ကြက်မတစ်ကောင်ရဲ့ခံစားချက် -၂
ကြက်မတစ်ကောင်ရဲ့ခံစားချက် (ပြည်တွင်းလူကုန်ကူးမှုအကြောင်း) -၂
ကျမလည်းပွဲစားအဒေါ်ကြီးကိုဖုန်းလှမ်းဆက်ပြီး သူလာခေါ်တဲ့ ရက်မှာ ကျမလုပ်အားခ
ကျန်တဲ့ငွေ တောင်မယူတော့ပဲနဲ့ အလုပ်ကထွက်လိုက်ပါတယ်။
ပွဲစားအဒေါ်ကြီးက ရန်ကုန် အထည်ချုပ်စက်ရုံမှာတော့ အလုပ်ရမယ်ပြောတယ်၊
ကျမက စက်မှ မချုပ်တတ်တာ ဆိုတော့ စက်နင်းတတ်ရင်၊ ချုပ်ကြောင်းဖြောင့်
ရင်ဖြစ်တယ်လို့ပြောတယ်၊ စက်ရုံမှာက နယ်ဆိုင်တွေမှာလို အင်္ကျ ီ တစ်ထည်လုံး
ချုပ်ရတာမဟုတ်ဘူးတဲ့၊ သူ့အပိုင်းနဲ့ သူ တခုခြင်းတွဲရတာ တဲ့၊ ကျွမ်းကျင်လာမှ
တဆင့်ခြင်းတက်ရတယ်ဆိုတော့အဆင်ပြေတာပေါ့။
ကျမက အားရင် ဂျီးတော် မကျော့ တို့ အိမ်မှာစက်သွားနင်းနေကျ၊
အပ်ကြောင်းဖြောင့်ရုံတင်မက ပုဆိုးတို့ ထမိန်တို့ တော့ကောင်းကောင်းချုပ်တတ်တယ်။
ဒါနဲ့ ကျမ လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခုကိုရောက်ခဲ့တယ်။
ပွဲစားကိုတော့ ထုံးစံအတိုင်းတလစာပေးရတာပေါ့။
စက်ရုံမှာ အဆောင်နေရင်လည်းရတယ်၊ အဆောင်ကြေးနဲ့ စားစရိတ်ကိုလစာထဲကဖြတ်ယူတယ်၊
ဒါပေမဲ့ ကျွေးတဲ့ဟင်းကမကောင်းဘူးဆိုတော့ အပြင်မှာပဲ အိမ်လေးတစ်လုံးစုငှား၊
စုနေ၊စုချက်စားကြတော့ လစာအပြည့်ရပါတယ်။
စက်ရုံမှာ သူတို့ သတ်မှတ်တဲ့ အထည်အရေအတွက် ရအောင်ချုပ်ပေးရတာမလွယ်ပါဘူး။
မပြီးရင် လူနဲ့မတန်အောင်အပြောခံရသေးတယ်၊ နဲနဲကျွမ်းကျင်လို့ စောစောပြီးတဲ့သူတွေက
ကူချုပ်ပေးလို့တော်သေးတယ်။ ဒီလိုနဲ့ သုံးလေးလလောက်ကြာတော့ ကျမ ကျွမ်းကျင်လာပါတယ်၊
သတ်မှတ်အထည်တွေကိုပြီးအောင်ချုပ်နိုင်တဲ့အနေအထားရောက်လာပြီး၊
အသစ်ဝင်လာတဲ့သူတွေကို ကူညီနိုင်လာတဲ့အထိဖြစ်လာပါတယ်။
ကိုယ့်တုန်းကလည်းဒီလိုပဲ သူများတွေ ကူခဲ့ရတော့ ကိုယ်ချင်းစာတယ်လေ။
အရေးကြီးတဲ့အခါဆိုရင် ညအထိ ချုပ်ပေးရတယ်၊ အဲဒါဆိုရင်တော့ အိုတီကြေးရတာပေါ့။
ရတာက နဲနဲပါ၊ တခါတခါ အချိန်လွန်လုပ်ပေးရသေးတယ်။
အိုတီကြေးပေးပြီးတူတူတန်တန် ညအထိလုပ်ခိုင်းတာလဲမဟုတ်ဘူး။
တနေ့ ကို တစ်နာရီ တစ်နာရီခွဲလောက် အချိန်ခိုးလုပ်ခိုင်းတာ။
အဲလိုနေ့မျိုးဆိုအိမ်ပြန်နောက်ကျရော။ အိမ်ငှားနေရတာမလွယ်ဘူး။
သိတယ်မလား အထည်ချုပ်စက်ရုံကကောင်မတွေဆိုပြီး လမ်းထဲမှာ ရိချင်တဲ့သူ၊
ဈေးလိုက်ညှိတဲ့သူတွေကလည်းရှိသေးတယ်။ ဟုတ်တဲ့သူတွေကလည်း ရှိနေတာကိုး။
ကျမတို့နဲ့ အတူတူနေတဲ့တစ်ယောက်တောင် အဲဒီလိုလိုင်း လုပ်နေတယ်လေ။
သူနဲ့ အတူနေရတော့ ကျန်တဲ့သူတွေကိုလည်း ဒီပုတ်ထဲက ဒီပဲလို့ထင်ကြတာပေါ့။
တခါက ဆိုမူးမူးနဲ့ အကောင်တကောင်က အတင်းလိုက်ပြီးဈေးညှိတယ်။
အဲဒီနေ့ က လစာထုတ်ရက်ဆိုတော့ သူငယ်ချင်းတွေက စတိုးဆိုင်မှာ ဝင်ပြီးကျန်နေခဲ့တယ်။
ကျမကတော့ အိမ်စားရိတ်တွေလုံးပမ်းနေရတော့ ဘာမှမဝယ်နို်င်ဘူး။
လိုက်သွားရင်လည်းလိုချင်တာဝယ်မိမှာစိုးလို့ မလိုက်ပဲတစ်ယောက်တည်းပြန်ခဲ့တယ်။
သူအတင်းလိုက်ပြောနေတာကို မသိချင်ယောင်ဆောင်ပြီး ဘာမှ ပြန်မပြောပဲ
ခပ်တည်တည်နဲ့ ထွက်သွားတော့အနားကိုအတင်းကပ်လာပြီး လက်ကိုဆွဲထားတယ်။
ကျမလည်း လက်ကိုဆောင့်ရုံးလိုက်ပြီးတော့ ကက်ကက်လန်အောင်ပြန်ရန်တွေ့လိုက်တယ်။
ဟုတ်တယ်လေ ညိမ်ခံနေရင် နောက်ဆို ပိုပြီးအတင့်ရဲလာမှာပေါ့။
သူငယ်ချင်းတွေကတော့ အဲသလိုမလုပ်နဲ့တဲ့ ၊နောက်ဆိုတစ်ယောက်တည်းမပြန်နဲ့တဲ့။
လူမိုက်တွေကြားထဲမှာ အန ္တရာယ်ရှိတယ်လို့ သတိပေးတယ်။
ဟုတ်တော့လည်းဟုတ်ပါတယ်၊ကျမတို့ဘဝက မိန်းကလေးတွေချည်းပဲ စုပြီးနေရတာ။
ကိုယ့်မိန်းကလေး အချင်းချင်းပဲ အားကိုးနေရတာ။
ဘယ်ယောက်ျားသားတစ်ယောက်မှ အကိုလိုမောင်လို လာစောင့်ရှောက်ကြမှာမဟုတ်ဘူး။
ဘယ်အချက် စားလို့ရမလဲလို့ ကျားချောင်း ချောင်းနေကြတာ။
ကျမတို့ ဆင်းရဲသားမိန်းကလေးတွေရဲ့ဘဝ ရပ်တည် နေထိုင်ဖို့ကမလွယ်ပါဘူး။
ဒီလိုနဲ့ ဘဝပျက်သွားရတဲ့မိန်းကလေးတွေ မှ အများကြီး။
အဲဒီထဲမှာကျမ မပါဖို့ကို အမေ့ရဲ့ဆုံးမစကားတွေကို ကြားယောင်ရင်း သတိနဲ့ ကြိုးစားခဲ့ရတယ်။
ဒါပေမဲ့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုတာလို တနှစ်လောက် ကြာတော့
ကျမ လုပ်နေတဲ့အထည်ချုပ်စက်ရုံ ပိတ်ရတော့မယ်ဆိုတဲ့ သတင်းကိုကြားရတယ်။
ကြီးကြပ်ရေးမှူးတွေ ပြောသံကြားတာကတော့ ဆိုင်ရှင်ကြောင့်တဲ့။
စက်ရုံကြီးတစ်ရုံလုံးလုပ်နေပြီး ဒီဆိုင်ရှင် ဒုက္ခပေးလို့ ပိတ်ရတယ်လို့ဟယ်၊
ဒီဆိုင်ရှင်ရောင်းမပေးလည်း တခြားဆိုင်ရှင်ကို ပြောင်းရောင်းခိုင်းလို့မရတော့ဘူးလားလို့
သူငယ်ချင်းကိုပြောတော့ ၊ သူငယ်ချင်းက ဟဲ့ဆိုင်ရှင်မဟုတ်ပါဘူးတဲ့၊ စံရှင်ပါလို့ပြောတယ်။
စံရှင်ဆိုတာဒီစက်ရုံပိုင်ရှင်လားလို့မေးတော့ မဟုတ်ဘူးတဲ့ ၊ဒီစက်ရုံပိုင်ရှင်က နိုင်ငံခြားသားတဲ့၊
စံရှင်ဆိုတဲ့လူ ဘယ်သူလဲဆိုတာကတော့ သူလဲမသိပါဘူးတဲ့။
ဒီလိုနဲ့ စက်ရုံပိတ်သွားတော့အလုပ်လက်မဲ့ ဖြစ်သွားတယ်။
ရွာကိုချက်ခြင်းမပြန်သေးပဲ အခြားစက်ရုံတွေမှာများ အလုပ်ရအုန်းမလားလို့
လိုက်စုံစမ်းတော့၊ နိုင်ငံခြားစက်ရုံတော်တော်များများပိတ်ရတာတဲ့။
ပြည်တွင်းကလူ ရှယ်ရာပါတဲ့ စက်ရုံအချို့ပဲ ကျန်မယ်တဲ့၊အပ်ချုုပ်သမ တော်တော်များများပြုတ်တော့
အလုပ်ရဖို့မလွယ်ဖူးဆိုတဲ့စိတ်ပျက်စရာ သတင်းတွေကိုပဲကြားရတယ်။
စံရှင်ဆိုတာ ပြည်တွင်းက လူပဲဖြစ်ရမယ်၊ သူနဲ့ အပြိုင်လာလုပ်တဲ့ နိုင်ငံခြားသားတွေကို
အတင်းတိုက်ထုတ်တာဖြစ်မယ်ဆိုပြီး အဲဒီလူကို မေတ္တာတွေတောင်ဝိုင်းပို့ကြသေးတယ်။
စက်ရုံအလုပ်မရလဲ တခြားအလုပ်ရမလားလို့ လိုက်ရှာရင်း တလလောက်ကြာလာတယ်၊
ကျမတို့လို အလုပ်ပြုတ်ပြီး ရွာမပြန်နို်င်ကြတဲ့မိန်းကလေးတွေ အများကြီး ။
တချို့ဆို စောစောစီစီး ဖိနပ်စီးတဲ့ကြက်ဖြစ်ကုန်ကြတယ်။
ကေတီဗွီတွေ စားသောက်ဆိုင်တွေကလည်း ဒီသတင်းကြားတော့ လာပြီးခေါ်ကြတာ
ခြေကိုရှုပ်နေတာပဲ၊ တော်တော်များများပါသွားကြတယ်၊ ကျမကတော့ ကေတီဗွီ ဆိုတော်ပါပြီ။
ကျမနဲ့ အတူတူနေတဲ့သူတွေထဲမှာ အရင် က ဇ ရှိတဲ့သူနှစ်ယောက်လည်း
ဟိုဝါရင့်တစ်ယောက်နဲ့ပေါင်းမိသွားပြီး ရှူရှူးပေါက်တဲ့ကြက် ဖြစ်သွားတယ်။
ကျမကိုတောင် သူက အဖော်ညှိသေးတယ်၊ သူနဲ့အတူ အလုပ်လိုက်လုပ်ပါလားတဲ့။
သူကတော့စေတနာနဲ့ ပြောတာပါ၊ ကျမရဲ့ အကြပ်အတည်းတွေကို သူ့ ကိုပြောပြဖူးတာကိုး။
ငွေ များများကို မြန်မြန်ရနိုင်တဲ့အလုပ်က ဒီအလုပ်ပဲ ရှိတယ်တဲ့။ သူကိုယ်တိုင်လည်း
မိသားစုအခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနေရတော့ ဒီအလုပ်ကို မဖြစ်မနေလုပ်နေရတာပါတဲ့။
သူကအိမ်ထောင်သည်ပါ၊ သူ့ ရွာမှာ ကလေး တစ်ယောက်တောင်ရှိပါတယ်တဲ့၊
သူ့ယောကျားကျန်းမာရေးမကောင်းလို့ ဒီအလုပ်ကို လာလုပ်နေရတာပါတဲ့။
ရွာမှာ ဈေးရောင်းတော့ အရင်းအနှီးမရှိလို့ နေ့ပြန်တိုးကို ၂ဝ တိုးယူရတော့
အကြွေးလည်ပင်းမြုပ်လာတဲ့အခြေအနေမှာ ကြံရာမရတော့လို့ မြို့တက်ပြီး ဒီအလုပ် လုပ်ရတာပါတဲ့။
သူတို့ ရွာကသိထားတာတော့ အထည်ချုပ်စက်ရုံမှာလုပ်တယ်ပေါ့။
အဲဒါကြောင့် ညီမကို ကိုယ်ချင်းစာလို့ အကြံပေးတာပါတဲ့လေ။
ကျမကကြောက်တယ် မလုပ်ရဲဘူး ဆိုတော့ အစမို့ ပါကွယ်တဲ့နောက်တော့ ရိုးသွားလိမ့်မယ်တဲ့။
လုပ်ချင်လို့မှ မဟုတ်ပဲ ဘဝရပ်တည်ရေးအတွက် ရုံးကန်နေရတာ၊ အလုပ်သဘောအရ
ဝင်ငွေရှာနေလို့ ပဲ သဘောထားလိုက်ရင် စိတ်ဖြေသာပါတယ်လို့ပြောတယ်။
ကျန်းမာရေးကိစ္စတွေ အနေနဲ့ ကြောက်စရာမကောင်းဘူးလားဆိုတော့
အခုခေတ်မှာ ဆေးပညာ အရမ်းတိုးတက်နေပြီတဲ့၊ ကာကွယ်ရေးပစ္စည်းတွေကို
စံနစ်တကျသုံးရင် ဘာမှ မဖြစ်ပါဘူးတဲ့၊အမက ၁ဝတန်းအောင်ထားတဲ့သူတစ်ယောက်ဆိုတော့
ကျန်းမာရေးဗဟုသုတရှိတယ်တဲ့၊ အမတို့လို ဆင်းရဲတွင်းနက်နေသူတွေအဖို့
တခြားအားကိုးစရာရွေးချယ်စရာဘာမှ မရှိပါဘူးတဲ့၊ အလုပ်လုပ်နေတယ်လို့ပဲ
သဘောထားပါတယ်တဲ့၊ဒါကြောင့် ဘာကျန်းမာရေးပြဿနာမှ မရှိအောင် နေနိုင်တာလို့ပြောပါတယ်။
သူကဆက်ပြောသေးတယ်၊ တချို့ယောက်ျားတွေ က အခုအခံနဲ့ ဆို မဆက်ဆံချင်ကြဘူး။
ဒဲ့ ကစ်ချင်ကြတဲ့သူတွေက ရှိသေးတယ်။ ဒါမျိုးတွေတွေ့ရင် လုံးဝလက်မခံပဲ နေလိုက် ၊
ဘယ်သူမှစိတ်မချရဘူး၊ပိုက်ဆံ မရ ရင် နေပါစေတဲ့၊ နောက်ပြီး အမတို့က တွေ့ကရာလူနဲ့
လိုက်တာမဟုတ်ဘူး၊ လူရွေးပြီး သန့်သန့်လေးပဲ လုပ်စားတာတဲ့။
ဘာပဲပြောပြော အမတို့နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အမတို့လို နင်းပြားလူတန်းစား
မိန်းကလေးတွေအတွက်တော့ ဒီအလုပ်ဟာ အကောင်းဆုံး
စီးပွားရေးအခွင့်အလမ်းပါလို့ ရှင်းပြပါတယ်။ အားကိုးစရာ ရွေးချယ်စရာ မရှိတဲ့
ကျမ စိတ်ထဲမှာ သူပြောတာ ဟုတ်သလိုလိုလက်ခံချင်သလိုတောင်ဖြစ်လာပါတယ်။
ဒါပေမဲ့ အမေ့ရဲ့ ဆုံးမစကားကိုနားမှာကြားယောင်ရင်းကျမ ထိမ်းသိန်းနိုင်ခဲ့ပါတယ်။
ကျမတို့အိမ်မှာတင် သုံးယောက်ဖြစ်သွားတော့ ကျမတို့နေလို့မဖြစ်တော့ဘူး။
လက်ထဲကျန် တဲ့လစာကလည်းကုန်တော့မယ်ဆိုတော့မှ ရွာပြန်ဖို့လုပ်ကြတယ်။
သင်္ဘောပေါ်ရောက်မှ ဦးကြီးတစ်ယောက် နဲ့ စကားပြောရင်း အကျိုးအကြောင်းပြောပြတော့
စံရှင် ဆိုတာ လူမဟုတ်ဘူးဆိုတဲ့အကြောင်း ၊အမေရိကန်နဲ့ အနောက်နိုင်ငံတွေက
စီးပွားရေးပိတ်စို့တာဆိုတဲ့အကြောင်းသိရတော့တယ်။
ဒီလိုနဲ့ ကျမလည်း ပြည်တော်ပြန်မဟုတ်ပဲ၊ ဒုတိယအကြိမ် ရွာတော်ပြန်ခဲ့ရပါတယ်။
ရွာပြန်ရောက်တော့ လည်းအလုပ်မယ်မယ်ရရ မရှိပါဘူး။
ငယ်စဉ်ကတည်းက ကောက်စိုက်၊ပျိုးနှုတ်၊ကမလုပ်ဖူးတော့မလုပ်တတ်ဘူး။
နွေရာသီ လေးမှာ နှစ်သီးစားလယ်တွေမှာစိုက်တဲ့ ပဲနှုတ်၊ ငရုပ်ခူးလိုက်လုပ်နေရတယ်။
ကေတီဗွီကလောက် ဝင်ငွေဘယ်ကောင်းမလဲ။ စက်ရုံမှာလိုလဲ ငွေပိုငွေလျှံထွက်မလာပါဘူး။
အလုပ်က မရှိတရက် ရှိတရက်ပါ။ ကံအကြောင်းများဆိုးချင်တော့
နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုတဲ့ကိန်းဆိုက်လာတယ်။
အဖေက နေ့ ဘက်အလုပ်လုပ်၊ ညဖက်ကြတော့ မြို့ ကနေ လာဖွင့်ထားတဲ့
ဂိုင်းထွန်စက်တွေ၊ရေစုပ်စက်တွေ ငှားပေးတဲ့ဌာနမှာ ညစောင့်ဝင်လုပ်တယ်။
နေ့ဘက်ပင်ပန်းတော့ ညဘက်ကျတော့လည်း တညလုံးဘယ်စောင့်နိုင်မလဲ၊အိပ်ပျော်တာပေါ့၊
အဲဒီမှာ စက်ပစ္စည်းတွေ ပျောက်ပါရောလား၊ သူခိုးပဲ တကယ်ခိုးတာလား၊
သူတို့ဟာသူတို့ စာရင်းမရှင်းနိုင်လို့ ညစောင့်ဖြစ်တဲ့ကျမအဖေကို လွှဲချသလားမသိပါ၊
အဖေကတော့ ကျေးရွာရဲစခန်းရဲ့အချုပ်ထဲရောက်ပါတယ်။
ဒါနဲ့ အမျိုးတွေ နဲ့ ရွာထဲက ငွေချေးတဲ့သူတွေ ဆီ ပိုက်ဆံလိုက်ချေး ပြီး
အလျော်ပေးပြီး အဖေ့ကို အချုပ်ထဲက ထုတ်ရပါတယ်။
အဖေအပြင်ရောက်လာပေမဲ့ စိတ်ဓါတ် ကကျ၊
ပင်ပန်းတဲ့ဒဏ်တွေကလည်း ဖိဆိုတော့ အိပ်ယာထဲလဲပါတော့တယ်။
အဖေက အလုပ်မလုပ်နိုင်ပဲ ညိမ်နေပေမဲ့ အတိုးတွေ ကတော့ညိမ်မနေပါဘူး။
ဒီအတွက် အခက် ကြုံရပြန်ပါတယ်။ ဒီအတိုးတွေ ကျေဖို့အတွက်က
ငွေများများ ရမဲ့အလုပ်ကိုလုပ်မှဖြစ်မယ်ဆိုတာ အမေရော ကျမပါ နားလည်ပါတယ်။
ကျမမှာရွေးချယ်စရာမရှိတော့ပါဘူး။ မာယာများတဲ့ ကျားရဲတောကိုပဲ
ယုံသူငယ်မလေး ခြေဦးပြန်လှည့်ရပြန်ပြီပေါ့။
ကျမ မြို့ပေါ်က ကေတီဗွီဆိုင်ကို တစ်ခေါက်ထပ်ရောက်ရပြန်ပါပြီ။
9 comments
ကြောင်လတ်
December 10, 2011 at 1:56 pm
ကြားဖူးနားဝ အချက်အလက်ကို ကျနော့် စိတ်ကူးနဲ့ ကွန့်ရေးထားတာဖြစ်ပေမဲ့ ဒီလိုအဖြစ်အပျက်တွေ အပြင်လောကမှာ တကယ်ရှိနေမှာကို၊ ရန်ကုန်က ကိုုကိုတွေ သေသေချာချာသိကြလိမ့်မယ်လို့ထင်ပါတယ်။
အမှားပါရင်လည်းခွင့်လွှတ်ကြပါလို့ ရွာသူား အပေါင်းကိုတောင်းပန်လိုက်ပါကြောင်း။
မိုးပွင့်ဖြူ
December 10, 2011 at 2:04 pm
ဖတ်ရှုအားပေးသွားပါတယ်
ဘာရေးရမှန်းတောသိဘူး ကြားဖူးတဲသူတစ်ယောက် ရှိတယ် သူက 4တန်းလောက်ပဲ ကျောင်းနေဘူးပြီး မြို့ပေါ်တက်အလုပ်လုပ်တာ
သူကတော ဟိုတယ်တစ်ခုရဲ မာဆပ်ခန်းမှာလုပ်ရတာပါ အဲဒီမှာအလုပ်ထွက်ပြီး တိုက်ခန်းငှားနေ ပြီး အဲလိုအလုပ်လုပ်စားပါတယ် ကျမတိုလို ကုမ္ပဏီဝန်တမ်း ထက်နေနိုင်စားနိုင်ပြီး မော်ကြွားနေပုံတောင်ပေါက်နေသေးတယ် ရွေးချယ်စရာတွေထဲက ဒီအလုပ်ကို ရွေးချယ်တာလိုလဲထင်မိပါတယ်………….
cobra
December 10, 2011 at 2:53 pm
ဒါတွေကတကယ်ရှိနေတာပဲလေ…
အခုဆိုပိုပိုတောင်ဆိုးလာသေးတယ်
အသက်ကလေးတွေက၁၅၊၁၆လောက်လေးတွေနဲ ့
လိုင်းဝင်နေကြတာမြင်လို့တောင်မကောင်းဘူး
သူတို့ကိုကြည့်ရတာတော့အေးဆေးပဲ
ပျော်နေလိုက်ကြတာ
ကြောင်လတ်
December 10, 2011 at 3:46 pm
ဟုတ်တယ်မိုးပွင့်ဖြူရေ့ သူတို့ ဝင်ငွေက ကောင်းကောင်းမွန်မွန်လုပ်စားသူတွေထက်ကောင်းတယ်။
လိမ်မာတဲ့ သူတွေက အနိုင်ပိုင်းပြီးအထုပ်ပိုက်ပြန်ကြတာတွေ့ဖူးတယ်၊ ရွာရောက်မှ ကောင်းရာကောင်းကြောင်းလုပ်ကြတာ။
အနိုင်မပိုင်းတဲ့အများစုကတော့ ရေရှည်မှာ…………….
ကိုမြွေဟောက်ပြောသလို သူတို့လေးတွေက အေးဆေးပဲ၊ သူတို့ ကျရာဘဝမှာ ပျော်နေတာကိုပဲ ချီးကျူးရမလို၊ သနားရမလို၊ တကယ်ကိုခံစားရပါတယ်။ တကယ်တော့ ဘာမှကိုမသိကြတာပါ၊ ကျနော်တို့ နဲနဲသိတဲ့သူတွေသာ အဘ ဖောတို့ဩဇီမှာ ဘယ်လို၊ငါတို့ ဆီမှာဘယ်လိုဆိုပြီးကျိတ်မနိုင်ခဲမရဖြစ်နေတာ၊ အများစုဖြစ်တဲ့ ဘာမှ အသိအမြင်မကြွယ်တဲ့ အောက်ခြေလူတန်းစားတွေကတော့…………..
windtalker
December 10, 2011 at 7:25 pm
အရေးအသား နဲ ့ဇါတ်ကွက်တည်ဆောက်ပုံက အရမ်းကောင်းတယ်ဗျာ
စိတ်ကူးကွန် ့ရေးထားတယ်ဆိုတာ ကို မယုံချင်ဘူးဗျို ့
နောက်အပိုင်းကို ဘာဆက်ဖြစ်မလဲ သိချင်နေမိပါပြီ
ကိုရင်စည်သူ
December 10, 2011 at 8:44 pm
ကြောင်လတ်ရေးလို့ ကြက်မလေးတွေကို
သနားသွားတယ်… နောက်တစ်ခေါက်
ဘောဘောပေါ်ကဆင်းရင် သွားအားပေးရမယ်… ဟီးဟီး… 😀 😀
kokoover
December 10, 2011 at 8:50 pm
မာယာများတဲ့ ကျားရဲတောကိုပဲ
ယုံသူငယ်မလေး ခြေဦးပြန်လှည့်ရပြန်ပြီပေါ့။
ကျမ မြို့ပေါ်က ကေတီဗွီဆိုင်ကို တစ်ခေါက်ထပ်ရောက်ရပြန်ပါပြီ။
ကြောင်ကြီး
December 11, 2011 at 12:40 pm
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာမိုလို့ ကံလို့ပဲပြောဂျဘာဇို့ဗျာ… 🙁
pasi
December 13, 2011 at 12:54 pm
ဒီနှစ်အတွက် အမျိုးသားစာပေဆုရှင်ကတော့ ဦး – ကြောင် – လတ်ဖြစ်ပါတယ် (ဖြောင်း-ဖြောင်း-ဖြောင်း)
မှတ်ချက်။ လက်ခုတ်သံမဟုတ်ပါ ဆရာမှစာလိုက်မရေး၍ နရင်းအုပ်သံဖြစ်ပါသည်။