သဂျီးချက်ကျွေးသည့် ပဲနီလေးဟင်းချိုနှင့် ငါးပုတ်ခြောက်ဆီဆမ်း၊ သရက်သီးသနပ်
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မန္တလေးမြို့စွန် အယူတော်ဂေဇက်ခြံအတွင်းသို့ လူတစ်ယောက် ရောက်ရှိလာလေ၏ ဗြုန်းကနဲ တွေ့လျှင်တွေ့ချင်း ထိုသူအား ကောင်းစွာမမှတ်မိချေ။ သို့ရာတွင် ထိုသူက ကျွန်ုပ်အား “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒနိုက်… သဂျီးဦးခိုင်” ဟု ကိုးရိုးကားယားနိုင်လှသော နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်လိုက်သောကြောင့် “အလို… ဘယ်သူများမှတ်တယ်…. ကိုရင်စည်သူကြီးကိုး” ဟု ကျွန်ုပ်က ရေရွတ်လိုက်မိလေ၏ ထိုအခါ ကိုရင်ကြီးသည် ကျွန်ုပ်အား “ဟုတ်ပ…. သဂျီးဦးခိုင်ရေ အခုလို မှတ်မိတာ ကိုယ့်လူ အတော့်ကိုတော်ပြီး အတော့်ကို ညံ့တာပဲ” ဟု ကို့ယို့ကားယား ပြောပြန်လေ၏။
ကျွန်ုပ်သည် ရယ်ရပြန်လေ၏ “ကိုရင်ကြီး ခင်ဗျားကတော့ အရင်အတိုင်းပဲ” ဟု ကျွန်ုပ်ကပြောပြန်လေရာ ၎င်းက. . “အားလုံးပြောင်းလဲကုန်ပြီ၊ မပြောင်းလဲတာကတော့ ကိုရင်စည်သူ တစ်ယောက်ပဲရှိတယ်၊ အရင်အတိုင်းပါပဲ၊ ဟဲ ဟဲ ကိုယ့်လူကို နှိမ်တာမဟုတ်ဘူးနော်၊ မှတ်မိတာလေးပြောပြတာ၊ ကိုယ့်လူကဟိုတုန်းက လွယ်အိတ်လေး တစ်လုံးလွယ်ပြီး ဆေးပေါ့လိပ်လေး ပါးစပ်မှာခဲလို့ အလုပ်လည်းမရှိဘူး၊ ဝင်ငွေလည်းမရှိဘူး၊ ဟိုအိမ် ကပ်စားလိုက်၊ ဒီအိမ်ကပ်စားလိုက်နဲ့၊ အခုဆေးပေါ့လိပ်လေး မခဲတော့ဘူး၊ မာဘိုလိုဆေးလိပ်လေးခဲထားပြီ၊ ကပ်စားတဲ့အလုပ်လည်း မလုပ်တော့ဘူး၊ ကိုယ့်လူကတောင် ပြန်ကျွေးနေပြီ၊ အဲဒါကြောင့် ကိုရင်စည်သူ လာခဲ့တာ၊ နံပါတ်တစ်ထမင်းစားမယ်၊ နံပါတ်နှစ် အဝတ်အစား အသုံးအဆောင်တောင်းမယ်၊ နံပါတ်သုံး ပိုက်ဆံတောင်းမယ်၊ နံပါတ်လေး ပြန်မယ်”ဟု ပြောလေ၏။
အမှန်စစ်စစ် ကိုရင်စည်သူကြီးနှင့် ကျွန်ုပ်သည် တစ်ရပ်ကွက်တည်းနေထိုင်ခဲ့သူများ ဖြစ်သည်။ စိတ်လည်း ကောင်းကောင်းမနှံ့ရှာပေ။ မိုးရွာနေပူမရှောင် သွားချင်ရာသွား၍ ပြောချင်ရာပြောနေတတ်သူဖြစ်၏။ သူ စိတ်မနှံ့သွားပုံက ခပ်ဆန်းဆန်းပါ။ ဗုဒ္ဓ၏ တရားနှင့်သာ နေထိုင်တော့မည်ဆိုကာ ကိုရင်စည်သူ အသက် (၁၅)နှစ်တွင် သာသနာဘောင်ဝင်လေသည်။ ဦးဘဇင်းအဖြစ် သိမ်တက်ရန်လည်း အသက်မမှီသေးဖြင့် ကိုရင်ကြီး ဘဝဖြင့်သာ ဘုန်တော်ကြီးကျောင်းတွင် ပါဌိစာပေ သင်ကြားရလေသည်။ ကိုရင်ကြီးခမျာ ပန်းတိမ်မတတ်ခင် ရွှေခိုးသင်ဆိုသလို သင်ပုန်းကြီး၊ ပဌာန်း၊ ပရိတ်ကြီး ၁၁ သုတ် အာဂုံဆောင်နိုင်ရုံ ပညာမာနလေးဖြင့် ပိဋကတ်သုံးပုံကို ဆက်လက် နေ့မအိပ်ညမအိပ် ကြိုးစားဖတ်မှတ်ရာ ဉာဏ်မမှီလှသဖြင့် စိတ်မနှံ့ဖြစ်သွားရှာလေသည်။ ထို့နောက်တွင် ကိုရင်ကြီး ဘဝနှင့် လူဝတ်လဲပြီးနောက် သတင်းအစအနပျောက်ပြီး တခါတလေမှ ကျွန်ုပ်ထံတွင် ထမင်းလာတောင်းစားတတ်လေသည်။ အချို့သူများက ခပ်ရိုင်းရိုင်းပင် “အရူးကြီးကိုရင်စည်သူ”ဟုခေါ်ကြကုန်၏။ သို့ရာတွင်ကျွန်ုပ်ကမူ ထိုသို့မခေါ်ခဲ့ပေ။ ကျွန်ုပ်ကိုတွေ့လျှင်လည်း မည်သည့်အချိန်တွေ့တွေ့ ဝမ်းသာအားရ “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်”ဟူ၍ နှုတ်ဆက်တတ်၏။
“ ကဲပါ ကိုရင်ကြီးရယ်. . . ဘာဟင်းနဲ့များစားမလဲဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းက “ ပဲနီလေးဟင်းချို တစ်ခွက်တော့ပါရမယ်၊ ငါးပုတ်ခြောက် ဆီဆမ်းတာပါရမယ်၊ သရက်သီးသနပ်ပါရမယ်၊ ဒီလောက်ပါပဲ”ဟု ပြောလိုက်လျှင် ကျွန်ုပ်က… “ ငါးပုတ်ခြောက်ကလည်း ကြိုက်တုံးပဲလား”ဟု ပြောလိုက်ရာ ကိုရင်စည်သူက “အားလုံးပြောင်းကုန်ပြီ၊ ကိုရင်ကြီးကဒီအတိုင်းပါပဲ၊ ငါးပုတ်ခြောက်မစားရရင် ထမင်းစားရတယ်တောင် မထင်ဘူး”ဟုဆိုသဖြင့် ကျွန်ုပ်လည်း၎င်းအား ၎င်းစားချင်သည်ဆိုသော ပဲနီလေးဟင်းချို၊ ငါးပုတ်ခြောက်၊ သရက်သီးသနပ်တို့ဖြင့် ကောင်းစွာတည်ခင်းကျွေးမွေးခဲ့လေ၏။
ကိုရင်ကြီးအား ထမင်းကျွေးထားစဉ်အတွင်းပင် ကျွန်ုပ်သည်ကျွန်ုပ်ထံတွင် အယ်ဒီတာပညာ သင်ကြားနေကြသော တပည့်များအား အယ်ဒီတာကောင်းတို့ တတ်အပ်သော ပညာရပ်များကို သင်ပေးနေလေ၏။ ထိုသို့ သင်ပေးပြီးသောအခါ၌ ကိုရင်စည်သူထံသို့လာကာ လက်ဖက်ရည်အချို၊ ကိတ်မုန့်ခြောက်တို့ဖြင့် ဧည့်ခံကျွေးမွေးပြန်၏ ကိုရင်ကြီးက လက်ဖက်ရည်သောက်ရင်း “ကိုယ့်လူက အသင်အပြ အတော်ကောင်းတာပဲ၊ မီဒီယာကျောင်းဆရာ လုပ်ဖို့ကောင်းတယ်”ဟု ပြောပြန်လေ၏။ “ မလုပ်ပါနဲ့ ကိုရင်ရယ်၊ ကျုပ်လည်း ၅ဝကို တော်တော်ကျော်လာပါပြီ၊ အခုမှတော့ အလုပ်မပြောင်းပါရစေနဲ့တော့ ” ဟု ကျွန်ုပ်ကပြောလိုက်၏။
ကျွန်ုပ်သည် ကိုရင်ကြီးနှင့် စကားပြောနေစဉ် ထိပ်ကွာနေသော ရှူးဖိနပ်ကို အပ်ဖြင့်ချုပ်နေလေ၏။ ချုပ် ပြီးသောအခါ၌ ခြေတွင်စွပ်၍စီးကြည့်နေ၏။ ထိုအခါ ကိုရင်ကြီးက “ ကိုယ့်လူ ဖိနပ်ဟောင်းချုပ်စားရင် ပိုပြီးအဆင်ပြေမယ်ထင်တယ်”ဟု ပြောပြန်လေ၏။ “ မလုပ်ပါနဲ့ကိုရင်ကြီးရယ်၊ အသက်လည်းကြီးပါပြီ အလုပ်မပြောင်းပါရစေနဲ့”ဟု ကျွန်ုပ်ကပြောရလေ၏။ ထိုအချိန်၌မှာပင် ဂေဇက်ခြံနေသန္ဓေတပည့်လေးနှစ်ဦးဖြစ်သည် နီဂီမိနှင့် ဆူးမ တို့ ရန်ဖြစ်သည်ဆိုကာ ဘလက်ချော က ကျွန်ုပ်ထံလာ၍ပို့၏။ ထို့ကြောင့်ကျွန်ုပ်လည်း ဝါးခြမ်းပြားဖြင့် ၈ ချက်စီ ရိုက်နှက်ရလေ၏။
ထိုအချိန်၌မှာပင် မီးစက်ကိုအရမ်းမြှင့်လိုက်၍ မီးချောင်းများကျွမ်းသွားသည်ဟုဆိုကာ မီးစက်ကိုင်သော တပည့်လေး ကြောင်ကြီးကို ခေါ်လာပြန်၏။ ကျွန်ုပ်လည်း အကြိမ်ကြိမ်ပေါ့လျော့တတ်သော ထိုတပည့် ကြောင်ကြီးအား ကုန်းခိုင်းပြီးလျှင် ၃-ချက်ခန့် ထုထောင်းလိုက်လေ၏။ ထို့နောက် မီးဖိုမှဆီထည့်ထားသော စဉ့်အိုးကို တိုက်၍ခွဲပစ်လိုက်သည်ဆိုသော အိုးခွဲတပည့် မိုက်ကယ်အောင်ပုနှင့် မောင်ချစ်စရာ အား ခြံကိုပတ်၍ပြေးခိုင်းရပြန်၏။ ကိုရင်ကြီးသည် ကျွန်ုပ်လုပ်သမျှကို ကြည့်၍သဘောကျနေ၏။ ထို့နောက် ကျွန်ုပ်အား “သဂျီးဦးခိုင် ခင်ဗျားလုပ်တာတွေက ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်ပဲ” ဟု ကိုးရိုးကားယားပြောပြန်လေ၏။ ကျွန်ုပ်လည်း စိတ်ဆိုးပြေ၍ ရယ်ရပြန်လေ၏။
ကိုရင်ကြီးသည် ဤသို့လျှင် စကားပြောသောအခါ၌ အမြဲလိုလို နှစ်ခွပြောတတ်လေ၏။ တွေ့လျှင်တွေ့ချင်း ”ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်”ဟူ၍လည်းကောင်း၊ ချီးမွမ်းသည့်အခါများ၌ “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟူ၍လည်းကောင်း၊ စိတ်ဆိုးလျှင်လည်း “မင်းကို ငါ စိတ်ဆိုးတယ်၊ ကျေးဇူးတင်တယ်” ဟူ၍လည်းကောင်း၊ ပျော်သောအခါ၌လည်း “ပျော်စရာကောင်းလိုက်တာ၊ ငိုချင်တယ်”ဟူ၍လည်းကောင်း၊ ဈေးဝယ်သောအခါ၌လည်း ဈေးသည်အား “ဈေးသိပ်ကြီးတယ်၊မလျှော့ပါနဲ့“ စသည့်ဖြင့် ဆန့်ကျင် ဘက်စကားနှစ်လုံးကို တွဲစပ်၍ ပြောတတ်လေ၏။ “ ကိုရင်ကြီးရေ . ဒီ ဂေဇက်ခြံမှာက ဘယ်လောက်ပဲကျုပ်က ကြိုးစားကြိုးစား ပြည့်စုံတယ်မရှိဘူးဗျို့။ သူများပေးစားကမ်းစာလေးတွေလည်း မစားရပါဘူးဗျာ၊ ခြံထဲပဲ ထည့်နေရတာပဲ မီးကိစ္စပြည့်စုံသွားရင် ရေကိစ္စ ဒုက္ခရောက်ပြန်ရော၊ ရေကိစ္စအဆင်ပြေသွားရင် မီးဖိုက ဒုက္ခပေးပြန်ရော၊ မီးဖိုကိစ္စအဆင်ပြေအောင် လုပ်လိုက်ရင် ဂမုန်းခြံက ပြဿနာဖြစ်ပြန်ရော ။ တစ်ခုမဟုတ် တစ်ခု ဒုက္ခအမြဲတမ်းတွေ့နေတယ်” ဟု ကျွန်ုပ်က လေးလေးနက်နက်ပြောလိုက်ရာ ၎င်းက…
ဝမ်းနည်းစရာ အတော်ကောင်းတာပဲ၊ ရယ်တောင်ရယ်ချင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါကိုဒုက္ခရောက်တယ်လို့ မယူဆပါနဲ့၊ ကိုရင့်ခြံကြီးက ကိုရင့်ကို ချဲလင့် (Challenge) လုပ်နေတာ၊ ချဲလင့်လုပ်နေတယ်ဆိုတာ စိန်ခေါ်နေတာ၊ ကိုရင့်ကို ယှဉ်ပြိုင်နေတာ၊ ဒါကြောင့် အသက်မရှိတဲ့ ကိုရင် အယူတော်မင်္ဂလာ ဂေဇက်ခြံကြီးဟာ အသက်ဝင်နေတာ၊ ဒုက္ခမဟုတ်ဘူး၊ ချဲလင့် ” ဟု ပြောလေ၏။ “မဟုတ်တာပဲကိုရင်ကြီးရယ်၊ ခင်ဗျားပြောတာတွေ ဘာတွေလဲ၊ ကျုပ်ဖြင့် နားမလည်ပေါင်ဗျာ၊ ခင်ဗျားနဲ့ ကြာကြာဆက်ပြီး နေရရင်တော့ ကိုရင်ရေ. . . ကျုပ်ပါ ရူးလိမ့်မယ်ထင်တယ်” ဟု ကျွန်ုပ်က ရယ်ရယ်မောမောနှင့် ပြောလိုက်လေ၏။
ထိုအခါ ကိုရင်ကြီးက “ကိုယ်ပြောတဲ့စကားကို ကိုယ့်လူနားလည်အောင် ပုံလေးတစ်ပုံပြောပြမယ်၊ တစ်ခါတုန်းက တရုတ်ပြည်မှာ ဂျုံစိုက်တဲ့လယ်သမား တစ်ယောက်ဟာ တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားတယ်။ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အပြစ်တင်တယ်။ “ခင်ဗျားတို့ တန်ခိုးရှင်ဟာ တန်ခိုးတော့ရှိချင်ရှိမယ်၊ ဂျုံတော့ မစိုက်တတ်ဘူးထင်တယ်၊ တကယ်လို့များ ခင်ဗျားရဲ့တန်ခိုးနဲ့ ကျုပ်ရဲ့ ဂျုံစိုက်တဲ့အလုပ်ကို ကူညီမယ်ဆိုရင် အများကြီးအကျိုးရှိမယ်” လို့ပြောလိုက်တယ်။
အဲဒီအခါမှာ တန်ခိုးရှင်က “ ကူညီပါ့မယ်၊ ဘာတွေကူညီရမလဲ” လို့ပြောတယ်။ အဲဒီတော့ လယ်သမားက တန်ခိုးရှင်ကို သူ့ဘေး ဂျုံကွင်းဘေးက တဲကလေးထဲမှာ တစ်နှစ်လုံးခေါ်ထားတယ်၊ မိုးလေးနည်းနည်းရွာတာနဲ့ “ကဲ….တန်ခိုးရှင်၊ မိုးရွာရင် ဂျုံခင်းတွေပျက်ကုန်မယ်၊ မရွာအောင်လုပ်လိုက်” လို့ ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း လုပ်ပေးတယ်၊ လေတွေတိုက်လာရင်လည်း၊ “ဂျုံပင်တွေ တအားလှုပ်ယမ်းကုန်မယ်၊ လေမတိုက်အောင် လုပ်ပေးပါလို့ ပြောပြန်တယ်၊
တန်ခိုးရှင်ကလည်း သူပြောတဲ့အတိုင်း လေကိုတားပစ်လိုက်တယ်။ မိုးကြိုးတွေပစ်ရင်လည်း “ အဲဒီအသံဟာ အသီးတွေ ဆုတ်ယုတ်စေတယ်” ဆိုပြီးတားခိုင်းတယ်၊ နေသိပ်ပူလာရင်လည်း “ဂျုံပင်တွေ ညှိုးကုန်မယ်” ဆိုပြီး မိုးအုံ့ခိုင်းတယ်၊ ရေလိုတဲ့အခါမှာတော့ ရေရအောင်လုပ်ခိုင်းတယ်၊ ဂျုံခင်းထဲကို စာကလေးတွေ လာတဲ့အခါမှာလည် မလာအောင်လုပ်ခိုင်းတယ်၊ တန်ခိုးရှင်ကလည်း အကုန်လုပ်ပေးတယ်၊ အဲဒီတော့ ဂျုံပင်တွေဟာအတော့်ကို ဖြစ်ထွန်းတယ်၊ အပင်ကြီးတွေလည်း အမြင့်ကြီးတက်တယ်၊ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို “ကဲ . . မြင်ပြီမို့လား၊ ကျုပ်ရဲ့ဂျုံခင်းကြီးကို ခင်ဗျားရဲ့တန်ခိုးနဲ့ ရာသီဥတု အနှောင့်အယှက်တွေကင်းအောင် လုပ်လိုက်တဲ့အခါမှာ အပင်ကြီးတွေကြည့်စမ်း၊ ဘယ်လောက်ဖွံဖြိုးသလဲ” လို့ အားရဝမ်းသာပြောရှာတယ်၊
ဒါပေမယ့် တကယ်ရိတ်သိမ်းတဲ့အခါမှာ ဂျုံသီးတွေထဲမှာ အဆံမပါဘူး၊ ဟောင်းလောင်းကြီးဖြစ်နေတယ်၊ ဂျုံဆိုလို့ လုံးဝကို မရတော့ဘူး၊ အဲဒီအခါမှာ လယ်သမားက တန်ခိုးရှင်ကို အထိတ်တလန့်နဲ့ကို “ ဘယ်လိုဖြစ်တာလဲ” လိုမေးတယ်၊ အဲဒီတော့ တန်ခိုးရှင်က “ဒီလို ငါ့လူရဲ့၊ မိုးတွေအားရွာတာတို့၊ လေတွေတိုက်တာတို့၊ နေတွေပူတာတို့၊ မိုးကြိုးတွေပစ်တာတို့၊ မိုးချိမ်းတာတို့၊ စာကလေးတွေ လာစားတာတို့ဟာ ဗြုန်းကနဲ့ကြည့်လိုက်ရင် ဂျုံခင်းကို အနှောင့်အယှက်ပေးတယ်လို့ ထင်ရမှာပါပဲ၊ ဒါပေမဲ့တကယ်က နှောင့်ယှက်တာမဟုတ်ဘူး။ ချဲလင့် (Challenge)လုပ်တာ စိန်ခေါ်တာ၊
အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေဟာ မြေကြီးထဲက ဩဇာဓာတ်တွေကို ဂျုံစေ့ထဲရောက်အောင် လုပ်ပေးနေတာ၊ ဂျုံပင်တွေဟာ အဲဒီစိန်ခေါ်မှု၊ ခြိမ်းခြောက်မှုတွေကို ရုန်းကန်ရင်းနဲ့ အနှံတွေ ပြည့်ဝစေရတာ၊ အဲဒီ ချဲလင့် (Challenge) ကို အံတုရတာကိုက ဂျုံပင်ရဲ့အလုပ်လေ၊ အဲဒီအံတုမှုတွေမရှိဘဲ ငြိမ်ငြိမ်ကလေးနဲ့ နေလိုက်တဲ့အခါမှာ သူဟာလေဖြတ်တဲ့လူတစ်ယောက်လို ဖြစ်သွားတာ၊ အားကုန်သွားတာ၊ ခွန်အားတွေ ယုတ်လျော့သွားတာ၊ ဒါကြောင့် ဂျုံစေ့မှာ အဆံတွေမပါတော့တာ၊
လောကကြီးမှာ အဖြူနဲ့အမည်းရယ်လို့ ရှိတယ်ဆိုပါစို့၊ အဖြူဟာကောင်းတယ်၊ အမည်းဟာမကောင်းဘူးလို့ ဆိုကြပါစို့ရဲ့၊ မြေဖြူခဲနဲ့စာရေးရမယ့်ကိစ္စမျိုးမှာ သင်ပုန်းအမည်းမှ ဖြစ်မယ်နော်၊ နံရံအဖြူမှာ မြေဖြူခဲနဲ့ ရေးလို့မရဘူး၊ စာလည်း ထင်မှာမဟုတ်ဘူး၊ မြေဖြူခဲ အဖြူတောင့်ကို သင်ပုန်းအမည်းက ချဲလင့်လုပ်နေတာ၊ ဒါကြောင့် စာတွေထင်တာ၊ သူ့လိုပဲ လိုက်ပြီးဖြူလိုက်တဲ့ နံရံအဖြူဟာ ချဲလင့်မရှိဘူးလေ၊ ဒါကြောင့် ဘာမှမထင်ဘူး” လို့ ပြောပြီးတန်ခိုးရှင်က လယ်သမားကိုနှုတ်ဆက်ပြီး ထွက်သွားတယ်။ သဂျီးဦးခိုင် ရေ. . . ၊
အခုလည်း ကိုယ့်လူရဲ့ ဂေဇက်ခြံကြီးမှာ မပြည့်စုံဘူးဆိုတာတာ ကိုယ့်လူကို ချဲလင့်လုပ်နေတာ၊ ဆန့်ကျင်ဘက် သဘောနဲ့ အကျိုးပြုနေတာ၊ ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်တယ် ကိုယ့်လူ၊ ဆန်ကျင့်ဘက်တွေ့တိုင်း “ငါ့ကို ကူညီဖို့ရောက်လာပြီ”ဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ။
အဲဒီလိုမလုပ်တတ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင် ကိုယ့်လူ ရူးသွားလိမ့်မယ်” ဟု ပြောလိုက်လျှင် ကျွန်ုပ်က ၎င်းပြောနေကျအတိုင်း “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုရင်ကြီးသည် ကျွန်ုပ်၏ကျောကုန်းကို ဘုန်းကနဲ့ထုလိုက်ပြီးလျှင် ကျွန်ုပ်ထံ၌ ပိုက်ဆံနှင့် ပုဆိုးတောင်းကာ “ကျုပ်ပြန်မယ်၊ ကျုပ်သွားမယ်၊ ပြီးတော့လာမယ်” ဟု ဆိုကာ နှုတ်ဆက်၍ ပြန်သွားလေတော့သတည်း။
12 comments
နီကီတာ
December 26, 2011 at 2:00 pm
ဆန်ကျင့်ဘက်တွေ့တိုင်း “ငါ့ကို ကူညီဖို့ရောက်လာပြီ”ဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ။
>>
ဟုတ်ကဲ့
လေ့ကျင့်ထားပါ့မယ်… 😀
windtalker
December 26, 2011 at 2:03 pm
ကရင်စည်သူရေ
မဒမ်လောင်းလေး ကို
ခဏခဏ ချဲလင့် သွားမလုပ်လိုက်ပါနဲ ့နော…
သူ ့ခဗျာလည်း
ကရင့်ချစ်သူ ဆိုတော့ ကရင့်လို ဘဲ နေမှာပေါ့နော်
ဟီဟိ
koaung
December 26, 2011 at 3:51 pm
အိုင်လိုက်တူအိ ဘဲထီးဂွဒ် ဘဲမဂွဒ် ဘမာမေး နော်မစားရတာ လောင်းတိုင်းနိုးဆီး ဂလု ဂလု 😀
amatmin
December 26, 2011 at 4:20 pm
ကိုရင်ရေ..
ဖတ်ရတာ “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ပဲဗျာ..
ရေးထားတာဖတ်လို့ အရမ်းကောင်း လွန်းလို့ ဘဲရီးဂွတ်ဒ်.. 🙂
ကိုယ်တိုင်ဒီလိုမျိုး ဆက်စပ်ပြီး မရေးတတ်သေးတာ ဘဲရီးဘတ်ဒ်.. 🙁
manawphyulay
December 26, 2011 at 4:43 pm
စိတ်မနှံ့တဲ့သူက ဒါကြတော့ အတော်လည်သားဟ… ရတာတွေ အကုန်တောင်းသွားတဲ့အပြင် စားတောင်စားသွားသေးတယ်။
ငပေါက်ဖော်
December 26, 2011 at 7:35 pm
ဖတ်ရတာ ဗဲဒီးရှည်…ဗဲဒီးမရှည်ပဲ
မဖတ်ခင်က ရှည်ပြီး ဖတ်ပြီးတဲ့အခါ မရှည်တော့ဘူး
ဗဲဒီးမန် ့ဗဲဒီးမမန် ့ခဲ့တော့ဘူးဗျာ..
ဗဲဒီးဂိုး..ဗဲဒီးမဂိုးပြီဗျာ
ဗဲဒီးငပေါက်ဖော်
MaMa
December 26, 2011 at 8:11 pm
ကိုရင်တော့ သဂျီးကို ဘယ်တုန်းကတည်းက ငြိုးထားသလဲမသိဘူး။ သူ့စာထဲမှာကျောကုန်းကို ဘုန်းကနဲ ထုလိုက်တာ သဂျးီတော်တော်ခံလိုက်ရမယ်။ 😆
ဦးဦးပါလေရာ
December 27, 2011 at 12:20 am
ကိုရင်စည်သူကတော့ ဆရာ့ခြေရာကို တကယ်နင်းနိုင်တယ်။
စကားမစပ်-
ဆရာကြီး မင်းသိင်္ခ က ငါးပုတ်ခြောက်ကိုတော့ တော်တော်သုံးတတ်တယ်ဗျ။
တခါ သူ့စာထဲမှာ ငါးပုတ်ခြောက်နဲ့ ဝက်သားနဲ့ ချက်တာကိုရေးထားတော့ စိတ်ထဲသိပ်မကောင်းလောက်ဘူးထင်လို့ တယောက်ကိုချက်ခိုင်းကြည့်တာ – အောင်မလေး… ပြောရင်း စားချင်လာပြီ..။
ပြောမယုံ ကြုံဘူးမှ ဆိုတာ အဲတာပဲ။
ကိုရင်စည်သူ
December 27, 2011 at 1:47 am
ဦးဦးပါလေရာရေ.. အားပေးတာကျေးဇူးပါဗျာ..
ဘာရယ်မဟုတ်ပါဘူး… စိတ်ကူးမိတာလေး ချရေးမိတာ…
ကျနော်လည်း ငါးပုတ်ခြောက်ဆီဆမ်းအရမ်းကြိုက်တာ.. ရှလွတ်… 😀 😀
kai
December 27, 2011 at 6:31 am
inz@ghi
December 27, 2011 at 9:39 am
အင်း …..ရေးတဲ့လူကလည်း .ယာဘဲ့ အဲ့အဲ့…..
မန့်တဲ့လူတွေကလည်း …ယာဘဲ့ အဲ့အဲ့……..
သဂျီး ကွန်းမန့်ကလည်း ယာဘဲ့အဲ့အဲ့ ….
ဖတ်တဲ့ကျုပ်မှာလည်း … ယာဘဲ့ အဲ့အဲ့ …
သဂျိုင်ခီး ကိုအဲ့လို ထားပြီးရေးဖို့ ရတဲ့ စိတ်ကူးအတွေးစလေး က အထူးသဖြင့် မို့တို ယာဘဲ့အဲ့အဲ့….
p.s : ယာဘဲ့အဲ့အဲ့ =မိုက်တယ်…
ခင်တဲ့
ဂီ
ကြောင်ကြီး
December 27, 2011 at 11:30 am
ကုန်းခိုင်းပြီး မထိုးကြိတ်ဘဲ ထုထောင်းရုံထုထောင်းလိုက်လို့ ကိုရင်ကြီးနဲ့ သဂျီးတို့ကို အထူးကျေးဇူးတင်ပါတယ်။
[[[ကြောင်ကြီးအား ကုန်းခိုင်းပြီးလျှင် ၃-ချက်ခန့် ထုထောင်းလိုက်လေ၏။]]]]