ကဗျာထဲက ဘဝလေး
ကျွန်တော်က စာပေကိုချစ်သည်။ဘဝတစ်ခြမ်းကိုယ်လွမ်းစရာကဗျာဟုတင်စားမိသည်လေ။ ကဗျာကို ချစ်သူလို မက်မောခဲ့သည်။ကဗျာကို ချစ်တတ်သော ချစ်သူတစ်ယောက် ကံကောင်းစွာပဲ
ရခဲ့ဖူးသည်။ကဗျာတွေရွတ်ပြခဲ့ ကြ၊လသာညတွေမှာ နှစ်ယောက်သားဆုံတွေ့ကာ ကဗျာတွေ ပြောဖြစ်ရင်းသူမက ဂစ်တာတီးလို့ သီချင်းဆိုပြခဲ့သည်။ဘဝဟာ အလှတရားနှင့် ကဗျာဆန်ခဲ့ ဖူးပါသည်။
အညာရွာမှာ ညာတာဝါတာမရှိ
အချစ်ကြီးချစ်တတ်ပေမယ့် ညစ်တီးညစ်ပတ်တွေမရှိ…..။ ကွန်စစ်ကောင်းရဲ့ ကဗျာ တစ်စ သတိရမိသည်။သို့သော် အချစ်စစ်သည် ဆုံးစည်းရန်ခဲယဉ်းသည်ထင်ဝေးခဲ့ ကြရသည်။ဝေးတာမှ ရေခြားမြေခြား။ ချစ်ခြင်းတစ်စ ၊သမုဒယအပူ သူ့မှ သူဆိုတဲ့ အစွဲ….။ကျွန်တော်၏တဏှာ အစွဲကို တော်တော်ကြီး ပါးအောင်ပြုခဲ့ရသည်။ ဒီတော ကျားရဲပေါ၏….လာအချစ်မျှစ်ချိုးလိုက်ခဲ့။အချစ်သည်
ကျားကို မကြောက်၊အန္တရာယ် ကိုပင်ရင်ဆိုင်ရဲသည်။အချစ်သည် တစ္ဆေမကြောက်မြွေမကြောက်ပါမောင်လာခဲ့ မည် လာခဲ့ မည်ဟု ကြွေးကြော်ခဲ့သည်လေ.အော် ငါငယ်ခိုက်ပေမို့ မိုက်မိတယ်ပဲပြောလေမလား။
မောင်မဝါရဘူးနော်
သူပြောတဲ့ နေ့က
ကောက်ရိုးနံ့သင်းတဲ့ တလင်းပြင်မှာ လရောင်တွေစုပုံ လို့ ..၊သူထမီမှာလည်းနတ်မြှားတွေစူးလို့…။ချစ်သူနှစ်ဦးတွေ့ဆုံကြတဲ့ ကာလဒေသေနောက်ခံလေးက လသာညဖြစ်ပါတယ် ရိတ်သိမ်းခြွေလှေ့ပြီးစ တလင်းပြင်မှာ ကောက်ရိုးနံ့သင်းကာ ရာသီကလည်းနွေရာသီ ပုံးလျှိုး ကွယ်လျှိုး ဆုံတွေ့ကြရတဲ့ ချစ်သူနှစ်ဦးရဲ့ ရင်ခုံသံဟာမြန်နေပါတယ်။မိန်းမပျိုလေးက ကသုတ်ကရက် လာရလို့ နတ်ြျမှားလို့ခေါ်တဲ့ မြက်တစ်မျိုးက တွယ်ညှိလာပါတယ်။
မောင်မဝါရဘူးနော်တဲ့..သူပြောတဲ့နေ့က..ရိုးပြတ်တောမှာ လေရိုင်းတွေဆင်လို့ … ရင်ကွဲကောင်တွေလည်းရင်ကွဲအောင်အော်လို့..
ရိုးပြတ်ကွင်းမှာလေပူတွေတိုက်နေပါတယ် လေတိုက်တိုင်းယိမ်းနွဲ့သွားရတဲ့ ရိုးပြတ်တွေက ငိုညည်းနေကြသလား၊ ပုဇင်းရင်ကွဲတွေကပဲ ရင်ကွဲတေးသီလို့ ချစ်သူနှစ်ဦးကို ကွေကွင်းခြင်းနမိတ်ဆောင်နေသလား။
ကျွန်တော် ကဗျာဆရာတိမ်ဝါရဲ့ `မောင်မဝါရဘူးနော်´ ဆိုတဲ့ ကဗျာလေးကို ခံစားကြည့်နေခြင်းသာ။ မဟေသီမဂ္ဂဇင်းမှာဖေါ်ပြထားတဲ့ လွန်ခဲ့သော ၈နှစ်လောက်က ကဗျာလေး။
မောင်မဝါရဘူးနော်တဲ့
သူမှာတဲ့နေ့က
ဝတီးဆန်ထမင်းတထုပ်ရယ်
ငါးမျိုးစပ်စောင်ကြမ်းလေးတစ်ထည်ရယ်
ငါးကျပ်တန် အနွမ်းလေး၁ဝရွက်ရယ်
မဲ့ပြုံးလေးတစ်ခုရယ်
မျက်လုံးနဲ့ ချည်နှောင်လိုက်တယ်။
မိန်းမပျိုလေးက မညာရဘူးလို့မှာတမ်းခြွေပြီး ဆန်လုံးသီးနဲ့ ချက်ထားတဲ့ ထမင်းတထုပ်ကိုပေးခဲ့ပါတယ် လမ်းခရီးမှာချစ်သူဆာမှာစိုးလို့ဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ပါ။ဒီစာသားကို ဖတ်ရတော့ ၁၉၄၂ဂျပန်ခောတ်
ကလို ထင်မြင်မိခဲ့ပါတယ်။ဆန်ရှားငွေရှားအဝတ်အထည်ရှားတဲ့ခောတ်ဆိုးကြီးမဟုတ်လား။နောက် သူကိုယ်တိုင် ရှားရှားပါးပါးခက်ခက်ခဲခဲ ရှာဖွေပြီးစုဆောင်းထားတဲ့ ငွေကြေးထဲက ၅ကျပ်တန်အနွမ်းလေး၁ဝရွက်
ကို လမ်းစရိတ်ပေးခဲ့ပါသေးတယ်။ မခွဲချင်ဘဲခွဲရတဲ အတွက် ရင်မှာလှိုက်ခတ် ကြေကွဲ လို့ လာပါတယ် ပြုံးတာတောင် အားယူပြုံးရလို့ မဲ့ ပြုံးဖြစ်ခဲ့ရပါတယ်။ မောင် ကွယ်ရာမှာတော့ မမေ့နဲ့နော်
..ရှင်မဖေါက်လွဲ တဲ့ အချစ်နဲ့ တစ်ယောက်ထဲပဲချစ်နော်လို့ မျက်လုံးနဲ့ ချည်နှောင်လိုက်ပါတယ်လို့ ကဗျာဆရာကိုတိမ်ဝါကဆိုပါတယ်။ကျွန်တော်ယူဆချက်တွေလိုအပ်နေလျှင် ဆရာခွင့်လွှတ်ပါ။
အဲ့ဒီသရောကြီးခိုင်းတဲ့ နှစ်ကအောက်ပြည်အောက်ရွာ
ရေကြည်ရှာမောင်ထွက်ခဲ့တာ..နှစ်ပေါင်းလေးဆယ်ကြာခဲ့ပေါ့။
အညာဒေသမှာ စီးပွားရေးကမကောင်း စားဝတ်နေရေးကကြပ်တည်း အခက်အခဲတွေရင်ဆိုင်နေရပါတယ်။တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ဆိုရိုးအတိုင်း အောက်ပြည်ကို စီးပွားရှာထွက်ခဲ့တာဖြစ်ပါတယ်။
သရောကြီးခိုင်းဆိုတာ အငတ်ပြဿနာနဲ့ ရင်ဆိုင်ရတယ်လို့ မှတ်သားဖူးပါတယ်။မောင်တစ်ယောက် နှစ်ပေါင်းလေးဆယ်ကြာခဲ့ပါတယ် မပြန်ဖြစ်ခဲ့ပါဘူး။မိန်းမပျိုလေးကလည်းအဖွားအို ဖြစ်နေခဲ့ပါပြီ။
မျှော်သာမျှော်နေရတယ် မောင်ကတော့ မပေါ်လာတော့ပါဘူး။
မောင်မဝါပါဘူးအချစ်ရယ်
အဖြစ်သနစ်တွေဝါလို့
အချစ်ကိုဝါသလိုဖြစ်ခဲ့ရတယ်။
မောင်မညာခဲ့ပါဘူး စီးပွားရေးရှာဖွေလုပ်ကိုင်သော်လည်း စစ်အတွင်းမှာ လွတ်လပ်ရေးအတွက်ပါဝင်ခဲ့ရပုံပေါ်ပါတယ်။ပြန်လို့မရခဲ့ပါဘူး။စစ်ပွဲတွေနဲ့ လမ်းခရီးကလည်းမချောမွေ့ခဲ့ပါဘူး။ချစ်သူကို မြင်ချင်တွေ့ချင်သော်လည်း လွမ်းရေးထက် ပြည်ထဲရေးကခက်နေခဲ့ပါတယ်။
ကျျွန်တော်တွေးမိသောကဗျာလေးပါ။ကဗျာတစ်ပုဒ်ဟာ အမြင်မတူနိုင်ပါဘူး စာဖတ်သူက လွှတ်လပ်စွာခံစားနားလည်းနိုင်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက်ရှု့ထောင့်တူနိုင်မှာမဟုတ်ပါဘူး။
နောက် ကျွန်တော်ခံစားမိတဲ့ ကဗျာတိုလေးက…. မြန်မာပြည်မှာဆံပင်ညှပ်ဆရာအစ..ဆရာဝန်အဆုံး အားလုံးကဗျာရေးကြသည်..တဲ့ ဟုတ်ကဲ့ ကဗျာဓါတ်ဝင်ပူးနေသူတွေများပါတယ်။အရင်က ပျဉ်မနား
မှာကဗျာဆရာတွေပေါပါတယ်။
ကဗျာဆရာဖေါ်ဝေးရဲ့ သဲသောင်ပေါ်မဆိုက်…ကျောက်တောင်နဲ့ မတိုက် ရေလယ်ကမီးပြနဲ့ တိုက်တာကြောင့်…သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ…။
ကျွန်တော်မြို့မှာလွန်ခဲ့သောနှစ်၂ဝလောက်က လူငယ်လေးတစ်ယောက် အပြင်းအထန်ဝမ်းလျှောပါတယ် ဆေးရုံရောက်တော့ ဆရာဝန်က ချက်ချင်းမကြည့်ဖြစ်ခဲ့ပါဘူး။မျက်နှာမွဲကောင်းလေးရဲ့ မိဘတွေက
အောက်ကျို့တောင်းပန်ပြီးပြောသော်လည်းဆရာဝန်ကိုယ်တိုင် ဆင်းမလာပဲ အပြာဝတ်အနီဝတ်တွေနဲ့ သာကြည့်စေခဲ့ပါတယ် နောက်မှ ဆရာဝန်ကို စုပေါင်းပြီးကန်တော့တော့ ဘသားချောဆရာဝန်
ဆင်းလာပါတယ်။ လူငယ်လေးကတော့ ဆုံးသွားခဲ့ပါပြီ။(အားလုံးကို မဆိုလိုပါ ဆွမ်းဆန်ထဲ ကြက်ချေးရောခြင်း)။ ရေလယ်က မီးပြနဲ့တိုက်ပြီးသင်္ဘောမှောက်ခဲ့ရပါတယ်။
ကျွန်တော်တို့ ကဗျာတွေကိုချစ်ပြီး ကဗျာထဲကဘဝတွေကို စာနာတတ်ခဲ့ကြပါတယ်။ကဗျာဆရာဆိုတာ လူအထင်မကြီးတဲ့ လူတွေပါ။မန္တလေးသိန်းဇော် အိမ်မဲမြို့နဲ့ ၅မိုင်လောက်ဝေးတဲ့ ထန်းတပင်
ဆိုတဲ့ရွာလေးမှာဘုရားပွဲအတွက်ဇာတ်လာကတော့ ကဗျာရွတ်တာနားထောင်ချင်လို့ ပဲ့ထောင်ငှားပြီး သွားခဲ့ဖူးပါတယ်။ကျေးလက်လူတန်းစားတွေက မော်ဒန်ကဗျာကို မသိပါ သို့သော် ကိုသိန်းဇော်ရဲ့
ကဗျာမှာမျောပါခဲ့ကြပါတယ်။နှစ်ပါးခွင်မှာ ကဗျာဓါတ်တွေစီးဝင်ခဲ့ပါတယ်။
ကျွန်တော် ဆရာအောင်ဝေးရဲ့ ပန်းဝေသီ မဂ္ဂဇင်းမှာပါတဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရမိပြန်
ခောတ်တစ်ခောတ်နဲ့
မြစ်တစ်မြစ်ရဲ့ကဗျာတစ်ပုဒ်။
ပြာမလော့ရေဆန်မုန်တိုင်းထန်တော့
ကာရန်မညီ နဒီရိုးမှာ
မိုးစုတ်စုတ်ချုပ်။
တံငါသည် လင်မယားမိသားစုရဲ့ ဘဝကို ရေးဖွဲ့ထားတာပါ။ပြာမလော့ဆိုတာ ကမ်းမမြင်လမ်းမမြင်တဲ့ မြစ်လို့ ထင်ပါတယ် ဧရာဝတီသားပေမယ့် မရောက်ဖူးသေးပါ။တွငါလှေလေးထွက်လို့ ငါးဖမ်းသွားတဲ့
အခါမှာပဲ မုန်တိုင်းမိပါတော့တယ်။
လူသံလားလေသံလား
အရိုင်းခေါ်သံကြားက
ဟေး ဟုတ်မဟုတ်။
ဇနီးသည်ဟာ မုန်တိုင်းကြားမှာပဲ ပြေးထွက်လို့ သူမလင်လာရာလမ်းကိုမျှော်ငေးကြည့်ပါတယ်။ဝေးဝေးပျပျမှာ မည်းမည်းအရာက တံငါလှေပဲလို့ထင်ပြီး သူ့ယောက်ျားနာမည်ဟစ်ခေါ်ပါတယ်။
မြစ်ကမ်းနံဘေးမှာ ပြေးလိုက်ခဲ့ပါတယ်။
မချမ်းရန်ကော ချမ်းရန်ကောဟဲ့
ကမ်းယံမှာနွမ်းဟန်နဲ့
ဒုက္ခဆိုချိုနဲ့လား
သားအမိတစ်အုပ်။
ကဗျာထဲက ဘဝတစ်ခုပါ။ဆရာအောင်ဝေးရဲ့ ကြာခဲ့ပြီဖြစ်တဲ့ လက်ရာလေးပါ ။စာသားမှားယွင်းနေရင် ခွင့်လွှတ်ပါဆရာ။စတိထဲစွဲမိနေတာပါ။ဆရာမောင်စိန်ဝင်းရဲ့ ဖြောင့်ချက်ဆိုတနဲ့ ကဗျာလေးကို တင်ပြရင်း
အချစ်ကို တင်းစားလိုက်ပါတယ်။
ဖြောင့်ချက်
မျက်ရည်ချောင်းမှာ
ခေါင်းအုံးကလေးမျောနေမှ…..။
ကဗျာထဲက ဘဝလေးများတွေထဲမှာ လွမ်းမောဖွယ်နာကျင်ဖွယ် အားတက်ဖွယ်လေးတွေရှိနေခဲ့ပါတယ် ။ကျွန်တော်တို့ ကဗျာဖတ်နေပါတယ်။ကဗျာကို မက်မောခဲ့ပါတယ်ခင်ဗျား။
14 comments
htet way
January 16, 2012 at 6:29 pm
ကို သစ်မင်းရေ ကျွန်တော် ဘာများမှားနေပါသလဲ ခင်ဗျားစာလေးတောင် မဖတ်ရပါလား
စိန်ပေါက်ပေါက်
January 16, 2012 at 6:44 pm
ကျနော်လဲ ကဗျာ ဖတ်နေပါတယ်…ကဗျာကို မက်မောနေပါတယ်လို ့ပြောပါရစေခင်ဗျား
ဆက်ရေးပါ….ဦး..
အတိသဉ္ဇာ နာဂရ ချစ်သူ
January 16, 2012 at 6:56 pm
အညာရွာမှာ ညစ်တီးညစ်ပတ်မရှိပါတဲ့။ရိုးသားကြတဲ့ ဓလေ့မို ့လေးစားရပါတယ်နော်။
အားပေးဖတ်ရှု သွားပါတယ် ကိုထက်ဝေးရေ။
thit min
January 16, 2012 at 7:08 pm
ဆရာ ထက်ဝေး မမှားပါဘူး။
ကျနော် မမှန်နိုင်တာပါ။
ခင်ဗျားကို ကျနော် မ “ဝါ” ချင်လို့ပါဗျာ။
ခင်ဗျားစာက ကျနော် ဖတ်ခဲ့၊ဖတ်နေတဲ့ အကယ်ဒီမစ်တွေထက်မြင့်တယ်ဗျာ။
ကျနော် မျက်စိနဲ့ဖတ်လို့မလုံလောက်လို့ စိတ်နဲ့ဖတ်တယ် ရင်ရဲ့ဖတ်တယ် နားနဲ့ဖတ်တယ်
အို ဗျာ အာရုံ ၆ ပါးနဲ့ ဖတ်တယ်။
တန်ဖိုးထားရေးချင်လို့ ကအဓိကပါဆရာထက်ဝေးရယ်။
~~~~~~~~~~~~~
လာနိုးလာနိုးမျှော်ရသူရဲ့ ပုံရိပ်ကို
ပစ္ဆာဇာတပစ္စယောနဲ့ ကိုက်ကြည့်လိုက်မယ်ဗျာ။
ပြန်လာလိမ့်နိုးမျှော်ကိုးစောင့်စား ခြင်း
ပြန်လာရင်ပျော်ရမှာဘဲ ဆိုတဲ့စိတ် (နောက်မှဖြစ်ခြင်းက အကျိုးပြုသကဲ့သို့)ကလူကိုအသက်
ရှည်စေတယ်၊ သူကသူ့ ချစ်သူ မ “ဝါ” ဘူးလို့ယုံကြည်ချက်က “အသက်” ပါဘဲ။
———–
ကျနော်တို့တတွေ တယောက်နဲ့တယောက်မညာပါဘူးလို့ ယုံကြည်ရရင်ဒီလောကဟာ
သာယာပါပြီ။ လို့ဆက်တွေးမိတယ်။
———–
ပြန်မလော့မြစ်လို့ကျနော် နှုတ်ကျိုးနေလို့အဲဒီလိုဘဲ ရေးပါရစေ။ရွေးမြစ်ဆိုတာလဲ
အနီးမှာရှိတယ်နော်။
မြစ်ပြင်ထဲကဘဝတွေကို ကျနော် ဆရာကြယ်နီ ရဲ့ ကိုဒေါင်းစိန်နဲ့ မယ်စိန် တို့ ၂ယောက်နဲ့
အစားထိုးကိန်းသွင်းမိတယ်။
ငါးရှာတဲ့အကုသိုလ်ကိုလုပ်နေရင်း စိတ်ကောင်းရှိရှာပေမဲ့ ကုသိုလ်ရေးလှူနေပါတယ်ဆိုရဲ့
လူကြီးလူကောင်းတွေရဲ့ နှိပ်စက်မှူက သဘာဝရာသီဥတုဆိုးတာတွေ၊ခုကဗျာထဲကပင်ပန်းဆင်းရဲ
မှုတွေထက်ပိုတယ်ဗျာ။
ကျနော် ခံစားမိတာက အချမ်းဒဏ်ကို ခံစားရလွန်းတာကိုတောင် နားမလည်နိုင်လောက်အောင်
ဒါ “သဘာဝ” ဘဲ လို့ ထင်နေတတ်တဲ့ ဆင်းရဲသားတွေရဲ့၊ သူများအညွန့်ကိုခူးစားခြင်းကိုနားမလည်
သူများရဲ ့ “ချစ်စရာ၊လေးစားစရာ စိတ်ကလေး” ကို စိန်တုံးလေးတွေလိုမြင်လိုက်မိတယ်ဗျာ။
ကျနော် ရင်ထဲကိုရောက်လာအောင် ဖတ်ပြီး ၊ ပြန်အံရတာမို့ နဲနဲ အချိန်ယူတယ် ဆရာထက်ဝေးရေ။
ခင်မင်စွာ
(^^)သစ်
etone
January 17, 2012 at 10:14 am
မောင်မဝါရဘူးနော်တဲ့
ဆိုတဲ့ အညာသူမလေးရဲ့ …. စိတ်ကိုတော့အားကျသလိုလို … ဒေါသထွက်သလိုလိုတော့ဖြစ်မိတယ် … ။
အနေလှလှ ၊ အခြေကျကျနေနိုင်ဖို့အရေး ချစ်သူနဲ့ ခဏဝေးရဲတဲ့စိတ် ၊ ယုံယုံကြည်ကြည်ပြန်လာမယ်လို့ အပြည့်ဝ နားလည်ထားတဲ့စိတ်တွေကတော့ .. အားကျစရာပေါ့နော် … ။
တဖက်က ပြန်တွေးကြည့် လျှင်တော့ …. မတောင့်တမတ နေချင်တဲ့စိတ်က ၊ ချစ်သူကိုတွယ်တာတဲ့စိတ်ထက် ပိုသာနေတာတွေ့ရပါတယ် …. ။
ကဗျာလေးတွေက အသက်ဝင်လွန်းလို့ …ကိုယ်တိုင်တောင် ကဗျာထဲဝင်ပြီးခံစားလိုက်ပါတယ် … ။
ကျွန်မသာဆို …. ကိုယ်နဲ့ဝေးလွန်းတဲ့ ပတ်ဝန်းကျင်ဆီ လွှတ်ရက်မှာ မဟုတ်ဘူး … မျက်စိတမှိတ်အတွင်းမှာတောင် အရာရာက ပြောင်းလဲနေတာလေ …. ။ လူကိုယုံပေမယ့် ကံကြမ္မာကို မယုံရဲတော့ … ဘယ်မှ မသွားစေပဲ.. မရှိမရှား ဘဝလေးနဲ့ပဲ အရိုးထုတ်တော့မယ် စိတ်ကူးတယ် … 😀
blackchaw
January 17, 2012 at 10:21 am
ကိုထက်ဝေးရေ
ကျွန်တော် မနေ့ကတည်းက ဒီပို့စ်ကို ဖတ်သွားတာပါ။
ကဗျာဆရာတစ်ယောက် မဟုတ်တဲ့အတွက်
ချက်ခြင်းကြီးကွန်းမန့်မပေးနိုင်ခဲ့တာ ခွင့်လွှတ်ပါဗျို့။
ခံစားတတ်သလောက် ခံစားသွားပါတယ်ဗျာ။
weiwei
January 17, 2012 at 10:29 am
ကဗျာတွေကို ဖတ်ချင်ပါတယ် .. ကဗျာလဲ ရေးချင်ပါတယ် …
ကဗျာဆိုတာ ခံစားချက်တွေကို စာလုံးအနဲဆုံးနဲ့ အကျစ်လစ်ဆုံးဖော်ပြပေးတာမို့ အဆင့်မြင့်ပညာရပ်တစ်ခုပါပဲ … သာမန်စိတ်ခံစားချက်ရှိချိန်မှာ ကဗျာဖတ်လို့မရဘူး .. ကဗျာရေးလို့လဲ မရဘူး … ကဗျာရေးတဲ့သူတွေကို အထင်ကြီးတယ် … လေးစားပါတယ် ….
htet way
January 17, 2012 at 11:00 am
ကောင်းလိုက်တာကိုသစ်မင်းရေ…
ကျွန်တော်က ခံစားရလို့သာရေးလိုက်တာပါ ကိုသစ်မင်းရဲ့idea က ပိုကောင်းနေပါတယ်
etone ရေ ..အမျိုးသမီးတွေက ချစ်ရင်မျျှော်တတ်တယ်တဲ့..။အဲ့ဒီခောတ်က ဂျပန်ခောတ်လို့ ကျွန်တော်ထင်မိပါတယ်။အနေအစားအရမ်းဆင်းရဲတဲ့ခောတ်မှာ ဒီလိုပါပဲ
နောက် ကျွန်တော်တို့ကျေးလက်မှာအိမ်ထောင်ပြုဖို့ သူ့မိသာစု ကိုယ့်မိသားစုတာဝန်တွေနဲ့
တော်တော်လေး ဆုံးဖြတ်ရခက်ပါတယ်ဗျာ။ဖတ်ပေး ခံစားပေးတာကျေးဇူးပါဗျာ။
မဝေဝေက စာပေသမားပုံပါ ကဗျာလည်းရေးနိုင်မယ်ထင်ပါတယ် သေချာတာကတော့
ရေးကြည့်ဖိုူ့ အားပေးပါရစေနော်။အရေးအသားတွေကလည်း ကောင်းပါတယ်။
ကို ဘလက်ချောရေ.. ဂေဇက်ကို အားစိုက်တာ လေးစားတယ်ဗျာခံစားပေးတာလည်း
ကျေးဇူးတင်ပါတယ်/ခင်ဗျားနေကောင်းပါစေလို့လည်းမေတ္တာပို့ပါတယ်။
ကိုစိန်ပေါက်ပေါက်လည်း ကျေးဇူးပါနော်။နာဂရချစ်သူကိုလည်းကျေးဇူးပါ။
pooch
January 17, 2012 at 3:31 pm
ကိုထက်ဝေးရေ ကျမလည်း ကဗျာတွေကို နှစ်သက်ပါတယ် ကိုယ်တိုင်တော့ အဖြစ်မရှိပါဘူး
ရေးချင်တဲ့ အကြောင်းအရာများကိုသာ မနည်းဖျစ်ညှစ်ရေးရပါတယ်
ရွာထဲက ကဗျာဆရာများကိုတော့ အလွန်အားကျပါတယ်
အဘနီလို ခပ်ရှရှလေး ရသပေးတာ ဦးကြောင်လို ဇဝနဉာဏ်ရွှင်တာ ၊ လေးပေါက် လို ညက်ညက်လေး သီတာ၊ ကိုသစ်မင်းလို စကားလုံးလေးတွေ ချိုတာ ၊ ကိုကမ်းကြီးလို လွမ်းတာ စတဲ့ တခြားသော ကဗျာ လေးများကိုလည်း သဘောကျပါတယ်…
Khin Latt
January 17, 2012 at 9:59 pm
ကို ထက်ဝေး ရေ – ကျွန်မ ဒီ စာ ကို အခုမှတွေ့ပါတယ်။
ကျွန်မ အတွက် က တော့ ကဗျာ စပ်နိုင်သူ တွေ၊ ရသ စာလေးတွေ ဖွဲ့ဖွဲ့ နွဲ့နွဲ့ ရေးနိုင်သူ တွေ ကို အလွန် ဘဲ ချီးကျူး လေးစားပါတယ်။
အဓိက ကတော့ ကဗျာ ဆိုတာ အတိုဆုံး စာ ရေးပြီး အထိရောက်ဆုံး အဓိပ္ပါယ် ပေးရတာမဟုတ်လား။
စာတွေ ဆက်ရေးပါ။ ကဗျာတွေ ဆက်စပ်ပါ။ ကျွန်မတို့ အားပေးနေပါတယ်။
ဘဝ ဇာတ်ကြောင်း လေးတွေ ကိုရောပေါ့။
windtalker
January 17, 2012 at 10:03 pm
ကဗျာတွေကို မက်မောမိခဲ့တယ် ကိုထက်ဝေးရေ
ငတ်ငတ်ပြတ်ပြတ်နဲ ့တစ်နှစ်လောက် ကဗျာဆရာ လုပ်ခဲ့ဖူးတယ်ဗျ ။ တက္ကသိုလ်ကျောင်းသား တုန်းက ( အဲ့ဒါမို ့လည်း ကျလိုက်တဲ့ စာမေးပွဲကို )
အရက်သောက်လိုက် ၊ ကောင်းလာရင် ခံစားချက်တွေ ပြင်းလာပြီး
ကဗျာတွေ ချရေးလိုက် နဲ ့နေလို ့ထိုင်လို ့တော်တော် လွတ်လပ် ပေါ့ပါး သာယာခဲ့တာဗျ
မဂ္ဂဇင်းတိုက် ၃ တိုက်လောက် ပို ့တော့ ၊ တစ်ပုဒ်မှ အရွေးမခံရတဲ့နောက် တော့ ၊ ကဗျာ ကို ဇောက်ချ မရေးဖြစ်တော့ပါဘူးဗျာ ။
comegyi
January 17, 2012 at 10:25 pm
ကိုထက်ရေ့…….
ဒီကဗျာလေးကို ခင်ဗျားပြန်တူးပေးတဲ့အတွက်
ကျေးဇူးတင်တယ်ဗျာ…..
ဒီကဗျာလေး ဖတ်မိတာကြာပါပြီ
သောင်းပြောင်းထွေလာရယ်စရာမှာလို့ထင်တယ်
ခါခါ၊ ယာယာ၊ တာတာ ဆိုတဲ့ ကလောင်နဲ့
ကဗျာဖတ်ညွှန်းမှာဖတ်မိတယ်လို့ထင်တာပဲဗျ
ကဗျာနဲ့ပတ်သက်ရင်
ကျွန်တော်တို့လည်း မဝါပါဘူးဗျာ…..
ဦးဦးပါလေရာ
January 17, 2012 at 11:04 pm
ကိုထက်ဝေး……
အစလေးတွေ ဆွဲထုတ်ပြီး….
ရင်ထဲထည့်သွားတယ်….
“ကဗျာထဲက ဘဝလေးများတွေ..” ကို ဆွတ်ဆွတ်ပျံ့ပျံ့ မြင်လိုက်ရတယ်နော်….
တနေ့ .. ကြုံရင် …
ဘဝထဲက ကဗျာလေးတွေ..ကို လဲ …….။
Anzartone
January 18, 2012 at 10:59 am
ဆရာထက်ဝေး ပြောသလိုပဲ ကဗျာထဲက ဘဝလေးများထဲမှာ လွမ်းမော၊ နာကျင်ဖွယ်၊ အားတက်ဖွယ်လေးတွေ ရှိနေခဲ့ပါတယ်။ ဒီပို့စ်ကို ဖတ်ရင်း ကျွန်တော့်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးတွေကို ပြောပြပါရစေ ခင်ဗျာ။
ပို့စ်ကို စဖတ်လိုက်ချိန်မှာ အားတက်မှုတွေ ကျွန်တော့် ရင်ထဲမှာ စီးဝင်နေခဲ့တယ်။ ကဗျာကို ချစ်တတ်တဲ့ ကျွန်တော်လိုပဲ ကဗျာကို မြတ်နိုးတတ်တဲ့ ချစ်သူလေးတစ်ယောက် ကံကောင်း ထောက်မစွာနဲ့ အနားနား ရောက်လာခဲ့ရင်ဖြင့် … ဆိုပြီး တိတ်တခိုး တောင့်တလိုက်မိပါသေးတယ်။ အဲဒီလို တောင့်တမိပေမယ့် ကျွန်တော်ဟာ ကံဆိုးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။
နောက်တော့ … ကြည်နူးဖွယ် အချစ်နိဒါန်း လေးကို ဖတ်ရင်း ဖြစ်ပေါ်လာတဲ့ အားတက်မှုတွေဟာ အလွမ်းဓာတ်ခံရှိတဲ့ ကျွန်တော့် ရင်ထဲက ထွက်ခွာသွားကြတယ်။ ဟုတ်တယ်လေ … ချစ်သူနှစ်ဦးရဲ့ လွမ်းမောဖွယ် အကြောင်းအရာလေးက ကျွန်တော့် ရင်ထဲမှာ တိုးဝင်နေခဲ့ပြီပဲ … ။
နောက်တော့ … လွမ်းနေရာကနေ ဒေါသတွေ တလိမ့်လိမ့် တက်လာတယ်။ မျက်နှာမွဲ နေနေ၊ ဘာနေနေပေါ့။ လူ့အသက်တစ်ချောင်း ကယ် ကောင်းပါတယ်။ အဲဒီလို ဒေါသ ဖြစ်ရာကနေ ရှင်မဟာရဋ္ဌသာရ ရဲ့ ဆုံးမစာ ကို ဖြတ်ခနဲ သတိရလိုက်မိတယ်။ “ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ” …. ။
ကျွန်တော့် ရင်ထဲမှာ တံငါလှေကလေး နေရာ ယူလာခဲ့ပါပြီ။ အော် … သနားစရာပါလား။ စောစောက ဒေါသ ကနေ ဂရုဏာ ဖြစ်ခဲ့ရပြန်ပေါ့ ဆရာ ထက်ဝေး ရေ … ။
နောက်ဆုံးတော့ … ဆရာ မောင်စိန်ဝင်းရဲ့ ဖြောင့်ချက် ကဗျာ … အချစ်ဆိုတာ မျက်ရည် ချောင်းဖြစ်မှတဲ့လား … ။ ဒါကို … ကျွန်တော် လက်သင့်ခံရမလား။ ဒါမှမဟုတ် ခေါင်းခါပြရမှာလား ။ ကျွန်တော် မတွေးတတ်တော့ဘူး။ ကျွန်တော့်ကို အခါခါ ကစားခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေ …။ အဲဒီ ပုံရိပ်တွေကို နောက်ဆုံး အထပ်ထပ် ဖုံးဖိထားခဲ့ပေမယ့်လည်း တစ်ယောက်တည်း အတွေး နယ်ကျွံခဲ့တဲ့ ညဘက်တွေမှာတော့ သူမရဲ့ ပုံရိပ်တွေက ယောက်ျားတန်မဲ့ မျက်ရည် ကျစေတတ်ခဲ့တယ်။
အံစာတုံး