ရွှေလီရေအားလျှပ်စစ်စီမံကိန်း

chatsuNovember 29, 20111min632

ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀ဝ ခန့်သည် ရေလွှမ်းမိုးမှုအပါအဝင် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။

“အဲဒီဒေသမှာရှိတဲ့ ရွာပေါင်း ၅ ရွာနဲ့ သူတို့လယ်မြေတွေဖြစ်တဲ့ လက်ဖက်ခြံနဲ့ စိုက်ပျိုးရေး ခြံတွေ ဧက ထောင်ပေါင်းများစွာ ရေ နစ်မြုပ်သွားနိုင်ပါတယ်”ဟု TSYO အဖွဲ့မှ မိုင်းအောင်ကိုက ပြောသည်။

ရွှေလီရေကာတာ အမှတ် ၃ တည်ဆောက်မည့်ဒေသအတွင်းရှိ မိုးလို၊ နားရုံး၊ နားယား၊ မိုးခပ်၊ နားဆော့ စသည့် ကျေးရွာဒေသ ခံများကိုလည်း လာမည့် ၂၀၁၃ ခုနှစ်တွင် ပြောင်းရွှေ့ပေးရန် မိုးမိတ်မြို့နယ် အာဏာပိုင်များက အမိန့်ပေးထားကြောင်း ၎င်းက ဆိုသည်။

မိုင်းအောင်ကိုက“မြန်မာ အစိုးရဟာ ရှေ့တမျိုးနောက်တမျိုးနဲ့ မျက်နှာနှစ်ခုလုပ်ပြီး ဧရာဝတီမြစ်လက်တက်တွေကို တရုတ် ဆီ ရောင်းရင်း ဧရာဝတီမြစ်ကြီးကို ကာကွယ်စောင့်ရှောက်မယ့် ဟန်ပြနေတယ်”ဟု ပြောသည်။

ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၅၂ဝ ထုတ်လုပ် ပေးနိုင်သော ရွှေလီ အမှတ် ၂ ရေကာတာ စီမံကိန်းကို တရုတ်အစိုးရက တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် ပြုလုပ်ရန် သဘောတူ လက်မှတ် ရေး ထိုးထားကြောင်း TSYO ၏ ယနေ့ ထုတ်ပြန်သည့် “ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

မဂ္ဂါဝပ် ၁၀၅ဝ ထုတ်လုပ်ပေးမည့် အမှတ် ၃ ရေကာတာကိုမူ ဆွစ်ဇာလန်နိုင်ငံမှ ကိုလန်ကို စွမ်းအင် အင်ဂျင်နီယာ ကုမ္ပ္မဏီက မြန်မာနိုင်ငံ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ၂၀၁ဝ ပြည့်နှစ် ဖေဖော်ဝါရီလက နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ရေကာတာကို အကြောင်းပြကာ အစိုးရတပ် စစ်သားများ ရောက်ရှိလာပြီး ဒေသခံ ပြည်သူများ၏ လယ်မြေများ သိမ်းပိုက်ခြင်း၊ မြစ် အတွင်း၌ ငါးဖမ်းမှု ကန့်သတ်ခြင်းများကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း မိုင်းအောင်ကိုက ပြော သည်။

“နိုင်ငံခြားကနေ လာပြီး ရေကာတာ ဆောက်လုပ်သူတွေဟာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ စစ်မီးကို အလေးထားဂရုပြုပြီး ရင်းနှီး မြုပ်နှံမှုတွေကို ချက်ချင်း ပြန်ရုပ်သိမ်းသင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

စီမံကိန်း အမှတ် (၂) နှင့် (၃) တို့မှာ မိုးမိတ်မြို့အနီးတွင် တည်ရှိပြီး ယင်း စီမံကိန်းမှ ရရှိမည့် လျှပ်စစ် ဓာတ်အားများကို မြန်မာ နိုင်ငံဘက်သို့ ဖြန့်ဖြူးပေးခြင်း မရှိဘဲ တရုတ်နိုင်ငံ ဘက်သို့ ဖြန့်ဖြူးပေးရန်ရှိသည်ဟု မိုင်းအောင်ကိုက ပြောသည်။

၂၀၁၁ ခုနှစ်မတ်လကလည်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကယားပြည်နယ် အတွင်းရှိ ရွာပေါင်း ၂၀ဝ ကျော်မှ ဒေသခံ ၃၇၀၀ဝ ခန့် ရွှေ့ပြောင်းရမည်ဖြစ်ပြီး ယင်းတလဲ လူမျိုးများ ပျောက်ဆုံးရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း KDRG အဖွဲ့က ထုတ်ပြန် ခဲ့ဖူးသည်။

လက်ရှိ အချိန်အထိ ကချင် ၊ ရှမ်း၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။


by ဧရာဝတီ

2 comments

  • small cat

    November 30, 2011 at 8:58 am

    ပြောင်းရွှေ့ခိုင်းတယ်ဆိုရင်လဲ နေစရာ နေရာနဲ့ လုပ်စားစရာမြေကွက်လေးတွေ ပြန်ပြီးမျှဝေပေးသင့်တယ်ထင်ပါတယ်။

  • Thanlwinoo

    November 30, 2011 at 11:20 am

    Weekly Eleven မှာ ဖော်ပြထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က (၃၀-၉-၂၀၁၁)နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့်အမိန့်ကြော်ငြာစာမှာ “လုပ်ငန်းဆောင်ရွက်သည့်မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းရန် လိုအပ်ပါက ယင်းတို့အား ပြောင်းရွှေ့နေရာချထားပေးခြင်း၊ ဒေသန္တရ ကာလပေါက်ဈေးဖြင့် ပေးချေခြင်းနှင့် လျော်ကြေးပေးခြင်းတို့ကို သက်ဆိုင်ရာပိုင်ဆိုင်သူ၏ သဘောတူကျေနပ်ကြောင်း ဖော်ပြချက်နှင့်အတူ သက်ဆိုင်ရာအစိုးရဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ခွင့်ပြုချက်ရယူညှိနှိုင်း ဆောင်ရွက်ရမည်။ အများပြည်သူက ရွှေ့ပြောင်းဖယ်ရှားပေးလိုခြင်း မရှိသည့်နေရာများတွင် မြေငှားရမ်း၍ ရင်းနှီးမြှုပ်နှံခွင့် မရှိစေရ။ “ လို့ ဆိုထားပါတယ်..။
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=11198:2011-11-27-03-34-01&catid=42:2009-11-10-07-36-59&Itemid=167
    အထက်ပါ လုပ်ထုံးလုပ်နည်းဟာ အလားတူကိစ္စများဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းတစ်ခုလို့ ယူဆပါတယ်..။
    အရေးကြီးတာက စာရွက်ပေါ်ကဥပဒေကို လက်တွေ့ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်..။
    အစိုးရဖွဲ့စည်းပေးထားတဲ့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့လည်း တိုင်းရင်းသားပြည်သူတွေရဲ့ဘဝကို စာနာ၊ ထောက်ထားပြီး ကိုယ့်နိုင်ငံတွင်းက ပြည်သူတွေနစ်နာနေတဲ့ ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ် တားဆီးသင့်ပါတယ်..။

Leave a Reply