အတ္တ ပရဟိတ လုပ်ငန်း

kaiSeptember 18, 20091min2545

ရေးသူ- လူထုစိန်ဝင်း

အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းလို့ ခေါ်ကြတဲ့ “အင်ဂျီအို” တွေ၊ “အိုင်အင်ဂျီအို”တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေ အကြောင်း မကြာခဏ ဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ် ကလေးကို ရေးဖြစ်ပါတယ်။ အင်တာဗျူး တွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အကြောင်း မသိသူတချို့က ဘာကြောင့် ဒါလောက် မျက်မုန်းကျိုးနေတာလဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးလို့” လို့ပဲ လိုတိုရှင်း ဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင် မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်း သူတွေကြောင့် ကျွန်တော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ် နေကြတာတော့ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် ဘာမှ မပြောခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်ကကိုယ့်လူမျိုးကို မျောက်အဖြစ် လက်ညှိုး ထိုးပြပြီး မျောက်ပြ ဆန်တောင်းသူ ဖြစ်လာကြတာ မျိုးတွေ တစ်နေ့တစ်ခြား များသထက် များလာ နေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေ ရေးနေရတာ ဖြစ်တယ်။ စေတနာ ရှင်းသန့်တဲ့ လူငယ်လေးတွေ“အတုမြင် အတတ် သင်” ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ တစ်နှစ်ကို တစ်ကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေးသား နေရင်းကတောင် တန့်သွားမယ့် အစား ပိုပိုပြီး ကျယ်ပြန့် လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရ ရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေ ဆိုးတယ် ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရ ပြောရရင် ဒီလို အဖွဲ့အစည်းတွေ အကြောင်းစပြီး ဝေဖန် ရေးသားခဲ့တာ ပထမ အကြိမ်က ကုလသမဂ္ဂနဲ့ ပတ်သက်တာ ဖြစ်ပြီး နောက်တစ်ကြိမ် ကတော့ အိုင်အင်ဂျီအို တစ်ခုနဲ့ ပတ်သက်တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂိ္ဂုလ်ကြီး မြန်မာ့ နိုင်ငံရေး ကိစ္စ ကြားဝင် ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ် ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူ တွေနဲ့ နိုင်ငံရေး ဂုရုတွေ၊ နိုင်ငံရေး ပါတီကြီးတွေက ဂမ်ဘာရီ လာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြတာ တွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှ ရမယ်။ ကုလသမဂ္ဂလည်း မကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ် ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင် နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူငယ် တချို့ တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ် ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင် နေရပါတယ်။ ဒါကြောင့် ရေးရပြောရ ပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တစ်ပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန်ရောက်လာတော့ သူတို့ ကိုယ်တိုင် ဆိုင်းဘုတ် ထောင်ကုန်ကြ တော့တာပါပဲ။ တစ်ပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေ တတ်လာတယ် ဆိုတာတော့ မသိဘူး။ လက်တွေ့ မြင်ရတာ ကတော့ သူတို့ ကိုယ်တိုင် “အင်ဂျီအို” ကုန်ကြတာပဲ ဖြစ်တယ်။ မဖြစ်ဘဲ နေရိုးလား၊ သူတို့ကို ခေါ်ပြီး သင်တန်း ပေးသူတွေ ကိုယ်တိုင်က သူတို့ကို မျောက်အဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်း တောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင်
အတတ်သင်ပဲ ပြောမလား။ “ဆရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။

ဂိုရင်းအဘရော့ဒ်

ဆရာကောင်း တပည့်တွေ ပန်းကောင်းပန် နေကြတာတွေ ကတော့ မမြင်ချင် အဆုံးပါပဲ။ တချို့က အေ့ဒ်စ် ဆိုင်းဘုတ် ကိုင်ကြ တယ်။ တချို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်းဘုတ် ထောင်ကြတယ်။ တချို့က တောရိုင်း တိရစာ္ဆန်ဆိုင်းဘုတ်၊ တချို့က မိကျောင်း ထိန်းသိမ်းရေး ဆိုင်းဘုတ်၊ တချို့က ဒီရေတော ဆိုင်းဘုတ်၊ တချို့က ပလတ်စတစ် ဆိုင်းဘုတ် စသဖြင့်၊ စသဖြင့် ဆိုင်းဘုတ်တွေ ကတော့ စုံသလား မမေးနဲ့။ အမယ် ဆိုင်းဘုတ် ဘယ်လောက် များများအားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရ သဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်း တပည့် ဖြစ်ကုန်ကြ မှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောရင် မလွန်လှဘူးလို့ ထင်ပါတယ် ခင်ဗျ။

စံပြပုဂိ္ဂုလ် လိုတယ်

ကလေးတွေ အတွက် မေတ္တာ အပို့ခံပြီး ဒီလို ရေးနေ ပြောနေရတာပါ။ အင်ဂျီအို အားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ် ပါဘူး။ စေတနာ အစစ်၊ မေတ္တာအစစ်၊ ကရုဏာ အစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူငယ်တွေလည်းရှိပါတယ်။ ဒါပေမယ့် အစစ်အမှန် သမားတွေက မျောက်ပြဆန်တောင်း သူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်”တဲ့ အလုပ်မျိုးတွေ လုပ်လေ့ မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ ဆိုတာ သူတို့ အားကျ အတုယူရတဲ့ “စံပြု ပုဂိ္ဂုလ်” (Role Model)တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကွယ်လွန်ရှာပြီ ဖြစ်တဲ့ လူရိုး လူကောင်းကြီး မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ်လောက် ရေးပြ ခဲ့ဖူးပါတယ်။ မြန်မာ့အလင်း သတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်းဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစား အားထုတ် ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွား ရိပ်သာမှာ မနက်တိုင်း ရုံး လာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။

ပရဟိတသမားစစ်စစ်

ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေး တင် က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက် မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက် တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်း တိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလ အမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်း က နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့တဲ့ ဦးတင်ကို မရရအောင် ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာ ဖြစ်တယ်။ နောက် တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေး ဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလို ပုဂိ္ဂုလ်မျိုး ကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုး တစ်စုံတစ်ရာ ရယူ ခံစားပြီး လုပ်တယ် ဆိုကတည်းက ပရဟိတသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရ ဟိတ” သမား၊ “အတ္တ ပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အတ္တဟိတ အတွက် ပရဟိတ လုပ်ငန်း လုပ်တာ မဟုတ်လား။

လူထုစိန်ဝင်း

5 comments

  • thin

    December 15, 2009 at 4:27 am

    ဆရာလူထုစိန်ဝင်းကို ထောက်ခံပါတယ်။ဆရာဒီထက်ပိုပြီး စာတွေဆက်ရေးနိုင်ပါစေ။

  • susunosuki

    April 19, 2010 at 11:22 am

    ခုလိုသေသေချာချာသိခွင့်ရတာကို
    ဝမ်းသာလိုက်တာဗျာ
    မှတ်သားစရာပါ

  • မောင်ပေ

    July 9, 2012 at 2:12 pm

    NGO တွေ INGO တွေ အများကြီး (နာမည်မတပ်ထားပါ) မြန်မာနိုင်ငံထဲမှာ အထောက်အပံ့ပေးဖို ့လာတယ်
    ဥပမာ တီဘီ ၊ ငှက်ဖျား ၊ အေအိုင်ဒီအက်စ် စသဖြင့်
    အဲဒီဝင်လာတဲ့ အဖွဲ ့အချို ့ဟာ
    အရင်ခေတ်က မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁ဝ သိန်း ရလာပြီ ဆိုရင် ၊ ၃ သိန်းလောက်ဘဲ မြန်မာနိုင်ငံအတွက် သုံးခဲ့တယ် ။ ကျန်တဲ့ ရ သိန်းက သူရို ့စီးတဲ့ကား ၊ သူရို ့အဖွဲ ့ရုံးခန်း သူရို ့လစာ လန်ပြန်နေအောင် သုံးခဲ့တယ် ။
    *** မဟုတ်ဖူးလို ့ငြင်းချင်တဲ့လူရှိရင် ၊ သူရို ့စီးတဲ့ကား နဲ ့ရုံးခန်းအဖြစ် ဝယ်ထားတဲ့ တိုက်တာများကို အရင်ဆုံး ပြေးကြည့်ပြီးမှ လာငြင်းပါနော ။ ***
    သည်နေ ့ခေတ်မှာတော့ ၊ လမ်းကြောင်းကပြောင်းလိုက်ပါပြီ
    မြန်မာနိုင်ငံအတွက် ဒေါ်လာ၁ဝသိန်းကျလို ့၊ မြန်မာနိုင်ငံ အတွက် ရ သိန်း မသုံးရင် ၊ လက်မခံတော့ပါဘူးတဲ့ ။
    ဒီလိုအမှန်လေးတွေ ရေးလိုက်ရင် အဲဒီအဖွဲ ့က လူတွေ ကျုပ်ကို ဘယ်လောက် မေတ္တာပို ့ကြမည် မသိ ။ ဟီဟိ

  • manawphyulay

    July 9, 2012 at 4:05 pm

    စာတွေကို ဖတ်ရင်းနဲ့ ဆုံးသွားတဲ့အတွက်လည်း စာပေနယ်အတွက် နှမြောမိတယ်။ ဒီလို နည်းပေးလမ်းပြကောင်း စာပေနယ်က ဆုံးရှုံးသွားတဲ့ စိတ်မကောင်းဖြစ်မိတယ်။ အမှန်တွေ ရေးဖို့ စာရေးဆရာကောင်းတွေ ထပ်မံပေါ်ထွန်းလာပါစေလို့ ပြောလိုက်ပါရစေ

Leave a Reply