အိုကီနာဝါတွင် မြန်မာအလံ နှင့် တိုင်ဝမ်အလံ မှားယွင်း

littlekaungMay 26, 20101min570

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ ရထားဘူတာ တစ်ခုတွင် မြန်မာ နိုင်ငံတော်အလံကို တိုင်ဝမ်အလံနှင့် မှားယွင်းခဲ့ကြောင်း မနေ့က ဒေသတွင်း ကေဘယ် ရုပ်သံ အစီအစဉ်က ဖော်ပြခဲ့သည်။

TVBS ရုပ်သံအစီအစဉ်က ဖော်ပြရာတွင် မေလ ၂၄ ရက်နေ့က အကီနာဝါသို့ လာရောက်သော တိုင်ဝမ်ခရီးသွား တစ်ဦးက အိုကီနာဝါရှိ ရထားဘူတာတစ်ခုတွင် မြန်မာ နိုင်ငံတော်အလံကို တိုင်ဝမ်အလံနှင့် မှားယွင်း ဖော်ပြထားသည်ကို အံ့အားသင့်စွာ တွေ့ရှိပြီးနောက် ချက်ချင်းဆိုသလို တိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဆီသို့ တယ်လီဖုန်းနှင့် ဆက်သွယ် ရှင်းပြခဲ့သည်ဟု ဆိုသည်။

မြန်မာ နိုင်ငံတော်အလံသည် တိုင်ဝမ်အလံနှင့် ဒီဇိုင်းပုံစံ အပြင် အရောင်အသွေး ရောစပ်ထားပုံပါ ၉၅ ရာခိုင်နှုန်းခန့် ဆင်တူသည်။

တိုင်ဝမ်အလံသည် အနီရောင် နောက်ခံနှင့် ဘယ်ဘက်အပေါ်ထောင့် အပြာရောင်ပေါ်တွင် နေလုံးတောက်ပနေပုံကို အဖြူရောင်နှင့် ရေးဆွဲထားပြီး သာတူညီမှရှိမှုကို ဖော်ညွှန်းသည်။ အပြာရောင် နောက်ခံသည် လွတ်လပ်မှု နှင့် အနီရောင်နောက်ခံသည် ချစ်ခြင်းမေတ္တာကို ရည်ညွှန်းသည်ဟု ဆိုသည်။

မြန်မာ နိုင်ငံတော်အလံနှင့် နှိုင်းယှဉ်လျင် ဘယ်ဘက်အပေါ်ထောင့် အပြာရောင် ထားရှိပုံခြင်း တူညီပြီး နောက်ခံအနီရောင် ထားရှိပုံလည်း တူညီသည်။ တောင်သူလယ်သမားတို့ကို ကိုယ်စားပြုသော စပါးနှံနှင့် အလုပ်သမားတို့ကို ကိုယ်စားပြုသော စက်သွား ကို ကြယ်ဖြူ ၁၄ လုံး ဝန်းရံထားပုံအား အဖြူရောင်နှင့် ရေးဆွဲထားပြီး တိုင်ဝမ်အလံရှိ နေလုံးပုံနှင့် အရွယ်အစား ဆတူခန့်ရှိသည်။

ပြီးခဲ့သော ၂၀၀၈ ခုနှစ် က တရုတ်နိုင်ငံတွင် ကျင်းပသော ပေကျင်း အိုလံပစ်ပွဲတော်တွင် တိုင်ဝမ် အားကစား သမားများကို အားပေးရန်အတွက် တရုတ်ပြည်တွင်းသို့ တိုင်ဝမ်အလံ သယ်ယူခွင့် မရသောကြောင့် မြန်မာ အလံကို အစားထိုး ယူဆောင်ခဲ့သည်များလည်း ရှိကြောင်း သိရသည်။

ref;pathein city news