂ လုံးနဲ့ သူရိုက် ကိုယ်ရိုက်ပေါ့ … အဲဒီတုန်းက ရွာထဲနဲ့မသိသေးတော့ ရှုခင်းပုံရိုက်ရကောင်းမှန်း မသိတဲ့အချိန်လေ .. လူတွေက ကင်မရာရှေ့ရောက်နေလေ့ရှိတယ် .. 😛
ကျွန်မကရောက်လိုက် .. သူငယ်ချင်းကရောက်လိုက်ဆိုတော့ ….
ရှူံးနိမ့်မှုများနဲ့.. လူ
November 27, 2011 at 9:23 pm
အဟွင်း၊ အဟွန်း၊ အဟွမ်း
ငှဲ ငှဲ ငှဲ..
ဒီလိုတော့ ပြောတာပဲပေါ့နော်
ဘယ်လိုပြောရမလဲဆိုတော့ပေါ့နော်၊ မြန်မာလိုပဲပေါ့နော်
ဖျက်ထားတာလေးဒွေ ရှင်းရှင်းလင်းလင်းတင်လိုက်ရင်လဲ သေသေချာချာ ရှင်းရှင်းလင်းလင်း သိရတာပေါ့နော်… ခုလိုဆိုတော့လည်း မရှင်း၊ မလင်းနဲ့ပေါ့နော်
(ဒါ့ပုံများ ပြောဘာဒယ်:D )
koyinmaung
November 27, 2011 at 9:15 pm
ဒါလောက်လှတဲ့နေရာတွေ
မဝေကျေးဇူးကြောင့်သာသိခွင့်ရတာပါ…
ဆက်တင်ပါအုံးနော်..
အားပေးနေပါတယ်…
MaMa
November 27, 2011 at 9:35 pm
ဝေဝေရေ-ခရီးသွားပိုစ့်ကို ဖတ်ပြီး ခရီးသွားချင်စိတ်ပေါက်လာတယ်။
(ဝေဝေလိုက်ပို့ရင် သွားလည်ချင်တယ်။ 😀 )
ကမာ္ဘပေါ်မှာ တနိုင်ငံနဲ့တနိုင်ငံ မတူတာ၊ ထူးခြားဆန်းပြားတာ၊ ဓလေ့ထုံးစံတွေ ကွာခြားတာ အမျိုးမျိုးတွေကို ခရီးသွားခြင်းဖြင့် အရသာပေါင်းစုံရနိုင်တယ်နော်။ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းမို့ (chang ge) သီချင်းဆိုမယ်လို့ပြောပြီး … အလေးသွားချင်ရင်တော့ (tiao wu) လို့ မှတ်သွားတယ် နော်။ 😀
weiwei
November 28, 2011 at 11:40 am
Yunan ယူနန်ပြည်နယ်တစ်ခုထဲကို သွားလည်ချင်တယ်ဆိုရင် လိုက်ပို့ပေးလို့ရပါတယ် မမ …
ရွှေလီကနေ သွားလို့ရပါတယ် … ယာယီပက်ပို့စ်နဲ့ ၁ဝ ရက် ယူနန်ပြည်နယ်ထဲ ခရီးသွားခွင့်ရှိပါတယ် … ကူမင်းအထိ သွားလို့ရတယ် .. ရှုခင်းတွေ အရမ်းလှပြီး အစားအသောက်တွေ အရမ်းကောင်းတယ် … မိသားစုလိုက် သွားရင် အဆင်ပြေပါတယ် …
E.T
November 27, 2011 at 9:41 pm
ပုံတွေက ရှယ်တွေကြီးပဲ။ လူပုံလေးနဲ ့ဆိုပိုလှမယ့်ဟာ ဘာလို ့ဖျက်ထားတာ ပါလိမ့်။ မြေအိုးမြီးရှည်ထက် ကွေ ့သယိုကို ပိုကြိုက်တယ်။ လုပ်နည်းလေး သိရင်ပြောပါဦး အန်တီဝေ။
aye.kk
November 28, 2011 at 6:52 am
မရောက်ဘူးသေးပေမဲ့ တကယ်ရောက်ဘူးသွားရသလို ခံစားလိုက်ရတယ်
ဓါတ်ပုံလေးတွေ အရမ်းလှလို ့ကူးယူသွားပါတယ် ဖျက်ထားတာက မဝေပုံလေးလား
တွေ ့ဖူးချင်ပါတယ် ..။
blackchaw
November 28, 2011 at 9:12 am
ဓါတ်ပုံလေးတွေ အတွက်ကျေးဇူးပါဗျာ။
အဲဒါလေးတွေဖတ်ပြီး ကျွန်တော်လည်း
ခရီးသွားဓါတ်ပုံတွေ ရိုက်ချင်တဲ့ ပိုးဝင်လာတယ်ဗျာ။
PaTheinTharr
November 28, 2011 at 10:45 am
ရောက်ဖူးချင်လို်က်တာ……….
ဓါတ်ပုံတွေ ရိုက်ချင်လိုက်တာ……..
သူငယ်ချင်းတွေကိုပြချင်လိုက်တာ………
မဝေဝေ ပုံတွေကို ကူးပြီးပြခွင့်ပြုပါနော်………
nozomi
November 28, 2011 at 11:22 am
လျန်စန်းပေါ် နဲ့ ကျုရင်ထိုင် ဇာတ်လမ်းက ရှင်မွေးလွန်းတို့ ဇာတ်လမ်းကို မှီးထားတယ်လို့ ကြားဖူးတယ် 🙂
ဖွက်ထားလေ ကြည့်ချင်လေ ဆိုတဲ့အတိုင်း ပိုကြည့်ချင်မိသွားပါတယ်
တရုတ်ရှုခင်းလေးတွေကတော့ တော်တော်လှတာပဲနော် ၊ တရုတ်မလေးတွေရော ဘယ်လိုလဲ တစ်ယောက်ချင်း ရုပ်မလှတာ လှတာမျိုး မဟုတ်ပဲ အားလုံးခြုံကြည့်ရင် လေ ၊ကိုရီးယားရောက်ဖူးတဲ့ သူငယ်ချင်း တစ်ယောက် ပြောတာတော့ ကိုရီးယားမကလေးတွေက ရုပ်ရှင်ထဲမှာပဲ လှကြတာ အပြင်မှာ မချောဘူးလို့ ကြားဖူးတယ်
weiwei
November 28, 2011 at 11:36 am
တရုတ်မတွေကတော့ အသားဖြူတယ် .. ပိန်တယ်ဆိုတော့ အကြမ်းဖျဉ်းကြည့်ရင် ကြည့်ကောင်းသလိုလိုရှိပေမယ့် … သေချာအနီးကပ်ကြည့်ရင် မလှဘူး … 😛
အနောက်ကနေကြည့်ရင် အမေနဲ့ သမီးနဲ့ ခွဲလို့မရဘူး …
အစားသောင်းကျန်းသလောက် မဝကြဘူး … ပိန်ပိန်ပါးပါးလေးတွေချည်းပဲ …
နွေရာသီမှာ အတို (အလွန့်အလွန်) တို တာတွေဝတ်ကြတယ် …
တရုတ်မတကယ်လှမလှသိချင်ရင် နွေရာသီမှသာ သေချာသိနိုင်လိမ့်မယ် … 😛
inz@ghi
November 28, 2011 at 11:43 am
ခုတော့ ဆောင်းတွင်းမို့ နောက် ၄-၅လစောင့်ရမလိုဖစ်နေပီ …
တီလုပ်မပုံဒွေ ရိုက်ထားတာလေးညာ ချိဝူးလား…တင်ပေးချင်ဝူးလားဟင်င်င်
ဂီ ဂလုဂျင်ရို့…..
😀
Shwe Tike Soe
November 28, 2011 at 11:53 am
အရမ်းလှတယ် မမဝေ ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော်တို.ဆိုရင် ကိုယ်အလုပ်နဲကိုယ်ဘယ်မှမသွားဖြစ်ဘူး orversea မပြောနဲ. ကိုယ့်နိုင်ငံထဲကို တောင် မသွားဖြစ်တာ ဒီလိုလေးတွေတင်ပေးတော့ ရောက်ဘူးမြင်ဘူးတာပေါ့ဗျာ..
နောက်လဲ တင်ပေးအုံးနော….
ကြောင်ကြီး
November 28, 2011 at 11:55 am
ဘဲကင် မစားခဲ့ဘူးလား။ တရုတ်ဘဲကင်တွေက မြို့အလိုက် နာမည်ကျော်တာတွေ ရှိတယ်။ ပီကင်းဘဲကင်၊ စီချွမ်ဘဲကင်၊ ရှန်ဟိုင်းဘဲကင်။
ဘဲကင်
ဘင်ကဲ
ဆင်ဆွဲ
ရင်ထဲ
မြင်ဆဲ
နင်ပဲ…။ 🙂
Moe Z
November 28, 2011 at 12:06 pm
လှတယ်ဗျို့ ရှုခင်းပုံတွေပြောတာ
လူကမြင်မှမမြင်ရတာ 😛
မမဝေတင်တဲ့ပုံတွေကြည့်ပြီး ခရီးသွားချင်လာပြီ
htoosan
November 28, 2011 at 12:53 pm
နီးနီး နားနား ရှိတဲ့ တောင်ကြီး အကျော် ဟိုပုန်းက ထမ်စမ်းဂှု သွား ။
အပေါ်ဆုံး က ဒေါ်ဝေ ရိုက်ပြတဲ့ ဂှု အတိုင်းဘဲ ။ မီး အရောင် ကစားတာ မမီပေမဲ့ ထုံးကျောက်ဂူ အလှတော့ မီမယ်ထင်တယ်။
Moe Z
November 28, 2011 at 4:10 pm
မတ်လထဲတော့ တောင်ကြီး အင်းလေးဘက်သွားဖို့ စီစဉ်ထားတယ်
သွားဖြစ်ရင်တော့ ကိုထူးဆန်းပြောတဲ့နေရာရောက်အောင်သွားမယ်
weiwei
November 28, 2011 at 8:28 pm
http://myanmargazette.net/47268/travel
ထမ်ဆမ်းဂူ ဓါတ်ပုံတွေပါ … ထုံးကျောက်ခက်ပန်းဆွဲတွေ ခပ်ဆင်ဆင်တွေရှိပေမယ့် အများကြီးကွာပါတယ် … reed flute cave ထဲက အထပ်ထပ်ပြင်ဆင်ထားပြီး အထဲမှာ ရထားလမ်း၊ ကားလမ်း၊ ရေလမ်း (လှေ)၊ ဓါတ်လှေကား တွေနဲ့ ရုပ်ရှင်ထဲ ရောက်သွားသလိုပဲ ….
ဆူး
November 28, 2011 at 12:22 pm
အိမ်မှာ နို့ဆီဗုံးပေါက်တာ အဲဒီ လျန်စန်းပေါ် နဲ့ ကျူရင်းထိုင် တို့ အပိုင်း ရာဂဏန်း ရှိတဲ့ ရုပ်ရှင်ကို တရုတ်လိုင်းက ထိုင်စောင့်ကြည့်ရင်း ဖြစ်တာပေါ့။
အမှတ်တရပါပဲ။ ပုံတွေ ကြည့်ရင် အရမ်းသွားချင်တယ် အမရယ်.. ပိုးက ခဏခဏ ထ နေတာ.. မနည်းချိုးနိမ်ထားရတယ်။
Diamond Key
November 28, 2011 at 2:50 pm
wei မမ၊
ကွယ်ကာပြပေမယ့်
မြင်နေရ (နောက်က ရှုခင်းတွေ)
နေမရ
သွားချင်တယ်
နွေရောက်မှ။ 😀
(ဆောင်းကျ အရမ်းအေးတာ တွေ့လို့ :P)
inz@ghi
November 28, 2011 at 3:02 pm
ယခုပို့စ်အတွင်းမှ ဒါ့ပုံအချို့မှာ
ဆင်ဆာမူဝါဒနှင့် ကိုက်ညီမှု မရှိ၍သော်လည်းကောင်း
အများပြည်သူအား ပြသရန် သင့်တော်မှု မရှိ၍သော်လည်းကောင်း
ဆင်ဆာဖြတ်လိုက်ပါသည်။
ပုံ
ဝံဂျီး
😀
weiwei
November 28, 2011 at 4:32 pm
နောက်တစ်ခါ အခုလို မဖြစ်ရလေအောင် ကြိုးစားပါ့မယ် … ဒါ့ပုံတွေကို ဖိုတိုရှော့နဲ့ လူပုံတွေအကုန်ဖယ်ပြီးမှ တင်ပါတော့မယ် .. အခုတစ်ခါအတွက် သီးခံခွင့်လွှတ်တော်မူပါ ဝံဂျီးရှင့် ….
စုံ စုံ
November 28, 2011 at 4:54 pm
ရှုခင်းတွေကတအားလှလို့သွားချင်လိုက်တာအရမ်းဘဲ
ခရီးသွားရတာ ဗဟုသုတလဲရ အပန်းလဲပြေတယ်နော်
ပုံတွေကြည့်ရင်းတောင်တော်တော်စိတ်ပေါ့ပါးတယ်
တကယ်သွားခဲ့တဲ့မဝေကတော့ပျော်စရာအတိဖြစ်ခဲ့မှာပေါ့
ကိုကြောင်ကြီးပြောမှဘဲ ဘဲကင်စားချင်လာပြီ 😛
koaung
November 28, 2011 at 6:40 pm
တရုတ်ပြည်က မြိုကြီးတွေထက် အဲဒီလိုနေရာတွေကပိုစိတ်ဝင်စားဖို့ကောင်းသလို သဘာဝအလှတွေလဲပေါမှပေါ ဟိုတခါငလျှင်ဒဏ်ခံရတဲ့ ဆွတ်ချွမ်းဆို ဂျပန်ခရီးသွားတွေအရမ်းများတဲ့နေရာအခုတော့ မသိဘူး
တညင်သား
November 28, 2011 at 6:49 pm
ကိုရွှေတိုက်စိုး က အရမ်းလှတယ်မမဝေ တဲ့ လူပုံလဲမမြင်ရပဲနဲ့ …:(
လူပုံတွေကို ဆင်ဆာ ဖြတ်ထားတာကိုးးးးးးးးးးးး လမ်းတွေကို ကျောက်တုံး နဲ့အလှဆင်ထားတာအောင့်မေ့လို့….:P 😛
Gipsy
November 28, 2011 at 6:52 pm
တရုပ်မလေးတွေ သိပ်မလှဘူး ပြောလို့ သွားဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးကို အနှောက်အယှက်
ဖြစ်မိသလို…..
သူများနေရာတွေများဗျာ… သန့်ရှင်းတောက်ပနေတော့တာ…
ကျူပ်တို့ဆီက နဲ့တော့ ကွာပ…..
အရမ်းကျေးဇူးတင်ပါတယ်…. မမြင်ဖူးတဲ့ ရှုခင်းတွေကို လေ့လာခွင့်ရလို့… ။ 😀
Don Juan Ronald
November 28, 2011 at 7:29 pm
တရုတ်ပြည်ကြီးမှာအသက်အရှည်ဆုံးလူတွေဆိုအဲဒီနယ်ကပါဘဲခင်ဗျာ။