လှောင်ချက်ကယ်…. နာ(၂)
ယောက်ျားတို့လုံ့လ မိုးချုပ်ခါမှလျှော့မည်ဟု သံဓိဌာန်ခိုင်ခိုင်ချကာ တစ်နာရီနီးပါး စောင့်ရင်းတိုးရင်းဖြင့် ပွဲစားအနီးသို့ရောက်လေမှ ဦးပါလေရာတယောက် အောင့်ထားသောသက်မကိုချရ၏။ ဒါက အနားရောက်တာပဲရှိသေးတာ။ ကိုယ့်အလှည့်ကားမကျသေး။ အခြားဝယ်လက်သုံးလေးဦးတို့နှင့် တလှည့်စီငြင်းရင်းခုန်ရင်း စာရွက်တထပ် ဖုံးနှစ်လုံးဖြင့် ပတ်ချာလည်အလုပ်ရှုပ်နေသော ပွဲစားကြီးမျက်နှာကို ဖူးမျှော်လျှက် မိမိတို့အလှည့်ကို စောင့်ရရှာလေသည်။
မျက်နှာချင်းဆိုင်မှ အမျိုးသမီးကြီးကတော့ စိတ်မရှည်ပုံရသည်။ “ဒါဆိုလဲ သုံးဆယ်တော့လျှော့ခိုင်းမယ်.. ရ မရ သာ မေးကြည့်လိုက်တော့..” ဟုလောဆော်သည်။ “ကျောက်လမ်းပေါ်တော့ ကိုးရာအောက်တကွက်မှမရှိတော့ဘူး၊ ဂုတ်ကွက်တကွက်တောင် ခွန်နှစ်ရာအော်နေတာ၊ အမကြီးမယူရင် ခုနက ဦးလေးကြီးပဲ ခေါ်ပေးလိုက်တော့မယ်..” ဟူသော ပွဲစားမင်း၏ တင်းတင်းမာမာစကားကိုကြားရသည်၌ ထိုအမျိုးသမီး၏မျက်နှာမှာ ပန်ထားသောစိန်နားကပ်ကြီးထက်ပင် သေး၍သွားသည်မှာ သနားဖွယ်ကောင်းသေးတော့သည်။
စကားခဏအပြတ်၌ ဘေးတဖက်မှ ဝယ်သူတဦးက ကမန်းကတမ်း “ခုနက အေးမေတ္တာကွက်ကရော လေးရာ့ငါးဆယ်ထက်လျော့ဦးမလား” ဟု ကြားဝင်ပြန်သည်။ “အကို့ကို ကျွန်တော်ပြောပြီးပြီဗျာ.. လေးဆယ်သွင်းကွက်တွေကို ထပ်ဆစ်မနေနဲ့ သူများနောက်ပါသွားမယ်။ စိတ်အေးလက်အေး ဈေးပြောဝယ်ချင်ရင် ဖွံ့ဖြိုးရေးဘက်တော့ သုံးရာစွန်းစွန်းနဲ့ နေရာကောင်းကျန်သေးတယ်။ အဲဒါလိုချင်ရင် နက်ဖန်မှလာလိုက်။ ဒီနေ့တော့ ဘယ်လိုမှမဆက်အားလို့။ အကိုလဲအမြင်ပဲ..” ဟူသော ပွဲစားမင်း၏စကားအဆုံး၌ ဝယ်သူမှ “ကဲ.. ကဲ.. ယူလိုက်တော့မယ်..” ဟု သွက်သွက်ကြီးခေါင်းညိတ်ရလေသည်။
ဤကား ခေတ်ပေါ် မြေဝယ်နည်းဖြစ်လေသည်။ ခေတ်၏သားကောင်ဖြစ်သော ဦးပါလေရာသည်လဲ လုံးလုံးဘဝင်မကျသည့်တိုင် ဤနည်းလမ်းကိုသာလိုက်ရပါတော့မည်။
သို့သော်- နေပါဦး..
ဝယ်မည့်မြေကားအဘယ်မှာနည်း..။
ပွဲစားလဲ မသိ၊ ပွဲရံလဲမသိ၊ ပွဲမြှောင်လဲမသိ၊ ဒိုက်ဗင်လဲမသိ၊ ဘယ်သူမှမသိ။
လိုက်ပြခိုင်းမည်ဆိုလျှင်တော့ စရံလေးအရင်ချလိုက်ပါဦး။ ပြီးတော့ တဦးကိုလှမ်းခေါ်မည်။ သူကတဆင့် နောက်တဦးကိုလှမ်းခေါ်မည်။ အဲသည်ကွင်းဆက်၏အဆုံး၌ မူရင်းပါမစ်စာရွက်စာတမ်းများနှင့် “တခြမ်းထိုး” ဟုခေါ်သော ရောင်းသူသာ အလွတ်လက်မှတ်ထိုးထားသည့် စာချုပ်ပေညစ်ညစ်တခုကိုရလေမည်။ အဲဒါတွေကော်ပီကူးပေးပြီး မြို့ပြင်မှ လွင်တီးခေါင်ပြင်တနေရာရာကို လက်ညှိုးထိုးပြလိမ့်မည်။
အဲဒီမှာဘယ်လိုအိမ်ဆောက်နေရပါ့မတုန်းနော်။ စိတ်လွတ်ကိုယ်လွတ်ညည်းမိသော ဦးပါလေရာကို ကြားသူအပေါင်းက ပြုံးစေ့စေ့ကြည့်သည်။ ဘာလို့အိမ်ဆောက်ရမည်နည်း။ ဒီမြေတွေက အိမ်ဆောက်နေဘို့မဟုတ်။ ငါးဆ ဆယ်ဆ ဈေးတက်အောင်စောင့်ပြီး ရောင်းစားဘို့သာဖြစ်လေသည်။
အော် .. အဲလိုလား။ ဒါဆိုလဲ ပြီးရောပေါ့။ ငါးဆ ဆယ်ဆတော့ ဦးပါလေရာ တကယ်ပဲ မက်ပါသည်။ အခု မူးစုပဲစုကျန်တာလေးရယ် ၊ ဟိုတောင်းဒီရမ်းနဲ့ရတာလေးရယ်၊ လိုတာကို မီတာလေးတပ်ပြီးဆွဲလိုက်တာပေါ့။ တစိမ်းကြီးမို့ သုံးကျပ်တိုးပဲထားတော့- သုံးနှစ်မှ အတိုးတစ်ဆတက်မည်။ အဲလောက်ဆို စီမံကိန်းကြီးတွေ ဝင်လောက်ပြီ၊ မြို့ပြကြီးတွေ ချဲ့လောက်ပြီ၊ မြေဈေးတွေလဲ မိုးထိုးထောင်တက်နေလေတော့မည်။
ငွေမျောငွေနဲ့လိုက် .. တဲ့။ ရှေးစကားအရှိသားကလား။ တနှစ်ပတ်လုံးဘူပိတ်နေလို့ “ရှင် အလုပ်မလုပ်ပါနဲ့တော့။ အရှုံးသက်သာအောင် အိမ်မှာပဲ အင်တာနက်ထိုင်ကြည့်နေပါတော့..” ဟု ရိတိတိဩဘာပေးသည့် မဒမ်ပါလေရာကိုလဲ လက်စားချေချင်လှသည်။ တောက်မည့်မီးခဲ တရဲရဲတဲ့..။ ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင်နိုင်တတ်တာမျိုးကို ဒင့်ကို လက်တွေ့သင်ခန်းစာပေးရမည်။
ရောင်းသူ၏ သန်းကောင်စာရင်းလဲတောင်းလို့မရ။ အိမ်ထောင်စုဝင်တွေရဲ့လက်မှတ်လဲ ထိုးခိုင်းလို့မဖြစ်။ ကန့်ကွက်သူရှိမရှိ သတင်းစာကြော်ငြာဘို့တော့ ဝေလာဝေး။ မှတ်ပုံလဲမတင်။ အခွန်လဲမဆောင်။ ဥပဒေဘောင်ဝင်သည့် မည်သည့်အချက်မျှမရှိပါပဲ အောင်ချမ်းသာ လမ်းမတန်းအကွက်ကြီးကို ဦးပါလေရာတယောက် နှစ်ဦးစပ်တူစံနစ်ဖြင့် အရပ်စာချုပ်လက်မှတ်ထိုးကာ မျက်စေ့မှိတ် ဝယ်ချလိုက်လေသတည်း..။
—–
မြေပိုင်ရှင်ကြီးဖြစ်ရတာ တစိမ့်စိမ့်နှင့်တော်တော်လေးအရသာရှိလေသည်။
အိပ်လဲ ဒါ..။ စားလဲ ဒါ..။ များမကြာမီ ရတနာပုံဆိုက်တော့မည်။ စီမံကိန်းသတင်းတွေကလဲ တနေ့တမျိုး..။ ကုလားလိုလို.. တရုတ်လိုလို.. ကိုရီးယားလိုလို..။ ကိစ္စမရှိ ။ ဘယ်သူလာလုပ်လုပ်။ စီမံကိန်းလုပ်ပြီဆိုမှဖြင့် သူဌေးဖြစ်ဖို့သာကြံတော့။ ကိုယ်က လမ်းမတန်းအကွက်ကြီးပဲဟာ- လိုချင်သူတွေဝိုင်းဝိုင်းလည်တဲ့တနေ့ အိမ်ရှေ့ပွဲဈေးတန်းတောင်ဖြစ်သွားဦးမည်။
နမူနာတွေလဲအပြည့်။ နေပြည်တော်ကြည့်မလား..။ မေမြို့ကြည့်မလား..။ မန္တလေးပဲကြည့်ဦးမလား..။ မြို့ပြင်မှာ အိမ်ပေါက်စလေးတစ်လုံးဆောက်လို့ရရုံအကွက်လေးကို သိန်းထောင်ကြီးဂဏန်းတွေနဲ့ အရောင်းအဝယ်ဖြစ်နေလိုက်ကြတာ။
နေနှင့်ကြပါ။ သံလျှင်မြေတစ်စလောင်း ငွေသောင်းသိန်းချီတန်မည့်နေ့ နီးလာပါပြီ။
အဲဒီတနေ့ကို စောင့်ရတာတော့ စိတ်သိပ်မရှည်ချင်။ ထို့ကြောင့် မြေဝယ်ပြီးတစ်လလောက်အကြာမှာ ပါတနာကိုခေါ်၍ သံလျှင်သို့ဈေးစနည်းနာရန်သွားကြသည်။
သံလျှင်တော့ ရောက်ပါပြီ..။
ပွဲစားအိမ်..။ ပွဲစားအိမ်…။ ဘယ်မှာလဲ ပွဲစားအိမ်..။
(ဆက်ပါဦးမည်..)
14 comments
padonmar
January 10, 2012 at 12:42 am
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က (သန်လျင်တံတားအပြီး) သန်လျင်မှာမြေတစ်ကွက်ဝယ်ဖူးပါတယ်။ဂရံမရှိ ၊ခြံစည်းရိုးခတ်ထားတာပဲတွေ့ပြီးဝယ်ခဲ့ရပါတယ်။ပေ၄ဝ ပေ၆ဝ ကို ၂သိန်းလောက်ပေးခဲ့ရပါတယ်။
နောက် ဂေါက်ကွင်းစီမံကိန်းထဲပါသွားတယ်ဆိုပြီး ပလုံသွားပါတော့တယ်။
ဒါကိုကြောက်လို့ မလုပ်တော့လည်း မိုးခါးရွာနေတာ မသောက်တဲ့သူ အရူးလိုပါပဲ။
သောက်မယ်လို့ သွားကြည့်တော့ အိုးထဲမှာရေ တစ်စက်မှမကျန် ဆိုတဲ့ ကာတွန်းလို ကျွန်မတို့လည်း….
ဦးဦးပါလေရာ
January 11, 2012 at 12:33 am
မပဒုမ္မာရေ
အဲဒီတုန်းကတော့ တိုင်းပြည်အကျိုးဘာညာတွေပြောပြီး ဂရံတွေတောင် ပြန်သိမ်းတာတွေရှိခဲ့တယ်။
အခုလက်ထက်တော့ ထပ်မလုပ်လောက်တော့ဘူးထင်ပါတယ်။
စကားမစပ်-
အဲဒီမြေကွက်များအခုကျန်သေးရင် ရွှေပဲနော..
pooch
January 10, 2012 at 12:58 am
မန ္တလေးမှာတော့ အရင်က ပွဲစားရယ် ရုံးက လူရယ် ပေါင်းပြီး မြေဂရန် အတုတွေ လုပ်ပြီး အကြီးအကျယ်ကို လိမ်ခဲ့ကြဖူးတယ် ခုတော့ အသံသိပ်မကြားတော့ဘူး…
အော် မြေ… မြေ နောက်ဆို လည်း ဘယ်လိုတွေများလာအုန်းမယ် မသိဘူး….
ဦးဦးပါလေရာ
January 11, 2012 at 12:38 am
Pooch ရေ
ရန်ကုန်မှာလဲ အခု အဲဒီအတိုင်းပဲ။ မြေဈေးမှားလို့ ခံရတာထက် အရောင်းမှားအဝယ်မှားတွေဖြစ်ကြလို့ ခံကြရတာများပါတယ်။
nozomi
January 10, 2012 at 10:19 am
ဦးပါလေရာကြီး ဇာတ်လမ်းကကောင်းနေမှ ဗျာ
အဲလိုကြီးတော့ တန်းလန်းကြီး မထားပါနဲ့ ……
ဦးဦးပါလေရာ
January 11, 2012 at 12:36 am
ဇတ်လမ်းက ဇတ်ပိုင်ရှင်အတွက်တော့ တော်တော်ဆိုးတယ်လေ ကိုနိုဇိုမီရဲ့…
ဒါကြောင့် နဲနဲစီမျှတင်နေတာ … 😀 😀
ငပေါက်ဖော်
January 10, 2012 at 10:34 am
အိုက်ပွဲစားက မောင်ပေပဲ ဖြစ်ရမယ်.. 😆
ဘလောက်တောင် ဦးပါလေရာ ပါသွားလဲ စောင့်ကြည့်ပါဦးမယ်နော့
ဗေဗုံတီးဗုံတီး..ဝေ့..ဝေ့..
လဂါးနောက်ဒါ..ဟီး.ဟီး..
ဦးဦးပါလေရာ
January 11, 2012 at 12:40 am
အားပေးကြတယ်လား .. 😀
တကယ့်အဖြစ်မှာက ဆိုင်းတီးချိန်တောင်မရလိုက်ဘူး ကပေါက်ဖေါ်ရဲ့ ..:D
windtalker
January 10, 2012 at 3:00 pm
အိမ်ခြံမြေ ဝယ်မယ်ဆိုရင် ရှေ ့နေ ငှားဖို ့ပါ သတိရပါဗျို ့
ဒါနဲ ့၊ ငပေါက်ဖော် ဆိုတဲ့ ရှေ ့နေ တော့ သွားမငှားလေနဲ ့။
သူ က ရှေ ့နေလုပ်တယ် ဆိုတာ ၊ ဥပဒေဘွဲ ့ရတဲ့ ဟာ မဟုတ်ဘူး ။
မူးရင် ရှေ ့ကနေ ပြေးပြေးနေလို ့၊ ရှေ ့နေလို ့ခေါ်တာကလားဗျ
ဦးဦးပါလေရာ
January 11, 2012 at 12:43 am
ကိုပေရဲ့
ရှေ့နေတွေက အမှု့ကြီးလေကြိုက်လေနော…
MaMa
January 10, 2012 at 4:53 pm
ဦးပါလေရာရေ-
ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင်နိုင်တတ်တာမျိုးကို ဒင့်ကို လက်တွေ့သင်ခန်းစာပေးရမည်- ဆိုတဲ့ ကြိမ်းဝါးသံကို တော်တော်သဘောကျတယ်။ 🙂
ဒါပေမယ့်…..
နောက်ဆက်တွဲကို စောင့်မျှော်လျှက်.. 🙁
ဦးဦးပါလေရာ
January 11, 2012 at 12:45 am
အခုပဲအပြတ်တင်လိုက်ပါပြီ မမ ရဲ့
ဒီနေ့ ပွဲဆူနေလို့ တင်သာတင်ရတယ် သိပ်ဖီးလ်မလာဘူး
ဖတ်မိတဲ့သူတွေလဲ ဖီးလ်လာမယ်မထင်ဘူးဗျာ …. 🙁
nature
January 10, 2012 at 6:40 pm
….“ရှင် အလုပ်မလုပ်ပါနဲ့တော့။ အရှုံးသက်သာအောင် အိမ်မှာပဲ အင်တာနက်ထိုင်ကြည့်နေပါတော့..” …
အိမ်မှာ အင်တာနက်ထိုင်ကြည့်ခိုင်းရမှာ မဟုတ်ဘူး။ နိုင်ငံခြားကိုလျှောက်လည်ခိုင်းရမှာ။ နိုင်ငံခြားကို လျှောက်လည်တာတောင်ဒီလောက်မကုန်ဘူး။ 🙂
အဟီး..သူများစကားနားယောင်ပြီး မြေမြိုခံရတော့မလို့ ကံကောင်းလို့ ။
ဦးဦးပါလေရာ
January 11, 2012 at 12:50 am
ဟုတ်ပါ့ ကိုနေးချားရယ်…
မြေတကွက်ရှုံးမယ့်ပိုက်ဆံနဲ့ (ဒေါ်လာသုံး/လေး/ငါးသောင်း)
နိုင်ငံခြားလျှောက်လည်ရင် တော်တော်နှံ့အောင်သွားလို့ရမယ်…. 🙂