သူ့နေရာနှင့် သူ
သူ့နေရာနှင့် သူ
ရွာတစ်ရွာတွင် မိသားစု တစ်စုနေထိုင်ကြသည်။ အိမ်ထောင်ဦးစီး လုပ်သူမှာ အဖွဲအစည်းတစ်ခုမှ အရာရှိအဆင့် ဖြင့်ကျန်းမာရေးပင်စင် ယူထားသူဖြစ်ပြီး မိဘအမွေအနှစ်ဖြစ်သော ခြံဝန်းလေးထဲတွင် အေးချမ်းစွာ သီးပင် စားပင်များ စိုက်ပျိုးစားသောက်ကြလေသည်။ ဇနီးမှာမူ မောင်တစ်ထမ်း မယ်တရွက် ဆိုသကဲ့သို့အိမ်ရှေ့တွင် ကုန်စုံဆိုင်လေးနှင့်တွဲ၍ မုန့်ဟင်းခါး ခေါက်ဆွဲ အသုတ်များကို သွားရေစာအဖြစ် ရောင်းချကာ တဖက်တလမ်းဝင်ငွေရှာလေသည်။
သူတို့တွင် သားနှစ်ယောက်ရှိပါသည်။ သမီးလေးတစ်ယောက်လည်း ရှိလေသည်။ အကြီးဆုံးနှင့် အငယ်ဆုံးမှာ သားများဖြစ်ကြသည်။သမီးကတော့ အလတ်မလေးဖြစ်ပါသည်။ စုပေါင်းညီညာအောင်ကြောင်းဖြာ၊ တစ်ယောက်တလက် ကျောင်းသားလက် ဆိုသလို ကလေးများဟာလည်း မိဘရဲ့ လုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ကြရင်းပညာသင်ကြားနေကြတာ၊ အကြီးကောင်က အထက်တန်းရောက်လို့ မြို့ကိုတက် ပြီးပညာသင်ကြားနေပြီဖြစ်ပါသည်။ အလတ်မကတော့ အလယ်တန်းရဲ့ အမြင့်ဆုံးအဆင့်ရောက်နေပြီး သားထွေးလေးကတော့ အလယ်တန်းရဲ့အောက်ဆုံးတန်းမှာပညာသင်ကြားလျှက်ရှိပါသည်။
အကြီးဆုံးသားကတော့ ငယ်စဉ်ကတည်းက ဖခင်နဲ့လက်ပွန်းတတီးနေခဲ့ပြီး ဖခင်ရဲ့သွန်သင်ဆုံးမမှု အောက်မှာ အပိုးကျိုးနေတဲ့ သားတစ်ယောက်၊ဖခင် ဘာလိုတယ်ဆိုတာကိုသေချာသိပြီး အောာင်မြင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ဖခင်အားကိုးရတဲ့သူပါ။ အလတ်မကတော့ မိခင်ရဲ့လုပ်ငန်းတွေမှာ အားအထားရဆုံး ကူဖော်လောင်ဖက်ဖြစ်ပါတယ် ။သားငယ်လေးကတော့ အဖေ အမေရဲ့ အဆုံးအမနဲ့ လိမ်မာတဲ့ အကိုအမတို့ ကို အတုယူပြီး အလုပ် တွေကိုလုပ်ပါတယ်၊ ဒါပေမဲ့ အတွေ့အကြုံ နုနယ်သေးတဲ့အတွက် တာဝန်ပေါ့ပေါ့လေးတွေကို ကူညီလုပ်ကိုင်ပြီး တစ်ခါတရံ လစ်လပ်တဲ့နေရာလေးတွေ ကို တာဝန်ပေးစေခိုင်းချက်အရ အထွေထွေ ကူညီညာလုပ်ရင်းနဲ့ မိသားစုဘဝတစ်ခုကို တက်ညီလက်ညီ တည်ဆောက်နေကြတာပါ။
ဒီဇင်ဘာ ကျောင်းပိတ်ရက် သားကြီးပြန်လာတဲ့ အခါမှာ ဖခင်က သူ့ရဲ့ စိတ်တိုင်းကျ လေ့ကျင့်ပေးထားတဲ့ သားကြီးကို တာဝန်တစ်ခုပေးပါတယ်။
“သားကြီး ၊ ဟိုခြံထောင့် က တုံကင်ကို နှိပ် ပြီးရေစည်ထဲကိုရေဖြည့် ပြီးရင် ဟောဟိုက ရေပုံးကိုယူပြီး မင်း အပင်တွေကိုရေလိုက်လောင်းကွာ”
ဆိုပြီး တိတိကျကျညွှန်ကြားပါတယ်။ သားကြီးကလည်းဟုတ်ကဲ့ လို့ပြောပြီး ရေပုံးကိုယူပြီးရေတုံကင်ရှိရာကိုသွား၊ ကျောက်ရေစည်ထဲ ကိုရေဖြည့် ၊ ပြီးတော့ ရေပုံးနဲ့ရေကိုခပ်လိုက်ပါတယ်၊ ရေပုံးကပေါက်နေတော့ ရေတွေ တဗျန်းဗျတ်းထွက်ကျလာပါတယ်၊ ဒီတော့ အပင်တွေအတွက် လိုအပ်တာတွေကို စီမံဆောင်ရွက်နေတဲ့ အဖေကိုလှမ်းအော်ပြောလိုက်ပါတယ်။
“အဖေ ရေ ၊ အဖေ့ ရေပုံးက အပေါက်ကြီးဗျ၊ ဒါကြီးနဲ့ သားဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ ”
လို့လှမ်းအော်ပြောလိုက်ပါတယ်။ ဒီအခါမှာ အဖေက
“ဟေ့ကောင် ဆင်ခြေမပေးနဲ့ ရေပုံးပေါက်တာမလိုချင်ဘူး၊ မင်းဖြစ်အောင်လုပ်၊ အဓိက မင်းဒီညနေ ရေလောင်းနိုင်ဖို့ပဲ”
လို့ ပြန်ပြီး ညွှန်ကြားပါတယ်။ သားကြီးလဲ ဟုတ်ကဲ့လို့ တစ်ခွန်းပဲပြောပြီး သူ့ဖခင် ရဲ့သူငယ်ချင်းဆောက်လုပ်ရေး အင်ဂျင်နီယာကြီးဆီကတောင်းထားတဲ့ ကတ္တရာ တိုင်ကီ ကိုနေလှမ်းပြီး ကျလာတာ တွေကို နို့ မှုန့်ဗူးထဲ ထည့်သိမ်းထားတဲ့ ကတ္တရာ အနည်းငယ်ကိုယူ ရေပုံးကိုရေခြောက်အောင်သုတ် အပူအနည်းငယ်ပေးပြီး ပေါက်နေတဲ့နေရာတွေကို ကတ္တရာထူထူ သုတ်ပြီး ပုဆိုးပြဲ စလေး ကပ်လိုက်ပါတယ်။ ပုံးကရေသယ်လို့ ရသွားပြီး အပင်များကို ရေလောင်းနိုင်သွားပါတယ်။ အင်မတန်တော်တဲ့သားကြီးဖြစ်ပြီး ညွှန်ကြားတဲ့ ဖခင်နဲ့ ဆောင်ရွက်တဲ့သားကြီးကို သူတို့ရဲ့ လုပ်ငန်းအောင်မြင်မှုအတွက် တကယ်ချီးကျူးဂုဏ်ပြုစရာကောင်းပါတယ်။
×××××××××××××××××××××××××××××××××××××××××××××××××××
ခြံရဲ့ ရေခံမြေခံကောင်းမွန်မှု၊မြေဆီဩဇာ ကြွယ်ဝမှုကြောင့် သီးပင် စားပင် တွေကဝင်ငွေကလည်းရ၊ ရွာရဲ့နေရာအကွက်အကွင်းကောင်းလေးဖြစ်တဲ့ ကားဂိတ်နားမှာ နေရာ ရထားတဲ့အတွက် အိမ်ရှေ့ ကမုန့်ဆိုင်နဲ့ ဈေးဆိုင်လေးကလည်း ရောင်းရေးဝယ်တာကောင်းမွန်၊ မိသားစုကလည်း တက်ညီလက်ညီဆောင်ရွက်ကြတဲ့အတွက် ဝင်ငွေလေးက ကောင်း စီးပွားရေးတောင့်တင်းသယောင်ဖြစ်လာပါတော့တယ်။
တနေ့ နံက် ငါးနာရီခွဲ ခန့် သမီးလတ်က မနက် အမေရောင်းဖို့အတွက် မုန့်ဟင်းခါးဟင်းရေအိုးတည်ထားရင်း ငှက်ပျောအူများကို အကွင်းလိုက်လှီးနေစဉ် ဖခင်ရောက်လာပြီး
“ဟဲ့သမီး.. နင့် မုန့်ဟင်းရေအိုးမရသေးဘူးလား” လို့မေးပါတယ်။သမီးက
“မရသေးဘူးအဖေ အခုမှ အစောကြီးရှိသေးတယ်။ ဆိုင်ကလည်းမနက် ခုနစ်နာရီမှ ဖွင့်မှာပဲဥစ္စာ၊ကားတွေက ခုနစ်နာရီခွဲမှထွက်တာလေ။ ဒီမှာ ဟင်းရေထဲထည့်မဲ့ ငှက်ပျောအူက အခုမှ လှီးနေရတယ်၊ မနေ့က ငှက်ပြောအူပို့တဲ့ကောင်လေးက ညကိုးနာရီမှလာပို့တော့ သမီးစာကျက်နေတာနဲ့ ညကလုပ်မထားလိုက်ဘူး၊ ဒါကြောင့်မို့ သမီးအခုမနက်စောစောထလုပ်နေရတာ”
လို့ပြန်ပြောပါတယ်။ ဒီအခါ ဖခင်ဖြစ်သူက
“ဒီနေ့ မြို့ကလာတဲ့ ငါ့သူငယ်ချင်းတွေ သူတို့ ကားနဲ့ ပြန်ကြမှာ၊ သူတို့မပြန်ခင် အဖေ့ မွေးနေ့ အမှတ်တရ မုန့်ကျွေးလိုက်ဖို့ ညကပြောထားတယ်၊ ဟင်းရေအိုးမြန်မြန် ကျက်အောင်လုပ်စမ်း ”
လို့ပြောတော့ သမီးက
“ဟာ ဘယ်ဖြစ်မလဲ အဖေရဲ့၊ ငှက်ပျောအူက ဖီးကြမ်းဖြစ်နေတော့၊ဆားရေစိမ်ထားပြီး ရေစင်အောင်ဆေး၊ပြီးမှ ဆနွင်းနဲ့ ……..”
“ဟဲ့ သမီး ဆင်ခြေ ဆင်လက်တွေ ပေးမနေနဲ့ ၊ ဖြစ်အောင်လုပ်၊ ငါပြောထားပြီးသားဖြစ်နေပြီ မရရင်တော့ နင်မလွယ်ဖူး နာဖို့သာပြင် ”
လို့ပြောပြီးထွက်သားပါတယ်၊ ဒါ့ပြင် သူအားကိုးရတဲ့သားကြီးကိုလည်း
“သား သွားစမ်း မင်းညီမကို ကြီးကြပ်ပြီး လုပ်စမ်း၊ အချိန်မီမပြီးရင် မင်းပါမလွယ်ဘူးမှတ် ” လို့ တစ်ခါထပ်ခိုင်းလိုက်ပါတယ်။
တချို့ဒေသတွေမှာ မုန့်ဟင်းခါးဟင်းရေထဲကို ငှက်ပျောအူထည့်ချက်ပါတယ်၊ မုန့်ဟင်းရေထဲ ထည့်တဲ့ ငှက်ပျောအူ ဟာ ရေသီ ငှက်ပျောအူပါ၊ သူကမခါးပါဘူး၊ အဲဒါမရရင် ဖီးကြမ်းငှက်ပျောအူကိုဆားရေစိမ်ထားပြီး ရေစင်အောင်အထပ်ထပ်ဆေး၊ နနွင်းမှုန့်လေးနဲ့ နယ်လိုက်မှ အရောင်လှတာပါ။ ဒါကိုမသိတဲ့ သားအကြီးကောင်ကရောက်ချလာပြီး ညီမ ကိုအတင်းအမြန်လုပ်ခိုင်းပါတယ်။ ညီမက
“အဖေ က စောစောစီးစီးလဲပြောတာမဟုတ်ဘူး၊ အဲဒီလိုမှန်းသိရင် ည ကတည်းက စီစဉ်ထားတာပေါ့ အခုမှ အချိန်ကပ်ပြောတော့ဘယ်လိုလုပ်မလဲ၊ ဘာမှမသိပဲ သူ့ဟာသူ လောကွတ်ချော်လာပြီး အတင်းလာခိုင်းလို့ဒီကလုပ်ရတဲ့ သူက ဘယ်လွယ်မလဲ”
လို့ပြောပါတယ်။ သူ့အဖေ က လုပ်ငန်းလေးအဆင်ပြေတော့ ညဖက် တွေမှာ ဘုံဆိုင် ကိုပုံမှန်ထိုင်ပြီး ည ၁ဝ နာရီလောက်မှပြန်လာတတ်ပါတယ်။ သားသမီးများရဲ့အရေးကိုတောင်သိပ် သတိရတော့တာ မဟုတ်ပါဘူး။ အကျိုးသင့်အကြောင်းသင့် ပြန်ရှင်းပြတာကိုလက်မခံပဲ သူဖြစ်ချင်တာကို အတင်းလုပ်တတ်တဲ့ အကျင့်ကလည်းပါလာတော့ ခက်နေပါတယ်။ အခုလည်း ညက ဘုံဆိုင်မှာ ဆုံကြတဲ့သူငယ်ချင်းတွေကို အကြွားပိုလိုက်ပြီး ဖြစ်နေတော့ သားကြီးကိုအတင်းဖြစ်အောာင် တွန်းအားပေး လုပ်ခိုင်းပါတော့တယ်။ အခိုင်းခံလိုက်ရတဲ့ သားကြီးက သူ့ညီမကို
“မဖြစ်ဘူးတွေဘာတွေလုပ်မနေနဲ့ နင် အဆော်ခံထိသွားချင်လား”
လို့ပြောပြီး လှီးထားတဲ့ ငှက်ပြောအူတွေကို အတင်းယူ ရေဆေးပြီးဟင်းရေအိုးထဲ ထည့်လိုက်ပါတယ်။ မကြာခင် မှာ ဖခင်ရဲ့ သူငယ်ချင်းတစ်စု ရောက်လာပြီး မုန့်စားကြပါတယ်။ ငှက်ပျောအူတွေက ထည့်ထားလည်းသိပ်မကြာသေးတော့ မနူးသေးပါဘူး၊ ဒါကိုသိတဲ့ မိခင်က ငှက်ပျောအူထည့်မပေးပဲ ကြက်သွန်နီဥ တွေသာထည့်ပေးပြီးကျွေးလိုက်ပါတယ်။ စားသောက်ပွဲ ကတော့ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ အခု ချက်ခြင်း တခါတည်းသာ စားလိုက်ကြရတဲ့သူတွေကတော့ “ကိုစစ်အောင်ရေ ဂွတ်ဗျာ၊ ရှယ်ပါပဲ၊ သင့်ခရု ပါဗျာ၊ ဗရာဘို ပါ ” ဆိုတဲ့စကားတွေနဲ့ကောင်းချီးဩဘာတွေ အကြိမ် ကြိမ် ဝိုင်းပေးလိုက်ကြတော့ ဖခင်ကြီးခမျာ ပီတိတွေဖြာပြီး မျက်နှာကြီးပြုံးလို့ ၊ သားကြီးဆိုတာလဲ သူ့ညီမရှေ့မှာ ရင်ကိုကော့ ခေါင်းကိုမော့လို့စောင့်ကြွားကြွားနဲ့
“ငါဝင်လုပ်လိုက်လို့တော်သေးတယ်၊ နို့မို့ဆို နင်တော့ မလွယ်ဘူး၊ အခုလောက်ဆို နင်တော့ကော့နေလောက်ပြီ”
ဆိုပြီး သူ့ ကိုယ်သူ ဂုဏ်ယူဝံ့ကြွားစွာအမွှန်းတင်နေပါတော့တယ်။ ညီမကတော့ ဘာမှ ပြန်မပြောပဲ ဖြစ်လာမဲ့ ကိစ္စ ကိုဘယ်လိုရှင်းရမလဲဆိုတာ ခေါင်းပူအောင် စဉ်းစားရင်း စိတ်ဓါတ်ကျစွာနဲ့ မေးလေးကိုထောက်ပြီးငူငူငိုင်ငိုင်နဲ့ သူ့အမေကို စိုက်ကြည့်နေပါတယ်။
မနက်လင်းလို့ မုန့်စားမဲ့ စားသုံးသူတွေရောက်လာတဲ့အခါကမှာတော့…………………..
ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
လေးစားစွာဖြင့်
ကြောင်လေး။_
6 comments
koyinmaung
December 2, 2011 at 9:11 am
မနက်လင်းလို့ မုန့်စားမဲ့ စားသုံးသူတွေရောက်လာတဲ့အခါကမှာတော့…………………..
ကဲ ကြောင်ပိစိလေးရေဆန့်ငင်ဆန့်ငင်မလုပ်နဲ့လေ
ဝဋ်လယ်တတ်တယ်ဟင်း…..
မုန့်ဟင်းခါးတောင်စားချင်လာပြီ
ဗူးသီးကျော်နဲ့တစ်ပွဲလောက်ဗျို့
နံနံပင်ပါထည့်လိုက်ပါ
ငှက်ပျေားအူးကအရောင်နဲနဲမည်းနေလို့
မတည့်နဲ့တော့
အောင်မလေး သရေတွေတောင်ကျလာပြီ ရှလွတ်………….
aye.kk
December 2, 2011 at 9:37 am
ဒူးနေရာဒူး..တော်နေရာတော်မို ့..
သူ ့နေရာနဲ ့သူ..အသုံးဝင်သူချည်းပါဘဲ..
တော်သေးတာက..အမေဝင်ကူလိုက်လို ့ပေါ့နော်..
မုန် ့ဟင်းခါးရပြီဆိုစားချင်တယ်..အင်း.ဆက်ရေးဦးနော်..။
small cat
December 2, 2011 at 10:26 pm
ဒုတိယပိုင်းဖတ်ပြီးရင် စာဖတ်သူများ ကျနော်ပေးချင်တဲ့ မက်ဆေ့ချ် ကို ရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
windtalker
December 3, 2011 at 2:47 pm
မရသေးဘူးဗျာ
ဒုတိယပိုင်း ဆက်ဖတ်ပြီးမှ
ရမယ် ထင်တယ် ဗျို ့
nikita
December 3, 2011 at 4:23 pm
ဟုတ်ကဲ့
မြန်မြန်လေးဖတ်ချင်နေပါပြိီ 🙂
ကြောင်ကြီး
December 4, 2011 at 1:46 pm
ပထမပိုင်းနဲ့တင် ရနေပါဘီဗျာ။
ကြောင်ကြီး။။ ဟေ့ နွားကြီး.. ကျားကြီးဖြစ်စမ်း..ငါကိုယ်တော် ကြောင်ကြီး တပည့်လိုနေဒယ်…
နွားကြီး။။ ဘွတ်အဲ ဝမ်းထရိန်း….
ကြောင်ကြီး။။ နွားယောင်ဆောင်ထားတဲ့ ကျားကြီးကွ…. ငါ့တပည့် လိမ္မာဒယ်၊
နွားကြီး။။ ဘွတ်အဲ ဝမ်းထရိန်း….
ကြောင်ကြီး။။ စားစား ဖေ့ကျားကြီး။ မြက်မဟုတ်ဘူးနော်.. အသားအစစ်၊ မြက်ပုံလုပ်ထားဒါ..
နွားကြီး။။ ဘွတ်အဲ ဝမ်းထရိန်း….
ကြောင်ကြီး။။ ဟား ဟား… ပုံပြင်ထဲက ကျားဆရာကြောင်ဆိုတာ ငါမှ အစစ်ကွ….
နွားကြီး။။ ဘွတ်အဲ ဝမ်းထရိန်း…. 🙁