နာရေးယပ်တောင်တွေပေါ်က ဧည့်သည် ကဗျာလေးပါ။ ဒီကဗျာလေးရဲ့ပိုင်ရှင်အစစ်ကတော့အရှင်ဇာဂရိယ မကွေးတိုင်းကဖြစ်ပါသည်။
လာတုန်းကလည်း၊ တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း၊ တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။
လာပြီးတော့နား၊
မသွားသေးခင်၊ ချိန်လေးတင်မှ
ဝန်းကျင်ယှက်နွယ်၊ နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ
မလိုဒေါသ၊ လိုလောဘနှင့်
ဘဝရိပ်မြုံ၊ ကကြိုးစုံခဲ့။
ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင်၊ ခရီးနှင်သည်
တို့လျှင် ဧည့်သည်ပါတကား။