Philadelphia စမ်းသပ်ချက် (အပိုင်း -၁) – ဘာသာပြန်သူ- ခင်မမမျိုး
နိဒါန်း
စကြဝဠာကြီးဟာ ကျွန်မတို့ တွေးထင်ထားတာထက် ပိုပြီးဆန်းကျယ်ရုံတင်မကပါဘူး။ ကျွန်မတို့ တွေးထင်နိုင်တာ ထက်ပါ ပိုပြီး ဆန်းကျယ်လှပါတယ်။ စကြဝဠာကြီးဆီမှာ အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစာ္ဆတွေနဲ့ လျှို့ဝှက်ချက်တွေ အများအပြား ပြည့်နှက်နေပါတယ်။
ဒါပေမယ့် ပဟေဠိပုစာ္ဆတွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကတော့ တထပ်တည်းကျအောင် မတူညီနေပါဘူး။
စကြဝဠာကြီးနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစာ္ဆတွေတိုင်းဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ စကြဝဠာကြီး ဘယ်လိုစတင်ပေါ်ထွက်လာခဲ့သလဲ။ ဘယ်လို မွေးဖွားလာခဲ့သလဲ။ အဲဒီလို မမွေးဖွားမီက ဘာတွေရှိခဲ့သလဲ။ ဒီပုစာ္ဆတွေရဲ့ အဖြေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ပဟေဠိတွေပဲ ဖြစ်ပါတယ်။ ဒီပဟေဠိတွေနဲ့ ပတ်သက်ပြီး လူသားတွေဆီမှာ အတွေးအခေါ်တွေ များစွာ ပေါ်ပေါက် လာကြပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလိုအတွေးအခေါ်တွေကို သက်သေပြနိုင်ဖို့ ကြိုးစားကြပါတယ်။ တခါတရံကျတော့လဲ ပဟေဠိတချို့ကို အဖြေရှာလို့ ရသွားတတ်ပါတယ်။
ဒါပေမယ့် တချို့အဖြေတွေကို လူတိုင်းသိခွင့်မရကြပါဘူး။ အဖြေတချို့ကို လူအချို့နဲ့ နေရာအချို့ကပဲ သိထားကြပါတယ်။ ဒီလိုသိထားသူတွေက အဖြေတွေကို ပြင်ပကမ္ဘာက သိခွင့်မရှိအောင် ဖုံးဖိထားတတ်ကြ ပါတယ်။ ဒါတွေဟာ လျှို့ဝှက်ချက်တွေပါပဲ။
အချို့လျှို့ဝှက်ချက်တွေဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့အတွက် အစိုးရတွေက သတင်းမပေါက်ကြားအောင် ဖုံးဖိထားကြပါတယ်။ ဒီသတင်းတွေကိုသာ လူအများကြားမှာ ဖော်ထုတ်လိုက်ရင် လူတွေ ထိတ်လန့်သွားမယ်လို့ တွေးဆမိကြလို့ပါ။ ကမ္ဘာကြီးပေါ်ကို အခြားကမ္ဘာက ဂြိုလ်သားတွေ အမှန်တကယ် လာရောက် လည်ပတ် ခဲ့ဖူးပါသလား။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိသတ္တဝါတွေအားလုံးကို ဖျက်ဆီးပစ်နိုင်အောင် စွမ်းအားရှိတဲ့ လက်နက်ဆန်းတွေ ကမ္ဘာပေါ်မှာ တီထွင်ပြီးသွားပြီလား။ သိပ္ပံပညာရှင်တွေဟာ လူအများကြားမှာ ချပြလို့ မဖြစ်နိုင်လောက်အောင် (သို့မဟုတ်) ထုတ်ဖော်ပြောပြလို့ ရှက်စရာကောင်းလောက်အောင် ကြောက်မက်ဖွယ် ကောင်းတဲ့ စမ်းသပ်ချက်တွေကို ပြုလုပ်ခဲ့ဖူးပါသလား။
ဒီလိုလျှို့ဝှက်ချက်တွေဟာ ပေါက်ကြားသွားရင် အလွယ်တကူ ပျံ့နှံ့သွားတာကြောင့် အာဏာပိုင်တွေက သတင်းအနံ့မထွက်အောင် လိုက်လံဖုံးဖိလေ့ ရှိတတ်ကြပါတယ်။ လိမ်ညာထားတဲ့ ဇာတ်လမ်းတွေနဲ့ တချို့ ကိစ္စတွေဟာ မဖြစ်ပွားခဲ့သယောင် ဖန်တီးလေ့ရှိတတ်ကြပါတယ်။ သက်သေအထောက်အထားတွေကို ဖျက်ဆီးလေ့ ရှိတတ်ကြပါတယ်။ တကယ်လို့ သက်သေအထောက်အထားတွေဟာ လူပုဂ္ဂိုလ်တွေရဲ့ မှတ်ဉာဏ်တွေမှာ ကျန်နေခဲ့ရင်ရော၊ ဒါတွေကို ဖျက်ဆီးလို့ ရမလားလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ဖျက်ဆီးလို့ရပါတယ်။ သမိုင်းအဆက်ဆက်မှာ အစိုးရများစွာဟာ လူပုဂ္ဂိုလ်သက်သေတွေကို အစဖျောက်ပြီး လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းလေ့ ရှိကြပါတယ်။
အမှန်တရားတွေကို ဒီလို နည်းလမ်းပေါင်းများစွာ အသုံးပြုပြီး ဖုံးဖိထားနိုင်ပေမယ့်၊ ရံဖန်ရံခါမှာတော့လဲ တချို့ဇာတ်လမ်း၊ ဇာတ်ကွက်လေးတွေက ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလိုနဲ့ ထွက်ပေါ်လာတတ်ပါသေးတယ်။ ဥပမာ- လူသာမန်တွေရဲ့ အမြင်ကနေ လုံးဝပျောက်ကွယ်သွားတဲ့ စစ်သင်္ဘောကြီး စတဲ့ ပုံပြင်လေးတွေ လိုမျိုးပါ။ သက်ဆိုင်ရာ အစိုးရကတော့ ဒီလိုအဖြစ်အပျက်မျိုး လုံးဝ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒဏ္ဍာရီ ပုံပြင်လေးတွေကတော့ ကျန်ရစ်နေဆဲပါပဲ။
တချို့ပုံပြင်လေးတွေကို သိရတဲ့အခါ ဒါမျိုးတကယ်ဖြစ်ခဲ့တာ ဟုတ်နိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိ သွားနိုင်ပါတယ်။ စစ်သင်္ဘောကြီးတစင်းလုံးဟာ လေထဲကို ပျောက်ကွယ်သွားနိုင်ပါ့မလား။ ဒီလိုဆန်းကျယ်တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမှန်တရားတွေ ရှိနေခဲ့သလား။ ဒီဖြစ်ရပ်ကို ဖြစ်ပွားစေခဲ့တဲ့ Philadelphia စမ်းသပ်ချက် ဆိုတာ တကယ်ရှိခဲ့ဖူးပါသလား။
အမှန်တရားကတော့ တနေရာမှာ ရှိနေပါလိမ့်မယ်။ သက်သေအထောက်အထားတွေဟာလဲ လူတချို့သာ ဖတ်ခွင့်ရှိတဲ့ ဖိုင်တွေထဲက စာရွက်တွေပေါ်မှာ ရှိနေပါလိမ့်မယ်။ ဒီလို ဖိုင်တွေမှာ ရှိနေတတ်တဲ့ အမှတ်တံဆိပ်ကတော့
CLASSIFIED
အခန်း (၁)
တနေ့နေ့မှာ အဖမ်းခံရလိမ့်မယ်လို့ ကျွန်မ ကြိုပြီး သိနေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နေ့မှာ ကျွန်မဆီကို ရောက်လာကြမယ် ဆိုတာကို မသိပါဘူး။ ဘယ်သူတွေလာမယ်ဆိုတာကိုလဲ ကျွန်မ မသိပါဘူး။ ကျွန်မကို ဖမ်းမိတဲ့အခါ ဘာလုပ်ကြမယ်ဆိုတာကိုလဲ ကျွန်မ မသိပါဘူး။
အမှန်တကယ် သူတို့ ရောက်လာချိန်ကတော့ နံနက်လေးနာရီမှာ ဖြစ်ပါတယ်။ အိမ်ရှေ့က တံခါးခေါက်သံ ပြင်းပြင်းက အိပ်မောကျနေတဲ့ ကျွန်မကို လန့်နိုးသွားစေခဲ့ပါတယ်။ ညဝတ်အကျႌရှည်ကို အမြန်ဝတ်လိုက်ပေမယ့် အိမ်တွင်းစီး ခြေညှပ်ဖိနပ်လေးကို ဝတ်ဖို့ကိုတော့ ကျွန်မ စိတ်မပါတော့ပါဘူး။ အေးစက်နေတဲ့ သစ်သားကြမ်းပြင် ပေါ်မှာပဲ ခြေဖျားထောက်ပြီး တံခါးပေါက်ဆီကို သွားလိုက်ပါတယ်။
တံခါးမှာ အတန်ငယ် ဟပြီးဖွင့်လို့ရတဲ့ ချိန်းကြိုးလေးတပ်ထားတာကြောင့် တံခါးကို မဖွင့်ပေးသေးပဲ စင်တင်မီတာ အနည်းငယ်လောက်သာ ဟပေးလိုက်ပါတယ်။
” ဘာလိုချင်လို့လဲ ”
ကျွန်မ တီးတိုးမေးလိုက်ပါတယ်။
“ Miss Henried လား ”
တံခါးတဘက်မှာရှိတဲ့ အမှောင်ရိပ်ကြားကနေ အသံထွက်လာပါတယ်။ အမျိုးသမီးတယောက်ရဲ့ အသံဖြစ်ပါတယ်။ ကျွန်မ ထင်မှတ်ထားခြင်း မရှိပါဘူး။ စီးကရက်တွေ အများကြီးသောက်ထားသလိုမျိုး အသံက နက်ရှိုင်းကြမ်းတမ်း နေပေမယ့် အမျိုးသမီးသံဆိုတာတော့ သေချာပါတယ်။
တကယ်တော့ သူတို့တွေ ဘယ်လိုတွေးခေါ် စဉ်းစားတယ်ဆိုတာ ကျွန်မ သိနားလည်ခဲ့ဖို့ ကောင်းပါတယ်။ အခြေအနေကို ခြိမ်းချောက်မှု အနည်းဆုံးဖြစ်အောင် အမျိုးသမီးတယောက်ကို စေလွှတ်တာဖြစ်ပါလိမ့်မယ်။
” ရှင်ဘယ်သူလဲ ”
သူမကို ပြန်မေးပြီးတော့ မီးခလုတ်ကိုလဲ အလျင်စလို ဖွင့်လိုက်ပါတယ်။ အလင်းရောင် အနည်းငယ်ထွက်လာချိန်မှာ တံခါးကို အနည်းငယ်ထပ်ဟပြီး၊ ကျွန်မကြည့်လိုက်တော့ သူတို့ကို တွေ့ရပါတယ်။
သူတို့ဆိုတာကတော့ လူနှစ်ယောက်ဖြစ်ပါတယ်။ အမျိုးသားတယောက်ကတော့ ကျွန်မ ကြိုတင်မျှော်မှန်းထားတဲ့ အတိုင်းပါပဲ။ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ဖြီးထားတဲ့ သူ့မျက်နှာကတော့ ခံစားချက်ကင်းမဲ့နေတဲ့ ရုပ်သေမျက်နှာမျိုး ဖြစ်ပါတယ်။
အမျိုးသမီးကတော့ အသားရောင် ဘလောက်အင်္ကျီ၊ မီးခိုးရောင် ဝတ်စုံနဲ့ အနက်ရောင်ခြေအိတ်ကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ ဆံပင်က ခပ်တိုတိုဖြစ်ပြီး၊ ဆံပင်ပုံစံကို သူ့မျက်နှာနဲ့ လိုက်ဖက်အောင် ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ဒီလို ပုံစံက အေးစက်တင်းမာနေတဲ့ အညိုရောင်မျက်လုံးတွေကိုတော့ ပျော့ပျောင်းသွားအောင် လုပ်နိုင်စွမ်း မရှိပါဘူး။
အမျိုးသားက အိုင်ဒီကတ်တခုကို ကျွန်မမြင်ရအောင် မြှောက်ပြီးကိုင်ပြပါတယ်။
” အသေးစိတ်ဖတ်ရအောင် သိပ်ပြီး အလင်းရောင်မရှိဘူး။ အက်ဖ်ဘီအိုင် (FBI) ကလား ” လို့ ကျွန်မ မေးလိုက်ပါတယ်။
” ဒီအိုင်အေ (DIA) “ လို့ သူမက လှမ်းဖြေပြီး၊ သူမရဲ့ ကတ်ကိုလဲ မြှောက်ပြီး ကိုင်ပြပါတယ်။
” စီအိုင်အေ (CIA)- Central Intelligence Agency ကို ပြောတာလား”
ကျွန်မ ထပ်ပြီး မေးလိုက်ပါတယ်။
” မဟုတ်ပါဘူး။ ဒီအိုင်အေ- Defence Intelligence Agency ကပါ”
အမျိုးသားဖြစ်သူက ခပ်တိုးတိုးလေး ပြောပါတယ်။
ကျွန်မ ဒီနာမည်ကို တခါမှ မကြားဖူးပါဘူး။ ကျွန်မရဲ့ သံသယက မျက်နှာပေါ်မှာ ပေါ်လွင်သွားတယ် ထင်ပါတယ်။ အမျိုးသမီးက သိပ်စိတ်မရှည်တော့တဲ့ လေသံနဲ့
” တို့တွေက ဒီအိုင်အေမှာရှိတဲ့ ရေတပ်ထောက်လှမ်းရေးဌာနကပဲ ” လို့ ထပ်ပြောလိုက်ပါတယ်။
ဒါကတော့ ဖြစ်နိုင်ချေရှိပါတယ်။ ရေတပ်ထောက်လှမ်းရေး။ သူတို့တတွေဟာ ကျွန်မအချိန်ပေါင်းကြာမြင့်စွာ လျှို့ဝှက်ချက်တွေ ခိုးယူခဲ့ဖူးတဲ့ နေရာက ဖြစ်ပါတယ်။ ခုတော့ သူတို့ကျွန်မကို ဖမ်းမိသွားပါပြီ။
ရှုံးနိမ့်မှုနဲ့အတူ ကျွန်မပခုံးလေးတွေ သေးကျုံ့သွားသလို ခံစားလိုက်ရပါတယ်။
” တို့တွေ အိမ်ထဲကို ဝင်လို့ ရမလား”
အမျိုးသားက အသံပျော့ပျော့နဲ့ မေးပါတယ်။ သူ့ရဲ့ ရုပ်သေမျက်နှာမှာ နွေးထွေးမှု အငွေ့အသက်လေးတွေ ပေါ်လာပါတယ်။
သက်ပြင်းချလိုက်ပြီး၊ တံခါးက ချိန်းကြိုးကို ဖွင့်ပေးလိုက်ပါတယ်။
သူတို့အထဲရောက်လာချိန်မှာ ” ကျွန်မအဝတ်လဲလို့ ရမလား ” လို့ မေးလိုက်တော့ အေးဂျင့်နှစ်ယောက်က တယောက်နဲ့တယောက် လှမ်းကြည့်လိုက်ပါတယ်။
” တို့လဲ လိုက်ခဲ့မယ် ”
အမျိုးသမီးက ပြောလိုက်တာကြောင့် ကျွန်မ အနည်းငယ် ငိုင်သွားပါတယ်။ သူမရှေ့မှာ အဝတ်လဲရမှာကို သက်တောင့်သက်တာ ရှိမှာ မဟုတ်မှန်း ကျွန်မ ကြိုသိနေခဲ့ပါတယ်။
” ကိစ္စမရှိပါဘူး။ ထွက်ပြေးဖို့ ကျွန်မ မကြိုးစားပါဘူး ”
ကျွန်မက ဟာသတခုလို သဘောထားပြီး ပြောလိုက်ပါတယ်။
အဲဒီအချိန်မှာ သူမရဲ့ နှုတ်ခမ်းပါးလေးက ခပ်ကွေးကွေးလေးဖြစ်သွားပြီး
” တို့က မင်းကို မေးခွန်းအနည်းငယ် မေးရုံလောက်ပါ။ သေဒဏ်ပေး သေနတ်ပစ်အဖွဲ့ရှေ့ကို ပို့ဖို့ မစီစဉ်ထားပါဘူး ” လို့ ပြောလိုက်ပါတယ်။
ဒါပေမယ့် ကျွန်မစိတ်ထဲမှာ မကျေနပ်သေးပါဘူး။
” ဒါဆို ကျွန်မအဝတ်ဝတ်တာကို ဘာကြောင့် စောင့်ကြည့်ဖို့ လိုသလဲ ” လို့ မေးလိုက်ပါတယ်။
” ဒါက လုပ်ထုံးလုပ်နည်းပါ”
အမျိုးသားက ဝင်ပြီး ရှင်းပြပါတယ်။ တောင်းပန်တဲ့ သဘောနဲ့ သူရဲ့ ပခုံးတဘက်ကို တွန့်ပြလိုက်ပါတယ်။
” ဖြစ်နိုင်ချေရှိတာကတော့ မင်းတယောက်ထဲ အခန်းထဲ ရှိတဲ့အခါ သက်သေခံအထောက်အထားတွေကို ဖွက်တာ၊ ဖျက်ဆီးတာတွေ လုပ်လိုက်နိုင်တယ်လေ”
အမျိုးသမီးက ထပ်ပြောလိုက်ပါတယ်။ သူမရဲ့ အသံက အနည်းငယ် တင်းမာနေပါတယ်။
ကျွန်မနဲ့ ပတ်သက်တဲ့ သက်သေခံအထောက်အထားတွေအားလုံးဟာ ကွန်ပျူတာထဲမှာပဲ ရှိတယ်ဆိုတာ ကျွန်မသိနေပါတယ်။ ဒီကွန်ပျူတာကို ဖွင့်နိုင်ဖို့ လျှို့ဝှက်သင်္ကေတတွေနဲ့ ကုတ်ပေါင်းများစွာကို အသုံးပြုထားတာကြောင့် အလွန်ကျွမ်းကျင်တဲ့ ပညာရှင်ကပဲ လုပ်နိုင်ပါလိမ့်မယ်။ ကျွန်မအထင်ကတော့ သင့်လျော်တဲ့ သတင်းအချက်အလက်တွေအားလုံးဟာ တိုင်တင်းနစ်သင်္ဘောနံရံမှာ မူလီတွေ စုပ်ထားသလိုပဲ ကျွန်မရဲ့ ကွန်ပျူတာထဲမှာ လုံခြုံစွာ နစ်မြှုပ်နေကြပါတယ်။ ပိုပြီးတောင် လုံခြုံဦးမယ် ထင်ပါတယ်။
ကျွန်မ ဘာမှ ဆက်မပြောတော့ပဲ အခန်းထဲကို ပြန်ဝင်သွားလိုက်ပါတယ်။ ညဝတ်အကျႌကို ချွတ်ပြီး၊ အားကစားဝတ်စုံနဲ့ ဖိနပ်လဲနေချိန်မှာ သူမကတော့ ကျွန်မကွန်ပျူတာကို ကြည့်သယောင် ဟန်ဆောင် နေခဲ့ပါတယ်။
ပခုံးထိအောင် ရှည်တဲ့ ကျွန်မရဲ့ ဆံပင်ကို မှန်ကြည့်ပြီး ဖြီးလိုက်ချိန်မှာတော့ ကျွန်မကိုယ်ကျွန်မတောင် လန့်သွားမိပါတယ်။ ဘယ်သူမှ နံနက်လေးနာရီလို အချိန်မှာ ကြည့်ပျော်ရှုပျော် ရှိနေမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ အစိမ်းရောင်မျက်လုံးလေးတွေက ညိုမဲနေပြီး၊ ကျွန်မရဲ့ နှုတ်ခမ်းသားလေးတွေကလဲ တွန့်နေပါတယ်။ ဒါတွေကို ကြည့်တာနဲ့တင် ကျွန်မဘယ်လောက် မောပန်းနွမ်းနယ်နေတယ်ဆိုတာ သိနိုင်ပါတယ်။
” ကျွန်မဘယ်ကို သွားတယ်ဆိုတာ အဖိုးကို အသိသွားပေးဖို့ လိုတယ်”
ကျွန်မပြောလိုက်တော့ အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ကျွန်မကို လှည့်ကြည့်ပါတယ်။
” လူကြီးလူကောင်း အဖိုးအိုတယောက်ကို စိတ်ပူအောင် သွားလုပ်ဖို့ လိုအပ်တယ်လို့ တို့မထင်ဘူး။ တို့မေးတာတွေအားလုံးကို မင်းကောင်းကောင်းဖြေမယ်ဆိုရင် သူအိပ်ယာက မနိုးခင် မင်းအိမ်ပြန်ရောက်လာမှာပါ”
” သူကျွန်မအကြောင်းကို ဘာမှ မသိပါဘူး။ သူ့ကို ကျွန်မကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ”
အေးဂျင့်အမျိုးသမီးက သက်ပြင်းချပြီး၊ နှာခေါင်းကနေ လေပူမှုတ်ထုတ်လိုက်ပါတယ်။
” ဥပဒေကို မချိုးဖောက်ခင်ကတည်းက သူ့ကို ဘယ်လောက်စိတ်ပူပန်မှု ဖြစ်စေမယ် ဆိုတာကို မင်းစဉ်းစားခဲ့ဖို့ ကောင်းတယ်”
သူမက ပြောပြီး ခေါင်းညိမ့်ပြပါတယ်။ ခွင့်ပြုတယ်ဆိုတဲ့ သဘောပါ။
ဘောပင်နဲ့ စာရွက်လေးကို ဆွဲပြီး၊ ကျွန်မရဲ့ အဖိုးကို အသိပေးတဲ့ စာလေးကို ခပ်တိုတို ရေးလိုက်ပါတယ်။ စာတိုလေးကို အဖိုးရဲ့ အခန်းတံခါးအောက်ကနေ အခန်းထဲ ထိုးထည့်ထားခဲ့မယ်လို့ ရည်ရွယ်လိုက်ပေမယ့် တံခါးရှေ့ရောက်ချိန်မှာတော့ ကျွန်မ တွေဝေသွားပါတယ်။ ကျွန်မပြန်မရောက်လာခင် သူနိုးလာရင်လဲ ကျွန်မအစောကြီး အပြင်ထွက်သွားတယ်လို့ပဲ ရိုးရိုးလေးတွေးပါလိမ့်မယ်။ ဒါက ပုံမှန်မဟုတ်တဲ့ ကိစ္စရပ် မဟုတ်ပါဘူး။ ဒီလို တွေးလိုက်မိတာကြောင့် စာရွက်လေးကို ခေါက်သိမ်းပြီး အိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။
အိမ်တံခါးဝအနီးမှာတော့ အေးဂျင့်အမျိုးသားက စောင့်နေပါတယ်။ အိမ်တံခါးကို သော့ခတ်နေတာကို စောင့်ကြည့်ပြီး ကားနက်ကြီးတစီးဆီကို ခေါ်သွားကြပါတယ်။ နောက်တော့ ကားနောက်ခန်းထဲ ကျွန်မကို ဝင်ခိုင်းပြီး မြို့လယ်ခေါင်လမ်းမတွေပေါ်မှာ တိုးတိတ်စွာမောင်းထွက်လာပါတယ်။
ကြီးမားတဲ့ အညိုရောင်အဆောက်အဦးကြီးတခုရဲ့ မြေအောက်ကားရပ်နားရာ နေရာကို မောင်းဝင်တော့မယ့် အချိန်မှာတော့ နေမင်းကြီးက ကောင်းကင်မှာ ထွက်စပြုနေပါပြီ။ နေထွက်တာကို နောက်တကြိမ် မြင်နိုင်ပါတော့မလားလို့ ကျွန်မ တွေးလိုက်မိပါတယ်။ ဒီအတွေးတွေက ထူးဆန်းတယ်ဆိုပေမယ့် သူတို့တွေ ကျွန်မကို ကားထဲမှာ သော့ပိတ်ထားခဲ့ပြီး၊ ကားသော့တွေကို လွှင့်ပစ်လိုက်မှာကို ကျွန်မကြောက်နေခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ထားတဲ့ စိတ်ဒုက္ခဆိုတာ ဒါပါပဲ။ ကျွန်မလုပ်ထားသမျှကို သူတို့များအကုန်သိနေမလားလို့ တွေးကြည့်မိပါတယ်။ ဒီလိုတွေးမိလိုက်ပြန်တော့လဲ သူတို့ မသိနိုင်ဘူးလို့ ထင်လိုက်ပြန်ပါတယ်။
နောက်ဆုံးတော့ သူတို့တွေသာ အားလုံးကို သိပြီးသားဖြစ်နေရင် ကျွန်မကို စစ်ဆေးမေးမြန်းဖို့ ခေါ်လာမှာ မဟုတ်ဘူးလို့ တွေးလိုက်မိပါတယ်။
ကားရပ်ပြီးချိန်မှာတော့ ကျွန်မကို ဓာတ်လှေကားတခုနဲ့ ဆယ်လွှာကို ခေါ်လာပါတယ်။ ဓာတ်လှေကားက အထွက်မှာတော့ လေအေးစက်တပ်ထားတဲ့ လမ်းကြောင်းတလျှောက် တံခါးပေါင်းများစွာကို ဖြတ်ပြီး ထပ်ခေါ်လာကြပါတယ်။ အဆောက်အဦးက အစိုးရအဆောက်အဦး တခုနဲ့ မတူပဲ ဟိုတယ်တခုနဲ့ တူနေပါတယ်။
ရုံးခန်းငယ်လေးတခုကို ဝင်ဖို့ အေးဂျင့်အမျိုးသားက တံခါးဖွင့်ပေးပါတယ်။ ရုံးခန်းလေးရဲ့ အခင်းအကျင်းက ကျွန်မထင်မှတ်ထားသလို မဟုတ်ပါဘူး။ ကျွန်မ မျှော်လင့်ထားတာက စတီးထိုင်ခုံ၊ လက်ထိပ်နဲ့ မေးခွန်းတွေ ထပ်ခါတလဲလဲ မေးနေချိန်မှာ ကျွန်မရဲ့ မျက်နှာကို ထိုးထားမယ့် မီးလုံးလေးတွေကိုပါ။
ဒါပေမယ့် အခန်းထဲမှာ ကျွန်မတကယ်တွေ့လိုက်ရတာကတော့ ဆုံလည် လယ်သာထိုင်ခုံ၊ ကော်ဖီစားပွဲတလုံးနဲ့ သက်တောင့်သက်သာ ထိုင်နိုင်မယ့် ထိုင်ခုံသုံးလုံးပဲ ဖြစ်ပါတယ်။
ဒီအဆောက်အဦးကြီးထဲက နံရံတွေ နောက်ကွယ်မှာ ဘယ်လို လုပ်ငန်းဆောင်တာတွေ ရှိနေတယ်ဆိုတာ စဉ်းစားနိုင်မယ့် သဲလွန်စတွေ ဘာမှ မရှိပါဘူး။ အခင်းအကျင်းသဏ္ဍာန်အရကတော့ အလုပ်အင်တာဗျူး သဏ္ဍာန်မျိုး ဖြစ်နေပါတယ်။
ဒါကလဲ သူတို့တွေ တမင်စီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။ ကျွန်မဆီက သတင်းအချက်အလက်တွေ နှိုက်ထုတ်နိုင်ဖို့အတွက် ကျွန်မကို သက်တောင့်သက်သာဖြစ်အောင် စီမံထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ ကျွန်မ စိတ်ထဲမှာ အရမ်းတုန်လှုပ်ခြောက်ခြားနေပါတယ်။
” ရာဘာနံပါတ်တုတ်တွေကို မျှော်လင့်နေသလား”
အေးဂျင့်အမျိုးသမီးက ခပ်ပြုံးပြုံးကြည့်ပြီး မေးလိုက်တဲ့အခါ ကျွန်မ ပါးစပ်ဟသွားပါတယ်။ ကျွန်မ စိတ်ကိုများ ဖတ်မိနေသလားလို့ တွေးလိုက်မိပါတယ်။
” မဟုတ်ပါဘူး။ ကျွန်မမှ ဘာအမှားမှ မလုပ်ထားတာ”
“မလုပ်ထားဘူး……….”
သူမက အသက်ကို ခပ်ပြင်းပြင်းရှူရင်း၊ လေးလေးပင်ပင် ပြောလိုက်ပါတယ်။ ပြီးတော့မှ
” စကြရအောင်” လို့ ပြောပါတယ်။
ကျွန်မလဲ အလိုက်သင့် စဖို့ ပြန်ပြောရင်း၊ သူတို့တွေ စာရွက်တွေကောက်ယူနေချိန်မှာ ထိုင်ခုံပေါ်မှာ သက်တောင့် သက်သာ ထိုင်နေမိအောင် ကြိုးစားနေမိပါတယ်။
” မင်းနာမည် ဘယ်လိုခေါ်လဲ”
အမျိုးသမီးက စပြီး မေးပါတယ်။
” ရှင်သိပါတယ်”
ဘောပင်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပေမယ့် သူမ ဘာမှ ထပ်ပြီး မပြောပါဘူး။
အချိန်အတန်ကြာတော့ အမျိုးသားက ရှေ့ကို အတန်ငယ် ကိုင်းလိုက်ပြီး၊ ခပ်တိုးတိုးအသံနဲ့
” တို့တတွေက စုံစမ်းစစ်ဆေးခြင်းရဲ့ ကနဦးအစမှာပဲ ရှိသေးတာ။ ဒါက တရားဝင် အင်တာဗျူးမဟုတ်ပါဘူး။ စကားစမြည်ပြောရုံပါ။ ဒါပေမယ့် တချို့ လုပ်ထုံးလုပ်နည်းတွေကိုတော့ အတူတူပဲ လုပ်ရတယ်။ မင်းက တို့အင်တာဗျူးလုပ်ရမယ့်လူဆိုတာ သေချာဖို့လိုတယ်။ ဒီလောက်ပါပဲ ”
သူပြောတဲ့စကားတွေက ဆီလျော်တာကြောင့် ကျွန်မကိုယ်ကျွန်မ စာသင်ခန်းထဲက ဘုဆတ်ဆတ်၊ ဂျစ်တစ်တစ် ကလေးတယောက်လိုပဲ ခံစားရစေပါတယ်။ ဒါပေမယ့် ကျွန်မ ဆက်တင်းနေလိုက်တယ်။
” ရှင်တို့ရဲ့ နာမည်တွေကိုမှ ကျွန်မ မသိရသေးတာ”
သူက ခေါင်းညိတ်လိုက်ပါတယ်။
” တို့က Agent Miller ပါ။ သူကတော့ Agent Kirwan”
သူက စတင်မိတ်ဆက်လိုက်ပြီး အမျိုးသမီးဘက်ကို ခေါင်းဆတ်ပြပြီး ဆက်ပြောပါတယ်။
“မင်းနာမည်ကကော”
“ Alice Henreid “
ကျွန်မ ရုတ်တရက် ဖြေလိုက်မိပြီးမှ နှုတ်ခမ်းကို ဖိကိုက်လိုက်မိပါတယ်။
သူ့ဆက်ဆံရေးက အရမ်းချောမွေ့တာကြောင့် ကျွန်မ ရှောင်ရှားခေါင်းမာဖို့ အခွင့်အလမ်း မရခဲ့ပါဘူး။
အဲဒီအချိန်မှာပဲ ကျွန်မ သိသွားပါပြီ။ သူဟာ ကျွန်မကို စကားပြောလာအောင် လုပ်နိုင်တော့မယ့် လူတယောက် ဆိုတာကိုပါ။
“မင်းအကြောင်း နည်းနည်းပြောပြပါလား၊ Alice”
သူက ပြောပြီး၊ ကုလားထိုင်နောက်မှီမှာ မှီထိုင်လိုက်ပါတယ်။ သူ့မျက်နှာအမူအရာက အမှန်တကယ် စိတ်ဝင်တစားဖြစ်နေတဲ့ အမူအရာမျိုးဖြစ်ပါတယ်။
ဒီအချိန်မတိုင်မီအထိ ကျွန်မရဲ့ ဘဝတလျှောက်လုံးမှာ အထီးကျန်သလို ခံစားနေခဲ့ရပါတယ်။ ကျွန်မဟာ အမြဲတမ်း outsider ဖြစ်ခဲ့သူပါ။ ကျွန်မရဲ့ အတိတ်နဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အဖိုးကလွဲရင် ဘယ်သူကမှ စိတ်ဝင်စားမှု မရှိခဲ့ပါဘူး။
အခုတော့ ကျွန်မဟာ အလေးထားစိတ်ဝင်စားခံရသူ ဖြစ်နေပါပြီ။ ကျွန်မရဲ့ အကြောင်းတွေကို ထိုင်ပြောဖို့ မေးမြန်းခံနေရပါပြီ။ ကျွန်မရဲ့ စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားလိုက်ရပါတယ်။ ကျွန်မ နည်းနည်းပဲ ပြောပါမယ်။ အနည်းငယ်ပဲ ပြောပါမယ်။ ဒီလို တွေးလိုက်ပြီး ကျွန်မ စကားစပြောပါလိုက်ပါတယ်။
” ကျွန်မဟာ သချင်္ာပညာရှင် တယောက်ပါ”
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ- ခင်မမမျိုး (၂၈၊ ၁၂၊ ၂၀၁၁)
15 comments
memeseku
January 9, 2012 at 7:14 pm
သိချင်နေတာကြာပါပြီ….အခုလိုအခန်းဆက်နဲ.ဖော်ပြပေးတာကျေးဇူးတင်ပါတယ်….သူကြီး…..ဒါပေမယ်.ပိုစ့်တစ်ခုကိုအရမ်းမတိုအောင်တင်ရင်ဖတ်ရတာပိုအရသာရှိမှာပါ….
windtalker
January 9, 2012 at 7:15 pm
ဟောဗျာ
ဖြစ်ရပ်မှန် လား ဗျ
ဖတ်ရင်း ဖတ်ရင်း နဲ ့
အေလိုက်စ် ဟန်းရိတ် ကို အမြင်ကပ်လာသလိုဘဲ ဗျာ ။
ငပေါက်ဖော်
January 9, 2012 at 8:36 pm
ကောင်းခန်းရောက်မှ ဆက်လက်ဖော်ပြမည်တဲ့
လူဂျိုး..လူဇိုး..သိပ်သိပ်ဆိုး..
သဂျီးရေ..
အဲအမျိုးသမီးနာမည် ဘယ်လိုခေါ်သလဲ ခင်ည
မောင်ပေက အေလိုက်စ်.ဟန်းရိတ် လုပ်နေတယ်..
သများလဲ နာမည်မခေါ်တတ်လို ့..ဓာတ်ရိုက်စက်ကို ထွက်ခိုင်းတာ
အဲလိစ် ဟင်ရီးဒ် လို ့ပြောတယ်ဂျ
နာမည်ကို ရှင်းရှင်းလင်းလင်းပေးကြပါ
ဥပမာ-mg pay,mg pauk 😆
zaw min
January 9, 2012 at 8:41 pm
သူကြီးရေဆက်ပါအုံး…ကောင်းခန်းရောက်မှ ဆန့်ငင်ဆန့်ငင်ဖြစ်အောင်မလုပ်နဲ့လေ…
inz@ghi
January 9, 2012 at 8:55 pm
သို့
သဂျီး …
၁) စာကောင်းပေမွန် အတွက် လည်း ကျေးကျေး..
၂) အဆိုပါစာကောင်းပေမွန်မှ ရသော ခံစားမှု အတွေး …သုတ ရသ အတွက်လည်း ..ကျေးကျေး…
သို့သော် ……
သဂျီး အုန်းကျုန်းမ်း … ဖတ်ဖူးချင်တယ်ခည ….
သဂျီးလက်နဲ့ ဆို အချစ်ဝတ္ထု ၁ပုဒ် ဟာ ….
အလွယ်လေးဘာဂျာ …
သဂျီး နုစဉ် လှစဉ်…. ရွစဉ် ကြွစဉ်က ..ငယ်ဘွ ဇာတ်လမ်းလေး
ဖတ်ဖူးချင်သား …..
ခင်တဲ့
ဂီ..
nature
January 9, 2012 at 10:17 pm
ဖတ်ရတာစိတ်ဝင်စားစရာကာင်းပါတယ် သူကြီးရေ။
…..ဘာသာပြန်သူ- ခင်မမမျိုး (၂၈၊ ၁၂၊ ၂၀၁၁)….
ဆိုတော့ဘယ်နှစ်ခုနှစ်လောက်ကအဖြစ်အပျက်လဲ။ တကယ်ဖြစ်ခဲ့တာလား။
pooch
January 10, 2012 at 12:36 am
ဒါကို ဖတ်မိတော့ ကြည့်ဖူးတဲ့ ရုပ်ရှင်ကားတကားကို သွားသတိရတယ်…
ဂျိုလီလည်း ဒါမျိုးရိုက်ဖူးတယ်မှတ်တယ်..
ဦးဦးပါလေရာ
January 10, 2012 at 1:24 am
ဝတ္ထုအဖြစ်နဲ့ ဖတ်လို့ကောင်းပါတယ် သူကြီးရေ။
အဲဒီအဖြစ်အပျက်(စမ်းသပ်ချက်)ဆိုတာကလဲ တော်တော်စိတ်ဝင်စားစရာကောင်းတာပါ။
ငယ်ငယ်တုန်းကဆို တကယ်လို့ပဲယုံတာ။
ဝတ္ထုအပြီးမှာ သူကြီးထင်မြင်ချက်လေးလဲ သိချင်ပါကြောင်းခင်ဗျား…။
kai
January 10, 2012 at 8:44 am
ကဲ..ဆရာမရေ..
ကြားတဲ့အတိုင်းပဲ.. ဆက်ရေးပါဦး..။
–
တကယ်က.. ဒီအိုင်အေအောက်မှာ.. ရေတပ်ထောက်လှမ်းရေးမဟုတ်ဖူးထင်တယ်..
Navy Intelligence ဆိုပြီး သီးသန့်ရှိပါတယ်..။
ယူအက်စ်က.. ထောက်လှမ်းရေးတွေအရမ်းများတယ်.။
အခုဆို(သိသလောက်) ၁ရခုတောင်ရှိတာ…။
ဒါတောင် ဘတ်စကားပေါ်က ထောက်လှမ်းရေးတွေမပါသေးဘူး..။ 😆
ငပေါက်ဖော်
January 10, 2012 at 11:13 am
မြန်မာနိုင်ငံအတွက် သီးသန် ့ ဖယ်ထားတာ
😆
windtalker
January 10, 2012 at 1:26 pm
ဘက်စကားပေါ်မှာ ထောက်လှမ်းရေး လုပ်တတ်တာ ကတော့
ကျုပ် အသိ ငမျောက်ကျော် ဘဲ
သူ က ဘက်စကား စီးရင် အကြွေစေ့ လေး တစ်စေ့ အမြဲယူသွားပြီး ဟို ပစ်ချ ၊ ဒီ ပစ်ချ ၊ ပြီးရင်း ကုန်းကောက် နဲ ့သိပ် လက်ဆော့တာ ။
FattyCat
January 10, 2012 at 10:17 am
ဂျီးဇိုးကြီး….
ဖတ်နေရင်း ငန့်ငန့်ငန့်ဆို….ဆက်လက်ဖော်ပြမည်တဲ့…..
သာမိညောင်
January 10, 2012 at 3:43 pm
ဇာတ်လိမ်းက ဒီလိုဒီလို
သူက သင်္ချာဆြာမလေ
ဒါ့ကြောင့် သင်္ချာအောင်ခြင်တဲ့ကျောင်းသားတွေ သူ့ကို
သင်္ဘောသီးသုတ်ကျွေးရမယ်ပြောတော့
ကျောင်းသားလေးတစ်ယောက်ရဲ့ဒယ်ဒီက သင်္ဘာဗိုလ်ကြီးလေ ( ဘကြီး FR လိုပေါ့ 😀 )
ဒါနဲ့ အဲ့သည်ကျောင်းသားလေးလည်း သူ့ဒက်ဒီသင်္ဘောဗိုလ်ကြီးရဲ့
အသီးကြီးနှစ်လုံးကို ( သင်္ဘောဗိုလ်ကြီးရဲ့အသီးပေါ့ ) ဖြုတ်ပြီး
ဆြာမ ဒါ သားဒက်ဒီ သင်္ဘောဗိုလ်ကြီးရဲ့ အသီးဖြစ်ပါတယ် ဆြာမ ကြိုက်သလို
ဘာညာပေါ့ ပေးလိုက်ရော
ဒါနဲ့ ဆြာမလည်း သူ့တပည့်ကျောင်းသားလေးရဲ့ ဒက်ဒီ သင်္ဘောဗိုလ်ကြီးရဲ့ အသီးကြီးနှစ်လုံးကို
တစ်စိမ့်စိမ့်ကြည့်ပြီး
အံမယ်လေ
ထွားပါပေ့
ကြိုင်းပါပေ့
သန်မာပါပေ့
ထွားကြိုင်းသန်မာပါပေ့
ငါ့ဒဘဲ့တော်လေခြင်း
ဤမျှ ထွားကြိုင်းသန်မာလှသော သင်္ဘောဗိုလ်ကြီးရဲ့ အသီးကြီးနှစ်လုံးကို ရေရှည်စားသုံးနိုင်ရန်
ရေတာရှည် ဒါမှမဟုတ် ရေစကြို မှာရှိတဲ့
ဘိုးဘိုးကြီးနတ်စင်အောက်မှာ အစီမံနှင့် မြုပ်ထားမှလို့ ကြံစည်မိပေမယ့်
နောက်ဆုံး ရေဝေး ဘိုးဘိုးကြီးနတ်စင်အောက်မှာ မြုတ်ထားလိုက်လေတယ်
ဒီလိုနဲ့ ဟိုဖက် သင်္ဘောဗိုလ်ကြီးရဲ့ ဝဖီးဖီး အသီးကြီးနှစ်လုံးအကြောင်းပြန်ဆက်ရရင်
ဟိုက်!!!!!!!!!!!!!!!!!
သွားဘီ
သွားဘီ
ငါ့အသီးကြီးနှစ်လုံးပျောက်သွားပြီ ငါတော့ဘဝပျက်ဘီ
( မှတ်ချက်။ ။ ဤတွင် ဒေါသချောင်းချောင်းထွက်သူမှာ ကျောင်းသားလေး၏ မိခင်ဖြစ်သည် )
အိမ်တွင်းရှိ တရုတ်စီစီကင်မရာများ၏ မှတ်တမ်းများကို စစ်ဆေးလေရာ ဝါးတားတားဖြစ်နေပြီး
ကြံရာမရသည့်အဆုံး
အမေဒိဂန်ရေတပ်ကို သတင်းပို့ပြီးတော့
ပျောက်ဆုံးသွားသော အသီးကြီးနှစ်လုံးကို ပြန်တောင်းမှာ ဖြစ်ပါတယ်
ဘာသီးကြီးလဲဆိုတာကတော့
ဆက်ရန်
Khin Latt
January 11, 2012 at 3:02 am
ရုပ်ရှင်ကားကောင်း တစ်ကားကို ကြည့်နေရသလိုဘဲ။
ကြည့်နေရင်း မီးပျက်သွားခံစား လိုက်ရ သလို မို့ “ဟာ… ” လို့ အော်မိသေး။
ဆရာမ ခင်မမမျိုး က စာရေးအတော်ကောင်းတာနော်။ အားကျမိပါတယ်။
“ရောင်စုံဘော်လုံး လေးများ” ထဲက စကားတွေကိုလဲ မှတ်မိနေဆဲ။
ဆက်ဖတ်ဖို့ စောင့်နေပါ၏ သူကြီးရေ။
ဒီလို မျှပေးတာ သင်းခရု ပါ။ 🙂
siamonone
February 6, 2012 at 8:52 pm
သူကြီးရေး ဖတ်လို့ တအားကောင်းတယ် ဗျို့ .. မြန်မြန်လေး လုပ်ပါအုံး