ကာလခရီးသွားကြီး နှင့် တိုက်တိုက်ဆိုင်ဆိုင်
လွန်ခဲ့သောနှစ်အစိတ်ကျော် ခန့်
မြန်မာနိုင်ငံတော်ကြီး၏ သမိုင်းတကွေ့ဖြစ်ခဲ့ရသော ရှစ်လေးလုံးအရေးအခင်းကြီးမဖြစ်မီ သုံးနှစ်ခန့်အလို-
ဒီဖင်ဘာလ၏ ပျင်းရိဘွယ်ကောင်းလှသော နေ့လည်အချိန်တခုတွင်ဖြစ်လေသည်…။
ရန်ကုန်တက္ကသိုလ်ကြီး၏ စာသင်ခန်းအသီးသီးဝယ် အမျိုးကောင်းသားမီးတို့ အပတ်တကုတ် ပညာဆည်းပူးလျှက်ရှိကြသော စာသင်ချိန်ကြီးတွင် လူငယ်တဦးသည် တောင်ငူဆောင်နောက်ပေါက်မှထွက် မန္တလေးဆောင်ဘေးမှဖြတ်ပြီးသကာလ မြောက်ဘက်ယွန်းယွန်းတွင် ခြံစည်းရိုးနှင့်ကပ်လျှက်တည်ရှိနေသော ဦးချစ်ဆိုင် အမည်ရှိ လဘက်ရည်ဆိုင်သို့ ဦးတည်သွားလျှက်ရှိချေသည်။
အနှီလူငယ်ကား အရပ်နိမ့်နိမ့်၊ အသားလတ်လတ်၊ ဆံပင်ဂုတ်ထောက်ဖြင့်၊ မျက်မှန်ကြီးကြီးတခုကိုတပ်ဆင်ထားပြီး ပုဆိုးကွက်ကျဲ ရှပ်လက်ရှည်ကို လက်ပင့်ခေါက်ထားလျှက် ကချင်လွယ်အိတ်တလုံးကို ဖုထုံးကြီးကြီးထုံး၍ လွယ်ကာ ခပ်မော့မော့ ဆောင့်ကြွားကြွား လမ်းလျှောက်နေလေရာ ထိုမျှအချိုးမကျသောလူငယ်ကို မြင်မိသူအပေါင်းတို့သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာလွှဲကြရကုန်၏။
များမကြာမီပင် လူငယ်သည် ဦးချစ်လဘက်ရည်ဆိုင်သို့ရောက်ရှိပြီး တံစက်မိတ်အတွင်းသို့ ဝင်မိလေရာ အလင်းမှအမှောင်သို့ ရုတ်တရက်ဝင်ရောက်မိသူတို့၏ထုံးစံအတိုင်း မျက်စိများ ပြာဝေသွားလေသည်။ အမှန်အားဖြင့် မျက်စိအကျင့်ရစေရန် ခေတ္တရပ်တန့်လျှက် ဆိုင်အတွင်းမိမိသွားလိုရာကို ဦးစွာကြည့်ရှုသင့်သည်မှန်သော်လည်း ထိုလူငယ်မှာ အမြဲထိုင်နေကျဖြစ်သော အရှေ့မြောက်ဒေါင့် ဝါးထရံကြီးကာထားရာအနီးမှစားပွဲသို့ စိတ်မှန်းဖြင့် တစွတ်ထိုးဝင်ရောက်သွားလေရာ မိမိဦးတည်ရာစားပွဲသို့ ရောက်ခါနီးနှစ်လှမ်းခန့်အလိုလမ်းခုလတ်တွင် ခပ်ခုံးခုံးပျော့စိစိအရာတခုကို ခြေဖြင့်နင်းမိသည်နှင့်တပြိုင်နက်-
“အား…အောင်မလေး..” ဟူသော အသံနက်ကြီးကို ကြားလိုက်ရလေတော့သည်။
လူငယ်သည် ရုတ်တရက် လန့်ဖျတ်၍သွား၏။
ဤမျှ ငြိမ်းချမ်းသာယာလျှက်ရှိသော မြရိပ်ကျွန်းညို ရန်ကုန်တက္ကသိုလ်ကြီးတွင် အဘယ်မည်သော အသက်ဘေးတမျှကြီးမားလှသည့် ဘေးအန္တရယ်အပေါင်းတို့ ကျရောက်လာလေသနည်းဟု ဟိုဟိုသည်သည် လှည့်ပတ်စူးစမ်းမိသည်ရှိသော်-
စားပွဲခုံဘေးတွင် တည့်တည့်မထိုင်- ဘေးတိုက်လက်တင်ထိုင်လျှက်ခြေထောက်များဆန့်တန်းထားရှိသော ခေါင်းဖြူစွယ်ကျိုး အဘိုးကြီးတဦး၏ ခြေခုံကို မိမိကိုယ်တိုင် ထိထိမိမိ ပိပိပြားပြား တက်နင်းထားမိလျှက်ရှိသည့်အဖြစ်ကို တွေ့မြင်မိသွားလေတော့သည်။
လူငယ်။ ။အာ …ကန်တော့နော်..ကန်တော့ ကန်တော့။
လူကြီး။ ။ဟေ…ဘာလို့ကန်တော့ရမှာတုန်းကွ။
လူငယ်။ ။မဟုတ်ပါဘူးအဘရယ်။ အဘကိုကန်တော့ခိုင်းတာမဟုတ်ပါဘူး။ ကျွန်တော် အဘရဲ့ခြေဖျားလေး နဲနဲ တက်နင်းမိသွားလို့ တောင်းပန်တာပါ။
လူကြီး။ ။သိပါတယ်။ မင်းကန်တော့ခိုင်းလဲ ငါက မကန်တော့ပါဘူး။ မင်းတောင်းပန်ပုံကမဟုတ်တဲ့အပြင် မင်းလျှောက်လဲပုံကလဲ အချိုးမကျဘူး။
လူငယ်။ ။ကျွန်တော်က ဘာလျှောက်လဲလို့လဲ..။
လူကြီး။ ။မင်းပဲပြောတယ်လေ ငါ့ရဲ့ခြေဖျားလေး…ဆို။ အဲဒါငါ့ရဲ့ခြေထောက်ကြီးကွ ။ ခြေကျင်းဝတ်ကစပြီး ခြေမအထိ-တခုလုံးကြီး။ ပြီးတော့နဲနဲတဲ့ ..။ မင့်တကိုယ်လုံးတက်နင်းတာများ နဲနဲလို့ပြောရသလား။ ပြီးတော့ မိ ဆိုတာက ပါသေး။ နေ့ခင်းကြောင်တောင်ကြီး လူတယောက်လုံးကို လာတက်နင်းတာကို မတော်တဆလိုလို မလွှဲမရှောင်သာသလိုလို…။
လူငယ်။ ။တကယ်မတော်တဆပါအဘရယ် ။ ဆိုင်ထဲဝင်ကာစ မျက်စိပြာသွားလို့ အဘကိုမမြင်လို့ပါ။ ပြီးတော့ကျွန်တော့ကိုယ်ကလဲ ပေါ့ပါတယ်။ အဆောင်ထမင်း လေးနှစ်စားထားရလို့ ဝိတ်ကျသွားတာ အိုတီအက် တောင် ပေါင်မပြည့်လို့ မဝင်လိုက်ရဘူး။
လူကြီး။ ။အဲဒါ ကံဖယ်တယ်လို့ခေါ်တယ် ကောင်လေးရဲ့။ မတော်တဆ ဗိုလ်သင်တန်းများပါသွားရင် နောက်လေးနှစ်လောက်ဆို ကောင်းကောင်းနောင်တ ရတော့မယ်။ လစာကမဖြစ်စလောက်၊ ရိက္ခာက မလောက်၊ တပ်ထဲမှာနွားလိုခိုင်း၊ အပြင်မှာ လူတကာကမုန်းနဲ့ …။ ထားပါတော့ ။ ငါကဘာမှမဖြစ်ပါဘူး။ မင့်တောင်းပန်တာ ပုံမကျလို့ ။
လူငယ်။ ။ကျွန်တော်က ကန်တော့..ကန်တော့ လို့ တောင်းပန်တယ်လေ။
လူကြီး။ ။အင်း..။ ငါပြောပြမယ်။ အရင်ထိုင်ဦး..။ မင်းညအိပ်ရာဝင်ခါနီး ဘုရားစင်ရှေ့မှာ ဘာလုပ်သလဲ။
လူငယ်။ ။ဘုရားကန်တော့ပါတယ်။
လူကြီး။ ။ရဟန်းသံဃာတွေကို သွားဖူးရင်ကော အရင်ဆုံး ဘာလုပ်သလဲ။
လူငယ်။ ။ဦးချကန်တော့တာပေါ့..။
လူကြီး။ ။သီတင်းကျွတ်ဆိုရင်ဘာလုပ်သလဲ။
လူငယ်။ ။လူကြီးမိဘတွေကိုကန်တော့ပါတယ်။
လူကြီး။ ။အ.ထ.က ကျောင်းတွေမှာ ကျောင်းပိတ်ကာနီးလုပ်တဲ့ပွဲက..။
လူငယ်။ ။ဆရာ ကန်တော့ပွဲ…။
လူကြီး။ ။မင်းဆီ သူတောင်းစားတယောက်လာတောင်းလို့ မပေးချင်ရင် ဘယ်လိုပြောလွှတ်သလဲ။
လူငယ်။ ။ကန်တော့ပါသေးရဲ့ လို့ပြောလိုက်မိတာပါပဲ။
လူကြီး။ ။ပြီးတော့ ငါ့ခြေထောက်ကိုတက်နင်းတော့လဲ ကန်တော့ ..ကန်တော့ ပဲပေါ့..ဟုတ်လား။
လူငယ်။ ။မတော်တဆပါဆို…အဘကလဲ။
လူကြီး။ ။တကယ်လို့များ ငါ့မျက်နှာကို တက်နင်းမိရင်ကော ဘယ်လိုပြောဦးမှာလဲ။ …ကန်တော့..ကန်တော့ပဲမဟုတ်လား။
လူငယ်။ ။နို့ ..ဘယ်လိုပြောရမှာလဲ…အဲလိုပဲပြောစရာရှိတာလေ။
လူကြီး။ ။အဲဒါပြောတာပေါ့။ ဒို့လူမျိုးမှာက ကန်တော့ တွေ ဖေါင်းပွနေတာ။ ကန်တော့တွေ ရေလဲသုံးနေတာ။
လူငယ်။ ။အဲဒါတောင်းပန်တဲ့စကားလေ အဘရဲ့။ ဒါ ကျွန်တော်တို့ ယဉ်ကျေးမှု့ပဲဟာ။
လူကြီး။ ။မင်းတို့ငါတို့မှ ယဉ်ကျေးတာမဟုတ်ဘူး။ တခြားမှာလဲ ယဉ်ကျေးတဲ့သူတွေရှိတယ်။ ဒါပေမယ့် သူတို့တောင်းပန်တဲ့အခါတော့ ကန်တော့လို့မပြောဘူး။ ဝမ်းနည်းပါတယ်.. တောင်းပန်ပါတယ်.. ခွင့်လွှတ်ပါ.. စသဖြင့် သင့်လျှော်တဲ့အတိုင်းအတာနဲ့ ပြောကြတာပဲ။ အခု ငါတို့လူမျိုးမှာက တခုခုလုပ်မိရင် ကန်တော့…ကန်တော့… ဆိုပြီး အမြင့်ဆုံးဒီကရီနဲ့ ပါးစပ်ကြီးကပြောတယ်။ ပြီးတော့ ဘာမှတာဝန်ယူစိတ်မရှိပဲ လှည့်ထွက်သွားရော။ နားအေးအောင် ကုန်းကန်တော့လိုက်ဘို့လဲဝန်မလေးဘူး။ တာဝန်ကို ခြေလွတ်လက်လွတ်ရှောင်ဘို့လဲ မရှက်တတ်ဘူး။
ဤမျှဆိုလျှင် အနှီအဘိုးကြီးကား ကပ်တီးကပ်ဖဲ့နိုင်လှသော ဂွစာကြီးမှန်း လူငယ်က သဘောပေါက်သွားလေပြီ။ ထိုအဘိုးကြီးလက်မှ အလွယ်တကူ လွတ်မြောက်ရန် အခွင့်အလမ်းနည်းလှသည်ဖြစ်သဖြင့် ခေတ္တမျှ အရောတဝင်လုပ်၍ စကားလွှဲရန် လူငယ်က ဆုံးဖြတ်လိုက်လေသည်။
လူငယ်။ ။ဒါနဲ့ အဘ နာမည်က ဘယ်သူများပါလိမ့်။
လူကြီး။ ။ငါ့နာမည်က ဦးပါလေရာ တဲ့။
လူငယ်။ ။ဟာ… တိုက်ဆိုင်လိုက်တာ အဘရယ်။ ကျွန်တော့နာမည်ကလဲ မောင်ပါလေရာ ပါ။
လူကြီး။ ။အင်း…. တိုက်ဆိုင်တာတွေများရင်တော့ ထူးဆန်းတဲ့အထဲ ထည့်ရမှာပေါ့။
လူငယ်။ ။အဘ အခုပြောတဲ့စကားက မင်းသိင်္ခ ဝတ္ထုထဲက…။
လူကြီး။ ။ဟုတ်ပါတယ်…သူ့ ပထမဆုံးလုံးချင်းဝတ္ထု မနုစာရီ ထဲကပါ။ ဒါနဲ့ အဲဒီဝတ္ထုက အခုအချိန်နဲ့တွက်ရင်တောင် ထွက်ထားတာဆယ်နှစ်ကျော်ပြီ။ ဒို့လူမျိုးက ဘာကိစ္စဖြစ်ဖြစ် ဆယ်နှစ်ကျော်ရင်အကုန်မေ့တတ်တာ…။ မင်းက ဘယ့်နှယ်လုပ် မှတ်မိနေတာတုန်း။
လူငယ်။ ။အဟင်း..ကျွန်တော်က အဲသည်စာအုပ်ကို ဟိုတလောကမှ မြေနီကုန်းအဟောင်းတန်းမှာစာအုပ်ရောင်းတဲ့ အကိုကြီးတယောက်ဆီက ငှားဖတ်ထားတာ။
လူကြီး။ ။မင်းတို့တက္ကသိုလ်ကျောင်းသားတွေ လွန်ခဲ့တဲ့ဆယ်နှစ်ကစာအုပ်ကို အခုမှဖတ်တော့ – အခုထွက်တဲ့စာအုပ်ကို ဘယ်တော့မှဖတ်မှာလဲ။
လူငယ်။ ။အဘရယ်…တက္ကသိုလ်ကျောင်းသားဆိုတာ ဘယ်လိုလုပ် စာအုပ်အသစ်ကိုဝယ်ဖတ်နိုင်မှာလဲ။ အဟောင်းတောင် အလကားရတာလေးတွေ ရှာဖွေပြီး…
လူကြီး။ ။ဒီတော့ မင်းတို့ ဘယ်လိုလုပ် ပညာတတ်မှာလဲ။
လူငယ်။ ။ကျောင်းမှာသင်တယ်လေ ..အဘရဲ့..
လူကြီး။ ။ဟုတ်လား…ကျောင်းမှာ ဘာတွေသင်လို့တုန်း။..ကျုပ်ကိုပြောပြပါဦး….။
လူငယ်ကား စိတ်ညစိလှပြီ။ ဤအဖိုးကြီးကား မလွယ်ပါချေ။ သူစကားကပ်ပြောသည်ကို လိုက်ရှင်းနေရလျှင် ပြီးနိုင်မည်မဟုတ်။ စကားထပ်လွှဲပြီး မြန်မြန်လက်စသိမ်းမှ တော်ပေမည်။
လူငယ်။ ။ဒါနဲ့ အဘက ဘယ်ကလာပြီး ဘယ်ကိုပြန်ရမှာလဲ ။ ညနေလဲစောင်းတော့မှာ။
လူကြီး။ ။ငါက အခုကတွက်ရင် နောင်နှစ်ပေါင်းနှစ်ဆယ့်ခွန်လောက်က လာတာ။ အတိတ်ကို ပြန်လာလည်တာဆိုပါတော့။
သေချာပါပြီ။ ဒီအဘိုးကြီးကား ကပ်တီးကပ်ဖဲ့နိုင်၊ ဂွစာကျပြီး၊ စကားကပ်ရုံမျှမက စိတ်ပါမနှံ့တော့လေပြီ။ သနားစဖွယ်အဖိုးကြီးကို လိုက်လိုက်လျှောလျှောပြောရင်း နှစ်သိမ့်ပေးမှတော်ပေတော့မည်။
လူငယ်။ ။အဘက အတိတ်ကို ပြန်လာလည်တာဆိုတော့ တိုင်းမရှင်း ကြီးနဲ့လား။
လူကြီး။ ။အဲဒါခက်တာပေါ့။ မင်းလိုလူငယ်တွေက ခရီးသွားတယ်ဆိုရင် စက်ကြီးနဲ့မောင်းပြီး မီးခိုးတလူလူနဲ့သွားမှ သွားလို့ရတယ်ထင်နေကြတယ်။ မန်းဂေဇက်ရဲ့သူကြီးလောင်း မောင်ခိုင်နဲ့ ဘာများတော်နေသလဲမသိဘူး။
လူငယ်။ ။မငြင်းတော့ပါဘူးအဘရယ်။ ကြိုက်သလိုသာ သွားပါတော့။ ဒါထက် အချိန်ခရီးသွားလို့ရမှဖြင့် သွားမယ့်သွား မရောက်ဘူးတဲ့ အနာဂတ်ကိုသွားပါတော့လား။ ဘာလို့ ရောက်ဘူးပြီးသား အတိတ်ကို ပြန်လာရတာလဲ။
လူကြီး။ ။မင်းတို့ကျောင်းကသင်လိုက်တဲ့ပညာဆိုတာ အဲ့ဒါမျိုးလား။ ဒီမှာကောင်လေး… ဒီဆိုင်မှာ လဘက်ရည်တခွက် ဘယ်လောက်လဲ။
လူငယ်။ ။ပြားကိုးဆယ်ပါအဘ။ ကျောင်းထဲရောင်းရင် အပြင်ထက်လျှော့ရမယ်ဆိုလို့ ဆယ်ပြားလျှော့ထားတာ။
လူကြီး။ ။ငါ့ရှေ့က ဖန်ခွက်ကြီးနဲ့ အဝသောက်ရင်ကောကွာ။
လူငယ်။ ။အဲဒါက တိုင်ကီခေါ်တယ်အဘရဲ့။ ငါးမတ်ကျမယ်။
လူကြီး။ ။ပေါက်စီတလုံးစားရင်ရောကွာ။
လူငယ်။ ။တကျပ်ပြားလေးဆယ်။
လူကြီး။ ။ငွေတောင်ဆေးပေါ့လိပ်တွေ တလိပ်ချင်း စိတ်ကြိုက်ရွေးဝယ်ရင်…
လူငယ်။ ။တကျပ်ဘိုးခုနှစ်လိပ်။
လူကြီး။ ။ငါက ၂၀၁၁ ခုနှစ်ကလာတာ။ ငါ့မိန်းမပေးထားတဲ့ ဒီလအတွက်တလလုံးအသုံးစရိတ်ကို သုံးရက်ထဲနဲ့အကုန်နီးပါးသုံးလိုက်မိလို့ အိတ်ကပ်ထဲ နှစ်သောင်းကျော်ပဲကျန်တော့တယ်။ အဲဒီပိုက်ဆံလောက်နဲ့ အနာဂတ်နှစ်သုံးဆယ်ကိုသွားရင် နေကြာစေ့တထုပ်ပဲရမှာ။ အခု အတိတ်ကိုလာမိတော့ တနေကုန်လျှောက်သုံးနေတာ ဆယ့်ငါးကျပ်မကုန်သေးဘူး။ ဘယ့်နှယ်လဲ…။
လူငယ်။ ။ကောင်းပါတယ်အဘရယ်။ နောင်လဲ အတိတ်ကိုပဲလာလည်ပါတော့..။
လူကြီး။ ။အေး … လာမယ် ..စိတ်ချ..။ မင်းကြည့်ရတာလဲ သူများစာသင်နေချိန်မှာ ယောင်ဝါးဝါ်းနဲ့အလေလိုက်နေမယ့်အတူတူ ငါနဲ့ မကြာမကြာဆုံပြီး စကားစမည်ပြောကြသေးတာပေါ့..။
18 comments
windtalker
December 14, 2011 at 7:02 pm
ဆိုး ဒက်စက ၊ အရိဂတ်တော
inz@ghi
December 15, 2011 at 4:41 am
အင်း …ဒီအသံနဲ့ ရွဲ့ ပြီးပြောတတ်တဲ့ရည်းစားဟောင်းလေး
ကို သတိရတွားဘီ …ရင်ထဲမကောင်းထှာ…
🙁
မှော်ဆရာ
December 14, 2011 at 7:34 pm
လာပြီဟေ့ လာပြီ အတွေးကောင်း အရေးကောင်းတဲ့သူ …
naywoonni
December 14, 2011 at 8:40 pm
အကျွန်ုပ်လည်း အဲဂလို သွားလို့ရရင် သွားချင်လိုက်တာဗျာ….။ စိတ်ကူးလေးတော့ ကောင်းပါ့
ကြောင်လတ်
December 14, 2011 at 9:23 pm
ပါလေရာကြီးပြောချင်တာ ကျနော်တော့မြင်နေတယ်၊ ဆက်ပြောဆက်ပြော
weiwei
December 14, 2011 at 9:33 pm
ကျွန်မတို့ တက္ကသိုလ်တက်တုန်းက အဆောင်နေပြီး စားစရိတ်အပြီးအစီး အိမ်က တစ်လ ၃၀၀ဝ ကျပ် ပို့ပေးတာကို ပိုတောင်ပိုသေးတယ် …
thit min
December 15, 2011 at 12:20 am
ဖြည်းဖြည်းလေး နဲ့ဟတ်ထိတယ်။
ပြီးတော့ …..
တွေးတွေးငေးပြီး ရပ်မိတယ်။
ဪ…. ဖတ်ကြည့် လိုက်လို့ ပေါ့၊
ခိုက်သွားရသော ၊အမိုက်သားစာ
သူရေးလာတာက
ဦးပါလေရာ ၊ မောင်ပါလေရာ
တခါတန်ဘိုး များ၊
အလကားတော့မဖြစ်
သမိုင်းတွင်ရစ်။
ဦးဦးပါလေရာ
December 15, 2011 at 12:34 am
ကိုသစ်မင်းရေ-
အလှူမဏ္ဍပ်ကြီးဆီ အစုံသုပ်လေးတခွက်ယူလာချင်လို့ ဗျာ။
ပြောချင်တာလေးတွေလဲ မသိမသာ ညှပ်ထည့်ရင်းပေါ့။
ဦးဦးပါလေရာ
December 15, 2011 at 12:29 am
ကိုတော်လခါရဲ့ ဂျာပွန်လိုကွန်မင့်ကြီးကို နားလည်ချင်ယောင်ဆောင်လိုက်သဗျ။ ရှဲရှဲ…။
မထင်နဲ့ မှော်ဆရာရေ။ ကျုပ်က အဖျားရှုးသွားတတ်တဲ့ အကျင့်ရှိတယ်..။
တကယ်တော့ ကိုနေဝန်းနီရဲ့ မဆုံးတဲ့သီချင်း..စီးရီးကို ဖတ် ဖတ်မိနေရင်း တက္ကသိုလ်မှာ ဇတ်တည်ဘို့ အကြံရသွားတာ။ ကိုယ်တွေ့တချို့နဲ့လဲ ပေါင်းရေးချင်လို့ ဗျ။
ကိုကြောင်လတ်ရေ- ကြောင်မျက်စိဆိုတာ အလကားပြောတာမှမဟုတ်ပဲနော့။
ဆင်၊မျောက်၊ခါ လို တွက်ရရင် မဝေဝေက ကျုပ်ထက် တော်တော်ငယ်မယ်။ ကျုပ်တို့တုန်းကတော့ တစ်လ ၄၀ဝကျပ်လောက်ဆို တော်တော်သုံးလောက်နေပြီ။ အစိုးရအဆောင်ကြေး ၁၅ဝကျပ် ၊ ကျောင်းလခက ၃ဝ ကျပ်ထဲ….
inz@ghi
December 15, 2011 at 7:53 am
ကျွန်ုပ် ငယ်ငယ်က ဖြစ်သည်၊
လမ်းထိပ်မှ အိမ်ကြီးအိမ်ကောင်းတလုံး လွန်ခဲ့သော ၅နှစ်ခန့်က
ငွေ ၁ဝသိန်းထဲဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း
လူကြီးများ ပြောဆိုနေကြသည်ကို ကြားသိရသည်။
သူတို့၏ စကားသံများတွင် ယခုအချိန် ဆိုလျင်(စကားပြောနေစဉ်အချိန်)
သိန်း-၁၀ဝ ခန့် ဈေးပေါက်နေပြီ ဟူ၍လည်း ပါ၏။
(ငွေစက္ကူ ၅၀ဝတန် ပေါ်ထွက်ကာစ အချိန်)
ထိုစဉ်က အတိတ်ကိုပြန်သွားလို့ရလျင် ငွေ၁ဝသိန်းကို
၂၀ဝတန်များလဲပီး(ထိုစဉ်က သုံးသော အကြီးဆန်း အတန်)
အမေ့ကို သွားဝယ်စေချင်သည့် ကလေးအတွေးလေးရဖူးပါသည်။
ဦးဦးပါလေရာကြီးလည်း ဘဏ္ဏာရေး ဝန်ကြီးထံမှ ရသော
ဘတ်ဂျက် ၂၀၀၀ဝ တန်ဖိုးကို ဆင်ပုံပါသော စက္ကူများ ဖြင့်သာ
အတိတ်ကို ပြန်သွားမိပါက မောင်ပါလေရာ လေးဆီမှပင် ခွကျကျ
လက်ဖက်ရည် ကပ်သောက်ရကိန်း ကို မြင်မိပါ၏
(ယခု စာကိုချရေး သည့်အချိန်တွင်ကား အနှီ အိမ်ကြီးသည် သိန်း
ထောင်ပေါင်းများစွာ(ဝါ)သောင်းချီ တန်နေပြီ ဟု သိပါသည်။)
အင်ဖလေးမ်ရှင်း သည် ကျွန်ုပ် အား လွန်စွာ စိတ်ပျက်အားလျော့စေပါသည်
ဒီဖလေးမ်ရှင်း သည် သေတတ်သည် ငတ်တတ်သည် ဆိုလျင်…..တခါတရံတွင်
ငတ်၍ပင် သေလိုက်ချင်ပါတော့သည်။
ဤ ပွိုင့်ထော့်ဖ်ဗျူး မှ ဆွေးနွေးကြလျင်ဖြင့် ကျွန်ုပ်သည် ဓါတုသဘောအရ ပြောပါက
ဟိုက်ဒရိုဂျင်ပင် ဖြစ်ချေတော့သည်.
kai
December 15, 2011 at 1:19 am
အမေအတွက်မုန့်ဟင်းခါး.. ဆိုင်ပြေး..သွားဝယ်ပေးတုန်းက.. တပွဲတမတ်..။
ကျုပ်ဆိုင်မှာ.. လဖက်ရည်စသောက်တော့..၇၅ပြား..။ ခပ်သွက်သွက်လေး..ဈေးတက်သွားပြီ…
၁ကျပ်တမတ်မှာ…အကြာကြီးပဲ..။
စကားမစပ်…
အတိတ်နဲ့ပစ္စုပ္ပန်လူ.. သွားမထိလိုက်နဲ့နော..။
ရုပ်ရှင်ထဲမယ်.. အဲဒီ၂ယောက်. သွားထိမိရင်.. ရှော့ခ်ဖြစ်သွားတာ မြင်ဖူးလို့..။
မထူးပါဘူးလေ..
အခုလည်း ဖတ်မိတဲ့..ခေတ်ကာလသားတွေ.. ရှော့ခ်ရကုန်ပါပြီ…
😆
MaMa
December 15, 2011 at 6:49 am
ဦးပါလေရာရဲ့-
ပစ္စုပ္ပန်ဝင်ငွေကို အတိတ်မှာ သွားသုံးရတာကို သွားရေကျသွားတယ်။
အလှူမဏ္ဍပ်ကြီးဆီ ယူလာတဲ့ အစုံသုပ်လေးတခွက်က အတော့်ကို နှုတ်မြိန်ပါတယ်။
မျက်စိကြီးနားကြီးနဲ့ ဆွေးနွေးမယ့် ဇင်ဘာသာနဲ့ ဗုဒ္ဓဘာသာအကြောင်းကိုတော့ အကြွေးမှတ်ထားကြောင်းပါ.. 🙂
kai
December 15, 2011 at 7:17 am
ဇမ်ဗုဒ္ဓဘာသာနဲ့.. ထေရဝါဒဗုဒ္ဓဘာသာ လုပ်ပါ.. ဒေါ်မမရယ်..။
ဗုဒ္ဓဘာသာကို.. မြန်မာထေရဝါဒတခုထဲက ပိုင်တာမဟုတ်ပါဘူးနော..။ 🙂
Zen
From Wikipedia, the free encyclopedia
Zen is a school of Mahāyāna Buddhism which originated in China during the 6th century CE as Chán. From China, Zen spread south to Vietnam, and east to Korea and Japan.
The word Zen is from the Japanese pronunciation of the Chinese word Chán (禪), which in turn is derived from the Sanskrit word dhyāna, which can be approximately translated as “meditation” or “meditative state.”
Zen emphasizes experiential wisdom in the attainment of enlightenment. As such, it de-emphasizes theoretical knowledge in favor of direct self-realization through meditation and dharma practice. The teachings of Zen include various sources of Mahāyāna thought, including the Prajñāpāramitā literature, Madhyamaka, Yogācāra and the Tathāgatagarbha Sutras.
inz@ghi
December 15, 2011 at 7:41 am
ဆြာခ ဝတ္ထု တပုဒ်ထဲမယ် ပြောပါတယ်…
မနောကံ(မူနာ့ချ်ခန်) ဆိုတဲ့ ဇာတ်ကောင်ကို သူ့အဖေ ပန်ချာပီလား? ပထန်လား?
အဲ့သည့် အရာကြီးက (သူ့သား မနောကံ က) ထေရဝါဒ ကိုးကွယ်တာ သိသွားတော့
ပြောတဲ့ စကားလေး တခု သွားသတိရတယ်..စာသားအတိအကျ မမှတ်မိတော့
အဓိပ္ပါယ် ခြုံငုံရုံ ရေးပေးလိုက်တယ် နော…..
သဘာဝတရား ဆိုတဲ့ အိုးကြီး ဆိုလား တိုင်ကီကြီးဆိုလား ရှိတယ် တဲ့
အဲ့သည့်မှာ တဲ့ အပေါက်တွေ မျိုးစုံ ရှိတယ် တဲ့.. အဲ့သည့် အထဲက စီးကျလာတဲ့ ရေ ကို တဲ့ ..
မင်းကြိုက်တဲ့အပေါက်က ခံယူတာပဲ တဲ့ ….အပြစ်ပြောစရာ မရှိဘူးတဲ့ ….
အဲ့ဒါလေး နားမလည်လို့ ရှင်းပြပေးကြဘာလား ဟင်င်င်…
ယခုပို့စ်တွင် ကျွန်ုပ်သည် ဓါတုဗေဒ သဘောအရ အောက်စီဂျင် ကဲ့သို့ ကျင့်ကြံမည်ဖြစ်၏
ပုံ
အရာအားလုံးကို ဆုပ်ကိုင်မထားသော
နှူးဘာ ဘာမှ မသိဘူး
ဂီဂီ
ဦးဦးပါလေရာ
December 15, 2011 at 6:55 pm
ဟမ်း …ဟမ်း …
ဂီဂီတော့ သိုင်းကားကြည့်ချင်တယ်ထင်တယ် 😀
ဦးဦးပါလေရာ
December 15, 2011 at 6:52 pm
ဘာသာရေးရဲ့ အကာတွေ အကြောင်းကတော့ ခပ်လွယ်လွယ်စိတ်လိုလက်ရ ပြောဖြစ်တာများပါတယ် မမ ရေ။
တခါတရံတော့ ဘာသာရေးရဲ့ အနှစ်သာရအပိုင်းလေးတွေကိုလဲ စိတ်အေးလက်အေး ဆွေးနွေးချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် အဲဒါကလဲ စိတ်ကူးယဉ်တာပါပဲ။ ဘာသာရေးဆိုတာ နိုင်ငံရေးလိုပဲ ယုံကြည်ချက်နဲ့ဆိုင်တာမျိုးမို့ ပြောရင်းဆိုရင်း မီးမြင့်ကုန်ကြတော့တာပါပဲ။ 🙁
MaMa
December 15, 2011 at 7:40 am
ဟုတ်ပါရဲ့။ သဂျီးထောက်ပြမှပဲ သိတော့တယ်။ ဇင်ကို ဗုဒ္ဓဘာသာဆိုတဲ့ အသိ ပျောက်သွားလို့။ ဆောတီး 😀
ကြောင်ကြီး
December 15, 2011 at 10:03 am
အတိတ် ပစ္စုပ္ပန် အနာဂတ် အချိန်သုံးချိန်ရဲ့ ခေတ်ကာလကွာခြားမှုတွေ ပြောကြတော့မှ တခုစဉ်းစားမိဒယ်။ အကယ်၍များ ဦးပါလေရာလို့ အတိတ်ကိုပြန်သွားလို့ရရင်၊ သဂျီးရဲ့ သိပ္ပံပညာနဲ့ အနာဂတ်ကိုကြိုသွားလို့ရရင် အဲဒီနည်းပညာနှစ်ခုကို ပစ္စပ္ပန်နဲ့ပေါင်းစပ်ပျမ်းမျှချပြီး နောက်ထပ်ကာလတပါး ထွင်ဖို့တွေးကြည့်ကြပါလား။ (ကာလသုံးပါးစလုံးကနေ လွတ်မြောက်နေတဲ့ နိဗ္ဗာန်ဆိုတာကို ထည့်မတွက်ကြေးဗျာ)။ ဒါဆိုရင် အစွန်းနှစ်ပါးကနေ တော်တော်လေးလွတ်မြောက်ပြီး နေလို့ထိုင်လို့ အရမ်းအဆင်ပြေမယ်။။။ လက်တွေ့ဆန်ဆန်ပြောရင်တော့ လွန်ခဲ့တဲ့အတိတ်ကနေ သင်ခန်းစာယူ၊ အနာဂတ်အတွက် ရည်မှန်းပြင်ဆင်ပြီး ပစ္စုပ္ပန်ကာလကို တည်ဆောက်ခြင်းဆိုတာ ဒီသဘောဆန်ဆန်ပါပဲ။ သို့သော် အကောင်အထည်ဖေါ် မမြင်နိုင်ကြတဲ့အခါကြတော့ သင်ခန်းစာယူရမဲ့ဟာ မယူနိုင်၊ လှမ်းမြင်နိုင်တဲ့အရာ မမြင်တတ်ဘဲ လက်ရှိကာလမှာ မလုပ်သင့်တာလုပ် လုပ်သင့်တာမလုပ် မိကြပါတယ်။ ဒါကြောင့်မို့ ကာလသုံးပါးကို ရုပ်ဝတ္ထုဆန်ဆန် သိမြင်ခံစားနိုင်အောင် ညီတူညီမျှ ရောမွှေသမဖို့ ကြံစည်အားထုတ်သင့်ပါကြောင်း အဆိုပြုပါသည်။။ 🙄