ပြဇာတ်တစ်ပုဒ်၏ အနားသတ်
မကြာခင်လေးတင်မှာတင် “တောက်”ခေါက်သံကို ကြားလိုက်ရ၍ သူပြတင်းပေါက်မှ ချောင်းကြည့်လိုက်မိသည်။ ရုတ်တရက် လူအများ၏ အကြည့်များ ဘာကြောင့် ခက်ထန်သွားရပါလိမ့်။နဝေတိမ်တောင်ဖြစ်နေသော သူသည် ဘေးဘီဝဲယာကို ကြည့်၍ ဘာများဖြစ်သွားကြပါလိမ့်ဟု စူးစမ်းလိုက်ရသည်။
“ဘာဖြစ်တာလဲ..”
“ကိုသော်ဇင်တို့ အဖွဲ့ ဒီည ပြဇာတ်မကတော့ဘူးတဲ့”
“ဘယ်လို မကတော့ဘူး ဟုတ်လား တစ်ကုမ္ပဏီလုံး ကြေငြာပြီးနေပြီမဟုတ်လား ဘာကြောင့်ဖြစ်တာလဲ”
“မသိဘူးဗျ ကိုသော်ဇင်ဘက်ကနေ လိုက်ပြီး လူတွေ စိတ်တိုနေကြတယ်”
ကိုသော်ဇင်ကို သူသည်။ ဒီနှစ် ခရစ္စမတ်ပျော်ပွဲရွှင်ပွဲတွင် ခါတိုင်းနှင့်မတူ ထူးခြားစွား တစ်ခန်းရပ် ဟာသ ပြဇာတ်ကို စတင် ကပြဖို့ ဆော်ဩကြသူတွေ။ ကိုသော်ဇင်နှင့်အတူ ကိုဇော်သန့်ပါ ဦးဆောင်သည်ဟု သိရသည်။ ခါတိုင်းနှစ်များကဆိုလျှင် ခြင်းလုံး၊ ဘော်လီဘော၊ လွန်ဆွဲ၊ မာရသွန်နှင့်ကံစမ်းမဲနှိုက်ပွဲများနှင့်သာ ပျင်းခြောက်ခြောက်ပြီးခဲ့ရသည်။ ဒီနှစ်မှာတော့ ပြဇာတ်လေးပါ ကပြကြမည်ဆိုတော့ ပို၍ စည်စည်ကားကားလေးဖြစ်ခဲ့သည်။ သူတို့ ကုမ္ပဏီသည် ဆိုဒ်ခွဲများ လေးခုရှိသည်။ ထိုအထဲမှ ဆိုက်ဒ်နှစ်ခုဖြစ်သော မက်လင်ချောင်ဆိုဒ်နှင့် ကရင်ချောင်ဆိုဒ်များတွင် ခရစ္စမတ်ပျော်ပွဲရွှ့င်ပွဲနှင့် နှစ်သစ်ကူး ဆုပေးပွဲကို ကျင်းပရန် ဆုံးဖြတ်ထားကြသည်။ မက်လင်ချောင်ဆိုဒ်တွင် ၂၃ရက်နေ့ညတွင် ပြဇာတ်ကပြမည်ဟု ကြေငြာထားသည်။
ကိုသော်ဇင်နှင့် ကိုဇော်သန့်တို့ကလည်း ကြိုးစားပမ်းစား လူစုပြီး ဇာတ်လမ်းတွေ စဉ်းစားကြ၊ ရေးကြ၊ ဇာတ်တိုက်ကြသည်။ စီစဉ်သူ ကိုဇော်သန့်ကလည်း အတွေးကောင်းသည်။ ကိုသော်ဇင်ကတော့ လက်တန်းရေးပေးသည်။ ကုမ္ပဏီက စပွန်ဆာဘာမှမပေး။ ကိုသော်ဇင်တို့ဘာသာ ဆံပင်တုရှာဝယ်ရ..၊ မိန်းကလေး အဝတ်အစားများရှာငှားရနှင့် ဗျာများနေရသည်။ ဘယ်သူ့ကို မင်းသားနေရာ၊ ဘယ်သူ့ကိုတော့ဖြင့် အရံ…၊ ဘယ်သူကိုတော့ဖြင့် မိန်းကလေးလို သရုပ်ဆောင်ခိုင်းရမည် စသဖြင့်ခေါင်းစားနေရသည်ကိုလည်း မြင်သည်။ တကယ်ဆိုလျှင် တက်တက်ကြွကြွနှင့်လုပ်ဆောင်ပေးနေသူများက ဘာသာခြားတွေ။ သို့သော် မည်သည့် ဘာသာရေးပွဲပဲဖြစ်ဖြစ် ကိုသော်ဇင်တို့လူတစ်စုက ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်ပေးနေကြ။ ခုလည်း ပြဇာတ်စတင်ဖြစ်ပေါ်လာရသည့်အကြောင်းက သူတို့ ခရစ္စမတ်ပွဲကို ဦးဆောင်ကျင်းပသည် ဦးအန်ထော်နီဆိုသော လူကြီး၏ တိုက်တွန်းမှုကြောင့် ဟုပြော၍ရသည်။ ဦးအန်ထော်နီက သဘောမနှောကောင်းသူတစ်ယောက်။ ကုမ္ပဏီမှာ ကြီးကြပ်ရေးမှူး။ တစ်ရက် သူရှေ့မှာပင် ဦးအန်ထော်နီနှင့် ကိုသော်ဇင်၊ ကိုဇော်သန့်တို့ စကားပြောကြသည်။
“သော်ဇင်ရေ ဦးကတော့ ဒီခရစ္စမတ်ပွဲမှာ ထူးထူးခြားခြားလေး လုပ်ပေးချင်တယ် အဲဒါကွာ တေးသရုပ်ဖော်တစ်ပုဒ်လောက်ဖြစ်ဖြစ် လုပ်ပေးရင်ကောင်းမယ်ကွာ အဲဒါ သော်ဇင်တို့ကို အကူအညီတောင်းမလို့”
“ဦးက ဘယ်လို လုပ်ချင်တာလဲ တေးသရုပ်ဖော်တင်လား အချိန်ဘယ်လောက်ပေးနိုင်သလဲ လုပ်ပေးဆိုရင်တော့ ကျနော်နဲ့ ဇော်သန့် လုပ်ပေးလို့ရပါတယ် ”
“ဒီလိုကွာ ဦးက အခုပွဲမှာ ဆိုဒ်တစ်ခုကို တစ်ညစီ ကပြပေးဖို့ စီစဉ်ထားတယ် မင်းတို့လုပ်ပေးနိုင်ရင်တော့ ဦးဘက်က စီစဉ်စရာရှိတာတွေကို စီစဉ်လိုက်တော့မယ်….”
“ဟုတ်ကဲ့ ဦး ကျနော်တို့ ကြိုးစားကြည့်လိုက်ဦးမယ်…ဘယ်လို Plot လေးတွေပေးရင်ကောင်းမလဲလို့ပေါ့ ကိုသော်ဇင်နဲ့ ကျနော်တိုင်ပင်ပြီး ရေးကြည့်လိုက်မယ် ဇာတ်လမ်းအကြမ်းထွက်လာရင် ဦးကို အရင်ပေးဖတ်ကြည့်မယ် ဘယ်လိုလဲ မကောင်းဘူးလား ကိုသော်ဇင်…”
ဇော်သန့်ကတော့ ကိုသော်ဇင်က
“ဟုတ်တယ် ဦး ကျနော်တို့အရင်ရေးကြည့်လိုက်မယ် ဦး သဘောတူရင်တော့ လူစုပြီး ဇာတ်တိုက်ကြတာပေါ့”
“ကောင်းတယ် မင်းတို့နှစ်ယောက်တိုင်ပင်ပြီးတော့ လုပ်ကြည့်လိုက် ဦးကတော့ ဒီနှစ်မှာ ဒီလို တေးသရုပ်ဖော်နဲ့ ပြဇာတ်တစ်ခုခုကို ထည့်ကိုထည့်ချင်နေတာ ထည့်ဖြစ်အောင်လည်း လုပ်မယ်ကွာ ဟုတ်ပြီလား”
“ဟုတ်ကဲ့ ကျနော်တို့ ကြိုးစားကြည့်လိုက်မယ်လေ”
ထိုနေ့ကစပြီး ကိုသော်ဇင်နှင့် ကိုဇော်သန့်တို့နှစ်ယောက် အလုပ်အားချိန်ဆိုလျှင် ခေါင်းချင်ဆိုင်နေကြရတော့သည်။ ကွန်ပျူတာတစ်လုံးဖြင့် စဉ်းစားမိတာလေးတွေ ချရေးလိုက် ….ပြောကြည့်လိုက်နှင့် တက်တက်ကြွကြွ။ သူကတော့ ဘေးကနေ ထိုင်ပြီး အကြံဉာဏ်ပေးရုံသာ။ ကုမ္ပဏီအတွင်းမှာ ကပြကြရမည်ဆိုတော့လည်း ကုမ္ပဏီအတွင်းက အဖြစ်အပျက်ကလေးတွေကို ဟာသရှူထောင့်နေ တင်ပြရန် စဉ်းစားဖြစ်ကြသည်။ အလုပ်နှင်သက်ဆိုင်သော ကောင်းမှု ဆိုးမှုများ…ကို ဟာသအဖြစ်အသက်သွင်းရန် ဘယ်လို တင်ပြရမည်ဆိုတာကို သူတို့နှစ်ဦး ခေါင်းခြောက်အောင်တွေးယူလိုက်ကြရသည်။
“ဒီလိုလုပ်ရင်ကောင်းမယ်ထင်တယ် ကိုမောင်လွင်ရဲ့ ”
ကိုသော်ဇင်က ဆိုလာတော့ သူက မေးငေါ့ြုပရသည်။
“ဆိုစမ်းပါဦး ကိုသော်ဇင်ရဲ့”
“ဒီလိုဗျာ ကျနော်တော့ တေးသရုပ်ဖော်ကိုမထည့်တော့ဘူး။ တေးသရုပ်ဖော်ဆိုတာကလည်း သီချင်းကိုဖွင့်ပြီး သီချင်းနဲ့လိုက်ဖက်တဲ့ ပြကွက်တွေကို အလိုက်သင့်ကပြရတာမျိုးဆိုတော့ သိပ်ပြီးတော့ ထူးထုူးခြားခြားလုပ်ပြခွင့်ရလိုက်မှာမဟုတ်ဘူး”
“ဟုတ်တယ် ဟုတ်တယ် ဒါတော့ ဟုတ်တယ် ကိုသော် ကျနော်လည်း ပြောမလို့ပါပဲ ခုတော့ အံကိုက်ပေါ့”
ကိုဇော်သန့် တစ်ချက်ဝင်ပြောတော့ ကိုသော်ဇင် အားရှိသွားပုံပေါ်သည်။
“ဒီတော့ ဟာသပြဇာတ်ပဲကပြကြမယ် ဘယ်နှယ့်လဲ”
“ရတယ်လေ ကျနော်တော့ မိနစ် ၃ဝ စာလောက် ကပြမလားလို့ အဲဒါကိုသော်ဇင် ဘယ်လို သဘောရလဲ”
“လုပ်လေ ကောင်းသားပဲ ဇာတ်လမ်းကိုလည်း အပြီးသတ်အောင် ကြိုးစားဦး ဦးအန်ထော်နီပြောသွားပုံအရဆိုရင် ၂၃ရက်ဆိုတော့ သိပ်မလိုတော့ဘူး….”
“ဒီည အပြီးရေးလိုက်တာပေါ့ ပြီးတော့ ကိုသော်ဇင်က လူစုလိုက်..”
“ဟ လွယ်မလားဒါဆိုရင် မောင်လွင်ပဲလူလိုက်စုလိုက် ဟုတ်လား”
“ကောင်းပါ့ လူစုတော့ မှ ဝင်ပါရတယ်လို့ မရဘူးနော် တစ်ခန်းလောက်တော့ ဝင်ကရမှ ကျေနပ်မယ်”
သူ ဒီလိုပြောတော့ ကိုသော်ဇင်နှင့် ကိုဇော်သန့်က ရယ်ပါသည်။ သို့နှင့် သူတို့ကပြမည့် ဟာသ ပြဇာတ်က ရုပ်လုံးပေါ်လာသည်။ ဦးအန်ထော်နီကလည်း ကြိုက်သည်ဟုပြောလာသည်။ ထို့ကြောင့် ဇာတ်တိုက်ရန် လူစုပြီး တိုင်ပင်နှီးနှောက ပျော်ပျော်ပါးပါး ဇာတ်တိုက်ဖြစ်ကြသည်။
ဇာတ်လမ်း အကျဉ်းက သားအမိ သားအဖ လေးဦးရှိပြီး သားဖြစ်သူ အလုပ်ရှာစေ။ ဖားကန့်သို့ အလုပ်သွားလုပ်မည်ပြော။ အဖေဖြစ်သူက ဘာဖြစ်လို့လုပ်ချင်တာလဲလို့မေး။ တိုးတက်ချင်လို့ဟု သားဖြစ်သူဖြေ။ အဖေဖြစ်သူက ဘယ်နေရာ ဘယ်ဒေသသွားသွား တိုးတက်ချင်စိတ်ရှိမှ တိုးတက်မည်ဟု ပြောဆိုဆုံးမ။ ဆုံးမမရပဲ သားဖြစ်သူ အိမ်ပေါ်ကဆင်း။ ညီမဖြစ်သူ တားဆီး။ အမေဖြစ်သူ ငိုယိုရင်း သားဖြစ်သူကို မသွားဖို့ တောင်းဆို။ အဖေဖြစ်သူ အိမ်ပေါ်က ဒေါနှင့်မောနှင့်မောင်းချ….။ သားဖြစ်သူ အိမ်ပေါ်ကဆင်း…။ ထိုသည်က တစ်ခန်း….ဖြစ်သည်။
မင်းသားဖြစ်သူ ဖားကန့်ကိုရောက်လာ…။ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်..။ ပင်ပင်ပန်းပန်း အလုပ်လုပ်ရ…။ စားဖိုဆောင်က စားဖိုမများနှင့် မတည့်..။ တစ်နေ့ သူငယ်ချင်းဖြစ်သူနှင့် မူးလာ။ စားဖိုဆောင်မှာ မူးပြီး အပေါ့သွား။ စားဖိုမ ဖြစ်သူ ပြာကညို အော်ဆဲ ရန်ထောင်..၊ ကျန်စားဖိုမ သုံးယောက် အတို့အထောင်လုပ်….ရန်တိုက်…ပြီးတော့ မင်းသားက လုပ်ချင်ရာလုပ်ပြီး ထွက်သွား…ဒါက တစ်ခန်း..။
မင်းသားဖြစ်သူ အဆောင်မှာ အိပ်..။ ကြီးကြပ်ဖြစ်သူ အလုပ်ဆင်းရန်လာနိုး..။ ဆုံးမ ဪဝါဒပေး..။ မင်းသား စားဖိုဆောင်သွား ထမင်းစား..။ အမယ်အို စားဖိုမ အော်ဆဲ..ရန်တွေ့…..။ဒါကတစ်ခန်း ။ ထိုအခန်းတိုင်းတွင် ပရိသတ်ရယ်မောစေရန် ဟာသ Plotများ ထည့်သွင်းထားသည်။
နောက်တစ်ခန်းက…မင်းသားနှင်း သူငယ်ချင်းတစ်စု အနှိပ်ခန်းသွား..။ အပျက်မများနှင့်တွေ့..ဆုံခန်း..။ မင်းသားက မဝင်။ အဖေဖြစ်သူ ဆုံးမလိုက်သော စကားများကို ပြန်လည်ကြားယောင်။ မဝင်ဖြစ်။ သူငယ်ချင်းဖြစ်သူများ ပြည့်တန်ဆာများနှင့်ပျော်ပါးနေချိန်တွင် အဖမ်းအဆီးဝင်။ ဝါးရုန်းသုန်းကားထွက်ပြေး..။ မင်းသားလွတ်မြောက်..။ သူငယ်ချင်းဖြစ်သူများ ဖမ်းမိ..။ ဒါကတစ်ခန်းး။ ထိုအခန်းတွင် ပြည့်တန်ဆာဖြစ်သူများနှင့် အပြန်အလှန်ပြောသောစကားများက ပရိသတ်များရယ်မောစေရမည့် စကားလုံးများထည့်ထားသည်။
ရာသီကုန်ချိန် ကုမ္ပဏီက မင်းသားတို့ ဝန်ထမ်းများကို ဘောက်ဆူးပေး..။ မင်းသားပျော်ရွှင်။ အိမ်ကဖုန်းလာ။ အဖေ မကျန်းမာကြောင်းပြော။ အိမ်ပြန်လာဖို့ခေါ်။ အမေဖြစ်သူကလည်း ပြော။ မင်းသားပြန်ရန် ပြင်ဆင်။ မင်းသားပြန်ရောက် ။ အဖေကိုဖက်ပြီးငို…။ အဖေ ပြန်လည် သတိရ…။ မိသားစု ပျော်ပျော်ရွှင်ရွှင်ပေါင်းစည်း…။
ဇာတ်လမ်းအမည်က “မှော်ရုံတောက အပြန်”
သို့နှင့် ဇာတ်လမ်းက ရုပ်လုံးပေါ်လာပြီ.။ ဇာတ်ကလည်း တိုက်ရသည်မှာ အဆင်ပြေ ချောမွေ့နေပြီ။ အဆင်မပြေသည်ကတော့ ကမည့် မနက်အထိ ကိုသော်ဇင်တို့ ကပြရမည့် ဇာတ်စင်က အခွံချည်းသက်သက်ရှိပြီး ဘာမှ မပြင်ဆင်ရသေးပေ။ ကိုသော်ဇင်က ဦးအန်ထော်နီနှင့် သွားတွေ့သည်။
တစ်အောင့်လောက်ကြာတော့ ကိုသော်ဇင်ပြန်ရောက်လာသည်။ မျက်နှာက မကောင်း။
“ဘာတဲ့လဲ ကိုသော်”
“မင်းတို့ စဉ်းစားကြစမ်းပါဦး ငါတို့ မက်လင်ချောင်က ဒီနေ့ ကပြမှာကွာ ဒါကို မယောင်ရာ ဆီလူးနေကြတာ..။ ကရင်ချောင်ဆိုဒ်ကို ဒီနေ့ကတည်းက ဇာတ်စင်သွား ဆင်သတဲ့..။ မနက်ဖြန်မနက်မှ သွား ဆင်လည်းရရဲ့သားနဲ့ကွာ မဟုတ်ဘူးလား..။”
“ဒါတော့ ဟုတ်တယ် ကိုသော် ခုဘယ်မလဲ ဇာတ်စင်နောက်ခံ ဘာမှ မကပ်ရသေးဘူး ..နောက်ခံ စာလုံးလည်းမဖောက်ရသေးဘူး…အခင်းလည်းမရှိသေးဘူး..မီးကရော ဘာတစ်ခုမှကို မလုပ်ရသေးဘူး..ကျနော်တို့က ကပြရမလား မကပြရဘူးလား”
ကိုဇော်သန့်ကပါ ဒေါသသံနှင့်ပြောလာသောကြောင့် သူကပင် ကြားဝင်ရတော့သည်။
“ဒီလိုလုပ်ဗျာ ကိုသော်နဲ့ ကိုသန့် ကျနော်က စာလုံးဖောက်ပေးမယ် နောက်ခံက မနှစ်က ပိတ်ပြာကြီးရှိတာပဲ…အခင်းကတော့ မိုးကာ ခင်းလိုက်ရုံပေါ့…ကဲ ကဲ ကြာတယ် ကျနော် လုပ်လိုက်တော့မယ်..”
သူက ဒီလို လောဆော်တော့ ကိုသော်ဇင်နှင့် ကိုဇော်သန့်လည်းမနေတော့ပေ…။ Sound Boxတွေ သယ်သူသယ်…။ မိုက် ဆင်သူဆင်။ အခင်းခင်းသူ ခင်းနှင့် ပျာယာခပ်နေကြသည်။ မီးဆင်ရန်အတွက် မီးဆရာတစ်ယောက်ကိုခေါ်က ဘယ.်နားက ဘာလို ဆင်မည်ဟု ပြသူကပြ..။ အားလုံးက ဇာတ်အဖွဲ့ချည်းပင်။ ဘာသာကလည်း သူတို့ဘာသာ တစ်ယောက်မှ မပါကြ။ ထိုအကြောင်းကို ဇာတ်စင် ဆင်ရင်း ရယ်ကာမောကာနှင့် မောနေသည့်ကြားက ပြောဖြစ်ကြသေးသည်။ ညနေ ၅နာရီလောက်တွင်မှ ဇာတ်စင်က ပြီးသွားသည်။ ကိုသော်ဇင်နှင့် ကိုဇော်သန့်တော့ မျက်နှာများက ခက်ထန်နေဆဲ…။
ည….။
၂၃ရက် ဒီဇင်ဘာ ဆောင်းည…။
ကိုသော်ဇင်တို့ အုပ်စုက လူစုပြီး ဇာတ်ကရန် ပြင်ဆင်နေသည့်အထိ ဇာတ်စင်ရှေ့တွင် ပရိတ်သတ် တစ်ယောက်မှ မရှိသေးဟု သူသိရသည်။ ပရိတ်သတ်မရှိရင် ဘယ်လိုကပြကြမည်လဲ။ ဦးအန်ထော်နီက ဝန်ထမ်းများကို မပြောထားဘူးလား..။ သူ ပျာယာခပ်သွားသည်။ သူတို့မကပြခင် ဝန်ထမ်းများက ကာရာအိုကေ သီချင်းအစီအစဉ်ဖြင့် ကနဦးဖျော်ဖြေကြမည်။ သူတို့က သီချင်း ခုနှစ်ပုဒ်လောက်ပြီးမှ ဝင်မည်…။
“ကိုသော် စင်ရှေ့မှာတော့ ဘယ်သူမှ မတွေ့သေးဘူး သီချင်းဆိုမယ့် လူလေး ငါးဦးပဲရှိတယ်'”
“ဘာ … လူမရှိဘူး”
ကိုသော်နှင့် ကိုဇော်သန့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့အခန်းထဲမှာတော့ မိတ်ကပ်လိမ်းပြီး မိန်းမ ပုံစံဝတ်စားထားသည် သူငယ်ချင်းတွေကလည်း ပြင်ဆင်ရင်း ရုတ်တရက် ရပ်တန့်သွားကြသည်။
“ဘယ်လိုဖြစ်ရတာလဲ ဒီလို ကပေးမယ့်သူရှိတာတောင် သူတို့ တော်တော်လေး မျက်နှာလွဲခဲပစ်နိုင်နေပြီနော် ငါတို့ဟာ ငါတို့ ဇာတ်စင်ပြင်ရတယ် ဆင်ရတယ်…။ ခုလည်း ပရိသတ်မရှိဘူးတဲ့..။ ဦးထော်တို့ဘာလုပ်နေတာလဲ..။ ဇော်ကြီး ဦးထော်စီသွား မေးကြည့်လိုက်”
“ဦးထော်က ပြန်မှ မရောက်သေးတာ”
“ဟင် ”
“ဘယ်သွားလို့လဲ”
“မနက်ကတည်းက ထွက်သွားတာ ဘယ်သွားမှန်းမသိဘူး”
“တောက်”
ကိုသော်ဇင်ထံမှ တောက်ခေါက်သံ ပြင်းပြင်းကိုကြားလိုက်ရသည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ကိုသော်ဇင် စကားတစ်ခွန်းပြောသည်။
“ကဖြစ်အောင် က မယ်ကွာ ကဲ ဆက်ပြင်ကြဟေ့ ပရိတ်သတ် တစ်ယောက်မှမရှိလဲ ရအောင် ကမယ်..။ ဒီပွဲက သူတို့ပွဲ ငါတို့နဲ့ မဆိုင်ဘူး။ အေး ဒါပေမယ့် ငါတို့ ရအောင် ကပေးမယ်…။ ကဲ ဘယ်လိုလဲ မင်းတို့ ကကြမှာလား”
“ကမယ် ရအောင် ကမယ်… ငါတို့က ငါတို့ ဘာသာရေးပွဲမဟုတ်ပေမယ့် ရအောင်ကို ကပြလိုက်မယ် ..”
သူသည်ပင် ကိုသော်ဇင်တို့ကိုကြည့်ရင် အားတက်လာရသည်။ ညက ၉နာရီကျော်လာပြီ…။ ကိုသော်ဇင်က ဦးဆောင်ပြီး ဇာတ်စင်ရှိရာဆီသို့ ဦးဆောင်လိုက်သည်…။ စင်ပေါ်တွင် သီချင်းဆိုနေသော ဝန်ထမ်းတစ်ယောက် သီချင်းဆိုလျှက်ရှိသည်။ အောက်မှာတော့ ပရိတ်သတ်က ကျိုးတို့ကျဲတဲ…။ အားရစရာမရှိလှ..။ သို့သော် အစီအစဉ်ကို ကြေငြာခိုင်းလိုက်သည်။ ကပြမည့် ဇာတ်က မှော်ရုံတောက အပြန်။
ဇာတ်စကပြတော့ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံကို စတင်ကြားရသည်။ တစ်ခါမှ မတင်ဆက်ဖူးသော အစီအစဉ်ဖြစ်သည်မို့ အဆောင်အတွင်းရှိ ဝန်ထမ်းများ တဖွဲဖွဲ ရောက်လာကြသည်။ ခုမှပင် ကိုသော်ဇင်နှင့် ကိုဇော်သန့်တို့ပြုံးနိုင်တော့သည်။ ပရိသတ်ကလည်း တဝါးဝါးနှင့် ဝါးလုံးကွဲရယ်မောပြီး လက်ခုပ်သံတွေ ဖြောင်းဖြောင်း အားပေးကြသည်။ ဝန်ထမ်းများ အကုန်နီးပါးလာရောက်အားပေးကြသည်ကိုကြည့်ရင်း သူလည်း ပျော်နေမိသည်။ပြဇာတ်ကပြီးတော့ ဦးအန်ထော်နီက စကားတစ်ခွန်းဆိုသည်…။
“၂၄ရက်ည ကရင်ချောင်ဆိုဒ်မှာလည်း ဖျော်ဖြေပေးကြပါ”ဟု..။
ကိုသော်ဇင်နှင့်အဖွဲ့၏အောင်မြင်မှုက ကရင်ချောင်ဆိုဒ်တွင်ပါ သရဖူဆောင်းနိုင်ခဲ့သည်။ လူကြီးများ၊ မန်နေဂျာများကလည်း ကျေနပ်အားရသည်။ ထိုတွင် ဦးအန်ထော်နီက တစ်စခန်းထလာပြန်သည်။ နှစ်သစ်ကူး New Yearညတွင်လည်း ဖျော်ဖြေပေးရန် စကားစလာသည်။ သို့သော် ဒီဇာတ်ကိုမဟုတ်ပဲ နောက်တစ်မျိုးပြောင်းပေးရန်ဖြစ်သည်။ ကိုဇော်သန့် သူ့ခေါင်းထဲတွင်ရှိနေသော အကြောင်းအရာများကို ပြက်လုံးထုတ်ရန် စဉ်းစားသည်။ ကိုသော်ဇင်ကလည်း ထောက်ခံသည်။ ပြက်လုံးများက ဒီပျော်ပွဲရွှ့င်ပွဲတွင် ကျင်းပသွားသော အားကစားပြိုင်ပွဲများနှင့် ပတ်သတ်သည့် ပြက်လုံးဖြစ်သည်။ ဇာတ်ကို မြန်မြန်ဆန်ဆန်ရေး..။ မြန်မြန်ဆန်ဆန်တိုက်ပြီး ပြင်ဆင်ကြရသည်။ အားကစားပြိုင်ပွဲများတွင် သမာသမတ်မကျမှုများကို ပြက်လုံးအဖြစ် ဟာသပေးလိုရင်းဖြစ်သည်။ ခုတော့ ထိုပြက်လုံးများကြောင့်ဟုဆိုလာသည်။
ကိုဇော်သန့်က ဒေါသထွက်နေသည်။ ပြဇာတ်က မကရသေး။ ၃၁ရက်နေ့ညက အသက်ဝင်နေပြီ.ဆုပေးပွဲကိုပါ တစ်ပြိုင်နက်ကျင်းပမည်ဖြစ်သောကြောင့် ကုမ္ပဏီဆိုဒ်ခွဲများမှ ဝန်ထမ်းများကလည်း စုဝေးရောက်ရှိနေပြီ။ ပြဇာတ်က မာရသွန်မပြေးခင် ဝင်ကရမည်။ သူလည်း ခက်ထန်နေသော ပြဇာတ်အဖွဲ့သားများကြားဝင်ရောကာ ဖြစ်သမျှကို မေးမြန်းရတော့သည်။
“ဘာဖြစ်လို့လဲ ကိုသော်”
“ဒီမှာလေ မောင်လွင်ရဲ့ ပြဇာတ်ကပြဖို့ကို ဒီည မှာ အားကစားနဲ့ပတ်သတ်တဲ့ ပြက်လုံးမျိုး ထည့်ထားရင် ဖြုတ်ပေးရမယ်တဲ့ မဖြုတ်ရင် လေးဂွနဲ့ပစ်မယ်ဆိုပဲ ဒါ ငါတို့ကို သက်သက် စော်ကားတာပဲ….ဇော်ကြီးကတော့ တော်တော်လေး ဒေါသထွက်နေတယ်”
သူပင်လျှင် စိတ်တိုမိပါသည်။ ဘာဆိုင်သနည်း။ အားကစားနှင့်ပတ်သတ်တော့ရော မည့်သည့် ပြက်လုံးပြောမည်မှန်းကို မသိပဲ ရမ်းမှန်း စော်ကားလိုက်ခြင်းဖြစ်သည်။ ကိုသော်ဇင်က မကတော့ဖို့ ပြောနေပြီ။ ကိုဇော်သန့်က ထိုအခန်းကို ပြက်လုံးများကို မဖြုတ်ပဲ ဆက်ကမည်ဟု ပြောသည်။ အခြေအတင်ပြောနေချိန်တွင် ဦးအန်ထော်နီရောက်လာသည်။
“ဘယ်လိုဖြစ်တာလဲ”
ကိုဇော်သန့်က အဖြစ်သနစ်အကြောင်းစုံကိုပြောပြသည်။ ဦးအန်ထော်နီ ဘာမှမပြော။ ကိုသော်ဇင်က
“ဦး စဉ်းစားကြည့်ဗျာ ဒီပြဇာတ်ကပြဖို့ဆိုတာ ဦးတို့ပဲ လောဆော်ခဲ့တာပါ။ နောက်ပြီး ပြဇာတ်ထဲမှာ ပြက်တဲ့စကားလုံးများဟာ ပုဂ္ဂိုလ်ရေးထိခိုက်စော်ကားလိုမှုမပါပဲ အပျော်သက်သက် ပျော်ရွှင်မှုပေးလိုရင်းသက်သက် ပြက်ရုံပါ။ ခု ကျနော်တို့အဖွဲ့ပြင်ဆင်နေခါမှ အားကစားနဲ့ပတ်သတ်တဲ့ ပြက်လုံးမျိုး အခန်းမျိုးကို မကပါနဲ့ ဖြုတ်ပစ်ပါ ကရင် လေးဂွနဲ့ပစ်မယ်ဆိုတာ တိုက်ရိုက်ကြီးစော်ကားလိုက်တာပဲ..။ဒီတော့ ကျနော်ကတော့ မကတော့ဖို့ ဆုံးဖြတ်လိုက်ပြီ”
“ဟာ ကိုသော်ကလည်း ဘယ်ဖြစ်မလဲ က..မယ် ဘာလို့ အရှုံးပေးရမှာလည်း ဆက်ကမယ် ဒီအခန်းကို ဖြုတ်လည်းမဖြုတ်နိုင်ဘူး….ရအောင်ကိုကမယ်လို့ အစီအစဉ်ကြေငြာသူကို ကြေငြာခိုင်းလိုက်တော့”
ကိုဇော်သန့်က ထိုသို့ဝင်ပြောတော့ အားလုံးက ကမယ် မကဘူးဆိုတာကို အခြေအတင် ပြောဆိုနေကြပြီ…။ အားလုံးက ပြင်ဆင်ပြီးနေပြီ။ မိတ်ကပ်တွေ လိမ်းပြီးကုန်ပြီ…။
“ဒီပြဇာတ်ကို ရအောင်ကမယ် ကိုသော် ဦးကိုလည်း အားတော့နာပါတယ် ဒီပြဇာတ်ကဖို့ ဦးကလောဆော်ခဲ့တယ် ကျနော်တို့ ကြိုးစားတွေးတယ် ရေးတယ်..။ တစ်ယောက်မှ တစ်ခါမှ ကပြကြဖူးတာမဟုတ်ဘူး။ အားလုံးပင်ပန်းတယ်..။ နောက်ဘာတစ်ခုမှ ဦးတို့ စီစဉ်ပေးတာမရှိတဲ့အထဲက ဖြစ်အောင်ကခဲ့တာလည်း ဦးအသိပဲ..။ ဝတ်စုံတွေ ကိုယ့်ဟာကိုယ်ငှားရတယ်။ ဆံပင်အတု ဝယ်ရတယ်…။ပန်းတွေ၊ မိတ်ကပ်တွေ ရအောင် ကျနော်တို့လုပ်ခဲ့ရတယ်။ ကုန်ကုန်ပြောရရင် ဇာတ်စင်ကအစ……ကျနော်တို့ ကိုသော်တို့ ကိုမောင်လွင်တို့ ဆင်ခဲ့ရ ပြေးရလွှားရလာခဲ့ရတာ ဘယ်လောက်ပင်ပန်းသလဲ ဦးလည်း သိလောက်ပါတယ် ဆိုတော့ဗျာ ဒီည ရအောင်ကမယ်… ကိုသော်ကရော ဘယ်လို ဆန္ဒရှိလဲ….?”
ကိုသော်ဇင် ဘာမှမပြော။ အားလုံးက တိတ်ဆိတ်နေကြသည်။ အေးစက်သော ဒီဇင်ဘာညသည် သူတို့အဖွဲ့ကို ပူနွေးလောင်မြိုက်နေစေသည်။
” ကမယ်ဗျာ ရအောင်ကိုကမယ် ဒီအခန်းကိုလည်း မဖြုတ်ဘူး ပစ်ရဲတဲ့ကောင်ရှိရင် ပစ် ….ဖြစ်တဲ့ ပြဿနာ နောက်နေ့မှရှင်းမယ.် အားလုံး ဆက်ပြင်ဟေ့ မိတ်ကပ်တွေ ပြန်ပြင်ကြ…လုပ်လုပ် ဦး ကျနော်တော့ရအောင် ကတော့မယ်…”
“ကပါ လုပ် ဦးလည်း အားပေးတယ်..ဒီလိုလာပြောတာဘယ်သူလဲ…ဒီပွဲကို ဦး ဘာအနှောင့်အယှက်မှမရှိပဲ လုပ်လာတာ နှစ်ချီနေပြီ..လုပ်ကွာပြင်”
ထိုအချိန်တွင် မန်နေဂျာနှင့်လူကြီးများလည်းရောက်လာကြသည်။ ဘာဖြစ်တာလဲဟု မေးသဖြင့် ဖြစ်သမျှကိုပြောပြကြသည်။ လူကြီးများကပင်
“ကကွာ ဘယ်ကောင်ပြောတာလဲ… ဒီလို လုပ်ပြတဲ့လူရှိတာ အားမပေးပဲ ဖျက်လိုဖျက်စီးလုပ်တာ ကဖြစ်အောင်က …”
ထိုနေ့က ကပြဖြစ်အောင် ကလိုက်ကြသည်။ အားပေးမှု ပရိတ်သတ်က လျှော့မသွား…။ လေးဂွပစ်သံလည်းမကြား..။ နဂိုမူလ ပြက်လုံးများထက်ထိရောက်စော ပြက်လုံးများကို ထည့်ပြက်ကြသည်။ လက်ခုပ်သံများ တဖြောင်းဖြောင်း…။ ညက အေးစက်လို့….။ကိုသော်ဇင်နှင့် ကိုဇော်သန့်တို့အဖွဲ့သားများကတော့ ရင်တွင်းတစ်ခုလုံး ဆူပွက်စွာနှင့် ဖျော်ဖြေနေကြသည်။ ဖျော်ဖြေပွဲပြီးသွားသောအခါ ရင်တွင်းတွင်ရှိနေကြသော ကျိတ်မနိုင်ခဲမရဖြစ်နေသော ဝေဒနာများကို သည်းခံခြင်းဟူသော အောင်နိုင်ခြင်းမျိုးနှင့် အစားထိုးကြလျှက် မေ့ပျောက်လိုက်တော့ရန် ကိုသော်ဇင် အပါအဝင်…အဖွဲ့သားအားလုံးက နှလုံးသွင်းထားပြီးနှင့်နေကြပေပြီ…။
မှတ်ချက်။ ။ ပြီးခဲ့သော ခရစ္စမတ်ပျော်ပွဲရွှ့င်ပွဲတွင် တွေ့ကြုံခဲ့ရသည်များကို အမှတ်တရ ရေးဖွဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့သားအားလုံးကို ကျေးဇူးတင်လျှက်.။
သော်ဇင်(လွိုင်ကော်)
8Th-Jan-2012
5 comments
ငပေါက်ဖော်
January 8, 2012 at 9:53 pm
အားပေးသွားတယ် ကိုသော်ရေ..
သမျးလဲ မကြာခင် မျက်မှန် တပ်ရတော့မယ် ထင်ပါ့
ရွှတ်.
Moe Z
January 9, 2012 at 11:02 am
မျက်မှန်တပ်မယ်ဆိုရင် ယူနိုက်တက်ဗွီးရှင်းသတိရပါ (ကြော်ငြာ) 😀 😀
ကိုသော်ဇင်ရေ အားပေးသွားပါတယ် (ခဲလုံးမပါ) 😀
ငပေါက်ဖော်
January 9, 2012 at 11:09 am
သဂျီးလို အဘိုးဂျီးမိုလို ့ မျက်မှန်တပ်တာ ပြဿနာမချိဘူးချင့်
သများလို ၁၆ နှစ်လေးနဲ ့ မျက်မှန်တပ်တာ ချက်ချရာဂျီး..
ခုမှ ငယ်ငယ်လေးပဲ ရှိတေးတာကို ချက်တာပေါ့ရို ့
မီးမီးချက်ချက်..
😆
Khin Latt
January 9, 2012 at 4:48 am
How sweet “သားပေါက်ဖော်”. 🙂
ကျွန်မလဲ ဇာတ်အဖွဲ့ကြီးကို ဝင်အားပေးသွားပါတယ်။
နောက်တစ်ကြိမ်မှာ ပိုပြီး အဆင်ပြေအောင်မြင်ပါစေ။
ငပေါက်ဖော်
January 9, 2012 at 11:12 am
သများက ဟောင်းဆွိသားပေါက်ဖော် ဟုတ်ပါဘူးနော်
သများက..သများက..ဇာတ်မင်းသားဂျီးသများပေါက်ဖော်
ကြီးလာရင် ကိုတော်ဇင်တို ့ ဇာတ်ထဲဝင်ပြီး ချိုမိုင်မိုင် က.ပစ်မှာ တိရို ့ယား..