မြန်မာကိုစကာင်္ပူလိုလုပ်မယ်ဆိုရင် ………
ကျနော်တို့နိုင်ငံကို စကာင်္ပူနိုင်ငံလိုဖြစ်အောင်လုပ်ဖို့ပြင်ဆင်နေကြပြီထင်ပါတယ်။
ဝမ်းသာစရာပါ …………..။
ဘာတွေကစပြီး ဘာတွေပြင်ဆင်မှာလဲ …..
ကျနော်စဉ်းစားမိတာလေးတွေအနည်းအကျဉ်း ပြောချင်တာပါ ..။
ကျနော်တို့လူမျိုးတွေအားနည်းတာက ပထမဆုံး Plan ချလေ့သိပ်မရှိပါဘူး ..။
ဘယ်နှနှစ်အတွင်းအပြီးဆိုပြီး target မရှိဘူးထင်ပါတယ်။
ဒါမှမဟုတ် ကျနော်တို့ပြည်သူတွေများ မသိတာလား ကျနော်ဘဲမသိတာလားတော့ မဆိုနိုင်ဘူး ။
Fail for plan is plan for fail တဲ့ဆိုသမို့လား ..။
ကျနော်သိသလောက်က မိုးပျံ မီးရထားလမ်းတွေဆောက်တော့မယ် …။
မိုးပျံတံတားတွေဆောက်တော့မယ် …။
ဂုံးကျော်တံတားကြီးတွေလာတော့မယ် ….။
ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲပြစ်သလို
စိတ်ပိုင်းဆိုင်ရာတွေလည်းပြောင်းလဲဖို့လိုပြီပေါ့ ….။
အခြေခံအကျဆုံး အနေအထိုင် အစားအသောက် လူမှုဆက်ဆံရေးကအစ
ပြောင်းလဲရမှာပါ …..။
အစိုးရဘက်ကလည်းအစိုးရအလျှောက် ပြည်သူတွေဘက်ကလည်းပြည်သူတွေအလျှောက်
လိုအပ်တာတွေပြောင်းရမှာပေါ့ ….။
ဘာတွေပြောင်းသင့်သလဲဗျ ဆိုရင် ဒီကနေ့နိုင်ငံရပ်ခြားရောက်နေကြသူတွေအများကြီးမို့
သိကြမှာပါ ..။
ဟော …. အခု ကျနော်တို့နိုင်ငံမှာ ရေနံကြောတွေတင်မက
ရွှေကြောကြီးပါတွေ့ထားပြန်ပါပြီ ….။
ကောင်းပါလေ့လို့ဆိုနိုင်သလို သယံဇာတတွေကြွယ်ဝခြင်းဟာ ကြိမ်စာသင့်တယ်လို့လဲပြောနေကြပြီလို့
ဒေါ်အောင်ဆန်းစုကြည်က တခါကပြောဘူးပါတယ်။
အဲဒါ DUTCH DISEASE ကိုပြောတာပါ။
တနည်း NATURAL RESOURCE CURSE ပေါ့
သယံဇာတကနေ ငွေတွေလှိမ့်ဝင်လာမယ် အဲဒီငွေတွေကို
အသုံးမတတ်ရင် ပြည်တွင်းကကိုယ့်ငွေ မာလာမယ်လို့မှတ်ရဖူးပါတယ်
မာလာတော့ သူများနိုင်ငံနဲ့စာရင် ထုတ်ကုန်တွေဈေးမြင့်လို့ အလုပ်မဖြစ်ပြန်ဘူး
ဒါကတချက်ပေါ့ …..။
မကြာခင် ၂၀၁၅ မှာ ဂျူတီ ဖရီးကလာအုံးမယ်မို့လား ….။
ထားပါတော့အဲဒီကိစ္စ … ဒါအစိုးရအလုပ် …။
ပြည်သူတွေတဦးချင်းဘာတွေပြင်သင့်သလဲ ……..။
လွှတ်တော်အမတ်တွေ ကိုအရင်ပြောရအောင် ………
စကာင်္ပူမှာ Block တခုတိုင်ရဲ့Notice Board မှာ သက်ဆိုင်ရာ
အမတ်ရဲ့ပုံကပ်ထားပြီး သူ့ကိုဘယ်အချိန်မှာလာတွေ့နိုင်ကြောင်း
ကြေငြာထားတာတွေ့ရပါတယ် ….။
သိပ်ကိုကောင်းတဲ့အကြံဉာဏ်ပါ ……………..။
အိမ်ထောင်တခုခြင်းကဖြစ်ဖြစ် တစ်ဦးခြင်းကဖြစ်ဖြစ်သွားတွေ့ပြီး
အဆင်မပြေမှုရှိရင် ဒါမှမဟုတ် အကြံဉာဏ်ပေးခြင်တာများရှိရင်သွားတွေ့ပြီးဆွေးနွေးယုံပါဘဲ။
ကျနော်တို့ဆီက အုပ်ချုပ်ရေးရုံးတွေမှာတော့ ဧည့်စာရင်းတိုင်ဘို့စာကပ်တာဘဲတွေ့နေရပါတယ် ..။
ကဲဘာတွေပြောင်းလဲသင့်ကြပါသလဲ …..
ဝိုင်းဝန်းပြီးဆွေးနွေးပေးကြပါလို့…….။
အကယ်ရျ်များ အကြံဉာဏ်ကောင်းများပါရင် Print ထုတ်ပြီး တင်ပြပါမယ်ခင်ဗျား ….။
တင်ပြဖြစ်ခဲ့ရင် အကြောင်းပြန်စာကို ပြန်လည်ဖေါ်ပြပါ့မယ် …။
29 comments
fatty
December 6, 2011 at 2:32 pm
တကယ်လို့ပြည်သူတွေဘက်က ပြင်ဆင်သင့်တာတွေပြုပြင်သင့်တာတွေ အကြံပြုမယ်ဆိုရင်ဖြင့်
ကျနော်တို့ မှတ်သားနိုင်ပါမယ်။ အစိုးရဘက်ကပြုပြင်သင့်တာပြောရင်လည်းတင်ပြသူက တောင်းဆိုပါက
သက်ဆိုင်မည်ထင်ရသူထံသို့ပို့ပေးပါမည်။
laypai
December 6, 2011 at 5:34 pm
ပြည်သူ တွေ ဘက် က ပြင်စရာ လား ဘာ လားတော့ မပြောချင် ပါဘူး။
လတ်လော ပြည်လမ်း ဆယ်မိုင် လေဆိပ် လမ်းဆုံ ကနေ မြို့ ထဲ ဘက် ကို အတော် အသင့် ကောင်းတဲ့ ပြုပြင် မှု က ၈ မိုင် နားထိ ရောက် နေပြီ။
နက် ပြောင် နေ တဲ့ နိုင် လွန် ကတ္တရာ လမ်းပေါ်မှာ ကွမ်း တတွေး အသစ် စက်စက် တွေ ဗျာ။
inz@ghi
December 6, 2011 at 3:06 pm
ဖတ်ရှု အားပေးသွားပါသည် ဦးဖက် ခင်ဗျား
တွေ့မိတာတခုလေး ပြောပါရစေ ..မြို့ပြ Traffic ကိစ္စပါ
ကျနော် အရှေ့ကျွန်းမှာ ရံဖန်ရံခါ လမ်းဆုံမီးပွိုင့်တွေမှာ အရပ်ဝတ်နဲ့
ပုတီးစိတ်တဲ့ တာလီလေး၄.၅လုံး ပါတဲ့ ဗန်းကလေး ကိုင်ပြီး တာလီထိုင်ချိုးတဲ့
လူတွေ တွေ့ဖူးကြောင်းပါ … မြင်ရဖန်များလာလို့ အသိ ဂငယ် တယောက်နဲ့
စကားစပ်လို့ မေးကြည့်တဲ့အခါ သည်လိုပြောပါတယ်။
မီးပွိုင့် နီတာဘယ်စက္ကန့် စိမ်းတာ ဘယ်စက္ကန့် စတာတွေ ရဲ့ အနှေးအမြန်
စနစ်တွေအတွက် monitoring လုပ်တာတဲ့ခင်ဗျ။ သည်တော့ နောက်တခေါက်
ထပ်တွေ့တော့ သေချာကြည့်မိတယ်ဗျ။ ဟုတ်တယ် တည့်တည့်သွားတဲ့ကား။
ဘယ်ကွေ့ ညာကွေ့နဲ့ ဂငယ်ကွေ့(သည်မှာ မီးပွိုင့်ထိပ် ဂငယ်ကွေ့ ပေးကွေ့ပါသည်)
ကို တာလီ ၁လုံးစီနဲ့ မှတ်တာခင်ဗျ။ မှတ်တမ်းယူတဲ့အချိန်တွေက ရုံးတက်။ ရုံးဆင်းrush
တွေ. ကားအသွားအလာနည်းတဲ့ ညပိုင်း ။ ပုံမှန် traffic ရှိနေတဲ့ နေ့လည်ပိုင်း
အဲ့လို ခွဲခြားပြီး မှတ်တမ်းယူတာ တွေ့ရတယ်ဗျာ
ဆိုလိုချင်တာကတော့ သည်လို အသေးစိတ် အခြေခံကျတဲ့ Data resource ကို
အခြေခံပြီး မီး အနီအစိမ်းကို controlလုပ်တဲ့ computer စနစ်တွေကို Update လုပ်ပေးပါတယ်။
သည်တော့ ကောင်းပြီပေါ့ဗျာ ..လက်တွေ့ကျနတဲ့ လုပ်ဆောင်မှု တွေဆိုတော့ ။
ဒါတောင် မီးပွိုင့်ပဲ ရှိသေးတာနော။ တကယ့် တည်ဆောက် ပြုပြင်ရေးလုပ်ငန်းတွေမှာဆို
ဘယ်လောက် စနစ်တကျ ပလဲန် လိုက်မလဲ တွက်ကြည့်ပါတော့။
Planning period တခုအနေနဲ့တောင် ၄လဆိုတာ တိုလွန်းမလား မသိဘူးနော…..
kai
December 6, 2011 at 4:40 pm
အယ်လ်အေလမ်းတွေမှာတော့.. လမ်းမကိုထွင်းပြီး..ဝါယာကြိုးချ.. ဆင်ဆာ တပ်ထားလိုက်ပါတယ်..။
သတိထားမိသလောက် လွန်ခဲ့တဲ့.. ၁ဝနှစ်လောက်ကမှ စလုပ်တာပဲ..။
ဆိုတော့.. ကားမရှိရင်.. မီးပွိုင့်က..မစိမ်းတာတို့.. အကွေ့ကားရှိရင်.. နီပေးတာတို့..အလိုလို လုပ်တော့တာပဲ..။
=
မြန်မာပြည်က.. မီးပွိုင့်တွေမှာရော.. လူစည်ကားတဲ့နေရာတွေမှာပါ.. ကင်မရာကြီးတွေတပ်ပြီး.. ကွန်ထရိုစင်တာထားကြည့်နေသင့်တယ်..။
နယူယောက်.. လန်ဒန်လိုပေါ့…
လုံခြုံရေးအရ အရမ်းကောင်းသွားသလို.. အလုပ်တွေလည်းအများကြီးထွက်လာမှာ…။ 🙂
inz@ghi
December 6, 2011 at 4:51 pm
the Italian Job(movie)
ထဲမှာ ကြည့်လိုက်ဖူးတယ် ဗျ.. အဲ့သည့် traffic control system တွေအကြောင်း
မြေအောက် ဆင်ဆာ တပ်ထားနိုင်တော့ တာလီချိုးဖို့ မလိုတော့ဘူးပေါ့ဗျာ….
security camera ကိစ္စထက် ပိုလက်တွေ့ကျတာ ပြောရမယ်ဆို ..ဈေးကြီးပေးပြီး
ဆိုလာတပ်ထားတဲ့ မီးပွိုင့်တွေ ပျက်ပျက်နေတတ်တဲ့ ကိစ္စပါ….
ဂယ်က ပျက်တာမဟုတ်ဝူးခည…ဆိုလာပလိတ်တွေ ဖုန်မှုန့်တွေ တင်လို့
sunlight ကောင်းစွာ မရလို့ charging မရတာ ….ဟီး(ဆိုလာပြား ပျက်တယ်ဆိုပြီး ဘတ္ထရီ
တွေ ပျောက်ပျောက်သွားတာတော့ တားလည်း ဉာဏ်မမီဝူး.) ..
ဆိုလာပြားလေးတော့ ဖုန်သုတ်ကြပါ ဆြာတို့
🙁
awra-cho
December 7, 2011 at 11:34 am
traffic အတွက် civil major မှာ သင်ရိုးတွေ ရှိပါတယ်။ စနစ်တကျ မလုပ်ကျတာ(ပိုက်ဆံနဲ့အချိန် ပိုကုန်မှာကိုး) လူကြီးတွေ က လဲ မသိတာလား၊မသိချင် ဆောင်တာ လား၊DG အဆင့်လောက် က စပြောင်းရင် တောင် ရ လောက် ပါတာယ်။လုပ် ချင်စိတ် ရှိ ဖို့ပဲလိုတာပါ။
fatty
December 6, 2011 at 3:56 pm
ဂီဂီဆီကနေမှတ်သားရပါတယ်။ planning period ကိုတတိုင်းပြည်လုံးအတွက်ဆိုရင်ဖြင့် အပြည့်အစုံထွက်လာအောင်နှစ်နဲ့ချီပြီးအချိန်ယူရမယ်ထင်ပါတယ်။ ဥပမာ ၁ နှစ်ပေါ့။
စံနစ်တကျ ဆန္ဒပြနိုင်ကြတဲ့နေရာတွေ ဥပဒေပြဠာန်းချက်တွေလုပ်နေပါပြီ။ ပြည်သူ့ရဲတွေကို
ဒီမိုကရေစီနားလည်အောင် ပြည်သူကိုယဉ်ကျေးသိမ်မွေ့စွာ ကိုင်တွယ်တတ်အောင်လေ့ကျင့်ပေးဖို့်
လိုပါမယ်။ ဒါလဲလေ့ကျင့်နေတယ်လို့တော့သဲ့သဲ့ကြားမိပါတယ် …။
အတော်တော့လုပ်ယူရမှာပါ။ အခုက ရဲမြင်ရင်ကို ရွံမုံးကြီးဖြစ်နေပြီ။
Shwe Tike Soe
December 6, 2011 at 4:03 pm
မြန်မာကို စင်္ကာပူလိုလုပ်မယ်ဆိုတာကိုက သူများကို အတုခိုးပြီးလုပ်နေတာ…. ကိုယ့်နိုင်ငံ ကိုယ် idea နဲ. နိုင်ငံခြားက နည်းပညာတွေ ဖိတ်ခေါ်ပြီး တွဲလုပ်ရမှာ.. ကျွန်တော်တို. နိုင်ငံကရေခံမြေခံကောင်းပြီးသာ နည်းပညာပဲလိုတာ..
လူတွေစည်းကမ်းမရှိတာကတော့ တစ်ယောက်ချင်းစီပြင်မှကိုရမယ် ကိုယ်အလုပ်ကိုယ်စည်းကမ်း ကိုဂုဏ်ကိုထိန်း ကျရမှာပါပဲ..
ဦးဆောင်လုပ်ကိုင်နေတဲ့သူတွေက အမြင်မရှိရင် နောက်က လိုက်လုပ်ရတဲ့ ခေတ်ပညာတတ်လူငယ်တွေက လဲ အဲဒီအတိုင်းလုပ်နေရမှာပဲ.. တက်သစ်စလူငယ် တွေရဲ.နည်းပညာလေ့လာစမ်းသစ်မှုတွေကိုလဲ အားပေးသင့်တယ်…
ရုံးတစ်ရုံးမှာ အင်တာနက်မသုံးတတ်တဲ့ ဦးစီးမှူးတစ်ယောက်စီ စာပို.ရင် ငါအင်တာနက်မသုံးတတ်ဘူး စာတိုက်ကနေပို. ဆိုရင် မိနစ်ပိုင်းအတွင်း ကြာရမယ့်ကိစ္စကို ၃ရက်လောက်သွားရော… အဲဒါပြောတာ ပြောကိုမပြောချင်ဘူး.. 😀
fatty
December 6, 2011 at 4:31 pm
ပြောပါကိုတိုက်စိုးရယ် … meeting တွေမှာ ဘောပင်တွေတကိုင်ကိုင်နဲ့ကုန်းကုန်းပြီးမှတ်နေကြတာ
ကြည့်ရတာတမျိုးကြီးဖြစ်နေပြီ။ လိုင်စင်တခုလျှောက်ချင်ရင် လက်မှတ်တခုလိုချင်ရင် အင်တာနက်
ရှိလည်း နေပြည်တော်ပြေးကြရတယ်။ ကိုယ်တိုင်မပြေးနိုင်တော့ Agent ငှားကြရတယ်လေ။
Paper Work တွေ လျျှော့သင့်တာလျှော့ဖို့ကောင်းပါပြီ။ သူများတွေထက် ၁ဝလှမ်း၁၅ လှမ်းပိုလှမ်းရမှာကို
အတွေးအခေါ်က သူများတွေထက်နောက်ကြနေသလိုဘဲ။
char too lan
December 6, 2011 at 9:01 pm
ဟုတ်တယ် ဦးဖက်ကိုဒီအချက်အတွက် ထောက်ခံတယ်
အဲ့ဒီစနစ်ကတော့ အရင်ဆုံးပြင်သင့်တယ်
တစ်ခုရဖို့ ငါးခုလောက်ပေးပီးမှ ရရိုးထုံးစံဖြစ်နေပီ 🙄
manawphyulay
December 6, 2011 at 4:58 pm
ဖြစ်လာရင်တော့ တော်တော်ကောင်းတာပေါ့ရှင်။ ဒါတွေဖြစ်လာမယ်ဆိုရင် ဘယ်နှစ်နှစ် target ထားသလဲ။ ဘယ်တော့ ဘယ်လိုပုံစံဖြစ်လာမလဲမသေခင်တော့ တွေ့သွားချင်မိပါရဲ့….
ဆူး
December 6, 2011 at 5:14 pm
ပြောရရင် ဒါပဲ ထပ်တယ် ဖြစ်တော့မယ်။
အမှိုက် မဆင်မခြင် ပစ်တဲ့ ကိစ္စ စနစ်တကျ ဖြစ်အောင် လုပ်ပေးတာမျိုး
ရေဆိုး စနစ် နဲ့ မြောင်းတွေ ကောင်းအောင် လုပ်သင့်တာမျိုး
ကြွက်ဖောက်လို့ ချိုင့်နေတဲ့ ပလက်ဖောင်းတွေ
လူတွေ အန္တရာယ်ကင်းကင်း ပလက်ဖောင်းတွေမှာ လမ်းလျှောက်နိုင်ဖို့ စက်ဘီး နဲ့ ဘီးတပ် ကုလားထိုင် သမားတွေ ပလက်ဖောင်းမှာ လွယ်လွယ် သွားနိုင်အောင် လျှော ဇောက်လေးတွေ
ညဈေးတန်း တရုတ်တန်းလိုမျိုး.. တိုးရစ်တွေ နဲ့ ခရီးသွားတွေ လည်ပတ်ပြီးတော့ ပိုက်ဆံ ဖြုန်းနိုင်တဲ့ နေရာမျိုး.. (တလောက တရုတ်တန်းမှာတောင် ညဉ့်မနက်ခင် ဈေးတွေ သိမ်းနေရတယ်။)
သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်တဲ့ ဆိုင်တွေ ဖြစ်လာအောင် စောင့်ကြည့်လေ့လာရေးတွေ ရှိသင့်ကြောင်း
ကားပါကင် အတွက် လမ်းတိုင်းမှာ အထပ်မြင့် ပါကင် အနေနဲ့ ရပ်နားကွင်း ထားပေးသင့်ကြောင်း
ယာဉ်ကြောပိတ်ဆို့မှု နည်းသွားမည်ဟု ယုံကြည်ကြောင်း
စည်းမဲ့ ကမ်းမဲ့ အတင်းအလုအယက် မောင်တဲ့ ကားသမားတွေ ပြင်းပြင်းထန်ထန် နဲ့ အရေးယူသင့်ကြောင်း
မလိုအပ်ပဲ အတင်းကျော်တက်.. ဆန့်ကျင်ဘက် လမ်းက ယာဉ်မလာလို့ အတင်းတက်မောင်း.. လာတော့မှ တည့်တည့်တိုးလို့ ဒွတ်ခများတာတွေ ကြုံရကြောင်း
စသဖြင့် စသဖြင့်.. စည်းကမ်းနဲ့သာ တိုးကြိတ်သွားရင် အဆင်ပြေပြေ နဲ့ ယာဉ်ကြောတွေ အဆင်ပြေ လိမ့်မည်ဟု ယူဆကြောင်း
လမ်းဘေး ဈေးသည်တွေ ဈေးရောင်းပြီး ဖွ ထားတဲ့ အမှိုက်ကိစ္စ လည်း ဖြေရှင်းသင့်ကြောင်း
မြို့တော် လှပ စေဖို့ ပန်းမန် သစ်ပင်များ စိုက်ပျိုးသင့်ကြောင်း လမ်းအလယ်မှာ စိုက်တဲ့ အပင်လေးတွေက ညဘက် ကားမီးထိုးတာ ကာပေးလို့ အဆင်ပြေကြောင်း
အခုတော့ ဒီလောက်ပဲ သတိရမှ ထပ်လာပြောတော့မယ်။
“ဘီလူးကြီး”ogre
December 6, 2011 at 5:21 pm
မြန်မာပြည်က ဘာလုပ်လုပ် ဌာနတစ်ခုနဲ့တစ်ခု
ဆက်စပ်ပေါင်းစုလုပ်ကိုင်နိုင်ခြင်းမရှိတာ ဆိုးတာပဲလေ
လမ်းနဲ့တံတားဌာနက ရှေကလမ်းခင်းသွားရင်
နောက်က ရေနဲ့သန်ရှင်းရေးဌာနက မြောင်းလိုက်တူးတော့တာပဲ
ဒီလိုမှမဟုတ်ရင် ဆက်သွယ်ရေးနဲ့လျှပ်စစ်က လမ်းဖျက်တော့တာပဲ
အဆိုးဆုံးတစ်ခုကတော့ လမ်းပြင်နေသည်လို့ ဆိုင်းဘုတ်ထောင်ထားရင်
ကျောက်ပုံတွေ ဘယ်နေရာဖြစ်ဖြစ်ပုံလို့ရတာရယ်
ကေဘယ်ကြိုးပြုပြင်နေသည်ဆိုရင် လမ်းအကောင်းကြီးကို
တူးခြင်သလိုတူးလို့ရတာရယ် ပဲဗျ
အဲဒါတွေကိုတစ်ကြိမ်တည်းနဲ့ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့
နေ့က ဘယ်နေ့ဖြစ်မလဲ
လမ်းပြင်လို့ ရေးပိုက်လိုင်းနဲ့ကေဘယ်ကြိုးတွေပျက်တယ်
ရေပိုက်နဲ့ကေဘယ်ကြိုးပြတ်လို့ လမ်းကိုပြန်ဖျက်တယ်
ကောင်းရောပေါ့….ဒီတစ်ခုထဲမဟုတ်ဘူးပါဘူး
ဌာနတိုင်းဆက်စပ်လုပ်ကိုင်နိုင်ရင်
အစိုးရရုံးတွေမှာရှိတဲ့ စာရွက်စာတမ်းထိမ်းသိမ်းတဲ့ ဘီရိုကြီးတွေ စတိုခန်းထဲက ခြကိုက်နေတဲ့
နှစ်အလိုက်စုစည်းထားထဲ့ စာရွက်ပုံကြီးတွေအတွက် နေရာပေးဖို့ မလိုတော့ဘူး
ထင်ပါကြောင်း…..
ကြာနီကန်ဆရာတော် လေသံနဲ့ပြောရရင်…ဟဲဟဲ……….““အဲဒီကစတယ်ပေါ့””ဗျာ 🙂
လင်းဝေ
December 6, 2011 at 5:26 pm
ဦးဖက် ရေ စီမံခန့်ခွဲမှု ပုံစံဆိုတာ သင်ပေးလို့ ရကောင်းရမယ်။ အမြော်အမြင်ဆိုတာတော့ သင်လို့မရပါဘူး။
kosharshi
December 6, 2011 at 5:39 pm
နားလည်ရသိ်ပ်ခက်တဲ့ မီးပွိုင့်များ ကိုတွေ့ဘူးပါရဲ့လား၊ စိမ်းရာကချက်ခြင်းနီ၊နီရာကချက်ခြင်းစိမ်း၊ မော်တော်ယာဉ်များကတော့ လမ်းမအလယ်မှာတစ်စီးနဲ့တစ်စီး ခေါင်းခြင်းဆိုင်နှုတ်ဆက်ကြ၊ စိမ်းမှန်း နီမှန်း မသိ စိတ်မှန်းနဲ့ မှန်းဆပြီးသွားလာနေကြရပါတယ်၊ တစ်ဘက်လူရဲ့စိတ်ကိုမြင်အောင်ကြည့်နိုင်မှသာ မောင်းကြပေတော့၊ဒါမှ သာ.. ယာဉ်ထိန်းများကတော့ z..z….z…..z……….z………….
winkyawaung
December 6, 2011 at 8:08 pm
အဓိကတော့ မြန်မာပြည်ကြီး ခေတ်မှီတိုးတက်ရေးမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပြုပြင်ပေးကြရမှာပါ။ ဝန်ထမ်းတွေကိုလည်း လာဘ်မစားအောင် လစာကောင်းကောင်းပေး။ လာဘ်စားတာနဲ့ အလုပ်ဖြုတ် ထောင်ချ၊(မည်သည့်လွတ်ငြိမ်းချမ်းသာခွင့် မှ မပါစေရ-ပုံ သမ္မတ)။ ပြည်သူတွေရဲ့အကျိုးကို တာဝန်ကျေပွန်အောင်ဆောင်ရွက်၊ အချိန်မြန်မြန်ပြီးအောင်လုပ်ကြ။ ဌာနတွေအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်ကြ။ အစိုးရနဲ့ ဝန်ထမ်းတွေကလည်း ကိုယ်ကျင့်တရားကို စံပြ ဖြစ်အောင်နေပြ။ စည်းကမ်းမလိုက်နာတဲ့ ပြည်သူတွေကိုလည်း လာဘ်ငွေမယူပဲ ထိုက်တန်တဲ့ အရေးယူမှုပြု။ အစိုးရဝန်ထမ်းနဲ့ ပြည်သူတွေတွေ အပြန်အလှန် ကိုယ်ကျင့်တရားတွေ ကောင်းကြဖို့ လိုမယ်ထင်ပါတယ်။ ပြည်သူတွေ ဝင်ငွေတိုးတက်လာအောင် လည်း ကောင်းတဲ့စီမံချက်တွေကို နိုင်ငံတော်က ဆောင်ရွက်ပေးရမယ်။ အစိုးရရယ်၊ ပြည်သူရယ်၊ ဝန်ထမ်းတွေရယ် တူညီတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ ကိုလိုက်နာကြရမယ်။ အခွင့်ထူးခံ လူတန်းစား ပျောက်မှ မြန်မာပြည် တိုးတက်မည်ထင်ပါတယ်..။ (ကျွန်တော်ပြောတာတွေ မှားရင်လည်း ပြင်ပေးတော်မူကြပါခင်ဗျာ..။)
ကျွန်တော်ကတော့ အမတ်လည်းမဟုတ်၊ အလဲလည်းမဟုတ်၊ တန်းတန်းကြီးကြည့်နေတဲ့ သာမန်ပြည်သားတစ်ဦးပါဗျို့…။
ကြောင်လတ်
December 6, 2011 at 8:13 pm
မြန်မာပြည်ကို စင်ကာပူလိုဖြစ်အောင်လုပ်ရင် မြန်မာပြည်သူတွေရဲ့စိတ်ဓါတ်ကို စလုံးတွေရဲ့စိတ်ဓါတ်မျိုးဖြစ်အောင် တပြိုင်တည်းလုပ်သွားသင့်ပါတယ်၊ ဒီ အင်တာနက်ထဲ ပြောနေလို့ ၉၀%လောက်က မသိဘူး၊ စင်ကာပူအကြောင်း စလုံးတွေရဲ့ အတုယူသင့်တဲ့ စည်းကမ်းအကြောင်းကိုဗွီဒီယိုမှတ်တမ်းတွေရိုက်ပြီး မြန်မာ့အသံ နဲ့ မြဝတီ က ကိုရီးကားလွှင့်နေတဲ့အချိန်တွေမှာ ကြော်ညာတွေနဲ့အတူ (အများ) ပြည်သူတွေ သိအောင် ခေါင်းထဲကို နဲနဲချင်း ရိုက်သွင်းသင့်တယ်လို့အကြံပြုချင်ပါတယ်။
မိုးနတ်သားလေး
December 6, 2011 at 8:34 pm
ကျွန်တော်တို့မြန်မာပြည်ကိုတိုးအောင်လုပ်ချင်ကြတာမြန်မာလူမျိုးအားလုံး
စိတ်ထဲရင်ဝယ်ကိုယ်စီရှိကြပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေမှာစိတ်ထဲ
တိုးတက်အောင်လုပ်ချင်ပင်မဲ့
(၁)မြန်မာလူမျိုးတဦးတဦးကပ်ကပ်သပ်သပ်လုပ်တက်ကြတယ်လေ(ဥပမာသူမလုပ်လိုငါမလုပ်တာသူတောင်အမှိုက်သွန်းသေးတာငါလည်းသွန်းမယ်)
(၂)ဒီအချက်ကတော့တကယ်အရေးကြီးဆုံးအချက်ပါမြန်မာလူမျိုးကျွန်တော်ပါအပါအဝင်ပေါ့နော်
စည်းကမ်းမရှိရင်ဘယ်တော့မှာဒါမှမဟုတ်သေတောင်မတိုးတက်ဘူး
(ဥပမာဒီနားကွမ်းစတွေးမထွေးရတွေးတယ်ဘာဖြစ်လဲလမ်းမျည်းကြားကူးရမယ်မကူးတော့ဘူးဘာဖြစ်လဲ)
အမြစ်ဆိုတာတွယ်တိုင်းလည်းကောင်းတာမဟုတ်ဘူး
“တိုက်ပေါ်မှာညောင်မြစ်တွယ်ရင်ငယ်စဉ်ကတည်းနှုတ်ပစ်ရသလို”
“လူမှာလည်းစိတ်ဓါတ်အညစ်အဆိုးရှိရင်မောင်းထုတ်တက်အောင်ကျင့်သင့်တယ်နော်”
စည်းးကမ်းကောင်းမှာစိတ်ဓါတ်ကောင်းမယ်နော်
fatty
December 6, 2011 at 8:36 pm
ွှTraffic light အကြောင်းကတော့စိတ်ဝင်စားစရာပါ။ ပြောင်းလဲသင့်တဲ့အရာပါဘဲ ခေတ်မီလေ
အန္တရာယ်ကင်းလေဖြစ်မှာမို့တင်ပြသင့်ပါတယ်။အကယ်လို့များနိုင်ငံခြားကတဦးဦးက
ှSysterm တခုလုံးကန်ထရိုက်ယူပြီးလုပ်ချင်တယ်ဆိုရင်ဆက်သွယ်နိုင်ပါတယ်။
ဒေါ်ဒေါ်ဆူးရေ ထပ်ခါထပ်ခါပြောရတယ်လို့မအောင့်မေ့ပါနဲ့ propaganda လုပ်တယ်လို့သာသဘောထား
ပေးစေချင်ပါတယ် ..။ ကြောငြာတခုကိုထပ်ကာထပ်ကာပြသလိုပေါ့ ။
ကိုလင်းမြွေပြောသလိုပါဘဲ … အမြော်အမြင် ကိုသင်လို့မရတော့အတော်ခွကျတဲ့အဖြစ်တွေ
နေ့တိုင်းတွေ့နေရပါတယ် ..။ စာသိပ်မဖတ်ကြတာလဲပါမယ် နွားချေရာခွက်ထဲ မျောနေကြတာလဲပါမှာပေါ့။
အခုခေတ်ရဲ့နည်းပညာတွေကိုမလေ့လာကြတော့ဘဲ ၂ လုံးလောက်တွက်နေကြတာလဲပါမယ်။
ကျနော်တလောက တိုင်းဂျာ တဦးဆီအလယ်သွားမိပါတယ် ၂ လုံးတွက်နေသဗျ။
windtalker
December 6, 2011 at 8:59 pm
ပြည်သူများ လိုက်နာရန်
ယခုလက်ရှိစည်းကမ်းထက် ပိုမိုကောင်းမွန်သော စည်းကမ်းများ ချမှတ်ရန် လိုပြီး
စည်းကမ်းဖောက်သူများကိုလည်း ပြင်းထန်စွာ အပြစ်ပေးရန် လိုအပ်မည် ဟု ထင်မိပါသည် ခင်ဗျာ
naywoonni
December 6, 2011 at 9:03 pm
အဲသဟာပြောတာပေါ့ ကိုဖက်တီးရေ…။ ရုပ်ပိုင်းဆိင်ရာပြောင်းလဲလာတာထက် စိတ်ပိုင်းဆိုင်ရာပြောင်းလဲဖို့က အဓိကကျတယ်ဗျ…။ ဘီလူးကို မင်းသားလို ပြင်ဝတ်ပေးထားပေမဲ့…။ သူ့ရဲ့ စားမယ် ဝါးမယ် အချောင်ခိုမယ်ဆိုတဲ့ ဘီလူး စိတ်ကိုမပြောင်းနိုင်သေးဘူးလေ…။ ဘယ်လောက်မွဲနေ မွဲနေ စိတ်ဓါတ်ခွန်အားရှိပြီး စည်းစနစ်ကျတဲ့သူဟာ ပြောင်ပြောင်ပဲ မွဲနေတာပဲ…။ ကံအားလျောစွာ အဆင်သင့်တဲ့ နေ့ကျရင် လူတစ်လုံးသူတစ်လုံး လေးစားစရာ ဖြစ်လာတာပဲ…။ ခုတော့ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်သလောက် စိတ်ပိုင်းဆိုင်ရာ စည်းကမ်းတွေ ကျတော့ တော်တော်ဆုတ်ယုတ်နေတာက စိတ်ပျက်စရာကောင်းနေတယ်…။ ဘယ်လိုပြုပြင်မှာလဲ…။ ဘာနဲ့ ပြုပြင်မှာလည်း တင်းကျပ်တဲ့ ဥပဒေတစ်ရပ်နဲ့ မှမကိုင်ရင် ဒီလူတွေ အချိုးပြောင်းဖို့ မမြင်ဖူး…။ နဂို စည်းကမ်းရှိတဲ့ သူတွေတောင်မှ စည်းကမ်း မဲ့တဲ့သူတွေကြားထဲမှာ လျော့ရဲနေတယ်…။ ကိုယ်မလုပ်လည်း တစ်ခြားသူတွေ လုပ်နေတာပဲ ဘာမှမဖြစ်ဘူးဆိုတဲ့ အတွေးတွေ ဝင်ကုန်ရင် ကြာရင် မကောင်းဘူး ဗျ
fatty
December 6, 2011 at 9:15 pm
ဒီအထိတော့ ကွန်မင့်ရေးကြသူတွေရဲ့အာဘော်ကိုကြည့်ရတာ မြန်မာပြည်သူပြည်သားတွေကို
အားရပုံမပေါ်ပါဘူး ကျနော်တို့ဝန်ခံရမှာပါ။
အရေးကြီးဆုံးက ထိုက်သင့်တဲ့ပြုပြင်ပြောင်းလဲမှုတွေတကယ်လုပ်ပြီဆိုရင် ပြည်သူတွေကိုလဲစည်းနဲ့
ကမ်းနဲ့နေတတ်အောင်ကိုင်တွယ်ရမှာပါ။ အခုတော့တွေ့ရာနေရာမှာ ပြစ်ကနဲပြစ်ကနဲ ကွမ်းသတွေးထွေး
အမှိုက်ချ ဒါဏ်များများရိုက်ပြီးဖမ်းလိုက်ရင်ကောင်းပါမယ်။ တပြိုင်နက်လုပ်ဖို့လိုပါတယ်။
တံတားအသစ်တစင်းထိုးတာမြန်ပါတယ် စရိုက်တစ်ခုပြင်ဖို့ရာ အတော်လေ့ကျင့်ယူကြရမှာပါ။
comegyi
December 6, 2011 at 11:32 pm
ဆရာဦးအောင်သင်းစာပေဟောပြောပွဲစာအုပ်ထဲက ဆရာပြောတာ တစ်ခုသတိရမိတယ်
ဦးဖက်ရယ်..
စင်ကာပူတွေက သူတို့ကိုယ်သူတို့ပြန်မေးတယ်ဆိုတဲ့
သူများနိုင်ငံမှာ ဟိုဟာထွက် ၊ ဒီဟာထွက် အကုန်ထွက်တယ်
ငါတို့မှာရေတောင်ဝယ်သောက်ရတယ်
ဒီတော့ ငါတို့မှာ ဘာထွက်လဲ
လူပဲထွက်တယ် …တဲ့ ….
ကဲ ….ဒီတော့ အဲဒီလူကို တန်ဖိုးရှိအောင်လုပ်မယ်ဆိုပြီး လုပ်လိုက်ကြတာ
အခုစင်ကာပူဖြစ်ပါရောလား
ဟုတ်ကဲ့ စင်ကာပူလိုလုပ်မယ်ဆိုရင်ဖြင့်
အနော်တို့မှာ
သန်း (၆၀)တောင် ထွက်ထားတယ်ခင်ဗျ
အခြားထွက်တာတွေ မပါသေးဘူး ဦးဖက်ရ….
fatty
December 7, 2011 at 9:22 am
ဟုတ်ပါတယ်ကိုကမ်းကြီးရေ လူလူ ..လူ လူက အဓိကကြတာမို့ လူတွေကို တန်ဖိုးရှိသော
စည်းကမ်းရှိသောလူတွေ ဖြစ်ဖို့လေ့ကျင့်ပေးကြရပါမယ်။ တက္ကစီမောင်းသူတွေ ဘတ်စ်ကားမောင်း
သူတွေက အစ ယဉ်ကျေးသိမ်မွေ့တဲ့ဆက်ဆံရေးလုပ်နိုင်လာအောင် train လုပ်ပေးနိုင်ရင်
သိပ်ကောင်းမှာဘဲ …။ အဲဒါမှ ဘောပွဲအားပေးတဲ့သူတွေကအစ ပုံစံပြောင်းသွားမှာပါ။
အဲဒါတွေအတွက် ရုပ်မြင်သံကြားတို့ ရေဒီယိုတို့ကနေ ပညာပေးအနေနဲ့အလေးထားပြီးထုတ်လွှင့်သင့်ပါတယ်….။
ကြောင်ကြီး
December 7, 2011 at 11:51 am
ပြုပြင်ပြောင်းလဲရေးဆိုတာ အများပြည်သူ နှစ်ခြိုက်လက်ခံနိုင်ပြီး အရည်အချင်းပြည့်ဝသူ ဖြစ်ရပါမယ်။ လိုက်နာရမဲ့သူများ ဦးဆောင်တာဝန်ခံသူများနဲ့ ကီးမကိုက်မှတော့ ဘာပြောင်းလဲရေး လုပ်လုပ် အောင်မြင်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဦးဖက်ပြောသလို လွှတ်တော်အမတ်များထံ တင်ပြခြင်းသည် ကောင်းပါ၏ သို့သော် (၁) လွှတ်တော်အမတ်များသည် အများပြည်သူများ အမှန်တကယ် ရွေးချယ်တင်မြောက်လိုက်သူများ ဖြစ်ရမည်၊ (၂) သက်ဆိုင်ရာ အာဏာပိုင်များဖက်က ၎င်းတို့ကို အရေးတယူ ဆက်ဆံနေရာပေးမှ အကြံညဏ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်။ (၃) နာမည်ကောင်းကို တပါတီ၊ တဖွဲ့ တဦးတယောက် အကျိုးစီးပွားအတွက် အသုံးမချရ (၄) စီမံကိန်းအသစ်များကို လွတ်လပ်စွာ အကဲဖြတ် ထောက်ပြဆန်းစစ်ပိုင်ခွင့် ပေးထားပါပြီလား။။။။ ဒါတွေမရှိရင် အဆိပ်ပင် ရေလောင်းသလို ဖြစ်တဲ့ဟာဖြစ် သဲထဲရေသွန် ဖြစ်တဲ့ဟာဖြစ် အချီးနှီးအကျိုးမဲ့ ဖြစ်ကုန်မှာ စိုးလို့ပါ။။။
fatty
December 7, 2011 at 1:03 pm
ဒီနေရာမှာတခုလေးသတိရမိလို့ ….
ကျနော်ငယ်ငယ်က နယ်ဘက်မှာကြီးပြင်းရတာပါ ရွှေဘကွ တင်ညွန့်ကွ ချကွဆိုတဲ့ခေတ်ပေါ့ ..။
ရှေ့ဆုံးတန်းကကြည့်ပြီး မကျေနပ်ရင်ပိတ်ကားကို ဂဲနဲ့ပေါက်ချင်လဲပေါက်တာဘဲ ..။
ရန်ကုန်ဆိုတဲ့မြို့ကြီးရောက်တော့ သမတရုံလိုက်ပြတဲ့သူကပြတော့ အဲလိုဘဲ ဂဲနဲ့
ပေါက်ရမယ်ထင်နေတာ ..။ အော်ချင်တာတွေအော်လို့ရမယ်ထင်နေတာ .. သမတရုံကြီးရောက်တော့
သူ့ရဲ့ခန်းနားကြီးကျယ်ပုံကြည့်ပြီး အသံတောင်မထွက်ရဲတော့ပါဘူး …။ အဲဒါကြောင့်ကျနော်ထင်ပါတယ်
ပါတ်ဝန်းကျင်က သိပ်ပြီးသာယာ သပ်ယပ်နေရင် လူတွေစည်းကမ်းမဲ့သိပ်မလုပ်ရဲကြဖူးလို့ထင်ပါသဗျ။
pasi
December 7, 2011 at 4:16 pm
ကောင်းလိုက်တဲ့ မန့်တွေ ကျနော်တို့အားလုံးက အမိမြန်မာပြည်ကို တိုးတက်စေချင်တဲ့လူတွေဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စရာပါ စည်းကမ်းရှိမှတိုးတက်မည်
kai
December 8, 2011 at 7:15 am
ဖေ့စ်ဘုတ်ကနေ ပြန်ကူးတာပါခင်ဗျား..
အချက်အလက်ရစေဖို့ရည်ရွယ်ပါတယ်..။ ညီညီ (သံလွင်)ရေးတာဖြစ်ပါတယ်..။
http://www.facebook.com/nyinyithanlwin
=
ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင် …
by Nyi Nyi Thanlwin
ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့်တူအောင်လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။ ထို့အတွက် စင်္ကာပူတွင် ၁၂ နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။ တခေတ်တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့် စာအုပ်ထဲတွင် ဝန်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင်လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။ ခုတော့ သံသရာ ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျစိတ်ဖြင့် အတုယူခဲ့ရသည့် စင်္ကာပူကို ကျွန်တော်တို့ ပြန်၍ နမူနာ ယူရချေဦးမည်။
ဤအတွက် ကျွန်တော် စိတ်ဓာတ်မကျပါ။ ရည်မှန်းချက်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ကြရသည့် အနေအထားမှ ဦးတည်ချက်များ ရှိလာ၍ စိတ်အား တက်ရပါသည်။ ရည်မှန်းသည့် အတိုင်း လုပ်ဆောင်ကြဖို့တော့ လိုပါမည်။
သွားလာရေးလွယ်ကူ
ဤတွင် စင်္ကာပူနှင့် တူအောင် ဘာတွေ လုပ်ကြမည်လဲဟု မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။ စင်္ကာပူတွင် လူဦးရေ ၅ သန်းခန့် နေထိုင်သည်။ ကျွန်တော် နေထိုင် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံအရ စင်္ကာပူသည် တစ်နှစ်ထက် တစ်နှစ် လျင်မြန်စွာ တိုးတက် ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။ ရှေးဦးစွာ စင်္ကာပူရှိ အခြေခံအဆောက်အအုံ (infrastructure) နှင့် ပတ်သက်၍ ပြောပြချင်သည်။ စင်္ကာပူတွင် အဝေးပြေးလမ်းမကျယ်ကြီးများ ရှိသည်။ ရုံးဆင်းရုံးတက်ချိန်တွင် မြို့ပတ်ရထားများ (MRT) ၂ – ၃ မိနစ်ကို တစ်စီးခန့် ရှိသည်။ ရထားနောက်ကျသည်ဟူ၍ မရှိ။ ၃ မိနစ်အကြာတွင် ရထားဆိုက်မည်ဟု ကြေညာထားလျှင် ၃ မိနစ် အတိအကျတွင် ရထားရောက်လာသည်။ ဘတ်စ်ကားများ စီးရသည်မှာ လွယ်ကူအဆင်ပြေသည်။ ဘတ်စ်ကားများ စုပေါင်းရပ်နားသည့် စနစ် (Bus Interchange System) ကို အသုံးပြုထားသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားရာတွင် အဆင်ပြေသည်။ ဥပမာ – ဆူးလေတွင် ကား အတော်များများ ဂိတ်ဆုံး သကဲ့သို့ ဖြစ်ရာ ဆူးလေ Bus Interchange ၊ တာမွေတွင် ဂိတ်စ-ဂိတ်ဆုံးသည့်ကားများက တာမွေ Bus Interchange စသဖြင့် သတ်မှတ်ထားပြီး အဆိုပါ ဘတ်စ်ကားများ စုပေါင်း ရပ်နားရာသည် အများအားဖြင့် ဘူတာရုံများနှင့် အနီးအနားတွင် ရှိသည်။ ထို့ကြောင့် အနီးဆုံးသွားလိုရာ ဘူတာရုံသို့ ရထားစီးပြီး ထိုမှတဆင့် ရပ်ကွက်ကြို ရပ်ကွက်ကြား သွားလိုက်ပြန်လိုက်လုပ်နေသည့် Feeder Bus ဟုခေါ်သည့် ဘတ်စ်ကားများ စီးကာ မိမိအလိုရှိရာသို့ အရောက်သွားနိုင်သည်။ အိုင်ဖုန်းကဲ့သို့ စမတ်ဖုန်းတစ်လုံး ရှိလျှင် ဘတ်စ်ကား နံပါတ်နှင့် လမ်းကြောင်းများကို ကြည့်ရှုနိုင်သည်။ မြို့ပတ်ရထားနှင့် ဘတ်စ်ကားများစီးရန် ကြိုတင်ပို်က်ဆံဖြည့်ထားသော စမတ်ကဒ်များကို အသုံးပြုနိုင်သည်။ ဖြည့်ထားသည့် ပိုက်ဆံကုန်သွားလျှင် ရထားဘူတာရုံများနှင့် ဘတ်စ်ကားများ စုပေါင်းရပ်နားသည့်နေရာ (Bus Interchange) တွင် အေတီအမ်ကဒ်ဖြင့် လည်းကောင်း၊ ပိုက်ဆံဖြင့်လည်းကောင်း ထပ်မံ ဖြည့်သွင်းနိုင်သည်။
လူအရင်းအမြစ်အဓိက
စင်္ကာပူတွင် မည်သည့် သယံဇာတမှ မရှိသည့်အပြင် သောက်သုံးရန်ရေကိုပင် မလေးရှားနိုင်ငံမှ နေ့စဉ် ဂါလန်သန်းပေါင်းများစွာ ဝယ်ယူနေရသည်။ ထို့ကြောင့် အခြား သယံဇာတကြွယ်ဝသည့် နိုင်ငံများကဲ့သို့ သယံဇာတကျိန်စာသင့်နေခြင်း မရှိပါ။ စင်္ကာပူ၏ အဓိက အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက် ပညာရေးကို အထူးအားပေးသည်။ ကျောင်းများတွင်လည်း စာကြည့်တိုက်များကို လူကြီးလာစစ်လျှင် ပြသရန်အတွက် မဟုတ်ဘဲ ကောင်းမွန်သပ်ရပ်စွာ ထားရှိပြီး စာအုပ်စာတမ်းများ အတော်ပင်စုံလင်ပါသည်။ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ ကြွယ်ဝရေးအတွက် စာကြည့်တိုက်များ မြို့နယ်တိုင်းတွင် ထားရှိသည်။ စာကြည့်တိုက်များမှာ ခနော်နီခနော်နဲ့ စာကြည့်တိုက်ကလေးများ မဟုတ်ပါချေ။ အချို့စာကြည့်တိုက်ကြီးများမှာ ၂ ထပ်- ၃ ထပ် အပြည့် ကဏ္ဍများ စုံလင်စွာ ခွဲထားပြီး စာအုပ်များ သိန်းသောင်းချီ၍ ရှိမည် ထင်သည်။ စင်္ကာပူနိုင်ငံတွင် အမျိုးသား စာကြည့်တိုက် ၁ ခု (၁၆ ထပ် အမြင့်ရှိ) ၊ ဒေသဆိုင်ရာ စာကြည့်တိုက် ၃ ခုနှင့် အခြား ပြည်သူ့စာကြည့်တိုက်ပေါင်း ၂၄ ခု ရှိပါသည်။ ၂၀၀ရ ဘဏ္ဍာရေးနှစ်အထိ စာကြည့်တိုက် အဖွဲ့ဝင်ထားသူ စုစုပေါင်း ၂ သန်းနီးရှိပြီး စာအုပ်ဌားရမ်းမှု ၂၈ သန်း ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ စာကြည့်တိုက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များ ၅ သန်းကျော်၊ မလေးဘာသာဖြင့် စာအုပ် ၆သိန်း ၂ သောင်းကျော်၊ တရုတ်ဘာသာဖြင့် စာအုပ် ၁ သန်း ၉ သိန်းကျော်၊ တမီးလ်ဘာသာဖြင့် ၃သိန်း ၁ သောင်းကျော် ရှိပြီး စုစုပေါင်း ဌားရမ်းနိုင်သည့် စာအုပ်၊ ဒီဗီဒီ၊ စီဒီ စသဖြင့် အမျိုးအစား စုံလင်စွာ ရှိကာ အရေအတွက်အားဖြင့် ၉ သန်းမျှ ရှိသည်ဟု သိရသည်။ ကောင်းသည်က စင်္ကာပူအရှေ့ပိုင်းရှိ စာကြည့်တိုက်တွင် ဌားလာသော စာအုပ်ကို ကြုံသည့် စာကြည့်တိုက်တွင် အပ်၍ ရသည်။ ထို့ပြင် ဌားလာပြီး ဖတ်၍ မပြီးသေးလျှင်လည်း အင်တာနက်မှ တဆင့် သက်တမ်းတိုး၍ ရသည်။ ထပ်မံ၍ ဖတ်လိုသေးလျှင်လည်း ရက်လွန်ကြေးပေး၍ ဖတ်နိုင်သည်။ မိမိဌားလိုသည့် စာအုပ်ကို သူများဌားသွားလျှင်လည်း ကြိုတင် reserve လုပ်ထားမည်ဆိုပါက အဆိုပါ စာအုပ် စာကြည့်တိုက်ပြန်ရောက်လျှင် အကြောင်းကြားပါလိမ့်မည်။ စာအုပ်အပ်ရန် မေ့လျော့နေပါကလည်း သက်တမ်းမပြည့်မီ ၃ ရက်အလိုတွင် အီးမေးလ်သို့ လည်းကောင်း၊ လက်ကိုင်ဖုန်းသို့လည်းကောင်း အသိပေးသည့်စာ ရောက်လာပါသည်။ မိမိရှာလိုသည့် စာအုပ်ကိုလည်း စာကြည့်တိုက်၏ အင်တာနက်စာမျက်နှာမှ တဆင့် ရှာဖွေနိုင်ပြီး မည်သည့် စာကြည့်တိုက်တွင် ဌားရမ်းနိုင်သည်ကို သိရှိနိုင်သည်။
ပညာတော်သင်များ
စင်္ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများသည် ပညာတတ်များ ဖြစ်ကြသဖြင့် နောင်မျိုးဆက်သစ် မပြတ်စေရန် ပညာထူးချွန်သူများကို အထူးပင် အားပေးအားမြှောက်ပြုသည်။ ထူးချွန်ထက်မြက်သည့်သူများကို ပညာတော်သင်များအဖြစ် အနောက်နိုင်ငံများသို့ ဝန်ကြီးဌာနအသီးသီးမှ နှစ်စဉ် အများအပြား စေလွှတ်သည်။ ထို့သို့ သွားရောက် ပညာသင်ကြားပြီး မိမိနိုင်ငံသို့ ပြန်လာလျှင်လည်း ဝန်ကြီးဌာနအသီးသီးတွင် သင့်တော်သည့် နေရာများကို ပေးကာ စဉ်ဆက်မပြတ် အကဲခတ်၍ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် အားထုတ်ကြသည်။ စင်္ကာပူတွင် နှစ်စဉ် ဘဏ္ဍာရေးလျာထားငွေ၏ ၂ဝ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက်တွင် အသုံးပြုသည်ဟု လေ့လာသိရှိရသည်။ လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့် မှတ်တမ်းအရ မြန်မာနိုင်ငံတွင်မူ ဝ.၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ဟု ဝမ်းနည်းဖွယ်ရာ သိရသည်။
အဂတိကင်းမဲ့
ဒါ့အပြင် စင်္ကာပူတွင် ရုံးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်သလို မည်သည့် အပိုကြေး၊ လက်ဘက်ရည်ကြေးမှ မပေးရသည့်အပြင် ပြက္ခဒိန်ဝယ်ရခြင်း၊ ရန်ပုံငွေထည့်ရခြင်း ဒုက္ခတို့မှ ကင်းဝေးပါသည်။ လိုအပ်သည့် အချက်အလက်များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများမှ တဆင့် ကြိုတင်ဖတ်ရှုနိုင်သလို ကြေညာချက်များကိုလည်း ရှင်းလင်းတိကျစွာ ဖော်ပြထားသည်။ မလိုအပ်သည့် ကြိုးနီစနစ်များကို အစွမ်းကုန် လျှော့ချထားပြီး လုပ်ကိုင်စရာ ကိစ္စများကို လျင်မြန်စွာ ပြီးစီးနိုင်စေရန် အဓိက ထား၍ ဆောင်ရွက်ကြသည်။ Transparency International မှ ၂၀၁၁ နှစ်တွင် ပြုလုပ်သည့် စစ်တမ်းအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံများထဲ၌ ပဉ္စမနေရာကို ရရှိထားပြီး အာရှတိုက်ရှိ နိုင်ငံများထဲတွင် အဂတိလိုက်စားမှု အကင်းဆုံး ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန်နိုင်ငံနှင့် အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများထဲတွင် တတိယနေရာ ရောက်နေသည်။
ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် စင်္ကာပူရှိ အစိုးရဆေးရုံ ဆေးခန်းများကိုပင် မမီပါချေ။ ယေဘုယျအားဖြင့် ဆိုရလျှင် သန့်ရှင်းသပ်ရပ်မှု ရှိသလို ပေးရသည့် ဝန်ဆောင်ခနှင့် ထိုက်တန်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုကို ပြန်ရသည်။ ပြီးစလွယ် မလုပ်သလို စရိတ်မျှပေး ဆေးခန်းများတွင်လည်း ဆရာဝန်ရေးပေးလိုက်သည့် ဆေးစာရွက်လေး သွားပြနေစရာ မလိုချေ။ ထို့ပြင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ (ပီအာ)နှင့် စင်္ကာပူနိုင်ငံသားများမှာလည်း Central Provident Fund (CPF) ဟု ခေါ်သည့် လစဉ် မစုမနေရ ထည့်ဝင်ရသည့် စုငွေထဲမှ ပေးနိုင်သည့်အပြင် ကျန်းမာရေးအာမခံများ ဝယ်ယူထားပါက ဆေးရုံစရိတ်စကများအတွက် အထူးတလည် သောကရောက်ကြရခြင်း မရှိပေ။ စင်္ကာပူတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အကြား အသုံးပြုပြီး မြန်မာနိုင်ငံတွင်မူ လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့် မှတ်တမ်းအရ ဝ.၄ ရာခိုင်နှုန်း အသုံးပြုသည်ဟု စိတ်မကောင်းဖွယ်ရာ သိရသည်။
အင်တာနက် မြန်ဆန်
ထို့အပြင် စင်္ကာပူနှင့် ပတ်သက်၍ ပြောချင်သည်က စာတတ်မြောက်မှုနှုန်းနှင့် ကွန်ပျူတာ တတ်ကျွမ်းမှုနှုန်း (Computer Literacy) မြင့်မားခြင်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုနှုန်းမှာလည်း ၂၀၀၃ ခုနှစ်တွင် ၆၅% ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၇၆% အထိ တိုးတက်လာခဲ့သည်။ အင်တာနက်အမြန်နှုန်းတွင်လည်း 2Mbps မှ 10 Mbps သုံးစွဲသူ စုစုပေါင်းမှာ ၂၀၀၅ ခုနှစ်တွင် ၅ သိန်းခဲ့သာ ရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ၁.၅ သန်း နီးပါး ရှိလာခဲ့သည်။ နိုင်ငံတကာတွင် အင်တာနက် အမြန်နှုန်း သူထက်ငါ မြန်ဆန်အောင် ကြိုးစားနေချိန်တွင် ကျွန်တော်တို့ နိုင်ငံမှာတော့ အီးမေးလ်လေး တစ်ခု ပို့ဖို့ အတော် အချိန်ယူနေရသည်။ စင်္ကာပူတွင် အင်တာနက်ပေါ်မှ ရုပ်ရှင်တစ်ကား ကြည့်ရန် အတွက် မိနစ် ၂ဝ ခန့်သာ Download လုပ်သည်ကို စောင့်ရပါသည်။ နောက်ပြီး Video Conferencing လုပ်လို့ ရနေသည်။ ရန်ကုန်မှာတော့ အင်တာနက်ကဖေးမှ တဆင့် Voice Chat လောက် လုပ်သည်ကိုပင် အင်တာနက်လိုင်းက ပြတ်လိုက်တောက်လိုက်နှင့် ခန္တီစ တရားကို အာရုံပြုနေရသည်။ အဓိကကျသည့် အချက်က စင်္ကာပူတွင် အင်တာနက်သုံးစွဲရန် အဖိုးအခမှာ များစွာ သက်သာနေသော်လည်း မြန်မာနိုင်ငံတွင်မူ နိုင်ငံတကာနှင့် ယှဉ်ပါက အဆများစွာ ပေးနေရပြီး အင်တာနက်လိုင်းများမှာလည်း အလွန်တရာ နှေးကွေးဆဲဖြစ်သည်။ အင်တာနက် အမြန်လမ်းမကြီးပေါ်တွင် စင်္ကာပူက ပြိုင်ကားနှင့် မောင်းနှင်နေချိန်ဝယ် မြန်မာနိုင်ငံက ဆိုက်ကားနှင့် ယှဉ်မောင်းနေ၍ မသင့်တော့ပါ။
ဘဏ်စနစ်ကောင်းမွန်
စင်္ကာပူ၏ ဘဏ်စနစ်မှာလည်း သုံးစွဲသူများ အဆင်ပြေစေရန် ဖန်တီးပေးထားသည်။ အေတီအမ်စက်များက နေရာတိုင်းလိုလိုမှာ ရှိနေသည်။ NETS ဟု ခေါ်သည့် စနစ်ဖြင့် အေတီအမ်ကဒ်များကို အသုံးပြုပြီးလည်း ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊ စားသောက်ဆိုင်များတွင် ပေးနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသုံးပြုနိုင်ရန် Myanmar Payment Union (MPU) ကို ကြိုးစားလုပ်ကိုင်နေသည်ဟု သတင်းတစ်ပုဒ်ထဲတွင် ဖတ်လိုက်ရသည်။ လက်ကျန် ရှင်းတမ်းကြည့်ခြင်း၊ ငွေထုတ်ငွေသွင်း စာရင်းကြည့်ခြင်း၊ ငွေလွှဲခြင်း၊ ဘီလ်များဆောင်ခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် အချိန်မရွေး လုပ်ဆောင်နိုင်သည်။ ထို့ပြင် ငွေသွင်းစက် (Cash Deposit Machine) များမှ တဆင့် မိမိဘဏ်အကောင့်ထဲသို့ ငွေသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အိမ်ဝယ်ခြင်း၊ ကားဝယ်ခြင်း၊ စီးပွားရေး လုပ်ငန်း စတင်ခြင်း စသည့် ကိစ္စ အဝဝတွင် ဘဏ်များထံမှ ချေးငွေရယူ၍ သင့်တင့်သည့် အတိုးနှုန်းဖြင့် အရစ်ကျပြန်လည် ပေးဆပ်နိုင်ပါသည်။ အိမ်ဝယ်ရာတွင် နှစ် ၂ဝ မှ နှစ် ၃ဝ အထိ အရစ်ကျ ပေးဆပ်နိုင်သလို ကားဝယ်ရာတွင်လည်း ၁ဝ နှစ် အထိ အရစ်ကျ ပေးဆပ်နိုင်သည်ဟု သိရသည်။
အလုပ်အကိုင်ဖန်တီးမှု
စင်္ကာပူတွင် အလုပ်အကိုင်ဖန်တီးမှု မြင့်မားပြီး အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာ ၂၀၁၁ တွင် ထုတ်ပြန်သော စာရင်းဇယားအရ ၂ ရာခိုင်နှုန်းသာ ရှိသည်။ လက်ရှိ အလုပ်လုပ်ကိုင်နေသူ လုပ်သား စုစုပေါင်း ၃.၁၉ သန်း ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသူ စုစုပေါင်း ၅ သိန်း ၄ သောင်းကျော် ရှိပြီး ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူ စုစုပေါင်း ၄ သိန်းကျော်ရှိသည်။ စင်္ကာပူရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသည့် မြန်မာများမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သလို သင်္ဘောကျင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများတွင် လုပ်ကိုင်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ကွန်ပျူတာပညာရှင်များ၊ စာရင်းကိုင်များ စသဖြင့် များစွာ ရှိသည်။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေသည့် စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ရေးသားရာ၌ တရားဝင်ထုတ်ပြန်သည့် စာရင်းမှာ ၅ သောင်းမှ ၆သောင်းကြား ဖြစ်သော်လည်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ လာရောက် အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။
ပွင့်-လင်း-မြင်-သာ
စင်္ကာပူနှင့် ရန်ကုန်တို့၏ ကွာခြားချက်များစွာ ကျန်ပါလိမ့်ဦးမည်။ သို့သော် အထက်ဖော်ပြပါ အချက်များတွင် စင်္ကာပူနှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုလျှင် ကျေနပ်ပါသည်။ ထို့ကြောင့် တာဝန်ရှိသူ အားလုံး မိမိကျရာ အခန်းကဏ္ဍမှ ကြိုးစားပေးစေလိုပါသည်။ စင်္ကာပူနှင့် နိုင်ငံအသီးသီးတွင် ရောက်ရှိကာ ပညာသင်နေသော၊ လုပ်ငန်းခွင်တွင် ရောက်နေသော လူငယ်လူရွယ်များစွာ ရှိပါသည်။ ထို လူငယ်လူရွယ်များ ပြည်တော်ပြန်ရန် ခေါ်နေရုံဖြင့် မဖြစ်ဘဲ လုံလောက် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးစေလိုပါသည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံတွင် မွေးသော လူတော်များကို စင်္ကာပူက အဆင်သင့် မွေးစားသွားသည့် အဖြစ်မျိုး ပိုမို ကြုံတွေ့ရပါလိမ့်မည်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်္ကာပူတွင် လာရောက်ဟောပြောသွားသော ဆရာအော်ပီကျယ်၏ စကားနှင့် ဆိုရလျှင် ပွင့်လင်းမြင်သာမှု (Transparency) ရှိဖို့ အရေးကြီးပါသည်။ ပိတ်ထားလျှင် မှောင်နေပါလိမ့်မည်။ ပွင့်မှ လင်းမည်။ လင်းမှ မြင်ပါမည်။ မြင်မှ သာ(ယာ) ဝပြောပါလိမ့်မည်။ မည်မျှပင် နောက်ကျနေပါစေ။ ကျွန်တော်တို့ အတူတကွ တွန်းတင်ကြရပါမည်။ သူများ ခြေတလှမ်းလှမ်းလျှင် အလှမ်းပေါင်းများစွာ လှမ်းကြဖို့ လိုပါမည်။ ကျွန်တော်တို့ မြန်မာပြည်သားများ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြမည်ဆိုလျှင် စင်္ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူကြီးမင်းတို့၏ ဖုန်းများ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်နေခြင်း မရှိမှသာ လျင်မြန်စွာ ရွေ့လျောနေသည့် ကမ္ဘာကြီးနှင့် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ပြန်လည် ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း။
ညီညီ (သံလွင်)
ကိုးကား။
၁။ IDA’s Annual Survey on Infocomm Usage in Households and by Individuals for 2008
၂။ http://www.mof.gov.sg
၃။ http://www.singstat.gov.sg
၄။ http://www.nlb.gov.sg
fatty
December 8, 2011 at 10:30 am
ကိုခိုင်ရေအတော်လေးပြည့်စုံသွားတာမို့ကျေးဇူးအထူးတင်ပါတယ်။ အစိုးရဖက်ကလည်း ဘတ်ဂျက်တွေ
တိုးပြီးချထားပေးဖို့လိုသလို ပြည်သူတွေကိုလည်းထဲထဲဝင်ဝင်ပညာပေးဖို့လိုတာပါဘဲ။
တနိုင်ငံလုံးအုံကြွသွားအောင် ဆန္ဒပြကြဖို့ စည်းရုံးနိုင်တဲ့လူတော်တွေကျနော်တို့နိုင်ငံမှာအများကြီးရှိပါတယ်။
သူတို့ကသာ တနိုင်ငံလုံးစည်းကမ်ရှိကြဖို့ စည်းရုံးရင် အောင်မြင်မယ်ထင်ပါတယ် ..။