“ပေါင်းစည်းအားအတွက် မျှော်လင့်ချက်”

တစ်ဦးတစ်ယောက်နဲ့ ဖော်ဆောင်လို့မရတဲ့ နေရာတွေမှာ ပေါင်းစည်းအားတစ်ခုအနေနဲ့ အဖွဲ့အစည်းလေးတွေဖွဲ့ပြီး လုပ်ငန်းပြီးမြောက်အောင် ဖော်ဆောင်လာရပါတယ်။ တစ်ယောက်အားနဲ့ အသေးအဖွဲလုပ်ငန်းငယ်လေးတွေကိုလုပ်နိုင်တယ်ဆိုတာ တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးတွေမို့သာရတာပါ။ ကြီးကြီးမားမား လုပ်ငန်းကြီးတွေကိုတော့ လူများများနဲ့ တက်ညီလက်ညီလုပ်ကိုင်မှသာ အောင်မြင်မှုကိုရမှာပါ။ လူများများနဲ့ဆိုရာမှာ…ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ပြီးဖော်ဆောင်မှရမှာပါ။ ထိုသို့ဖော်ဆောင်ရာမှာ သတ်မှတ်ချက် စံနှုန်းများ မည်သို့ပင်ရှိစေ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စိတ်ဓာတ်များဟာ ညီညွှတ်နေမှသာ အောင်မြင်နိုင်မှာပါ။ ဆိုကြပါစို့ အဖွဲ့အစည်းတစ်ခုမှ တစ်ဦးတစ်ယောက်က စိတ်ဓာတ်ရေးရာအရ ညံဖျင်းနေမယ်ဆိုရင် ကျန်လူများဟာ အဲဒီလူကြောင့် ပျက်စီးလာနိုင်တာကိုတွေ့ရမှာပါ။

တစ်ဦးတစ်ယောက်ကြောင့်ဆိုရာမှာ ထိခိုက်မှုနည်းနိုင်ပေမယ့် အုပ်စုလိုက်တစ်ခုချင်းဆီအလိုက် ညံဖျင်းလာရင်တော့ COMPANYတစ်ခုအတွက် နှစ်နာမှုတွေ ကြီးမားလာနိုင်ပါတယ်။ ဆိုကြပါစို့ COMPANYတစ်ခုမှာ ဆိုင်ရာဆိုင်ရာ ဌာနအလိုက် အုပ်စုတစ်စုချင်းဆီ ခွဲထားမယ်ဆိုပါစို့။ ထိုအုပ်စုများ ပေါင်းစည်းမှာသာ လုပ်ငန်းခွင်တစ်ခု အထစ်အငေါ့မရှိ အောင်မြင်ပြီးစီးနိုင်ပါတယ်။ အုပ်စု တစ်စုနဲ့တစ်စု၊ ဌာန တစ်ဌာနနဲ့ တစ်ဌာန အချိတ်အဆက်မမိဘူး။ မတည့်ကြဘူးဆိုရင်တော့ အဲဒီ လုပ်ငန်းခွင်တစ်ခု အောင်မြင်သင့်သလောက် အောင်မြင်မှာမဟုတ်ပါဘူး။

လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတာက စည်းလုံးမှုမရှိခြင်းကိုပါ။ သာတူညီမျှစိတ်မရှိပဲ မိမိတို့ အတ္တကိုသာ တွင်တွင်ကြီး ဖော်ဆောင်နေကြတာကို တွေ့ရပါတယ်။ နေရာတစ်ခု တည်မြဲရေးအတွက်”သည်နေရာသည် ငါ့နေရာ၊ ငါ သာလျှင် ငါ့နေရာအတွက် ဘုရင်ဖြစ်ရမည်”ဆိုတဲ့ စိတ်ဓါတ်နဲ့ ချီတက်နေကြပါတယ်။ နောက်ထပ်တက်လာတဲ့သူတွေ ဘယ်လောက်တော်တော် ၊ ဘယ်လောက်တတ်တတ် နေရာမပေးနိုင်ကြသေးပါဘူး။ အများစုလက်ခံနေကြတဲ့ “အသစ် ဘယ်လောက်ကောင်းကောင်း၊ အဟောင်းကိုတော့ မမီဘူး”ဆိုတဲ့ စကားတစ်ခွန်းဟာ ချန်ထားသင့်ရင် ချန်ထားရတော့မှာပါ။ အဟောင်းကောင်းတယ်ဆိုပြီး အသစ်ကိုလက်မခံတာဟာ ဓမ္မတာမဟုတ်ပါဘူး။ အဟောင်းလည်း အဟောင်းအလျှောက် ကောင်းတာလေးတွေရှိသလို အသစ်လည်း အသစ်အလျှောက် ဆန်းသစ် တီထွင်မှုတွေ၊ အတွေးအခေါ်သစ်တွေ၊ ဉာဏ်ရည် ဉာဏ်သွေးတွေ  ဆန်းသစ် ကောင်းမွန်နေတတ်တာကို လက်ခံရတော့မှာပါ။

ဥပမာ……အောင်မြင်ကျော်ကြားနေသူများဟာ အမြဲတမ်း မအောင်မြင်နိုင်ဘူးဆိုတာကို မိမိတို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ လက်လှမ်းမီရာ လောကတွေကို ရှုကြည့်ပါ။

(၂)

တစ်ချိန်က အောင်မြင်ကျော်ကြားနေတဲ့ မင်းသမီးတစ်ယောက်ဟာ ခုချိန်မှာ ယခင်အောင်မြင်ခဲ့တဲ့ စံချိန်ကို မချိူးနိုင်တော့တာမျိုးကိုပြောတာပါ။

နောက်ထပ် တက်လာတဲ့ မင်းသမီးငယ်များက ကိုယ့်ထက်ပိုတော်နေတာ၊ ပိုပြီးနေရာရလာတာ၊ ပရိသတ် လက်ခံမှု အများဆုံးရလာတာတွေကို တွေ့ရမှာပါ.။ ဟိုတုန်းက ဇာတ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။ နောက်အရွယ်ကျလာချိန်မှာ အဒေါ်အခန်း၊ အမေအခန်း၊ အဘွားအခန်း စသဖြင့် နေရာဖယ်ပေးလာရမှာပါ။ အသစ်တက်လာတဲ့ မင်းသမီးငယ်ကတော့ လတ်သလော အသက်အရွယ်ပိုင်းအရ၊ ငယ်ဂုဏ်အရ နေရာတစ်ခု ပိုင်ဆိုင်လာရတော့တာပါပဲ။

အဲဒီလိုပါပဲ လုပ်ငန်းခွင်တစ်ခုမှ ယခင် ကိုယ်လုပ်နိုင်တုန်းအချိန်တုန်းက ကိုယ်သာလျှင် တော်တယ် ကိုယ်သာလျှင် တတ်တယ်ဆိုတာမျိုးကို  လက်မထောင်ပြလို့ရပါတယ်။ နောက်ထပ် တက်လာတဲ့ လူငယ်တွေရှိလာရင်တော့ ကိုယ်မစွမ်းဆောင်နိုင်တဲ့ အရာမျိုးတွေကို နေရာတစ်ခုဖယ်ပြီး အားပေးသင့်အားပေးလာရပါလိမ့်မယ်။ ဒါမှသာ လုပ်ငန်းတစ်ခုဟာ အောင်မြင်မှုနဲ့အလှမ်းမဝေးနိုင်မှာပါ။

“ငါမရှိရင် အဖြစ်ပါဘူး”ဆိုတာ ကျန်ရစ်ခဲ့ပါပြီ။ တစ်ဦးတစ်ယောက်မရှိရုံနဲ့လုပ်ငန်း မပြီးမြောက်တော့ဘူးဆိုတာ ခေတ်နောက်ကျနေပါပြီ။ တစ်ဦးလျှော့ရင် နောက်တစ်ဦးအဆင်သင့်ရှိနေပါပြီ။ အရင်လူ မစွမ်းဆောင်နိုင်တာမျိုးကို နောက်တစ်ဦးက မစွမ်းဆောင်နိုင်ဘူးလို့ပြောလို့မရတော့ပါဘူး။ အရင်လူထက် ဉာဏ်ရည် ဉာဏ်သွေးကအစ ပိုသာချင် သာနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတစ်ဦးချင်းဆီရဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ မတူညီကြလို့ပါ။

COMPANYတစ်ခုမှာ ကြီးကြပ်၊ ကျင်းသား၊ မိုင်း၊ ကင်း၊ ကျောက်ရှာ၊ ရုံးဝန်ထမ်း၊ မန်နေဂျာ စသဖြင့် ဆိုင်ရာဆိုင်ရာ ဌာနလေးတွေ ခွဲထားပါတယ်။ (သတ္တုတွင်းလုပ်ငန်းCOMPANYတစ်ခုရဲ့ဖွဲ့စည်းပုံပါ)။တစ်ဌာနနဲ့ တစ်ဌာန အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်ဖို့ရာ မှာ နားလည်မှုကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ခေါင်းဆောင်ပိုင်းအနေနဲ့ ဦးဆောင်နေရတဲ့(မန်နေဂျာမပါ)ကြီးကြပ်များရဲ့ အခန်းကဏ္ဍဟာ ပိုမိုအရေးကြီးပါတယ်။ အုပ်ချုပ်ပုံမမှန်ရင် ဝန်ထမ်းများရဲ့ စိတ်ဓါတ်များ ပျက်ပြားသွားဖို့ မီးထိုးသလိုဖြစ်နေတတ်ပါတယ်။ တစ်ဌာနနဲ့ တစ်ဌာန၊ တစ်အုပ်စုနဲ ့ တစ်အုပ်စု သာတူညီမျှတဲ့ အုပ်ချုပ်မှုမပေးနိုင်ရင် သဘောကွဲလွဲမှုတွေကို မွေးဖွားပေးသလိုဖြစ်နေပါလိမ့်မယ်။

ဥပမာ.. စည်းကမ်းချက်တစ်ခုကို သတ်မှတ်ထုတ်ပြန်လိုက်တယ်ဆိုပါစို့။ ဝန်ထမ်းများ အရက်မသောက်ရ ဆိုတာမျိုးမှာ ဝန်ထမ်းတိုင်းက သောက်တတ်မယ်။ မိုင်းဝန်ထမ်းများက သောက်တတ်တယ်။ ကျောက်ရှာဝန်ထမ်းများက မသောက်တတ်ဘုူး။ ကျောက်ရှာဝန်ထမ်းတစ်ယောက် အရက်သောက်လို့  အရေးယူလိုက်တယ်။ မိုင်းဝန်ထမ်းတွေ အရက်သောက်တော့ မသိချင်ယောင်ဆောင်နေလိုက်တယ်။

(၃)

ဒါဆိုရင် ဝန်ထမ်းအချင်းချင်း တည့်ပါတော့မလား။ စည်းလုံးပါတော့မလား။ တပြေးညီ သတ်မှတ်ထားတယ်ဆိုရင် “ခြေမမကောင်း ခြေမ ၊ လက်မ မကောင်း လက်မ”ဆိုတဲ့အတိုင်း မကျင့်သုံးသင့်ဘူးလား။

ကျောက်ရှာဝန်ထမ်းများ ရန်ဖြစ်လို့ အလုပ်ကထုတ်လိုက်တယ်။ မိုင်းဝန်ထမ်းများ ရန်ဖြစ်တော့ ကြီးတဲ့အမှုငယ်အောင် တိုးတိုးတိတ်တိတ်နဲ့ဖြေရှင်းလိုက်ကြတယ်။ ကဲ ဘယ်ဝန်ထမ်းက ကြီးကြပ်တွေကို ယုံကြည်တော့မလဲ။ ယုံကြည်မှုဆုံးရှုံးလာတယ်ဆိုတာ လုပ်ငန်းတစ်ခုမှ ကျဆုံးတော့မယ့်အနေအထားတစ်ခုပါ။ ခေါင်းဆောင်နေသူများဟာ မျက်လုံးပေါင်းတစ်ထောင် ကိုယ့်ကိုစောင့်ကြည့်နေတယ်။ နားပေါင်းတစ်ထောင် နားစွင့်နေတယ်ဆိုတာကိုတော့ သတိထားသင့်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်မကောင်းရင် ဘာမှမတိုးတက်သလို လုပ်ငန်းတစ်ခုမှာလည်း ခေါင်းဆောင်မကောင်းရင် ကျဆုံးရပါလိမ့်မယ်။ ရှေ့ဆောင်လမ်းပြဆိုတာ တော်ရုံတတ်ရုံနဲ့မဖြစ်ပါဘူး။ ကိုယ်ကျင့်သီလကောင်းပါမှ ရှေ့ဆောင် လမ်းပြကောင်းတစ်ယောက်ဖြစ်မှာပါ။

ဒါ ငါ့လူ၊ ငါ့လူမျိုး၊ ငါ့အဖွဲ့အစည်းရယ်လို့ သတ်မှတ်ပြီး ကိုယ့်လူတွေကလွဲရင် ဘယ်သူမှ မကြည်ဘူးဆိုတာတော့ မဖြစ်သင့်ပါဘူး။ ငါ့အဖွဲ့အစည်းကလုပ်တဲ့ အလုပ်ဟာ အောင်မြင်တယ်။ ကျန်အဖွဲ့က လုံးဝ အသုံးမကျဘူးဆိုပြီး အဆိုးမြင်ဝါဒ ကျင့်သုံးနေရင် ဘယ်မှာလာ အလုပ်ဖြစ်နိုင်မလဲ..။ နည်းနည်းလေးပဲ ဖြစ်ဖြစ် အကောင်းမြင်ကြည့်လိုက်မယ်ဆိုရင် တိုးတက်လာပါလိမ့်မယ်။ အကောင်းအဆိုး ဒွန်တွဲနေတတ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အကောင်းချည်းပဲ တွဲလို့မရသလို၊ အဆိုးချည်းပဲလည်း တွဲနေလို့မရပါဘူး.။အကောင်းက အဆိုးကိုတွဲခေါ်မယ်၊ အဆိုးက အကောင်းဘက်ကို ဦးတည် ကျင့်သုံးလာမယ် ဆိုရင်ရောမရဘူးလား။ ဆိုလိုတာက သတ်မှတ်ချက်တစ်ခုထားပြီး စိတ်ဓာတ်တွေ ပိုကောင်းလာအောင် မွေးမြူလာကြချင်တာပါ။

နောက်တစ်ခုက စီမံခန့်ခွဲမှုပါ။ စီမံခန့်ခွဲမှုဆိုတာကို ကောင်းကောင်းနားမလည်ပါဘူး။ ဘာသင်တန်းမှလည်းမတက်ဖူးပါဘူး။ မြင်နေရတာကိုပဲပြောချင်တာပါ။ လုပ်ငန်းတစ်ခုမှ စီမံခန့်ခွဲမှုဟာ အရေးပါလှတယ်ဆိုတာတော့ လူတိုင်းသိပါတယ်။ ဒါဆို ဘာလို့ ပြီးပြီးရော ပစ်ထားရတာလဲ။ မေးခွန်းတွေထွက်လာပါတယ်။ COMPANYတစ်ခုမှာ ဘာကြောင့် အုပ်စုတွေ၊ ဌာနတွေ သဘောထားမတိုက်ဆိုင်ပဲ ကွဲလွဲနေကြရတာလဲ..။ဆိုတော့ ဝန်ထမ်းတိုင်း တစ်သဘောတည်းရှိနေရမယ် မဆိုလိုပါဘူး။ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်။ လူတိုင်းမှာ အခွင့်အရေးတွေရှိနေတယ်။ ဒါပေမယ့် လုပ်ငန်းခွင်တစ်ခုမှာ သတ်မှတ်ချက် စည်းဘောင်တစ်ခုရေးဆွဲကြည့်ပါ။ သူခွင့်လွှတ်ရင် ငါလည်းခွင့်လွှတ်မယ်ဆိုတဲ့ စိတ်ကလေးပဲ မွေးကြည့်ပါ။

(၄)

သူ ဒါလေး လုပ်ရင် ငါ ဟိုဟာလေးလုပ်လိုက်ပါမယ်လို့ ကိုယ့်ကိုကိုယ် မောင်းကြည့်လိုက်ပါ..။ ကျေနပ်မှုဆိုတာကို အလိုလိုခံစားလာရပါလိမ့်မယ်။ ဝန်ထမ်းတွေရဲ့ စိတ်ကိုသိဖို့၊ ဝန်ထမ်းတွေရဲ့ မကျေနပ်ချက်တွေသိဖို့ ဝန်ထမ်းတွေနဲ့ လက်ပွန်းတသီးမနေကြည့်ပဲ မသိနိုင်ပါဘူး။ ဆိုလိုတာက ဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ်ရှိစေချင်တာပါ။ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်လေးကို နည်းနည်းလေးပဲ သိလိုက်ရရင်ကို အကျိုးရှိနေပါပြီ။

တစ်ပတ်တစ်ခါ….တစ်လတစ်ခါတောင် ဝန်ထမ်းတွေနဲ့ အစည်းအဝေးမရှိတဲ့ COMPANYဟာ လိုအပ်ချက်တွေရှိလာရတာ ဘာကြောင့်လဲဆိုတာ လက်ညိုးထိုးစရာမလိုပဲ “လယ်ပြင်မှာ ဆင်ပြောင်ကြီးသွားသလို ထင်းထင်းကြီး”တွေ့နေရတာပါပဲ..။

ဆိုတော့ ငါတို့ လုပ်ငန်းမှာ ဘာတွေလိုအပ်နေလဲ..။ ဘာတွေလုပ်ရမလဲဆိုတာ စည်းဝေးတိုင်ပင်မှုတစ်ခု လုပ်သင့်တာကိုပြောချင်တာပါ။ ဘယ်နေရာမှာမဆို မကျေနပ်ချက်တွေရှိနိုင်တာပဲ။ ရပ်ကွက်လည်း ရပ်ကွက်မလို့၊ မိသားစုလည်း မိသားစုမို့လို့၊ လင်မယားဆိုလည်း လင်မယားမို့လို့ တစ်ဦးချင်းဆီမှာ မကျေနပ်ချက်တွေ ရင်ဖွင့်ချင်တာတွေ ရှိတတ်ကြပါတယ်။ ဒါကို အုပ်ချုပ်နေသူတစ်ယောက်က နားစွင့်တတ်ဖို့၊ မြင်တတ်ဖို့လည်းလိုပါတယ်။ တစ်ခါတစ်ရံမှာ ပြောပြလို့မရတဲ့ အခြေအနေတွေ ရှိနေတတ်ပါတယ်။ အထက်လူကြီးနဲ့ အောက်ခြေဝန်ထမ်းဆိုတာ ထိတွေ့ခွင့် နည်းပါးကြတာ လုပ်ငန်းတိုင်းပါ။ ဝန်ထမ်းတွေမပြောဖြစ်တဲ့ စကားတွေ၊ ရင်ဖွင့်သံတွေကို မပြောပဲ ကြား၊ မမြင်ပဲ သိနေနိုင်ရပါမယ်။ အောက်ခြေဝန်ထမ်းတွေရဲ့လိုအပ်ချက်တွေ၊ ဖြစ်ချင်နေတာတွေကို အချိန်နဲ့တပြေးညီ သိနိုင်အောင် ကြိုးစားသင့်တယ်။

“လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်” ဆိုတဲ့ စကားလည်းရှိပါတယ်။ ဝန်ထမ်းတွေရဲ့မကျေနပ်ချက်ကို ဝန်ထမ်းတွေရဲ့ကြားကပဲ ပြန်ကြားနိုင်ပါတယ်။ စောင့်ကြည့်လေ့လာရေးဆိုတာ လုံးလုံးကြီး မလှုပ်မယှက်နေရမယ်လို့မဆိုလိုပါဘူး။ မျက်စိကိုရှင်ရှင်ထား၊ နားကို ကားကားစွင့်ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။ ဒါက လုပ်ငန်းတစ်ခုကို စီမံအုပ်ချုပ်နေကြတဲ့ သူတွေကို အကြမ်းဖျင်းပြောချင်တာတွေပါ။

ပြောတိုင်းမယုံနဲ့၊ မြင်တိုင်း အမှန်လို့မထင်နဲ့ လို့လည်း ဆိုလိုချင်တာပါ။ လူဆိုတာ “ကိုယ်က ကျူး၊ ကိုယ့်ဒူးတောင် မယုံရ” ပါဘူး။ ထင်မြင်လေ့လာချက်တစ်ခုနဲ့ ကောက်ချက်ချ ဆုံးဖြတ်လို့မရပါဘူး။ ကျိုးကြောင့် သင့်မတင့်ဆိုတာကို စဉ်းစားဆုံးဖြတ်ပြီး မေးတန်မေး၊ စေ့စပ်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပါ။ လူယုံတစ်ယောက်ကပြောတာကို ဘာမှ မမေးမမြန်းပဲ အလျှင်စလို ကောက်ချက်ချ အပြစ်ပေးလိုက်တာမျိုးတွေ မကြာခဏ တွေ့ရ ကြုံရ ကြားရပါတယ်။ အပြစ်တစ်ခုကျူးလွန်သူဟာ လုံးဝ အပြစ်ရှိသူမဟုတ်ပါဘူး။ ပြစ်မှု ကျူးလွန်သူမှာ ကျူးလွန်ရတဲ့ အကြောင်းအရင်းတော့ရှိနေသလိုမျိုးပေါ့။

(၅)

ဘာဖြစ်လို့လဲ..?

ဘာကြောင့်လဲ…

ဆိုတာမျိုးလောက်တော့ မေးသင့်နေပါပြီ။ ရည်ရွယ်ချက် တစ်ခုနဲ့ကျူးလွန်တာမျိုးမဟုတ်ရင်၊ မသိလိုက်ပါပဲ ကျူးလွန်မိလိုက်ရင် ဒါဟာ အပြစ်လို့မဆိုနိုင်သေးပါဘူး. ။ ဝန်ထမ်းတွေရန်ဖြစ်တယ်။ အကြောင်းရင်းကဘာလဲ….။ မေးကြည့်ပါ။ ခံရသူနဲ့ ပြုလုပ်သူနှစ်ဦးကိုမေးကြည့်ပါ..။ဒါပါပဲ…။

တရားမျှတမှုကို လူတိုင်းလိုလားပါတယ်။ လူတိုင်းလည်း တရားမျှတဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်ကို ကောင်းစေချင်တာထက်…လူတိုင်းကောင်းအောင် ကြိုးစားဖို့က ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။

လူ့ပတ်ဝန်းကျင်မှာ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသူတွေဟာ အများကောင်းကျိုးအတွက် လုပ်ဆောင်ရင်း တိုးတက်သွားကြတဲ့သူတွေအများကြီးပါ။ လိုအပ်နေတာက မင်္ဂလာတရားတော်တွေနဲ့အညီ နေတတ်ဖို့ပါ။

ပတ်ဝန်းကျင်မှာ မကောင်းမှုတွေ ဘယ်လောက်များများ၊ နှိပ်ချ စော်ကားချင်သူတွေ ဘယ်လောက်များများ၊ မိမိကိုယ်ကိုသာလျှင် ပိုကောင်းအောင် လုပ်ကြဖို့ပါ။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်အောင်တွေးကြည့်လိုက်ပါ စိတ်ချမ်းသာပါလိမ့်မယ်။

လုပ်ငန်းခွင်မှာ အတိုက်အခိုက်များတယ်ဆိုတာ ဓမ္မတာပါ။ ဒါကို ဝန်ထမ်းတွေဖြစ်တဲ့ ကိုယ်တွေက ဘယ်လို တွန်းလှန်မလဲဆိုတာ တွေးတတ်ဖို့လိုပါတယ်။ သည်းခံခြင်းနဲ့လို့ဆိုရအောင်လည်း ပုထုဇဉ်လူသားပီပီ ကိုယ့်ကိုထိရင် ဘာပြန်လုပ်လိုက်မယ်ဆိုတာက အရင်မို့မလွယ်ပါဘူး။ လွယ်အောင်လုပ်ဖို့က နည်းနည်းလေးပဲဖြစ်ဖြစ် ရအောင် သည်းခံကြည့်လိုက်ပါ။ယုတ်စွအဆုံး “ပြန်လည်းမပြောနဲ့ နားလည်းမထောင်နဲ့”ဆိုတာကို ကျင့်သုံးကြည့်ပါ။

ရာထူးကြောင့်လူတွေ ရူးကြတယ်။ နေရာတစ်ခုကိုတပ်မက်မှုကြောင့် လူတွေ လုပ်ချင်ရာလုပ်ကြတယ်။ အဓိကက ကိုယ့်ထမင်းလုပ် မပြုတ်ကျအောင် ကာကွယ်ကြတယ်လို့ လူတစ်ချို့ကဆိုတယ်။ ဒါပေမယ့် ကိုယ့်ထမင်းလုပ် ပြုတ်ကျအောင် ဘယ်သူတွေလုပ်နေသလဲ ပြန်မြင်ကြည့်လိုက်ရင် ကိုယ်ကလွဲလို့ ဘယ်သူမှမလုပ်ကြပါဘူး။

အရင် ရောက်နေသူတွေက နောက်မှရောက်လာတဲ့လူကို မနာလိုဘူး။ လုပ်ငန်းတစ်ခုမှ နောက်မှရောက်လာတဲ့လူတွေကို လူကြီးတွေက ချီးကျူးရင် မရှူစိမ့်ဘူး။

(၆)

 “နောက်မှ ပေါက်တဲ့ ရွှေကြာပင်”ဆိုတာကို သူတို့တွေ လက်မခံနိုင်ကြဘူး။ လူတွေ မွေးဖွားလာကြတယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်ခုကြားက ရှင်သန်မှုတစ်ခုကို တပ်မက်ကြတယ်။အဲဒါဟာ “ဘဝ”ပါ။

မွေးပြီးရင် အရွယ်ရောက်လာမယ်။ပညာတွေသင်ကြမယ်။ တတ်မြောက်လာကြမယ်။ လုပ်ငန်းခွင်ဝင်လာကြမယ်။ လူကြီးတွေ နေရာဖယ်ကြရမယ်။ လူငယ်ဆိုတာ အနာဂါတ်ရဲ့ မျှော်လင့်ချက်လို့ဆိုကြတယ်မဟုတ်လား။ အနာဂါတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာဆိုရင် ဘာလို့ လူငယ်တွေရဲ့လက်ထဲ လုပ်ပိုင်ခွင့်တွေ မပေးကြသလဲ။ဆိုချင်တာက နောက်မှရောက်ပေါက်လာတဲ့ ကြာက ရွှေကြာဆိုရင် အရင်တုန်းကရော သူတို့တွေဟာ ရွှေကြာတွေဖြစ်ခဲ့ဖူးတာပဲ မဟုတ်ပါလား။ လူတွေ အသက်ကြီးလာလေ လုပ်ဆောင်ချက်တိုင်းကို ပိုမိုစွမ်းဆောင်လာနိုင်ဖို့ ခဲယဉ်းလာပါတယ်။ တက်ကြွလန်းဆန်းမှုဆိုတာ ကြီးရင့်လာရင် မွေးမြုဖို့တောင်မလွယ်ပါဘူး။

လုပ်ငန်းခွင်မှာ ငါပိုလုပ်နိုင်တယ်ဆိုတာ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းလို့တော့ ကြွေးကြော်လို့မရနိုင်ပါဘူး။ အနည်းဆုံးဖျားနာရင် နားလိုက်ရတာပါပဲ။ ဒါကြောင့်ရှေ့ပြောခဲ့သလို “ငါမရှိရင် မဖြစ်ပါဘူး”ဆိုတာ မမှန်ဘူးလို့ဆိုချင်တာပါ။ လူတစ်ယောက်ဖျားနေလို့ အလုပ်ဖျက်လိုက်ရတာမျိုး မရှိပါဘူး။ ကျောင်းသား တစ်ယောက်ဖျားလို့ ကျန်ကျောင်းသားတွေ စာမသင်ပဲ ကျောင်းပိတ်လိုက်လို့ ရပါသလားလို့ မေးချင်ပါတယ်။ ငါဆိုတာ သတ်မှတ်ချက်တစ်ခုလို့ ထင်ပါတယ်။ အဓိက ကတော့ လုပ်ငန်းတစ်ခုမှ အဖွဲ့အစည်းတစ်ခုချင်းဆီအလိုက် စည်းလုံးကြဖို့ ဆိုချင်တာပါ။

ခွင့်လွတ်စိတ်ကလေးတွေ၊ စာနာ နားလည်စိတ်ကလေးတွေ၊ ကိုယ်ချင်းစာတရားတွေ၊ သမမျှတတဲ့ စိတ်ကလေးတွေ မွေးမြူကြဖို့ပါ။တစ်ဦးတစ်ယောက်ကောင်းစားဖို့အတွက်၊ ငါ့လူမျိုး၊ ငါ့သွေး၊ ငါ့သား၊ ငါ့အုပ်စုအတွက် အခြား တစ်စုံတစ်ဦးကို ထိခိုက်ပြီးမှ ရတယ်ဆိုရင် အဲဒီအောင်မြင်မှုဟာ ချိုမြိန်ခြင်းကို ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။

ဟောဒီ မြေ ၊ ဟောဒီ ရေ၊ ဟောဒီ ဆန်စပါးတို့ဟာ တစ်မြေထဲ တစ်ရေထဲက ပေါက်ဖွားရှင်သန်လာကြသလိုပဲ လူမျိုးအစုစုဟာလည်း ဟောဒီနိုင်ငံထဲမှာပဲ ရှင်သန်ပေါက်ဖွားလာကြတာပါ။ ဆိုတော့ တိုးတက်ရေးဆိုတာကြီးကို ခေါင်းထဲထည့်ထားတာအမှန်ဆိုရင် တစ်ဦးတစ်ယောက်နဲ့မစွမ်းဆောင်ပဲ ပေါင်းစည်းအားနဲ့ ချီတက်မယ်ဆိုရင် အောင်မြင်မှု ဆိုတာကို  ထိုက်ထိုက် တန်တန်ကြီး ရပါလိမ့်မယ်လို့ပဲဆိုချင်ပါတယ်။

သော်ဇင်(လွိုင်ကော်)

15th-January-2012

3 comments

  • zaw min

    January 16, 2012 at 12:15 am

    မတူညီတာတွေကို ခဏဘေးဖယ်ထားပြီး၊တူညီတာတွေနဲ့အတူလက်တွဲဆောင်ရွက်ကြပါစို့လား………..

  • Khin Latt

    January 16, 2012 at 6:29 am

    ကိုသော်ဇင် ရေးတဲ့ ဇာတ်ပွဲတို့၊ ကြွက်မိသားစုတို့ စတဲ့ ရသစာပေ တွေ ဖတ်ပြီးမှတ်မိနေပါတယ်။
    ဒီလို Motivation အတွက် ရေးတဲ့ စာ ကို လဲ သဘောကျမိပါတယ်။
    ကိုသော်ဇင် ညွန်းပြတဲ့ အချက်တွေ အားလုံးဟာ တကယ်တော့ သတိလေး နဲ့ ယှဉ်နေတတ်ရင် မဖြစ်နိုင် စရာဘာမှမရှိပါဘူး။
    Awarenessပေါ့။ (ဆရာ ကိုသစ်မင်း ဆီက ရခဲ့တဲ့ စကားလုံးလေးပါ။) 🙂
    ဒါမျိုးတွေ များများဖတ်ရလေ ကိုယ့်ကိုယ်ကိုလဲ သတိပေးပြီးဖြစ်လေပေါ့။
    ကျေးဇူးပါ ကိုသော်ဇင်ရေ့။

  • ကောင်းမြတ်သူ

    January 16, 2012 at 11:30 am

    ဒီမိုကရေစီစတင်ကျင့်သုံးနေတဲ့အချိန်မှာ ကိုသော်ဇင် အရေးအသားနဲ့အတွေးအခေါ်များက အားဆေးတစ်ခွက်ပါဗျာ…

Leave a Reply