အုန်းနို့ပျစ်ပျစ်နှင့်ချက်သော ငါးဖယ်ငါးဆုပ်ဟင်း
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။
၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက ကိုယ့်လူ ဆေးရုံတက်ရသေးတယ်ဆို..” ဟု မေးလိုက်လေ၏။ “ဟုတ်ပါ့ ကိုပီတာကြီးရေ..ဟိုး..တာမွေဘက်က ရွှေဗဟိုဆေးခန်းဆိုတာမှာ ရှစ်ရက်လောက် တက်လိုက်ရတယ်ဗျို့၊ ဆီးချိုက လေးရာကျော်လောက် တက်တယ်ဗျာ၊ သွေးတိုးကလည်း နှစ်ရာကျော်လောက် တက်တယ်ဗျာ၊ ခေါင်းကအနာကလည်း အပေါက်ကြီးဖြစ်ပြီး မကျက်ဘူးဗျ၊ စက္ကန့်မလပ် နာကျင်ကိုက်ခဲနေတော့ သေလုမျောပါးဆိုပါတော့ဗျာ၊ အဲဒါနဲ့ အပြေးအလွှာတက်ရဗျ၊ အမှန်ပြောရရင် အဲဒီဆေးခန်းဟာ ဖွင့်ပွဲတောင်မလုပ်ရသေးဘူး ကျုပ်က ဈေးဦးသွားဖောက်တာ” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောလေ၏။ “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး ဘယ်လိုကြောင့်ဘဲရီးဘတ်ဒ်ရပြန်တာတုံး၊” ဟု ကျွန်ုပ်ကပြန်၍မေးလိုက်ရာ ကိုပီတာကြီးက
“ဆေးရုံပဲဖြစ်ဖြစ် ဆေးခန်းပဲဖြစ်ဖြစ် တက်ရောက်ကုသတယ်ဆိုတာ ကောင်းတာပေါ့ အဲဒီလိုကုသမှလည်း ပျောက်မှာမို့လား၊ ဘဲရီးဂွတ်ပေါ့၊ ဒါပေမဲ့ ကိုရင်က ဆေးရုံကလည်း ဆင်းရော မတည့်တာတွေ စားမှာမို့လား၊ အဲဒါကတော့ ဘဲရီးဘတ်ဒ် ပေါ” ဟုပြောကာ ကိုပီတာကြီးသည် တဟဲဟဲရယ်နေပြန်၏။ “ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့ မနက်စာကို ဘာဟင်းနဲ့ စားချင်သလဲ ပြောစမ်းပါ၊ ကျုပ်ကိုယ်တိုင် ချက်ကျွေးစမ်းပါရစေ” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုပီတာကြီးက..
“အမှန်အတိုင်းပြောရရင် ငါ့ဘဝဟာ သူများကျွေးမှ စားရတာပါကွ၊ ဒါကြောင့် ဖွယ်ဖွယ်ရာရာလည်း မစားတတ်ပါဘူး အဆီအအိမ့်တွေလည်း သိပ်ပြီးမကြိုက်ပါဘူးကွာ တော်သလို ရော်သလိုပဲ စားတ်ပါတယ်၊ အဲဒီတော့ ငါးဖယ်ငါးဆုပ်ကို အုန်းနို့ပျစ်ပျစ်နဲ့ချက်ကွာ၊ ပြီးတော့ ဆန်ကောင်းကောင်းနဲ့ ထောပတ်ထမင်းလည်းချက်၊ ပုစွန်တုပ်ကို ရှောက်ရည်ညှစ်ပြီး အစိမ်းသုပ်ကွာ၊ ပြီးတော့ဟင်းခါးပူပူလေး ပါမှဖြစ်မယ်ကွ၊ အတို့အမြှုပ်ကလေးလည်း စားချင်ရင် စားလို့ရအောင် ငါးပိကြော်ကွာ၊ ထမင်းစားပြီးရင်တော့ နတ်စ်ကော်ဖီလေး တစ်ခွက်တော့တိုက်၊ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်လည်း ပါမှဖြစ်မယ်ကွ၊ လက်ဖက်သုပ်မှာတော့ ပိုးကောင်ကြော် မပါလို့မဖြစ်ဘူးကွ၊ ပြီးရင်တော့ ငါးသုံးလုံး စီးကရက် တစ်လိပ်လောက်တော့ တိုက်ဦး၊
အဲဒါတွေ အားလုံးပြီးတဲ့အခါမှာငါ့မှာ ပြန်ဖို့လမ်းစရိတ်မရှိဘူး၊ လမ်းစရိတ်ပေးတဲ့အခါမှာလည်း တိုင်ပြီးမပေးနဲ့ကွာ ပိုပိုသာသာလေးပေးကွာ သုံးစရာ တစ်ပြားမှမရှိဘူးကွ၊ အဲဒီလို ပြောလို့ စေတနာမပျက်နဲ့နော်၊ ငါ့ကိုကျွေးဖို့မင်းမှာက ကံပါလို့နော်၊ တချို့ ကျွေးချင်လျက်မကျွေးရတဲ့လူတွေ တစ်ပုံကြီးကွ၊ ဟု ပြောလျှင် ကျွန်ုပ်က.. “အဟုတ်ပဲလား ကိုပီတာကြီး” ဟု ပြန်၍မေးလိုက်ရာ.. “ဟုတ်မလားကွ၊ ကျွေးမယ့်လူကို တစ်ယောက်မှမရှိဘူး၊ နည်းနည်းကြွားတာပေါ့ကွာ၊ ကြွားတယ်ဆိုတာ မင်းကို ယုံလွယ်တဲ့လူနဲ့တွေ့တော့လည်း မြတ်ပေါ့၊ မယုံတဲ့လူနဲ့တွေ့တော့လည်း အရင်းပါပဲကွာ၊ အရှုံးမရှိပါဘူး၊ ဟုတ်တာ မဟုတ်တာအပထား၊ နည်းနည်းပါးပါး လူရှိန်အောင်တော့ပြောရတာပေါ့ကွ၊ ဟဲ…ဟဲ..” ဟု ပြောဆိုရယ်မော၏။
“အတော်လာတဲ့ ကိုပီတာကြီးပဲ” ဟု ကျွန်ုပ်ကရေရွတ်လိုက်ရာ ၎င်းက… “လာတာပေါ့ကွာ လာလို့ပဲ အခု မင်းဆီရောက်နေပြီလေ” ဟု ပြောပြန်လေ၏။ ထို့နောက် ကျွန်ုပ်လည်း ၎င်းနှင့် ဆက်စကားမပြောတော့ဘဲ တပည့်လေးတစ်ဦးအား ဈေးသို့လွှတ်ကာ ဈေးဝယ်ခိုင်းရလေ၏။ ၎င်းတပည့်ကလေး ပြန်ရောက်လာလျှင် ငါးဖယ်ငါးဆုပ်ကို အုန်းနို့နှင့်ချက်ရလေ၏။ ပုစွန်တုပ်ကို ရှောက်ရည်ညှစ်၍ သုပ်ရလေ၏။ ထောပတ်ထမင်းချက်ရလေ၏။ ဟင်းခါးနှင့် ငါးပိကြော်ကို စီမံရလေ၏။ ထို့နောက် ကိုပီတာကြီးအတွက် ထမင်းပွဲပြင်၍.. “ကဲ..ကိုပီတာကြီးရေ.. စားပေးဦးတော့” ဟုဆိုကာ ထမင်းကျွေးရလေ၏။ ကိုပီတာကြီးထမင်းစားနေစဉ် ကျွန်ုပ်သည် တစ်စုံတစ်ခုသော အကြောင်းအရာကို စဉ်းစားနေမိလေ၏။
ထိုအခါကိုပီတာကြီးက.. “ဘာတွေများ စဉ်းစားနေတာလဲ ကိုယ့်လူရဲ့..” ဟု မေးလေ၏။ “ရှေ့လာမယ့် အခြေအနေတွေအတွက် စဉ်းစားတွေးခေါ်နေရတာပေါ့ဗျာ” ဟု ကျွန်ုပ်က ပြန်၍ပြောလိုက်လျှင် ကိုပီတာကြီးက ရယ်လေ၏။ ကျေနပ်အောင်ရယ်ပြီးနောက်..“ ငါကြားဖူးတဲ့ ပုံလေးတစ်ပုံပြောပြမယ်၊ လူတစ်ယောက်ဟာ မျက်စိလည်လမ်းမှားပြီး ထူးဆန်းတဲ့တောအုပ်ကြီးတစ်ခုထဲကို ရောက်သွားခဲ့တယ်၊ အဲဒီတောရဲ့အစပ်မှာ အဲဒီ့လူဟာ ဖိုးသူတော်တစ်ဦးနဲ့ တွေ့တယ်၊ အဲဒီဖိုးသူတော်က အဲဒီ့လူကို “ဒီမှာမိတ်ဆွေ၊ ဒီတောအုပ်ထဲ ဝင်သွာတာနဲ့ ခင်ဗျားအတွက် အားလုံး အဆင်ပြေသွားမယ်၊
တစ်ခုတော့ မှာချင်တယ်၊ ဒီတောထဲကို ဝင်မယ်ဆိုရင် ဘာမှစဉ်းစားတွေးတောခြင်းမလုပ်ပါနဲ့၊ အဲဒါတစ်ခုပဲလိုက်နာပါ၊ ဒီတောရဲ့နာမည်ကိုက မစဉ်းစားတောတဲ့ လို့ မှာလိုက်သေးတယ်၊ မျက်စိလည်လမ်းမှားပြီး သုံးရက်လောက် ထမင်းမစားရတဲ့လူဟာ ဖိုးသူတော်ပြောသမျှကို ခေါင်းညိတ်ပြီး မစဉ်းစားဘဲ တောထဲကို ဝင်သွားတော့တာပဲ၊ အလွန်အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်တစ်ပင် အောက်လည်းရောက်ရော ထိုင်ချလိုက်ပြီး အမောအပန်းဖြေလိုက်တယ်၊ အမောလည်းပြေသွားတေရာ အဲဒီ့လူက “အခုနေ စားကောင်းသောက်ဖွယ် တစ်ခုခုစားရရင် သိပ်ကောင်းမှာပဲ ” လို့ စဉ်းစားလိုက်တယ်၊ သူ့ရဲဗိုက်လည်း အစာမရှိလို့ တကြုတ်ကြုတ် မြည်နေတယ်၊
အဲဒီလို တစ်ခုခုစားရရင် ကောင်းမှာပဲလို့လည်း စဉ်းစားလိုက်ရော ထမင်းစားစားပွဲခုံဝိုင်းတစ်ခုဟာ လေထဲမှာမျောပြီး သူရှေ့ရောက်လာတယ် အဲဒီစားပွဲပေါ်မှာလည်း အငွေ့တထောင်းထောင်းနဲ့ စားဖွယ်သောက်ဖွယ်တွေ ပါလာတယ်၊ အဲဒီမှာ သူဟာ ဘာမှမစဉ်းစားဘဲ ကောက်ပြီးစားပစ်လိုက်တယ်၊ တကယ်ငတ်လာရင် စဉ်းစားတယ်ဆိုတာ မရှိတော့ဘူး၊ စားတယ်ဆိုတာပဲ ရှိတယ်နော်၊ အဲဒီ့လူဟာ စားပွဲပေါ်မှာပါလာတဲ့ စားကောင်း သောက်ဖွယ်တွေကိုစားပြီး အတော့်ကို ကျေနပ်သွားတယ်၊ အဲဒီလို ကျေနပ်တဲ့ အချိန်ိမှာပဲ အဲဒီစားပွဲခုံကြီးဟာ သူ့ရှေ့ကနေ မျောထွက်သွားတယ်၊
အဲဒီအခါမှာ ဒီလူဟာ ဘာကိုစဉ်းစားမိပြန်သလဲဆိုတော့ “အခုနေများ ရေအေးအေးလေးတစ်ခွက် သောက်ရရင်ကောင်းမှာပဲ” လို့ စဉ်းစားမိပြန်တယ်၊ အဲဒီလိုစဉ်းစားမိတာနဲ့ ဖန်ခွက်ကြီးတစ်လုံးဟာ ရေအပြည့်နဲ့ လေထဲမျာမျောပြီး သူ့ဆီရောက်လာပြန်တယ်၊ အဲဒီမှာ ဖန်ခွက်ကိုယူပြီး သူက မော့ချလိက်တယ်၊ ရေကလည်း အေးနေတာ၊ သောက်လို့ကောင်းလိုက်တာ မပြောနဲ့တော့၊ အဲဒီမှာ သူဟာ အစားအသောက်တွေလည်း၊ စားပြီးပြီ၊ ရေအေးအေးလည်း သောက်ပြီးပြီဆိုတော့ ပြည့်စုံသွားပြီးပေါ့၊
အဲဒီလိုပြည့်စုံပြန်တော့ ငြိမ်ငြိမ်ကလေး မနေနိုင်ဘူး၊ စဉ်းစားပြန်ရော၊ဘယ်လိုစဉ်းစားသလဲဆိုတော့ “ဘယ်လိုဖြစ်တာလဲ၊ ငါ့ကစားချင်တယ်လို့ စိတ်ကူးလိုက်တာနဲ့ ထမင်းစားပွဲကြီး မျောလာတယ်၊ သောက်ချင်တယ်လို့ စိတ်ကူးလိုက်တာနဲ့ ရေအပြည့်နဲ့ ဖန်ခွက်ကြီးမျောလာတယ်၊ ဒါဟာ ဘာဖြစ်တာလဲ၊ တောခြောက်တာလား၊ သရဲတစ္ဆတွေက ငါ့ကိုခြောက်လှန့်တာလား၊ အဲဒီလို လှည့်စားပြီးတော့ အဲဒီသရဲ တစ္ဆေတွေက ငါ့ကို ဂုတ်ချိုး ပြီး သတ်ကြမှာလား” လို့လည်း စဉ်းစားလိုက်ရော သူ့အနားကို သရဲတစ္ဆေတွေ ရောက်လာတယ်၊ ပြီးတော့ သူ့ရဲ့ဂုတ်ကိုချိုးပြီး သတ်ပစ်လိုက်တယ်၊ အဲဒီ့လူဟာ သေသွားတယ်၊
အဲဒီ့အချိန်မှာပဲ စောစော ဖိုးသူတော်ရောက်လာပြီး “ ဪ.. ဒီလူ့နှယ်.. မစဉ်းစားပါနဲ့ဆိုတာ လျှောက်ပြီးစဉ်းစားတာကို၊ ဒီတောဟာ သိပ်ပြီးဆန်းတယ်၊ စဉ်းစားသမျှ အကောင်းအဆိုး မရွေးဘူး၊ အကုန်လိုက်ပြီးဖြစ်တာ” လို့ စိတ်မကောင်းတဲ့ လေသံနဲ့ပြောတယ်” ကိုပီတာကြီးဟာ သူ့ရဲ့စကားဆုံးတဲ့ အချိန်မှာပဲ ထမင်းစားလို့ ပြီးသွားပါပြီ၊ အဲဒီတော့ လက်ဆေးရင်း၊ လက်သုပ်ရင်း ကျွန်ုပ်ရဲ့မျက်နှာကို လှမ်းပြီးကြည့်လိုက်တယ်၊ အဲဒီအခါမှာ ကျွန်ုပ်က.. “ခင်ဗျားရဲ့ပုံကို ဆက်စမ်းပါဦးဗျ” လို့ပြောလိုက်လေ၏။
ထိုအခါ ကိုပီတာကြီးက “ဒီလို ဖိုးအောင်ထွန်းရဲ့၊ မင်းတို့ ငါတို့ အခုဖြစ်ပျက်ရရှိနေတာတွေအားလုံးဟာ ဟိုးရှေးမဆွက စဉ်းစားခဲ့တဲ့အရာတွေပဲကွ၊ တချို့ဟာတွေက စဉ်းစားရတာဟာ သိပ်ပြီးဝေးနေတော့ ပြန်ပြီးဆက်စပ်ကြည့်လို့တောင်မရဘူး၊ ဘာပဲဖြစ်ဖြစ်လေ အဲဒီရရှိမှုတွေဟာ စဉ်းစားခဲ့တာတွေပါပဲ၊ အခုငါပြောတဲ့ ပုံပြင်ထဲက တောကလည်း တို့ဘဝနဲ့ အတူတူပါပဲ၊ တစ်ခုခြား နားတာကတော့ ပုံပြင်ထဲမှာက စဉ်းစားတာတွေ ချက်ချင်းဖြစ်လာဘူး၊ ဖြစ်တော့ဖြစ်တယ်၊ အချိန်တွေကြာတယ်၊ ဒါပေမဲ့ လူ့ရဲ့သဘာဝအတိုင်း အကောင်းတွေချည်း မစဉ်းစားမိဘူးကွ၊ အဆိုးတွေလည်း စဉ်းစားမိတတ်တယ်၊ အဲဒါကြောင့် ဘာမှမစဉ်းစားဘဲ သူ့အကျ ကလေးအတိုင်း အဖြစ်ကလေးအတိုင်း နေတာ အကောင်းဆုံးပဲ
ပုံပြင်ထဲက လူအတော့ စိတ်ကူးတာတွေ ချက်ချင်းဖြစ်လေတော့ သရဲတစ္ဆေတွေက သူ့ကို ဂုတ်ချိုးပြီး သတ်မယ်လို့လည်း စဉ်းစားမိရော တကယ်ဖြစ်သွားတယ်၊ အဲဒီလိုပဲကွ၊ အပြင်မှာလည်း ငါတို့စဉ်းစားမှုတွေ မတော်မတည့်တွေဖြစ်ရင် ပုံပြင်ထဲကလောက်အကျိုးပေးမမြန်ပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဲဒီစဉ်းစားမှုတွေဟာ ဘဝမှာလာပြီး သရုပ်ပေါ်တတ်တယ်” ဟု ပြောကာ တဟဲဟဲရယ်လေ၏။ ထို့နောက်၎င်းကပင်.. “အဲဒါကြောင့် ဖိုးအောင်ထွန်းရေ၊ တောစဉ်းစားတောင်စဉ်းစားတွေ မစဉ်းစားစမ်းပါနဲ့” ဟု ဆိုကာ ကျွန်ုပ်၏ ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် အုံးကနဲထုကာ ကျွန်ုပ်အား နှုတ်ဆက်၍ လွတ်လပ်ပေါ့ပါးသော ခြေးလှမ်းများဖြင့် ခြံတွင်းမှ ထွက်သွားလေတော့သတည်း။
10 comments
windtalker
January 1, 2012 at 4:09 pm
အဲဒါ အမှန်ဘဲ ကရင် ရေ
တစ်ခါတစ်လေ ဘောပွဲထုလိုက်တယ် ၊ ထုပြီးမှ အဲ့ပွဲ ကို စိတ်ထဲမှာ ရှုံးတော့မှာဘဲလို ့တွေးမိလာတယ် ။
သေချာပေါက် ရှုံးတာဘဲ ။
အဲ့စိတ်တွေ ကို ဘယ်လို ဖျောက်ရပ..
ခက်လှချည်ရဲ ့
ငပေါက်ဖော်
January 1, 2012 at 9:09 pm
အင်း..
တော်တော်ကြမ်းတဲ့ တောပဲဗျာ
တားတားကြောက်ကြောက်
comegyi
January 1, 2012 at 9:10 pm
ကိုရင်ရေ့
အတက်စာချည်းပဲလည်း မချက်နဲ့ဗျ
ချဉ်ဖြုန်းဖြုန်းလေးလည်း စားချင်တယ်
အဲလိုဟင်းတစ်မျိုးလောက် ချက်ပါဦးဗျ
MaMa
January 2, 2012 at 8:35 am
ကိုရင်ရေ-
ဘဲထီးဂွတ်၊ ဘဲထီးဘက် ပဲ။
ဘဲထီးဂွတ်က ဟင်းကောင်းကောင်းနဲ့ အတွဲအစပ်ကောင်းလို့ 🙂
ဘဲထီးဘက်က အမြင်အာရုံနဲ့ပဲ စားရလို့ 🙁
နီကီတာ
January 2, 2012 at 10:37 am
အဲဒီတော့ ငါးဖယ်ငါးဆုပ်ကို အုန်းနို့ပျစ်ပျစ်နဲ့ချက်ကွာ၊ ပြီးတော့ ဆန်ကောင်းကောင်းနဲ့ ထောပတ်ထမင်းလည်းချက်၊ ပုစွန်တုပ်ကို ရှောက်ရည်ညှစ်ပြီး အစိမ်းသုပ်ကွာ၊
>>>>>>>>>.
သွေးတွေတောင် တိုးလာတယ်… 🙁
FattyCat
January 2, 2012 at 10:53 am
အဲလိုဟင်းမျိုးကို နွေခေါင်ခေါင်၊ ကုက္ကိုရိပ်၊ ကွပ်ပြစ်လေးပေါ်မှာ လွေးလိုက်လို့ကတော့…
မတွေးဝံ့စရာပါလားနော်….
ကိုရင်စည်သူ
January 2, 2012 at 11:07 am
ကျနော် သတိထားမိတာရှိတယ်ဗျ…
ကိုပီတာက အဘကို ချက်ခိုင်းလိုက်ရင်
သွေးတက်စာတွေချည်းပဲ…
အရသာတော့ တော်တော်ရှိတယ်…
အဘဆို စားချင်ရင် သွေးကျဆေးအရင်သောက်ပြီး
အဲ့ဒီ ဟင်းတွေစားရတယ်.. ပြောတယ်…
တခါတလေစားတာတော့ ဘာမှမဖြစ်ပါဘူး… 😆 😆
Moe Z
January 2, 2012 at 11:15 am
ကိုရင်စည်သွပ် အဲဒီလိုအဆီအဆိမ့်တွေသိပ်မစားနဲ့ဦး
ပုံထဲမှာကြည့်ရတာ တော်တော်ဝနေပြီ ပေါင် ၂၀ဝကျော်ပြီဟုတ် 😛
manawphyulay
January 2, 2012 at 6:56 pm
မိုးစက်ရေ.. အဆီအဆိမ့်တွေ စားလွန်းလို့ ဝရုံတင်မဟုတ် နည်းနည်းဖောလာသလိုပဲ အဟိ… နောက်တစ်ခါ ချက်ရင် ခေါ်ကျွေးနော် အဲလိုဆို ပြောတော့ဘူး။ 😛
မောင်သန်းထွဋ် ဦး
January 2, 2012 at 7:18 pm
မှတ်သားစရာပါလားနော်. မစဉ်းစားတောပါတဲ့
ကျေးဇူးပါဗျာ။အားပေးဖတ်ရှုသွားပါတယ်။