ဆရာကြီး မောင်သာရ သို့
ဆရာကြီး မောင်သာရ က ကျွန်တော်တို့ ရွာ အတွက် ပို့စ် သုံးပုဒ် ချီးမြှင့်ပေးခဲ့ပါသည်။ ထို့အတွက် ကျွန်ုပ်ဘလက်ချော မှ ကျေးဇူးတင်ကြောင်း ဂဇက်တံခါးစောင့် ပို့စ်တစ်ခုတွင် ခေါင်းစဉ်တတ်ပြီး ဂုဏ်ပြုခဲ့ဘူးပါသည်။
ဆရာကြီးမောင်သာရ အတွက် ဂဇက်က တံခါးအမြဲ ဖွင့်ထားပါသည် (https://myanmargazette.net/80346/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion) ဆိုသည့် ပို့စ်လေးတင်ဖြစ်ပါသည်။ ပို့စ်ထဲတွင်လည်း ဆရာကြီးကို ကျေးဇူးတင်ကြောင်း ဒီလိုရေးခဲ့ဘူးပါသည်။
ဘလက်တစ်ယောက် မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ မန်းဂဇက်မှာ စာရေးနေတာကွ၊ ဆရာကြီးမောင်သာရတောင် ဝင်ရေးပေးနေတဲ့ ဂဇက်ကွ၊ အဲဒီလိုကြီးကို ဂုဏ်ယူမိနေတာ ဖြစ်ပါသည်။ ဆရာကြီးက ပို့စ် သုံးပုဒ် ချီးမြှင့်ခဲ့ပါသည်။
၁။ ဘယ်သူ့ဘက်က ခြေသာသလဲ (12, Nov)
၂။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ (16, Nov)
၃။ တင်မလား ဝင်မလား (17, Nov)
ဆရာကြီးအနေဖြင့် ပို့စ်လေးတွေ ချီးမြှင့်ပေးသဖြင့် ရွာသူားများကိုယ်စား ကျွန်တော် ဘလက်က ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ယူဝံ့ကြွား စွာပြောဆိုပါရစေ ဆရာကြီးခင်ဗျာ။ နောက်လည်း ပို့စ်လေးများ ချီးမြှင့်ပေးဘို့ လေးလေးစားစား တောင်းဆိုပါတယ် ခင်ဗျာ။
နောက်ပိုင်း ဆရာကြီး၏ စာများကို မတွေ့ရတော့ပါ။ ဆရာကြီး နေလို့ထိုင်လို့ မှ ကောင်းပါစဆိုသည့် အတွေးမျိုး တစ်ခါတစ်ရံ တွေးမိပါသည် ဆရာကြီးခင်ဗျား။
အဲဒီ မတိုင်မီက သူကြီးက ပို့စ်တစ်ခုတင်ပါသည်။
စာရေးဆရာ မောင်သာရ အသက် ၈ဝ ပြည့် မွေးနေ့ ဆုတောင်းများ
( https://myanmargazette.net/73457/society-lifestyle/events-fundraise)
ဆိုသည့် ပို့စ်တင်ပြီး ရွာသူ ရွာသားတွေဆီမှ မွေးနေ့ဆုတောင်းများ တောင်းခံခဲ့ပါသည်။ ရွာသူရွာသားတွေကလည်း ကွန်းမန့် ၅ဝ တိတိ ဖြင့် ဆရာကြီး၏ မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါသည်။
အဲဒီပို့စ်မှာ ကျွန်ုပ် ဘလက်ချော ရေးခဲ့သော ကွန်းမန့်လေးကို ပြန်လည်ဖေါ်ပြချင်ပါသည်။ သည်းခံဖတ်ရှုပေးပါခင်ဗျာ။
blackchaw says:
ဆရာ ခင်ဗျား။
ဝတ္ထုရှည်တွေကတော့ ဖတ်ဘူးတာ တော်တော်များပါတယ်။
ယုန်နဲ့ အတူပြေး ခွေးနဲ့ အတူလိုက် ဆိုတာကိုတော့ မှတ်မိနေပါတယ်။
ပြည့်တန်ဆာတွေ ဘဝကိုရေးထားတာလေးတွေ လို့ထင်တယ်။
ဝတ္ထုတိုထဲကဆို ဆရာ မှတ်မိမလားမသိဘူး။
ရထားပေါ်မှာ စစ်ဆွယ်တာကြီးနဲ့ ဆရာ့ကို အဘလို့ခေါ်တော့
စစ်တပ်က ရာထူးကြီးကြီးနဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်သွားတဲ့ဟာလေး
ကျွန်တော်မှတ်မိနေပါတယ်။
မြန်မာပြည်ကို ပြန်လာဘို့လည်း မျှော်လင့်ပါတယ်။
ဆရာ ့မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ။
ဇာတ်လမ်းက အဲဒီမှာ စပါသည်။ ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့မိသော ဆရာကြီး၏ ဝတ္ထုတိုလေး တစ်ပုဒ်ကို “ရထားပေါ်မှာ စစ်ဆွယ်တာကြီးနဲ့ ဆရာ့ကို အဘလို့ခေါ်တော့
စစ်တပ်က ရာထူးကြီးကြီးနဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်သွားတဲ့ဟာလေး
ကျွန်တော်မှတ်မိနေပါတယ်။” ဟု ကွန်းမန့်ထဲထည့်ရေးလိုက်မိပါသည်။ ၄ဝ ကျော်လာပြီဖြစ်သဖြင့် အမှတ်မှား အရေးမှားလျှင်ဖြင့် ဆရာကြီးကို စော်ကားသလို ဖြစ်မှာလည်း ကြောက်လှပါသည်။ ထို့ကြောင့် အကြောင်းတိုက်ဆိုင်တိုင်း ကျွန်တော်ပြောသည့် ဆရာကြီး၏ ဝတ္ထုလေးကို ပြန်ရှာရှာနေမိ ပါသည်။ ကံကောင်းချင်တော့ တိုက်တိုက်ဆိုင်ဆိုင် ထိုဝတ္ထုလေးကို ကျွန်ုပ် ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဖေါ်ပြထားတာက ၁၉၈၈ အရေးအခင်း မတိုင်မီ ၁၉၈ရ ဂျူလိုင်လထုတ် ရင်ခုန်ပွင့် မဂ္ဂဇင်းမှာ ဖြစ်ပါသည်။ ရင်ခုန်ပွင့် မဂ္ဂဇင်းပင် ထုတ်တာ မကြာသေးသော အချိန်က ဖြစ်ပါသည်။ ဝတ္ထုက ခေါင်းစဉ်တစ်ခုတည်းအောက်တွင် ဆရာကြီး လွတ်လွတ်လပ်လပ်ရေးနေသော “ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော” ဆိုသည့် ခေါင်းစဉ်ဖြင့်ဖြစ်ပါသည်။ အသက် ၁ရ နှစ်ကျော်ကျော် က ဖတ်ခဲ့သော ဝတ္ထုတိုလေးတစ်ပုဒ်ကို အခု အသက်၄၂ နှစ် အရွယ်ခန့်အထိ စွဲလန်း မှတ်မိနေသေးသည်မှာ ကျွန်ုပ်ဘလက် မှတ်ဉာဏ်ကောင်းလွန်း၍ မဟုတ်ပါ။ ဆရာကြီး၏ အရေးအသားကြောင့်သာ ဖြစ်ကြောင်း ကျွန်တော်တို့ ရွာသူရွာသားတွေ ဖတ်ကြည့်လျှင် သိနိုင်ပါမည်။ အချုပ်ဆိုရလျှင် ဆရာကြီးမောင်သာရ အတွက် ကျွန်ုပ်ဘလက်ချောမှ ခက်ခက်ခဲခဲ ပြန်ရှာနိုင်ခဲ့သော ဒီဝတ္ထုတိုလေးကို ခရစ္စမတ် နှင့် နှစ်သစ်ကူးလက်ဆောင် အဖြစ် ဖေါ်ပြချင်ပါသည်။ ဒီဝတ္ထုတိုလေးသည် အရေးအခင်းမတိုင်မီ ခေတ်၏ သမိုင်းတစွန်းတစ်စကိုလည်း ဖေါ်ပြပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ရထားအကြောင်းပါမည်။ စစ်သားအကြောင်းပါမည်။ မှောင်ခိုအကြောင်းပါမည်။ သမဝါယမအကြောင်းပါမည်။ ကဲပြောနေကြာပါတယ်ဗျာ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါ။ မပြုံးကြေးနော်။
၂၀၁၂ ခုနှစ် နှစ်သစ်မှာ ဆရာကြီးမောင်သာရ စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိပါစေလို့
ကျွန်ုပ် ဘလက်ချော က ဆုတောင်းပေးလိုက်ပါတယ် ဆရာကြီးခင်ဗျား။ သတိရလျှင်ဖြင့် ရွာကို အလည်လာပါဦးလို့
လေးစားစွာ ဖိတ်ကြားလိုက်ပါတယ် ဆရာကြီးခင်ဗျား။
ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော
ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ ရန်ကုန်မှာချည်း အနေကြာလာတော့ ခပ်ပျင်းပျင်းရှိတာနဲ့ရှမ်းပြည်ဘက် ခရီး ကောက်ထွက်လာခဲ့တာပဲ။
တစ်ခုတော့ ရှိတာပေါ့လေ။ဝတ္ထုရေးတဲ့လူတစ်ယောက်အနေနဲ့ ကတော့ ဒေသန္တရ ဗဟုသုတ ပေါ့။ လေ့လာ ဆည်းပူးရတာ ပေါ့၊ မျက်စိကိုဖွင့်ထား။ နားကိုစွင့်ထားရမှာပေါ့။
ဒါပေမယ့် သိတယ်မဟုတ်လား။ ကျုပ်အသက်က ငါးဆယ်ကျော်လာခဲ့ပြီလေ။ အရင်လို သိတ်အပင်ပန်းမခံနိုင်တော့ဘူး။ မျက်စိတွေလည်း မှုန်လာပြီး နားတွေလည်း ဟုံလာပြီ။ အသားတွေလည်း ထုံလာပြီ။ လောကဓံရဲ့ အထုအထောင်း ခံရဖန် ကလည်း များလာတော့ လက်တွေကလည်း တုန်ချင်ချင် ဖြစ်လာပြီ။ ငယ်တုန်းတစ်ခေတ်ကလို တယ်ပြီး ကြည်ကြည်လင် လင် ပြတ်ပြတ်သားသားလည်း မမြင်တတ်တော့ဘူး။ အထုံအထိုင်း အညံ့ပိုင်း ဝင်လာပြီ။
သည်တော့ ကျုပ်လည်း ရှမ်းပြည်မှာ ကြာရှည်ဇိမ်ယစ်နေချင်တဲ့စိတ် မရှိတော့ ပါဘူး။ အသုံးမကျတဲ့ အတူတူ ဘာလုပ်ဖို့ သူများရပ်ရွာဒေသမှာ အခန့်သား ထိုင်စားနေချင်ရမှာလဲ။ ကျုပ်တို့ဘာသာတရားရဲ့ ဝိနည်းကိုက ထမင်းတစ်နပ်ကျွေးရင် ကျွေးတဲ့အိမ်ရှင်အတွက် တစ်စုံတစ်ခု တုန့်ပြန်အကျိုးပြုရတယ်။ မပြုရင် စားလိုက်တဲ့ အစာက မသဒ္ဓါရေစာ သဒ္ဓါရေစာ ဖြစ်တတ်တယ်။ အဆိပ်ဖြစ်တတ်တယ်။
သည်တော့ ကျုပ် ပြန်မယ်။ ကြာရှည်နေဦးမယ် လို့ စိတ်ကူးထားပေမယ့် မြန်မြန်ပဲ ပြန်တော့မယ်။ ရုတ်တရက်ပဲ ကျုပ်ဆုံးဖြတ် ကြေညာလိုက်တယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ ကိုလည်း လိုက်နှုတ်ဆက်တယ်။
အဲ တစ်ချို့ကတော့ သည် အသက်အရွယ်နဲ့ ကျုပ်စိတ် အပြောင်းအလဲ မြန်ပုံကို အံ့အားသင့်ကြတယ်။ အတော်ကြာ နေလိမ့်ဦးမယ်ထင်ပြီး ဖြည်းဖြည်းမှ ကျွေးမွေးပြုစုဖို့ စိတ်ကူးထားတဲ့ အပေါင်းအသင်းတွေကလည်း စိတ်မကောင်းဖြစ်ကြ တယ်။
ဘာပဲပြောပြော ရှမ်းပြည်မှာ ရှိနေကြတဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကတော့ လိုလေသေးမရှိ ဧည့်ဝတ်ကျေပွန်ကြပါတယ်။
ဟော ပြန်တော့မယ်ဆိုတော့ ရွှေညောင်ဘူတာအထိ လိုက်ပို့ နှုတ်ဆက်ကြတဲ့ ပရိသတ်ကိုပဲကြည့်။ စင်္ကြန်တစ်ပြင်လုံး ပြည့်လုမတတ်ပဲ။ ကြွားပြောတာမဟုတ်ပါဘူး။ ကျုပ်မှာဖြင့် လူစေ့အောင်လိုက်နှုတ်ဆက်နေရတာနဲ့ပဲ ရထားထွက်တော့ မယ်ဆိုမှ တွဲပေါ်တက်ရတယ်။
ဖြစ်ပုံပြောရဦးမယ်။
ကျုပ်ကိုလိုက်ပို့ နှုတ်ဆက်ကြတဲ့ အပေါင်းအသင်းတွေထဲမှာ စာပေပရိသတ်ပါသလို တပ်ကလူတွေလည်း တော်တော် ပါတယ်။ မန္တလေးတက္ကသိုလ်မှာတုန်းက ကျောင်းနေဘက်ဖြစ်ခဲ့ဘူးတဲ့ မောင်မောင် ကလည်း အောင်သပြေစခန်းက တပ်တစ်တပ်မှာ တပ်ရင်းမှူး ဖြစ်နေတယ်။ ရေးဖေါ်အမျိုးသမီးတစ်ယောက်ရဲ့ ယောက်ျားကလည်း အဲသည်မြို့အထွက်နားက တပ်တစ်တပ်မှာ တပ်မှူးပဲ။ အဲ တောင်ကြီးမြို့အဝင်က တပ်တစ်တပ်မှာ အကြီးအကဲ ဖြစ်နေတဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ယောက်ကလည်း အထက်တန်းကျောင်းသားဘဝကတည်းက သူငယ်ချင်းပဲ။
ဆိုပါတော့။ အဲသည့်နားတစ်ဝိုက်မှာ အကြောင်းအားလျော်စွာ ဆုံစည်းနေကြတယ်။ ယုတ်စွအဆုံး၊ ကျုပ်တည်းခိုတာကိုက တပ်ထဲမှာ။ သူငယ်ချင်းတပ်မှူး တစ်ယောက်ရဲ့အိမ်မှာ သူလည်း လိုက်ပို့ နှုတ်ဆက်တဲ့အထဲမှာ ပါတာပဲ။
အင်း… ဖြစ်ချင်တော့ မြင်ကွင်းမှာ တပ်မတော်အရာရှိတွေချည်း လေးငါးဆယ်ယောက်ဖြစ်နေတယ်။
ပြီးတော့လည်း သိတယ်မဟုတ်လား။ သူတို့မှာက အကျင့်ကြီးဖြစ်နေပြီ။ နှုတ်ဆက်တာကို ကျုပ်တို့ အရပ်သားတွေလို ရိုးရိုးလက်ပြ နှုတ်ဆက်ရုံ မဟုတ်ဘူး။ “သတိ” ဆွဲပြီး “အလေးပြု” ပစ်လိုက်ကြသေးတယ်။
နောက်တစ်ချက်ပြောရဦးမယ်။
ကျုပ်အတွက် ရထားလက်မှတ် ဝယ်ပေးတုန်းက ရထားဝန်ထမ်းတွေကို ဘယ်လိုပြောထားတယ်မဆိုနိုင်ဘူး။ ဒါမှမဟုတ် အထက်တန်းအိပ်ခန်း ထဲမှာ ခရီးသည်အလိုက်နည်းလို့ပဲလား မပြောတတ်ဘူး။
ကျုပ်နေရာရတဲ့ အခန်းက လေးယောက်ခန်း။ ဒါပေမယ့် အခန်းထဲမှာကတော့ ကျုပ်တစ်ယောက်တည်းရယ်။
ပြီးတော့ကျုပ်နဲ့ ကပ်လျက်အခန်းက နှစ်ယောက်ခန်း။ အဲသည်အခန်းထဲမှာကလည်း ဗိုလ်ကြီးအဆင့်ရှိတဲ့ တပ်မတော် အရာရှိတစ်ယောက် ပါလာတယ်။ သူလည်း တစ်ယောက်တည်းပဲ။
ရထားထွက်ခါနီးတော့ ကျုပ်ရဲ့သူငယ်ချင်း ဒုတိယဗိုလ်မှူးကြီးဆိုတဲ့လူက ကျုပ်ပြတင်းပေါက်နားလာရပ်ပြီးပြောတယ်။ လမ်း ခရီးမှာ လိုတာရှိရင်ပေါ့လေ၊ ဟိုဘက်ခန်းက ဗိုလ်ကြီးဘယ်သူဆိုလား နာမည်တော့ ပြောပါတယ်။ ကျုပ်ကမေ့သွားလို့။ သူ့ကို အကူအညီတောင်းတဲ့။ အဲသည် ဗိုလ်ကြီးကိုလည်း လှမ်းမှာတယ်။ ကျုပ်ကို လမ်းမှာ အကူအညီ ပေးလိုက်ဖို့။
အေးလေ လမ်းမှာ အဖေါ်ရတော့ ကောင်းတာပေါ့။ တွဲပေါ်က အောက်ဆင်းပြီး တစ်ခုခု စားချင် သောက်ချင်ဦးတော့၊ ပစ္စည်းလေးကအစ အပ်ခဲ့ရတာပေါ့။
ဒါပေမယ့် အဲဒီ ဗိုလ်ကြီးကိုလည်း ကျုပ်မမြင်ရဘူး။ ရထားကလည်း စပြီး ဘီးလှိမ့်နေပြီဆိုတော့ မိတ်လည်း မဆက်လိုက်ရ ဘူး။
ကျုပ်လည်း ဘယ်ဘူတာမှာမှ အောက်မဆင်းဖြစ်ပါဘူး။
ကျုပ်အခန်းကိုလည်း နောက်ထပ်ခရီးသည်တစ်ယောက်မှ ရောက်မလာဘူး။
အင်း… မိုးလေးကလည်း တစိမ့်စိမ့်နဲ့ ဆိုတော့ ကျုပ်လည်း အိပ်ကောင်းကောင်းနဲ့ အိပ်ပစ်လိုက်တာပဲ။
နေဦး၊ ကျုပ်ရဲ့ဝတ်စားဆင်ယင်မှုကိုလည်း ကြည့်ပါဦး။
ရှမ်းပြည်ဘက်ကို အိပ်ယာလိပ်မပါ၊ စောင်မပါ၊ အနွေးထည်မပါဘဲ တက်လာခဲ့တဲ့ ကျုပ်ကို၊ ကျုပ်တည်းတဲ့အိမ်ရှင် သူငယ်ချင်းတပ်မှူးက သူ့သိုးမွှေးဆွယ်တာတစ်ထည် စွန့်ထားတာရှိတယ်။ စစ်ဆွယ်တာ အကြမ်းပေါ့။ တံတောင်ဆစ်မှာ ဇင်စတစ်ထပ် ပိုးချုပ်ထားတာနဲ့။ ပုခုံးစွန်းတွေမှာလည်း ဒေါက်လျှိုပေါက်တွေနဲ့။ အဲသည်ဆွယ်တာကို ကျုပ်ဝတ်ထားတယ်။
ပြီးတော့ အစိမ်းရင့်ရောင် သိုးမွှေးလည်စည်းကို အတွင်းဘက်ခေါက်သွင်းပြီး ရသေ့ဒေါက်ချာလို စွပ်ရတဲ့ ခေါင်းစွပ်နဲ့။
အောက်ပိုင်းကတော့ ရခိုင်လုံခြည်ကို ဝတ်ထားတာပါပဲ။ ခြေဖျားတွေအေးနေလို့ ခြေအိတ်စွပ်ထားပေမယ့်လည်း ညှပ်ဖိနပ်နဲ့ ပါပဲ။
ဒါပေမယ့် ပြတင်းပေါက် ဘောင်ထဲမှာ အောက်ကနေလှမ်းကြည့်လို့ မြင်ရမယ့် ကျုပ်ရဲ့ကိုယ်အပေါ်ပိုင်းကတော့ အထင်မှား စရာဖြစ်နေတယ်။
ကျုပ်ကလည်း ဝင်ကစွပ်ကောင်လို ကြုံရာအခွံထဲဝင် နေရတော့ အထင်မှားမယ်ဆိုလည်း မှားချင်စရာပဲ။
ဒါပေမယ့် မှန်တာပြောသစ္စာ။ ကျုပ်အယောင်မဆောင်ပါဘူး။ ပြီးတော့ အပြင်လည်း မထွက်ဘူး။ အောက်လည်း မဆင်းဘူး။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ရထားထွက်တော့ တံခါးတွေ အလုံပိတ်ပြီး ချမ်းချမ်းနဲ့ ကွေးအိပ်နေလိုက်တာပဲ။
အဲ… ကျုပ်လန့်ပြီး နိုးလာတော့ ရထားကြီးက ရပ်နေတယ်။
အောက်မှာ ဆူညံဆူညံနဲ့ လူသံတွေကိုလည်း ကြားနေရတယ်။ ဧကန္တ၊ ဘူတာတစ်ခုခုမှာ ထုံးစံအတိုင်း ရပ်နေတာဖြစ်မှာပဲ လို့သာ ကျုပ်ယူဆလိုက်ပါတယ်။
တစ်ခုတော့ ရှိတယ်။ ကျုပ် ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတယ် မပြောတတ်ဘူး။ အချိန် ကတော့ မှောင်နေပြီ။ အပြင်ဘက်မှာလည်း အလင်းရောင်လုံးဝ မရှိတော့ဘူး။ တွဲထဲမှာလည်း မီးမလင်းဘူး။
ဒါနဲ့ ခေါင်းရင်းက ပြတင်းပေါက် တစ်ပေါက်ကို ဖွင့်ကြည့်မယ် စိတ်ကူးပြီး အိပ်ယာကထလိုက်တယ်။ ဘယ်ဘူတာမှာ ဆိုက်နေတာပါလိမ့်။ ဗိုက်ထဲကလည်း ဆာလာသလိုလိုပဲ။ ညနေစာစားချိန်များလွန်လာပြီလား။ ဝယ်စားလို့မှ ရပါဦးမလား။ ဖွင့်….။
နေဦး၊ နေဦး…။
အောက်မှာက ဆူညံဆူညံနဲ့၊ ငြင်းခုံနေကြတဲ့ အသံတွေ။ ဘာသံတွေပါလိမ့်။ ဘာဖြစ်နေပါလိမ့်။
တဖြည်းဖြည်းနဲ့ ကျုပ်ခေါင်းရင်းပြတင်းပေါက်နဲ့ တည့်တည့်ကို ရောက်လာကုန်ကြပြီ။ ဘာတွေများ ပြသနာ တက်နေကြပါလိမ့်။ မဖွင့်နဲ့ ဦး။ ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့။
ကျုပ် ကြောက်ကြောက်လန့်လန့်နဲ့ နားစွင့်ကြည့်လိုက်တယ်။
ဟိုက်…ဒုက္ခပဲ။
လူတစ်ချို့ ကျုပ်တွဲပေါ် ချီတက်လာကြပြီး ကျုပ်အခန်းတံခါးကို လာခေါက်နေကြပြီ။
ကျုပ်စဉ်းစားကြည့်ပါသေးတယ်။ သူတို့ဘာသာသူတို့ ဘာပဲဖြစ်ကြဖြစ်ကြ ကျုပ်နဲ့ ဘာဆိုင်လို့တုန်း၊ ကျုပ် အနေသာကြီးပဲ။ ဘာပြုလို့ တံခါးဖွင့်ပေးရမှာတုန်း။
ဒါပေမယ့် ကျုပ်တစ်ယောက်တည်းပိုင် အခန်းလည်း မဟုတ်။ ကျုပ်ကိုယ်ပိုင် တွဲလည်းမဟုတ်။ အို…ဖွင့်ပေးလိုက်ရဦးတော့ ပြတ်ပြတ်ပြောပစ်လိုက်လည်း ရတာပဲ။ ကျုပ် မသိဘူး။ နားမလည်ဘူး ငြင်းလွှတ်လိုက်ရုံပေါ့။ မကူညီနိုင်ဘူး၊ လုံးဝခေါင်းခါလိုက်ရုံပေါ့။ ဘာခဲယဉ်းတာမှတ်လို့။ ဒါ ကျုပ်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကျုပ်သဘော၊ ကူချင်ရင်ကူမယ်၊ မကူချင်ရင် မကူဘူး။
ကျုပ် ထ တံခါး ဖွင့်ပေးလိုက်ပါတယ်။
ခက်တာက ရထားပေါ်မှာ မှောင်နေတယ်။ ကျုပ်အခန်းပေါက်ဝမှာ လူလေး ငါး ဆယ်ယောက်။ သူတို့ မျက်နှာတွေကို ကျုပ် သဲသဲကွဲကွဲ မမြင်ရဘူး။
ဒါပေမယ့် သူတို့ကလည်း ကျုပ်အခန်းထဲကို လုံးဝ ဝင်မလာကြဘူး။ ဝင်ခွင့်လည်းမတောင်းကြဘူး။ အဝမှာပဲ ရပ်နေကြ တယ်။ ပြီးတော့ ရယ်စရာကောင်းတာက သူတို့ကလည်း ကျုပ်ကိုပြန်ပြီး ကြောက်နေကြသလိုပဲ။
သိတဲ့အတိုင်း ကျုပ်ရဲ့ မျက်နှာထားကလည်း ဘယ်တုန်းက ပြုံးပြုံးရွှင်ရွှင် ရှိခဲ့ဘူးလို့လဲ။ အပေါက်ကဆိုးဆိုး ရှုက သိုးသိုး၊ ရုပ်ကိုကလည်း လူမိုက်ရုပ်။ ခပ်ကြမ်းကြမ်း။ ခပ်မှုန်တေတေ။ သည်တော့ ဘယ်သူကမှ ရုတ်တရက် စကားစ မလာကြဘူး။
ကျုပ်ကတော့ ထ တံခါး ဖွင့်ပေးပြီး၊ နေရာမှာ ပြန်ထိုင်တယ်။ နောက်ထပ် တစ်ကြိမ်လည်း စဉ်းစားကြည့်မိပြန်တယ်။ လူက တယ်ကူညီချင်စိတ် ရှိတာကိုး။ အများအကျိုးကို တယ် သယ်ပိုးချင်တာကိုး။ အမှတ်မရှိ။
အင်း… သည်ပြသနာမှာ ကျုပ်သာ ဝင်မပါပဲ တစ်နည်းပြောရရင် ကျုပ်သာ မကူညီဘဲ နေလိုက်လို့ကတော့ ပြီးပြတ်မယ်မထင်ဘူး။
ကြားထားရသမျှအရက ဘယ်လိုမှ ညှိလို့ မရနိုင်ကြတော့တဲ့ အခြေအနေ။ ဘယ်သူကမှလည်း အဆုံးအဖြတ် မပေးနိုင်ကြတော့ဘူး။ ပြသနာ ဖြစ်နေကြတဲ့ ကာယကံရှင် နှစ်ဦးနှစ်ဖက်ကလည်း ဘယ်သူ့ အဆုံးအဖြတ်ကိုမှ လက်မခံကြတော့ဘူး။
နောက်ဆုံး သူတို့ချင်း သဘောတူ ညှိလို့ ရလာကြတာက သည်ရထားပေါ်မှာ ဘယ်အဆင့်ရှိတယ်တော့ မပြောတတ်ဘူး။ လူကြီးတစ်ယောက်ပါလာတယ်ပေါ့။ အဲသည်လူကြီးကို တင်ပြမယ်ပေါ့။ အဲသည်လူကြီးရဲ့ အဆုံးအဖြတ်ကို နာခံကြမယ်ပေါ့။ တွဲစောင့်ဝန်ထမ်းက သတင်းပေးတာနဲ့ ကျုပ်အခန်းပေါက်ကို ရောက်လာကြတာပဲ။
နေရာက “လယ်ပြင်” ဘူတာ။ တောင်ပေါ်လမ်းရဲ့ အဆုံး။ မြေပြန့်ရဲ့ အစ။
ပြသနာက သက်ဆိုင်ရာ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ရှာဖွေရေးအဖွဲ့က သတင်းအရ ရထားပေါ်ကို တက်ရှာတယ်။
မှောင်ခိုပစ္စည်းလို့ ခေါ်တဲ့ အကောက်ခွန်မဆောင်ပဲ ပြည်တွင်းကို တရားမဝင် ခိုးသွင်းလာတဲ့ ပစ္စည်းတွေ မိတယ်။ ကာလ ပေါက်ဈေး တစ်သိန်းကျော်ဖိုး ရှိတယ် ဆိုပဲ။
ဒါပေမယ့် ပစ္စည်းပိုင်ရှင်က အသိမ်းဆည်းလည်း မခံနိုင်ဘူး။ အရေးယူလည်း မခံနိုင်ဘူးလို့ ငြင်းနေတယ်။ သူဟာ မှောင်ခို ကုန်သည်လည်း မဟုတ်ဘူး။ ပုဂ္ဂလိက စီးပွားရေးသမားလည်း မဟုတ်ဘူး။ သည်ပစ္စည်းတွေကလည်း သူပိုင် ပစ္စည်းတွေ မဟုတ်ဘူး။ သူတို့ မြို့နယ်က သမဝါယမဆိုင်ပိုင် ပစ္စည်းတွေသာ ဖြစ်တယ်။ သမဝါယမ ဆိုင်မှာ တင်ရောင်းဖို့အတွက် အသင်းရဲ့ ဆုံးဖြတ်ချက်အရ ဝယ်လာတာဖြစ်တယ်။ မြို့နယ် လုပ်သားပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်လာတာ ဖြစ်တယ်။ ပြီးတော့ ဝယ်လာတဲ့ နေရာကလည်း တောင်ကြီးမြို့ပေါ်က။ နယ်ခြားက ဝယ်လာတာ မဟုတ်ဘူး။ တရားဝင်ရောင်းနေတဲ့ လဟာပြင်ဈေးထဲက ဝယ်လာတာဖြစ်တယ်။ ဘယ်နှယ့် ဈေးမှာတော့ ရောင်းခွင့်ပြုပြီး လမ်းမှာကျတော့မှ သိမ်းမယ်ဆိုတာ သဘာဝ မကျဘူး။ စာရွက်စာတမ်းတွေလည်း အပြည့်အစုံပါတယ်။ စစ်ဆေးကြည့်နိုင်တယ်။ ပစ္စည်တော့ မထိနဲ့၊ အသိမ်းမခံနိုင်ဘူး။ လူလည်း အဖမ်းမခံနိုင်ဘူး ဖြစ်နေတယ်။
ဘာလုပ်ကြမလဲ။
ဘယ်လိုမှ ဖြေရှင်း ညှိနှိုင်းလို့ မရကြဘူး။
ကြားထဲက ရထားကြီးက ရပ်နေတယ်။ ဘာလိုလိုနဲ့ နာရီဝက် ကျော်သွားပြီ။ ရထားပို့ဆောင်ရေး ဝန်ထမ်းတွေမှာလည်း အခက်အခဲ ဖြစ်နေတယ်။ နောက်ဆုံးတော့ ကျုပ်အခန်းပေါက် ရောက်လာကြတာပဲ။
ကျုပ် စဉ်းစားကြည့်တယ်။ အမှန်အတိုင်း ဖွင့်ပြောပြီး ကူညီလို့ အောင်မြင်နိုင်မလား။ စာရေးဆရာတစ်ယောက်ရဲ့ အဆုံးအဖြတ်ကိုရော လေးစားနိုင်ကြပါ့မလား။ လက်ခံနိုင်ကြပါ့မလား။ တန်ဘိုးထားနိုင်ကြပါ့မလား။
ကျုပ်တော့ တယ်မထင်ဘူး။ ကျုပ်တို့တိုင်းပြည်မှာ စာရေးဆရာကို စာဖတ်ပရိသတ်ကလေး လက်တစ်ဆုပ်စာကလွဲလို့ ဘယ်သူကမှ ဟုတ်တိပတ်တိ အထင်ကြီးကြတာ မဟုတ်ဘူး။ မြို့ပေါ်လူတန်းစား ပညာတတ် အသိုက်အဝန်းထဲက တချို့တလေက လွဲရင် လူများစုကြီးက သိလည်း မသိကြဘူး။ သည်တော့ မဖြစ်နိုင်ဘူး။
မဖြစ်ပေမယ့်လို့ ကျုပ်မှ မဆုံးဖြတ် မကူညီရင်လည်း သည်ကိစ္စက ပြီးတော့မှာ မဟုတ်ဘူး။ ရထားကြီးလည်း ဆက်ထွက်ရတော့မှာ မဟုတ်ဘူး။
ဒါပေမယ့် သည်ကိစ္စကို ကျုပ်လည်း နားမလည်ဘူး။ မဆုံးဖြတ်တတ်ဘူး။ ဘယ်သူက ဘယ်လောက် အာဏာ ရှိမှန်းလည်း မသိဘူး။ သည်တော့ မတော် ကျုပ်အဆုံးအဖြတ် မှားသွားရင် ဘယ့်နှယ်လုပ်မလဲ။
ကျုပ်ရဲ့ အခန်းပေါက်မှာ ရပ်နေကြတဲ့ လူတွေကတော့ ကျုပ်ကို တစ်ယောက်ပြီးတစ်ယောက် ရိုရိုသေသေ တင်ပြနေကြတယ်။ စံနစ်တကျ တစ်ဖက်တစ်လှည့် မေတ္တာရပ်ခံနေကြတယ်။ တရားသူကြီး တစ်ယောက်ရဲ့ ရှေ့မှာ နှစ်ဖက် အကျိုးဆောင်တွေက လျှောက်လဲ နေကြတဲ့ သဘော။
ကျုပ်လည်း ဘာပြန်ပြောရမှန်း မသိတာနဲ့ နားပဲထောင်နေလိုက်တယ်။ သူတို့ ပြောနေ ကြတာကိုကပဲ နောက်ထပ်နာရီဝက် လောက်တော့ ရှိလိမ့်မယ် ထင်တယ်။
စောစောက ချမ်းလို့ ကွေးနေတဲ့ ကျုပ်လည်း ချွေးစို့စ ပြုလာပြီ။
ကဲ…လေကောင်းလေသန့်ကလေးနဲ့ အလင်းရောင်ကလေး ရလိုရငြား၊ ခေါင်းရင်း ပြတင်းပေါက်ကိုတော့ ဖွင့်ဦးမှ။
ဖွင့်မယ်လို့ ထိုင်ရာက ထပြီး လက်ရွယ်ခါ ရှိသေးတယ်။ တွဲစောင့်လုလင်က အလိုက်သိတတ်စွာ ပြေးဝင်လာပြီး ဖွင့်ပေးတယ်။
ဟိုက်… ကျုပ်ရဲ့ တွဲအပြင်ဘက် စင်္ကြန်ပေါ်မှာ ကလည်း နည်းတဲ့ လူအုပ်ကြီး မဟုတ်ပါလား။
ကိုင်း… ဘာမှ အကြံအိုက်မနေနဲ့။ ဖြစ်ချင်ရာဖြစ်။ ရထားစီး ခရီးသည် ထုကြီးရဲ့ အကျိုးအတွက် ကျုပ်ဆုံးဖြတ်ချက်တစ်ရပ် ချလိုက်တယ်။
တွဲစောင့် လုလင်ကိုပဲ ကျုပ်ခိုင်းလိုက်တယ်။ တစ်ဖက်ခန်းကို လက်ညှိုးထိုးပြလိုက်တယ်။ တစ်ဖက်ခန်းမှာရှိတဲ့ ဗိုလ်ကြီးကို တင်ပြဆိုတဲ့ သဘော။ ဘော်လီဘော ပုတ်လိုက်တယ်။
ဒါပေမယ့် တွဲစောင့်လုလင်ကလည်း ဖွတ်ကျားကောင်။ ကျုပ်ပြောတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း နားမလည်ဘူး။ ကျုပ် လက်ညှိုး ညွှန်ပြတဲ့အတိုင်း ဟိုဘက်ခန်းကိုတော့ သွားပါရဲ့။ ဒါပေမယ့် အဖြစ်အပျက်ကို တင်မပြပဲ ဗိုလ်ကြီးကိုပါ ခေါ်ထုတ်လာတယ်။ ကျုပ်က အခေါ်ခိုင်းလိုက်လို့ ဆိုပြီး ခေါ်လာဟန်တူပါရဲ့။
အရေးထဲမှာ ဗိုလ်ကြီးကလည်း ကျုပ်ရဲ့ အခန်းပေါက်ဝ ရောက်တာနဲ့ တစ်ပြိုင်နက် ကျုပ်ကို သတိဆွဲပြီး အလေးပြုလိုက်တယ်။
သေရော။
မူလကမှ အထင်ကြီးနေရတဲ့ အထဲ။ သူက တစ်ခါထပ် အလေးပြုလိုက်တော့ ပိုဆိုးကုန်ရော။ သူလည်း ကျုပ်ရဲ့ ကိုယ်ရေးအရာရှိ ဖြစ်သွားရော။
ကျုပ်… ဘာပြောရတော့မလဲ။ ကျုပ် လှုပ်လေ မြုပ်လေ။
မှောင်ထဲမှာ ကျုပ် ပြုံးလိုက်မိတယ်။
အမှန်ပြောရရင်တော့ ကျုပ်ဟားတိုက်ပြီး ရယ်ပစ်လိုက်ချင်တယ်။ ဒါပေမယ့် ကျုပ်ရဲ့ ရယ်ချင်တဲ့ စိတ်ကို ကျုပ်မနည်း ချုပ်ထိန်းထားရတယ်။
တစ်ခွန်းပဲ ကျုပ် ပြောလိုက်ပါတယ်။
“သူတို့ ကိစ္စကို ဗိုလ်ကြီးပဲ ကြည့်ဖြေရှင်းပေးလိုက်ပါ။ ရထားလည်း မြန်မြန် ထွက်ရအောင်ပေါ့။”
ကျုပ် မဆုံးဖြတ်ဝံ့ပါဘူး။ လျှာလွှဲလိုက်တယ်။
ဗိုလ်ကြီး ခေါင်းဆောင်ပြီး အားလုံး တွဲပေါ်က ပြန်ဆင်းသွားကြတယ်။ အပြင်ဘက်က လူအုပ်ကြီးလည်း သူတို့ နောက်က လိုက်သွားတယ်။
မကြာဘူး။
ဗိုလ်ကြီး ဘယ်လို ဆုံးဖြတ်လိုက်တယ် မပြောတတ်ဘူး။ ဆယ့်ငါးမိနစ်လောက်အကြာမှာ ရထားဥဩဆွဲတယ်။ ရထားထိန်းရဲ့ ခရာသံကိုလည်း ကြားရတယ်။ ရထားထွက်တော့မယ်။
သည်တော့ ကျုပ်လည်း အခန်းတံခါးကို ထပိတ်လိုက်တယ်။ ပြီးတော့မှ အသံထွက် ရယ်ပစ်လိုက်မိတယ်။ ။
မောင်သာရ
19 comments
windtalker
December 20, 2011 at 12:08 pm
ဆရာကြီးမောင်သာရ ၏ စာဟောင်းပေကောင်းများကို ပြန်လည် ဖော်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ။
Moe Z
December 20, 2011 at 12:43 pm
အခုမှဖတ်ဖူးတာ ဘဘဘလက်ရဲ့ ကျေးဇူးတင်ပါတယ်
မိုးစက်လည်းကရင်ပြည်နယ်ဘက်မှာ အဲလိုဆင်တူဖြစ်ရပ်မျိုးကြုံဖူးတယ်
မပြောပြတော့ဘူး 😛
blackchaw
December 20, 2011 at 12:46 pm
ဆင်တူဖြစ်ရပ်မျိုးကြုံဘူးရင် ပြောပြပါဗျာ။
ကွန်းမန့်မှာ မရေးချင်ရင် ပို့စ်ရေးတင်ဗျာ။ ဖတ်ချင်လို့ပါ။
Moe Z
December 20, 2011 at 1:19 pm
မဖြစ်ဘူးဘဘဘလက်ရေ သက်ဆိုင်သူတွေဖတ်မိရင် မိုးစက်ကို ဝိုင်းဆဲကြမှာ
တော်တော်ရယ်ရတယ် 😀 😀 😀
windtalker
December 20, 2011 at 1:55 pm
ဟိုသီချင်းလေး ပါ
သက်ဆိုင်သူ မောင့်ကိုဘဲလေ
သက်ဆိုင်သူ မောင့်ကိုဘဲလေ
ဟီဟိ
inz@ghi
December 20, 2011 at 1:59 pm
မောင့်ကိုတော့ မသိ ..
ပေ့ကိုတော့ စပရေး နဲ့ ဖျန်းလိုက်တယ် …ဟီဟိ…
သတိထားဇက်ကလေးရေ …ခုတောင် နင်ဂျာလိုဝတ်စားထားတယ်….
ထပ်လာနေဦးမယ်…
😛
Moe Z
December 20, 2011 at 2:23 pm
ညဘက်မို့လို့မမှတ်မိတာ သူကိုယ်တိုင်ဝန်ခံသလိုဖြစ်သွားမှသိရတယ်
အဲဒီရေမွှေးက ပျော့တယ်ထင်တယ် ဟုတ်လား
နောက်ဆို အရက်ပြန်နဲ့မိမယ် 😀
ဆူး
December 20, 2011 at 2:29 pm
အဟမ်း…. အရက်ပြန် အရောင်မလှလို့ သဘောမကျရင် အနီရောင် သန်းတဲ့ အကယ်ဒမီ ကြွေချေးချွတ်ဆေး ရှိတယ်နော်.. ကြုံတုန်း ကြော်ညာဝင်တာ ဂျီးမှန်သမျှ အကုန်ပြောင်သွားမယ် တချက်ဆို တချက်.. ထိရောက်မှုကို ကိုယ်တိုင် ခံစား သိရှိသွားနိုင်ပါတယ်။
inz@ghi
December 20, 2011 at 2:31 pm
ဇက်ကလေး ကို ..အဲ့လိုလူတွေရန်က ကာကွယ်ရအောင်
ဂီဂီ ဘားလမ်းထိပ်မှာ ဓါးထမ်း wait ရတာပေါ့ ကွယ်…
😀
nozomi
December 20, 2011 at 1:39 pm
ဒါလေး မဖတ်ဘူးသေးဘူး ဗျ
ကောင်းလိုက်တာ
ကိုဘလက်ကြီး အဆင်ပြေရင် စာပေမြို့ဟောင်းလေးတွေ ပြန်တူးပေးပါလား
ွွှှဟိုတစ်လောက သူကြီးကတော်ကို တူးသလိုမျိုးတွေ ရောပေါ့ ၊ မြို့ အစုံပေါ့ ဆရာဘလက်ရယ်
ဆရာလုပ်ရင် ဖြစ်ပါတယ်..
blackchaw
December 20, 2011 at 1:49 pm
အသာလုပ်ပါ ။
သူကြီးကတော်ကို တူးတယ်တော့ မလုပ်ပါနဲ့ဗျာ။
သူကြီးက ဟိုဘက်ပို့စ်မှာ ဓါးအကြောင်းကွန်းမန့်ရေးနေတာနော်။
အရေးအခင်းမတိုင်မီက စစ်တပ်က ဘယ်လိုနေရာမှာရှိလဲဆိုတာလေး
ဒီဝတ္ထုမှာ တွေ့ရတယ်ဗျ။ အားကိုးတကြီးနော် စစ်တပ်ကို အဲဒါလေး
ကြည့်တတ်ရင် တွေ့မှာပါဗျာ။
windtalker
December 20, 2011 at 1:59 pm
သဂျီးကတော် ကို မတူးဘူးဆိုတော့
ဘာတွေ များ တူးမှာပါလိမ့်လို ့
သိချင်စိတ် ဖြစ်သွားပါကြောင်း
ဟီဟိ
inz@ghi
December 20, 2011 at 2:16 pm
ဟိုမှာ ဖျတ်ကနဲ ပေါ်လာပြီး မန့်မယ့် မန့်တော့လည်း အသားလှီးဓါး အကြောင်းမို့…
လန့်နေပါတယ်ဆို ….ဇွတ် ….:P
koyinmaung
December 20, 2011 at 2:45 pm
ကောင်းတယ်ဗျို့…ရှိသေးယင်ထပ်တင်ပါအုံး
ဖတ်ချင်လို့…..
ကျေးဇူးဘဲ ကိုဘလက်ရေ….
thit min
December 20, 2011 at 5:36 pm
ကျနော် ဘီးဇီးနေလို့ဗျ။
ဒီနေ့လေး အချိန်ယူပြီး လိုက်ကော်မန့်မယ်လို့စိတ်ကူးတာ၊အစဉ်လိုက်ဘဲ။ရောက်ပြီ။
~~~~~~~~~~~~~~
ဆရာကြီးရဲ့ စာတွေက ရိုးရိုးလေးနဲ့ ဆွဲဆောင်တယ်ဗျ။ လွှတ်ပူတဲ့နေ။ ဆိုတာကျနော်သိပ်ကြိုက်တဲ့စကားပေါ့။
ကြိုးနဲ့ကိုချည်မထားတဲ့ သဘောလို့စဉ်းစားဘူးတယ်။
ခင်ဗျားကလည်းတော်တော် စာပေချစ်တတ်သူပါဘဲ ကိုဘလက်ရေ။
ပြန်ရေးပြရတာ ဘယ်လောက်အချိန်ပေး လက်ညောင်းတယ်ဆိုတာ သိပါတယ်ဗျာ။
ကျေးဇူးပါဘဲ။
မိတ်ဆွေဟောင်းပြန်တွေ့ရသလိုပါဘဲ။ ဆရာကြီး စာဟောင်းတွေပြန်ဖတ်ခွင့်ရတာ။
ခင်ဗျားတော့ သေရင် “စာပေနတ်သား” ဖြစ်ပြီး၊ “စာပေ-နတ်ဗိမာန်” မှာစံစားရမယ်ထင်ပါရဲ့။(^^)
comegyi
December 20, 2011 at 8:00 pm
ကိုဘလက်ကြီးခင်ဗျား
ဒါတော့ မဖတ်ရသေးဘူး …..
ကျေးဇူးတင်ပါတယ်ဗျာ……အခုလို တကူးတက
တင်ပေးတာကို……
ဆရာကြီးရဲ့ ရိုးဂုဏ်ပါတဲ့ အရေးအသားကတော့
ဘယ်တော့မှ ဖတ်လို့မရိုးဘူးဗျာ
KING
December 20, 2011 at 9:13 pm
ဒီစာမျိုး မဖတ်ဖူးဘူးဗျ
ကျွန်တော်မွေးကတည်းက စနစ်တစ်ခုထဲမှာပဲ ကြီးပြင်းလာရတော့
စနစ်တွေ အကြောင်းလည်း သိပ်မသိဘူးဗျ
အခုလိုမျိုးဖတ်မှ သိခွင့်ရတဲ့အတွက် ကျေးဇူးပါဗျ … 😀
MaMa
December 20, 2011 at 10:34 pm
ခေတ်ကိုထင်ဟပ်တဲ့ ဆရာကြီးရဲ့စာ၊ ကိုဘလက်ရဲ့ ဖော်ပြချက်တွေကို ဖတ်ပြီး သိင်္ဂ ါရ ရသကို ခံစားလိုက်ရတယ်။
ကိုပေါက်(မန္တလေး)
December 20, 2011 at 10:53 pm
ကြွယ်တယ်လို့တော့ မထင်လို်က်ပါနဲ့။
ကျနော်ကျောင်းသားဘဝကတည်းက ဆရာကြီးမောင်သာရစာအုပ်တွေ
မျုးိမမ ပကာသနီ စလို့ ဆီးရီးလိုက်ပြတ်အောင်ဖတ်ဘူးပါတယ်။
ဖတ်ခဲတဲ့နှစ်တွေကြာတော့ အားလုံးကို ခပ်ရေးရေးဘဲမှတ်မိပါတော့တယ်။
ကျနော်နှစ်သက်တဲ့ဆရာကြီးများထဲက ဆရာကြီးတစ်ဆူဆိုရင်လဲ မှန်ပါတယ်။
အထူးသဖြင့် အများစိတ်ဝင်စားအောင်ခေါင်းစဉ်ပေးတတ်တဲ့သူ့ရဲ့ စာရေးသားပုံကို ကျနော်အတုခိုးတာ
မအောင်မြင်သေးပါဘူး။
ခေါင်းစဉ်ဖတ်လို်က်ရုံနဲ့ဒါ မောင်သာရ ရေးတာလို့ သိအောင်ဖန်တီးနို်င်စွမ်းသူပါဘဲ။
ကြံဖန်ပြီး အမျိုးစပ်ရင်တော့မောင်သာရနဲ့ ကိုပေါက် ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက် တစ်ရပ်ကွက်သားထဲပါဘဲ။