သူရဿဝါနှင့် တိုးရစ်စစ်တမ်း

သူရႆဝါDecember 3, 20111min1191

“သူရဿဝါနှင့် တိုးရစ်စစ်တမ်း”

သူရဿဝါ အခုတလော အငြိမ်မနေနိုင်။ လေ့လာ စူးစမ်းချင်စရာ ကောင်းသော ကိစ္စ တစ်ခုကြောင့် ဖြစ်၏။ ထိုကိစ္စမှာ အခြားမဟုတ်။ တလောလေးက သိလိုက် ကြားလိုက် ရခြင်း ဖြစ်သည်။ ဘာလဲဆိုတော့ ယခုနှစ်ပိုင်း အတွင်း စစ်တမ်း ကောက်ယူမှု တစ်ခုအရ သူရဿဝါတို့ မြန်မာ နိုင်ငံသည် နိုင်ငံခြား ခရီးသွားများ လာရောက် လည်ပတ် ချင်သည့် ထိပ်တန်း နိုင်ငံ များထဲတွင် တစ်ခု အပါအဝင် ဖြစ်နေသည် ဟူသော ကိစ္စ။ ဖွံ့ဖြိုးပြီး နိုင်ငံ မဟုတ်သေးသော၊ ယခုမှ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံဖြစ်သော သူရဿဝါတို့ နိုင်ငံသည် အဘယ်ကြောင့် ထိုစာရင်းတွင် ထိပ်နားသို့ ရောက်နေရ ပါသနည်း။ စဉ်းစား သော်လည်း အဖြေမထွက်။ ထို့ကြောင့် သူရဿဝါ ကိုယ်တိုင် အဘယ်ကြောင့် ဖြစ်နိုင်သည်ကို ထပ်မံ၍ လေ့လာ ကြည့်မိသည်။ နောက်ဆုံးတွင် ထိုသို့ လာရောက် လည်ပတ်ချင်ကြသည့် အကြောင်းအရာ သုံးခုကို စနစ်တကျ စုံစမ်းမှုဖြင့် သိလိုက်ရ လေသည်။ ဘာတွေပါလိမ့်။ ပြောပြပါမည်။

ပထမဆုံး တစ်ခုမှာ ရန်ကုန်မြို့တွင်း ပို့ဆောင်ပြေးဆွဲ နေသော ဟိုင်းလပ်၊ ဒိုင်နာ၊ ဘီအမ်၊ ချက်ပလက်၊ ရိုးရိုး၊ စပယ်ရှယ်၊ အထူး အစရှိသည့် လိုင်းကား များနှင့် သက်ဆိုင် နေသည်ကို တွေ့ရ၏။ ၎င်းတို့ကို နိုင်ငံခြားသား တိုးရစ်များ အထူးတလည် စိတ်ဝင်တစား ရှိကြ၏။ ယခင် လာရောက် လည်ပတ် ကြဖူးသော တိုးရစ်များ စမ်းသပ် စီးနင်းကြည့်ပြီး တဆင့် ပြန်လည် ဖောက်သည်ချမှု တို့ကြောင့် ၎င်းတို့မှာ နောက်ထပ် လာရောက် လည်ပတ်မည့် တိုးရစ်တို့၏ အထူး စိတ်ဝင်စား ခြင်းကို ခံရ၏။ သူတို့အပြောအရ ကျွန်တော်တို့ ဒိုင်နာဟု ခေါ်ကြသည့် ၄၉၊ ၁၀၅ အစရှိသည့် ကားများသည် သူတို့ နိုင်ငံများတွင် ကျင်းပသည့် ကားပြိုင်ပွဲမှ ပြိုင်ကားများထက် ဆယ်ဆမြန်အောင် မောင်းနိုင်သည် ဆို၏။ ဒိုင်နာများ၏ မြန်ဆန် ကြမ်းတမ်းသော အရသာကို ခံစားပြီး သည့်နောက် ဂျက်လေယာဉ် စီးရတာတောင် ပေါ့ရွှတ်ရွှတ် နိုင်သွားသည် ဆိုပဲ။ ဒိုင်နာ လိုင်းကား မောင်းသူတို့သည် ကားလမ်း ပေါ်မှာရော၊ လေထဲမှာပါ တလှည့်စီ မောင်းနိုင် ကြသည့် အစွမ်းရှိ သဖြင့် မတ်တပ်ရပ် စီးသူလည်း မသက်သာ၊ ထိုင်စီးသူလည်း မငြိမ့်ညောင်း။ ထိုကားများကို နိုင်ငံခြားသား တိုးရစ်များက မြန်မာသံ မပီတပီဖြင့် “ထိုင်နာ” ဟု ခေါ်ကြသည်။ ဒါလည်း မမှားပါ။ ထိုင်စီးလျှင်တောင် နာသည်ကိုး။ အဓိက စိတ်ဝင်စား ကြသည့် အချက်ကတော့ နိုင်ငံခြားမှာ ပြိုင်ကား ဟူသည့် အမျိုးအစားကို လူများများစားစား စီး၍ မရသော်လည်း ဒီမှာ ဒိုင်နာပြိုင်ကား များကို လူငါးဆယ်လောက် တပြိုင်တည်း စီးနိုင်အောင် လုပ်ထားသည့် နည်းစနစ် ဖြစ်လေသည်။

နောက်တစ်ခုက ထိုင်ခုံပြည့်သာ လူတင်သည် ဟူသော အထူး ဆိုသည့် လိုင်းကားများ။ စကားစပ်၍ တွေးမိ တာလေး တစ်ခု ပြောရဦးမည်။ သိတော်မူ ကြသည့်အတိုင်း ထိုကားများ ထိုင်ခုံပြည့်သာ လူတင်သည် စာကပ် သော်လည်း တကယ်တမ်း မတ်တပ်ရပ် စီးရသည့် ဦးရေက ပိုများသည်။ ဒီတော့ မတတ်သာ၍၊ ဝင်ငွေ အရနည်း၍ မတ်တပ် ခရီးသည် တင်လျှင်လည်း “ထိုင်ခုံပြည့်သာ လူတင်သည်” စာများကိုတော့ ဖြုတ်ထားဖို့ ကောင်းသည်။ မဟုတ်လျှင် ထိုင်ခုံမှာ ထိုင်ကြ သူများသာ လူဖြစ်ပြီး မတ်တပ်ရပ် နေရသည့် သူတွေကတော့ လူမဟုတ် သလိုလို။ ထားပါ … ဒီအထူးတွေကို တိုးရစ်များ စိတ်ဝင်စား ကြပုံကို ပြောပါမည်။ သူတို့ကတော့ မြန်မာလို မတတ်သဖြင့် ထိုင်ခုံပြည့် စာကပ်ပြီး မတ်တပ်တွေ တင်သည့် ကိစ္စကို သိလည်းမသိ၊ စိတ်လည်း မဝင်စား။ သူတို့ သဘောကျ တာက “စိတ်ဖိစီးမှု”။ သူတို့၏ အလုပ်ခွင်များမှ ကြီးကျယ် လှသည့် စိတ်ဖိစီးမှု များသည် ဒီကားပေါ်တွင် တစ်ယောက် လည်ဂုတ်ပေါ် တစ်ယောက် တက်ခွမတတ် စီးရသော ကျပ်တည်းမှုမှ ရရှိသည့် စိတ်ဖိစီးမှုလောက် မများပြား၊ မပြင်းထန်။ ဒီတော့ ဟိုပြန်ရောက်ရင် ခံနိုင်ရည် ရှိအောင် အထူးကား များပေါ်တွင် စိတ်ဖိစီးမှုကို အလေ့အကျင့် ရအောင် လာယူကြသည်။

နောက်တစ်ချက်က သူတို့နိုင်ငံများတွင် ဈေးကြီးပေး၍ သွားရသည့် ချွေးထုတ်ခန်း များကို ဒီဘတ်စ်ကားများ အပေါ်တွင် နှစ်ရာကျပ် ပေးရုံဖြင့် ချွေးထုတ်ခန်း အရသာ တင်မက ဘယ်နိုင်ငံ မှာမှ မရှိသည့် တမူထူးခြား ပူအိုက်သော အဲယားကွန်း ဆိုသည်များကို စိတ်ဝင်စား ကြခြင်းဖြစ်၏။ သို့သော် ပိုက်ဆံ တတ်နိုင်သော တိုးရစ်များ လောက်သာ အထူးကားတွင် ချွေးထုတ်၍ သိပ်မချမ်းသာသော တိုးရစ်များမှာ ရိုးရိုးလိုင်းကား များပေါ်တွင်သာ ချွေးထုတ် ကြလေသည်။ အဘယ်ကြောင့် ဆိုသော် ငါးဆယ်တန်လည်း ဒီခံစားမှု၊ နှစ်ရာတန်လည်း ဒီခံစားမှု .. အတူတူ ဖြစ်သော ကြောင့်ပင်။ နောက်တစ်ချက်က ကားစီးခ နှစ်ရာကို ငါးရာတန် ပေးလျှင် နှစ်ရာ ကျပ်တိတိသာ ပြန်အမ်းသည့် မြန်မာစပယ်ယာ များ၏ ထူးခြားသော Cash စနစ်ကို စိတ်ဝင်စားခြင်း ဖြစ်၏။ ခုနက ပြောသလို အထူးဖြစ်ဖြစ်၊ ရိုးရိုးဖြစ်ဖြစ်၊ ဒိုင်နာဖြစ်ဖြစ်၊ ဘီအမ်ဖြစ်ဖြစ် ဘယ်လို ကားမျိုးမှာမဆို သူတို့ စိတ်ဝင်စား လေ့လာချင်သည့် တူညီသော အချက် တစ်ချက် ရှိသည်။ ဘာလဲဆိုတော့ ခရီးသည်ကို ထမင်းရှင် ပီသစွာ ယဉ်ကျေးပျူငှာသမှုဖြင့် ဆက်ဆံကြသည့် စပယ်ယာများ၏ ကမ္ဘာ့ ဘယ်နေရာမှာမှ မရှိနိုင်သည့် Customer Service ပင် ဖြစ်လေ၏။

ခရီးသွား တိုးရစ်များ လေ့လာသင်ယူ ချင်ကြသော နောက်တစ်ချက်မှာ မိုဘိုင်းလ် ဖုန်းများ ဖြစ်၏။ မိုဘိုင်းလ် ဖုန်းများကို သူတို့က လေ့ကျင့်မှု တစ်ခုအတွက် စိတ်ဝင်စား ကြသည်။ Hip Hop အဆိုတော် ဒါမှမဟုတ် Heavy Rock အဆိုတော် ဖြစ်ချင်သည့် တိုးရစ်များ သူတို့နိုင်ငံတွင် အဆိုသင်တန်း ဈေးကြီး၍ ဒီမှာ မိုဘိုင်းလ် ဖုန်းဖြင့် လာရောက် လေ့ကျင့် ကြသည်။ ဖုန်းကို ကိုင်၍ “ဟယ်လို ကြားလား .. ဟယ်လို ကြားလား” လေ့ကျင့်၍ အော်ရင်း အော်ရင်း တဖြည်းဖြည်း အသံအောင်ကာ တကယ့် Heavy Rock အသံကို လေ့ကျင့် ကြသလို Service Area မိလား မမိလား လက်ကားယား ခြေကားယား စမ်းသပ်ရင်း လက်ဟန် ခြေဟန်ပါပါဖြင့် Hip Hop အဆိုတော် အမူအယာကို လေ့ကျင့် ကြသည်။ ယခု ဟိုမှာ နာမည်ကြီး နေကြသည့် Akon, 50 Cent, Michael Learns စသည့် အဆိုတော် များသည် ထိုနည်းများဖြင့် လာရောက် လေ့ကျင့်၍ ကမ္ဘာကျော် အဆိုတော် ဖြစ်ခဲ့ကြကြောင်း ထောက်ခံ လမ်းညွှန် ကြသည်တွင် ထိုအချက်ကို တိုးရစ်များ စိတ်ဝင်စား လာကြသည်ဟု အဆိုရှိ၏။ မယုံလျှင် ပုံပြင် မှတ်တော်မူ။

အဆိုပါ ခရီးသွား တိုးရစ်များ စိတ်ဝင်စား ကြသည့် နောက်ဆုံး အကြောင်းအရာ တစ်ခုမှာ မြန်မာ့ အင်တာနက် ဖြစ်လေ၏။ သူတို့ဆီတွင် ဖွင့်၍ မရသော Server not found, Connection time out အစရှိသည့် Web Page များကို ကျွန်တော်တို့ ထံတွင် အထူးအဆန်း သဘောထား၍ အံ့ဩတကြီး လာရောက် ဖွင့်ကြည့် ကြရ၏။ တခါတလေ ကံဆိုးလျှင် သူတို့၏ ချစ်သူရည်းစား များနှင့် အဆင်မပြေ ဖြစ်ကြ၏။ ဟိုဖက်က ပြောတာ ဒီဖက်မရောက်၊ ဒီဖက်က ပြန်ပြောတာ ဟိုဖက်မသွားနှင့် အင်တာနက် ပေကပ်ကပ် နိုင်မှုကြောင့် နားလည်မှု လွဲကာ ရန်ပွဲတွေ ဖြစ်ကြ၏။ တခါတစ်လေ ဖြစ်ပါ၏။ သူတို့ စိတ်ဝင်စားသော လိုင်းကားများနှင့် အင်တာနက်ကို ပေါင်းစပ်၍ “စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် သုံးရန် အင်တာနက်” ဟု ရွတ်ပြလျှင် သူတို့ အတော် သဘောကျ ကြ၏။ နားလည်လား မလည်လားတော့ မသိပါ။ အင်တာနက် အကြောင်းကို အလုံးစုံ လေ့လာပြီးလျှင် သူတို့ နှစ်သိမ့်တတ်သော စကားတစ်ခု ရှိ၏။ “ကော်နက်ရှင် မို့လို့ မသိမသာလေး .. လေးတာပါ၊ သံနက်ရှင်တို့ ပြဒါးနက်ရှင်တို့ နည်းစနစ်တွေ ပေါ်လာရင် အဆင်ပြေ သွားမှာပါ” တဲ့။ သူတို့ ပြောတာလည်း ကိုယ် နားမလည်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကို ပြုံးပြလိုက်သည်။

သူတို့ ကျွန်တော်တို့ဆီ လာရောက် လည်ပတ်ချင်သည် ဆိုသော အဓိက အကြောင်းအရာ သုံးခုကို တွေးကြည့် သည့်အခါ Transportation, Communication နှင့် Media တည်းဟူသော လူတန်းစား အားလုံးအပေါ် အခြေခံကျကျ လွှမ်းမိုးထားသည့် ကိစ္စများ ဖြစ်နေသည်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် စိတ်ဝင်စား ခံရပြီး လည်ချင် ပတ်ချင်စိတ် ရှိဖို့က အဓိက မဟုတ်လား။ နောင်လာမည့် ဘယ်အချိန်လောက်အထိ သူတို့၏ လေ့လာစူးစမ်း ချင်စိတ်သည် ဒီကိစ္စ သုံးခုအပေါ် ရှိနေ ဦးမည် ဆိုတာကို ဉာဏ်မမီဘဲ ကျွန်တော် စဉ်းစားနေဆဲ ဖြစ်ပါသည်။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 11 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

သူရဿဝါ
ဒီဇင်ဘာ ၁ ၊ ၂၀၁၁ ခုနှစ်

www.thurathawah.net

www.facebook.com/ThuraThawah

www.twitter.com/Thurathawah

www.facebook.com/LiteraryArtBlog

One comment

  • မှော်ဆရာ

    December 3, 2011 at 12:30 pm

    “ကော်နက်ရှင် မို့လို့ မသိမသာလေး .. လေးတာပါ၊ သံနက်ရှင်တို့ ပြဒါးနက်ရှင်တို့ နည်းစနစ်တွေ ပေါ်လာရင် အဆင်ပြေ သွားမှာပါ”

    အဲဒီ့စာသားလေးကို သဘောကျတယ်ဗျာ …
    နောက်ပြီးတော့ ကားအို ကားဟောင်းတွေကို သဘောကျလို့ လာတယ်ဆိုတာတော့ ဟုတ်လောက်တယ်ဗျ … ကျွန်တော်တို့တွေ တောဖက်ကို လေ့လာရေးဆင်းသလို နေမှာပဲ နွားလှည်းကို သဘောကျသလိုလေ

Leave a Reply