ကျွန်ုပ်နှင့် တစ်သက်စာအလွဲများ (၁)
“ When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်…. (၉)တန်းအောင်..(၁၀)တန်းအတက် (၅)ဘာသာကို စုစုပေါင်းအမှတ် ၂၀၃ မှတ်ရလို့ ခမည်းတော်ဆော်ပလော် တီးတာခံရရုံမက မဲဇာပို့မယ်ဆိုပြီး ပြင်ဦးလွင်က ဘော်ဒါဆောင်ကို ဝကွက်အပ်ခံလိုက်ရတဲ့အချိန်…. စိတ်ကလေလေ…ထမင်းဟင်းကညံ့ညံ့…အိမ်ကအမေဖုန်းဆက်တိုင်းချွဲရတာအမော.. အမေ့ကိုသတိရတယ်ပေါ့ တကယ်တော့ အမေ့ထက် အမေ့လက်ရာထမင်းဟင်းတွေဖြစ်မှာပါ..အဲဒီအချိန်တုန်းကပေါ့နော်… ကြောင်ဝတုတ်တို့ ဘော်ဒါမှာ ထမင်းစားခန်းက Hall ခန်းကြီး… ထမင်းစားချိန် ဝင်သွားရင် တစ်ခြမ်းက မိန်းခလေးများ၊ တစ်ခြမ်းကယောင်္ကျားလေးများခွဲထိုင်ရပါတယ်… ရှေ့ ကျောက်သင်ပုန်းကြီးနဲ့ Stage ပုပုလေးပေါ်မှာ ထမင်းအိုးအကြီးကြီးနဲ့ ဟင်းအိုးအကြီးကြီး တင်ထားပြီး ထမင်းပန်းကန်နဲ့ ဟင်းခွက်ကို ကိုယ်တိုင်ယူစနစ်နဲ့ကျွေးမွေးပါတယ်… ထမင်းစားပြီးရင်တော့ ပန်းကန်ထားခဲ့ပြီး လက်ဆေးထွက်ခွာသွားစေတယ်ပေါ့ဗျာ… အဆောင်က ထမင်းဟင်းအကြောင်းပြောပြပါဦးမယ်… ထမင်းက အညံ့စားမဟုတ်ပေမယ့် သိပ်ပြီးတော့မကောင်းပါ…ဟင်းကလဲ အများစာဆိုတော့ ဖွယ်ဖွယ်ရာရာမရှိ ဖြစ်သလိုမဟုတ်ရုံပဲပေါ့.. ဥပမာ..ဝက်သားကြော်နဲ့ ပဲဟင်းရည်၊ ငရုတ်သီးကျော်လေးတော့ ပန်းကန်တွေထဲ လိုက်ထည့်ပေးတယ်ပေါ့ဗျာ.. ဆီပြန်ဟင်းဆိုတာ တစ်လလုံး (၃)ရက်လောက်စားရရင်ကို တော်တော်ကံကောင်းဆိုပါတော့… ကျောက်သင်ပုံးပေါ်မှာလဲ ရေးလေ့ရေးထရှိတယ်ပေါ့… ဝက်မစား ဘဲဥ၊ ငါးမစား ဘဲဥ ဝက်သားမစားသူများ ဘဲဥပေါ့ဗျာ… တစ်ခါတစ်လေ ကျွန်တော်တို့ နောက်ပြီးရေးသေးတယ်ဗျ… ဘဲဥမစား…ကြက်ဥ လို့၊ များသောအားဖြင့် အဖိုးနည်းဝန်ပါ..ဘဲဥဟင်းနဲ့လွေးရတာများသကိုး အဆောင်ဝင်းထဲမှာလဲ ဝါးရုံတောစုစုလေး ၄ရုံထက်မနည်းရှိပြန်တော့ မနက်မိုးလင်းတာနဲ့အဆောင်သန့်ရှင်းရေး မနှေးရအောင် ဝါးရွက်တွေကောက်သိမ်းသလို… စာမရလို့ တင်ပါးသွေး မနှေးတဲ့အခါမှာလဲ ဒီဝါးခြမ်းပြားတွေနဲ့ ဗျောတီးခံရပေါင်းမနည်းဘူးကိုး… ဒါတင်မကသေး စားတော်ပွဲမလဲ..မြှစ်ကျော်နဲ့ မြှစ်ချည်ရည်ဟင်းများက မပါမပြီး မတီးမမြည်ပေါ့ဗျာ… အဲလိုနဲ့ အဆင်မှာ ၄လလောက်နေလာတော့ အသားလဲကျ…အသားလဲနာ…အဆောင်မှူးတွေမသိအောင် ဆေးလိပ်ခိုးသောက်တာတို့ အရက်ခိုးသောက်တာတို့လဲ ကောင်းကောင်းတတ်နေပြီပေါ့… တစ်နေ့မှာတော့ ထူးထူးခြားခြားဗျာ… စားသောက်ခန်းက ကျောက်သင်ပုန်းပေါ်မှာ… “ ကြက်သားဘူးသီးချက် “ ဆိုတဲ့စာကိုတွေ့တဲ့သူငယ်ချင်းက အဆောင်မှာလာအော်လို့ ထမင်းစားခန်းကို ခပ်သုပ်သုပ်လစ်လာခဲ့အချိန်… လူက ပုဆိုးကိုရှည်ရှည်ဝတ်ပြီ…ရေချိုးခန်းအတွင်းစီးတဲ့ ဂျပန်ဖိနပ် (မြင်းကြယ်) ဖိနပ်ကိုအခန့်စားစီးပြီး အသွား.. ကျွန်တော်က ကြောင်ဆိုတော့ ခွေးမကြိုက်ဘူးဗျ… ထမင်းစားနေတဲ့အချိန် ခွေးတွေအနားလာရင် ကျွန်တော်မကြိုက်ဘူး..အဆောင်က ထမင်းစားခန်းအဝမှာလဲ ခွေးလေးတွေက တစ်စီစီပေါ့ဗျာ… တချို့ခွေးချစ်သူများက စားကြွင်းစားကျန်လေးတွေသူတို့အတွက် သယ်လာသေးသကိုးဗျ… ကျွန်တော်က အထဲအဝင် ခွေးတစ်ကောင်က ကျွန်တော့်ရှေ့မှာကန့်လန့်…. ကျွန်တော်က တောက်ခေါက်ပြီး မောင်းတယ်…ဒင်းက လှည့်တောင်မကြည့်… ကျွန်တော်လဲ စိတ်တိုတိုနဲ့ ခွေးကို ခြေနဲ့အခပ်…. စီးထားတဲ့ဂျပန်ဖိနပ် ရေနဲ့ချောနေပြီး ခြေထောက်ထဲကနေထွက်ပြီး…ကျောက်သင်ပုန်းကြီးကို “ဒုန်း” ဆိုမှန်.. မှန်ရုံတင်နဲ့မပြီး… ဖိနပ်ကြီးက ကြက်သားဘူးသီးဟင်းအိုးထဲကို “ပလုံ” ဆို တန်းတန်းမတ်မတ်ကြီးဝင်သွား… ထမင်းစားဖို့ စောင့်နေတဲ့သူတွေကလဲ “ဟာ” ဆိုမချင့်မရဲအသံတွေနဲ့… နောက်တော့ဗျာ..ကျွန်တော်တို့ ဘဲဥကြော်နဲ့ပဲ အဲဒီနေ့က လွေးခဲ့ရတယ်… တကယ်တော့ ကျွန်တော့အလွဲတွေက အဲဒီတစ်ခုထဲမဟုတ်ဘူးဗျ….ရှိသေးတယ်..
ကြက်သားဘူးသီးဟင်းနဲ့ ဂျပန်ဖိနပ်မြင်တိုင်း…ကြောင်ဝတုတ်ကို သတိရကြသည်…
12 comments
kaung kin pyar
January 9, 2012 at 4:47 pm
မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်အောင် ကိုကြောင်ဝတုတ်ကြီး ရေးတတ်ပါသည်။ ပြည်သူ့အချစ်တော် ဖြစ်သွားတော့ အတော်နေသာထိုင်သာ ရှိသွားတယ်မဟုတ်လား။
manawphyulay
January 9, 2012 at 5:01 pm
အင်း အလွဲတွေကလည်း အလွဲကောင်းပါပေ့… ၂၄ နာရီအလွဲများပေါ့လေ ဟုတ်လား…
nozomi
January 9, 2012 at 5:42 pm
ဒုတိယ ကြည်ပြာရောင်နဂတစ်များပေါ့
မျက်လုံးထဲကို ထင်းကနဲမြင်အောင် ရေးထားတာ ဖတ်လို့ကောင်းတယ်
ရှိသေးတယ် ဆိုတော့ ဆက်ဖတ်နေပါမယ်
Thel Nu Aye
January 9, 2012 at 6:19 pm
ကြက်ရိုးထက်စာရင် ( သို့ ) ဘူးသီးခင်းထဲကြက်ဖြတ်ပြေးတာထက်စာရင်တော့ဘဲကောင်လုံးကြော်ကပိုမိုက် တာပေါ့နော်။
windtalker
January 9, 2012 at 7:46 pm
နဲနဲလေးတော့ လွဲခဲ့တယ် ပေါ့ဗျာ
စိတ်ကျေနပ်ရင် ပြီးဘီ အေးဆေး…
မှော်ဆရာ
January 9, 2012 at 7:53 pm
ကြက်သားအိုးထဲ ကြက်ပေါင်ဖိနပ်ရောက်သွားတာ ဘာဖြစ်တုန်း
အေးဆေး ဆက်စားကြပေါ့ 🙂
MaMa
January 9, 2012 at 8:27 pm
သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် တဲ့…
ကြောင်ဝတုတ် ကုသိုလ်ကံကောင်းသွားအောင် ယတြာပေးမယ်။
ရွာထဲက သက်ကြီး ရွယ်ကြီးများကို ကြက်ကောင်လုံးကြော်ကျွေးပြီး ကုသိုလ်ပြုပါ
(အထူးသဖြင့်- ယတြာပေးသူအား) 😀
pooch
January 10, 2012 at 1:10 am
ဖြစ်ရလေ တော်သေးတာပေါ့နော် အရိုက်မခံရလို့ မဟုတ်ရင်တာ့ ကျောကော့နေမှာ 🙂
FattyCat
January 10, 2012 at 9:32 am
Ma Ma ရေ တော်ကြာ ကိုရင်စည်က ကြက်ဗူးဟင်းကို ကြက်ပေါင်ဖိနပ်ရောစားပါဆိုပြီး တနင်္လာသားတွေအတွက် အစီအရင်တွေလုပ်နေဦးမယ်….ဟီး
etone
January 10, 2012 at 11:18 am
ဟီးဟီးရယ်ရတယ် ….. ရေးထားတာက မျက်စိထဲတောင် ပြန်မြင်ယောင်လာစေပါတယ် …
ကိုကြောင်ဝတုတ်ဖိနပ်ကြီးဝင်သွားတော့ …သူများတွေ မေတ္တာမပို့ကြဘူးလား … ဟီးဟီး … ။ 😆
နွယ်ပင်
January 10, 2012 at 11:20 am
မျက်လုံးထဲကို ကွင်းကွင်းကွက်ကွက်မြင်အောင် ရေးထားတာပဲ ..
ကျန်တဲ့ အလွဲတွေကို ဆက်လက် အားပေးနေပါမယ့် ………….
FattyCat
January 10, 2012 at 12:56 pm
အိတုန်းရေ-
မေတ္တာပို့မပို့တော့မသိဘူး..
တစ်ခန်းထဲနေတဲ့ ချစ်လှပါချည့်ရဲ့ဆိုတဲ့ ငယ်သူငယ်ချင်းက တစ်ညလုံးစကားမပြောဘူး…