အလွန်အဆော့သန်သော ကျွန်မ (လွမ်းစရာ့အတိတ်)
ငယ်ငယ်တုန်းကအကြောင်း ပြန်တွေးမိတိုင်း ကစားမက်ခဲ့တာတွေကို ထင်ထင်ရှားရှားပြန်သတိရလေ့ရှိပါတယ်။ လမ်းမထွက်ပြီး ကစားနေရလျှင် ထမင်းမေ့ဟင်းမေ့ကစားလေ့ရှိပါတယ်။ ကျောင်းသွားရမှာကိုလဲ အလွန်ပျော်တယ်။ ကျောင်းမှာဆို လူများများနဲ့ပိုကစားလို့ကောင်းသည်လေ။ ဈေးကြီးနဲ့နီးပြီး ဈေးသည်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းကြတဲ့ ကျွန်မတို့မိသားစုမှာ ကလေးတွေကို သေချာဂရုစိုက်ဖို့ အချိန်မရကြပါဘူး။ အိမ်နီးနားချင်းကလေးတွေနဲ့ ဆော့ကစားရင်း ငယ်ဘဝတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။
ကျွန်မအတွက် ထူးထူးခြားခြား သတိရစရာတွေကတော့ မူလတန်းအရွယ်၏ နွေရာသီကျောင်းပိတ်ရက်များဖြစ်ပါတယ်။ ကျောင်းပိတ်ပြီဆိုတာနဲ့ မိဘတွေကထိန်းရသက်သာအောင် အဖိုးအဖွားအိမ်ကို ပို့ထားလေ့ရှိပါတယ်။ မြို့ပြင်မှာနေတဲ့ အဖိုးအဖွားအိမ်က အခုတွေးကြည့်လိုက်ရင် နိဗ္ဗာန်ဘုံလေးတစ်ခုလိုပဲ အေးချမ်းလွန်းလှပါတယ်။ ခြေတံရှည် သစ်သားအိမ်လေးတစ်လုံးမှာ ဖိုးဖိုးရယ် ဖွားဖွားရယ် ကျွန်မနဲ့ရွယ်တူ အစ်ကိုဝမ်းကွဲတစ်ယောက်ရယ် နေကြတယ်။ အိမ်ရှေ့မှာ ဝရန်တာနဲ့ အိမ်နောက်ဖက်မှာ ရေကပြင်လေးနဲ့ ထညင်းပင်ကြီးက ရေကပြင်ကို မိုးနေတာက နွေရာသီနေ့လည်တွေကို အေးမြစေပါတယ်။ တစ်ဧကလောက်ကျယ်ဝန်းပြီး သစ်ပင်ကြီးတွေအပြည့်ရှိတဲ့ ဖိုးဖိုးအိမ်က ကျွန်မအတွက် စစ်မြေပြင်လဲ ဖြစ်ခဲ့ပါတယ်။ နေအေးပြီဆိုတာနဲ့ သေနပ်တစ်လက်စီနဲ့ ကျွန်မတို့ မောင်နှမနှစ်ယောက် စစ်တိုက်တမ်းကစားကြပါတယ်။ ကျွန်မဖိုးဖိုးက အငြိမ်းစားစစ်သားတစ်ယောက်ဖြစ်ခဲ့တာမို့ ကျွန်မတို့ကို စစ်တိုက်တဲ့အကြောင်း ပုံပြင်တွေနဲ့ သူ့ကိုယ်တွေ့တွေကို ပြောပြလေ့ရှိပါတယ်။ အစ်ကိုက ကျွန်မနဲ့စစ်တိုက်တမ်းကစားရတာကို အားမရဖြစ်ပေမယ့် ဖိုးဖိုးက ညီမလေးကို ညှာရမယ်ဆိုလု့ိသာ သီးခံပြီး ကစားပေးနေရတယ်။
ကလေးစီးစက်ဘီးလေးတစ်စီးနဲ့ တစ်ခြံလုံးပတ်ပြီး စက်ဘီးစီးရတာလဲ ပျော်စရာကောင်းပါတယ်။ လမ်းမကြီးပေါ်တက်စီးချင်ပေမယ့် လုံးဝခွင့်မပြုတာမို့ ခြံထဲတင် ပတ်စီးကြရတယ်။ အစ်ကိုက ကျောက်ဂေါ်လီလုံးတွေနဲ့ ဂေါ်လီရိုက်နည်း၊ ကျင်းလေးတွေနဲ့ ကျင်းစိမ်နည်းတွေသင်ပေးပါတယ်။ အရုပ်လေးတွေထောင်ပြီး သရေပင်နဲ့ပစ်နည်းလဲ ကစားကြတယ်။ ဂျင်ပေါက်နည်းလဲ သင်ပေးတယ်။ မျောက်ရှုံးတဲ့ ကျွန်မတို့နှစ်ယောက်က သစ်ပင်ကြီး ၂ ပင်ကို ရွေးပြီး သစ်ပင်ပေါ်မှာတက်ပြီး ကစားကြသေးတယ်။ နို့ဆီခွက်ကို အပေါက်ဖောက်ပြီး တယ်လီဖုန်းဆက်တမ်းလဲ ကစားကြတယ်။
ခြံထဲမှာ မလကာပင်မျိုးစုံရှိတယ်။ မလကာချဉ်ပင်တွေမှာ မှည့်နေတဲ့အသီးတွေ အမြဲလိုလိုရှိတတ်တာမို့ ဗိုက်ဆာတာနဲ့ မလကာပင်ဆီ သွားလိုက်ရုံပဲ။ အူနီမလကာသီးပင်က အူနီသီးကလဲ အရမ်းမွှေးပြီး စားလို့ကောင်းတယ်။ အိမ်ထက်တောင်ပိုမြင့်တဲ့ ဇီးပင်ကြီးလဲ ရှိတယ်။ အောက်ကိုကြျွေကျတာကို ကောက်တာတောင် ပြည်တောင်းနဲ့ချိန်လို့ရတဲ့ အပင်ကြီးတစ်ပင်ကို သစ်ပင်ခွကြားအထိတက်ပြီး ကိုင်းကိုလှုပ်ရတာ အရမ်းပျော်တယ်။ ဖိုးဖိုးက စင်ကလေးတွေထိုးပြီး ပင်မှည့်သီးလဲ စိုက်ထားပေးပါတယ်။ ပင်မှည့်သီးတွေသီးပြီဆိုရင် သွားငေးကြည့်နေရာတာလဲ အလုပ်တစ်ခုလိုပဲ။ လတ်လတ်ဆတ်ဆတ်ပင်မှည့်သီး ဖျော်ရည်သောက်ရတာ ချဉ်ပြုံးပြုံးနဲ့ အမောပြေတယ်။ အငြိမ်းစားယူပြီးသားဖိုးဖိုးက တခြားလုပ်စရာသိပ်မရှိလို့ ခြံထဲမှာတင် သစ်ပင်တွေကို ပြုစုတဲ့အလုပ်လုပ်တယ်။ အိမ်မှာစားဖို့ ခရမ်းသီးပင်၊ ခရမ်းချဉ်သီးပင်လေးတွေ စိုက်ထားလေ့ရှိပါတယ်။ ကစားနည်းတွေသင်ပေးတယ်။ ကြက်တောင်ရိုက်နည်းသင်ပေးတယ်။ စားပွဲကြီးတစ်လုံးနဲ့ စားပွဲတင်တင်းနစ်ရိုက်တတ်အောင်လဲ သင်ပေးခဲ့ပါတယ်။ ရေဒီယိုအမြဲနားထောင်တတ်တဲ့ဖိုးဖိုးကြောင့် စနေ၊ တနင်္ဂနွေလာတတ်တဲ့ ပုံပြင်လက်ဆောင်အစီအစဉ်ကို ကျွန်မအမြဲစောင့်ပြီးနားထောင်တတ်ခဲ့ပါတယ်။
အပင်တွေအများကြီးထဲမှာမှာ ကျွန်မအကြိုက်ဆုံးအပင်ကြီးကတော့ လေပွေပင်ပါပဲ။ လေပွေသီးလေးတွေ ကြွေကျပြီး အိမ်ထဲအထိဝင်လာလေ့ရှိပါတယ်။ လှေကလေးလိုပုံလေးနဲ့ အစေ့ ၂ ခုပါတဲ့ လေပွေသီးလေးတွေကို ကျွန်မတစ်သက်လုံးသတိရနေပါတယ်။ လွှင့်နေတာလေးက ကြည့်လို့ကောင်းတယ်။ စားလိုက်ရင်လဲ စိမ့်စိမ့်လေးနဲ့ အရသာရှိတယ်။ ကျွန်မဖွားဖွားကတော့ လဲမှို့ပင်က မှို့တွေကိုခူးပြီး အခြောက်ခံပြီး ဒလက်လေးနဲ့ မှို့လုပ်တယ်။ ကျွန်မတို့နှစ်ယောက်က အမြဲဝင်ရှုပ်လေ့ရှိပါတယ်။
ညဘက်ရောက်ရင် ဖိုးဖိုးနဲ့ဖွားဖွားက ပုံပြင်တစ်လှည့်စီပြောပြပါတယ်။ ကျွန်မအစ်ကိုက သူကြားဖူးတဲ့ သရဲဇာတ်လမ်းတွေကို ပြောပြတယ်။ ထူးဆန်းတဲ့အကြောင်းအရာတွေလဲ ပြောပြလေ့ရှိပါတယ်။ တီဗီမမြင်ဖူးသေးတဲ့အချိန်မှာ ရေဒီယိုနားထောင်ရင်း၊ ပုံပြင်နားထောင်ရင်း၊ ဘုရားရှိခိုးသံနဲ့ အိပ်ပျော်ခဲ့ရတဲ့ ကလေးဘဝအချိန်တွေက အပူအပင်ကင်းလွန်းပါတယ်။
အမှတ်တရနောက်တစ်ခုက လေးဂွတစ်ချောင်းဖြစ်ပါတယ်။ ဖွားဖွားက ငါးတွေလှန်း၊ အသီးအနှံတွေလှန်းလေ့ရှိတဲ့အခါ ကျီးကန်းတွေလာစားလေ့ရှိတယ်။ ဖိုးဖိုးက ဂွတစ်ချောင်းနဲ့ ပစ်ပါတယ်။ ကျွန်မအစ်ကိုက အဲဒီလေးဂွကို အရမ်းသဘောကျတယ်။ လေးခွတစ်လက်နဲ့ ငှက်ပစ်ချင်တဲ့စိတ်ရှိတယ်။ လစ်ရင်လစ်သလို လေးဂွကိုင်ပြီး ငှက်လိုက်ပစ်တယ်။ ကျွန်မကလဲ ဘုမသိဘမသိ သူလုပ်သလို လိုက်လုပ်တာနဲ့ လေးဂွပစ်တတ်ခဲ့ပါတယ်။
နောက်ထပ်အမှတ်ရစရာက ဘောင်ဘောင်လို့ခေါ်တဲ့ကစားစရာတစ်ခုဖြစ်ပါတယ်။ ဝါးသေးသေးလေးကို အတံလေးနဲ့ ထည့်ထိုးရတဲ့ ကစားစရာပါ။ မြရာသီးအစေ့တွေကို အပေါက်ထဲထည့်ပြီး အတံလေးနဲ့ထိုးလိုက်ရင် ပေါင် .. ပေါင် လို့မြည်ပါတယ်။ မိုးဦးရာသီ မြရာသီးသီးချိန်တွေမှာ ဖိုးဖိုးလုပ်ပေးလေ့ရှိတဲ့ ကစားစရာတစ်မျိုးဖြစ်ပါတယ်။
ဖိုးဖိုးခြံရဲ့အနောက်ဘက်မှာ လူလုံးဝမနေတဲ့တောကြီးလိုဖြစ်နေတဲ့ခြံကြီးတစ်ခြံရှိပါတယ်။ ၁ဝ ဧကကျော်မယ်ထင်ပါတယ်။ ကုန်းမြင့်ကလေးတွေလဲ ရှိတယ်။ ဂျောက်ကြီးတွေလဲရှိတယ်။ ကျွန်မတို့စစ်တိုက်ခြင်းကို တစ်ခါတစ်လေ ပိုပီပြင်အောင် အဲဒီတောကြီးထဲအထိ သွားပြီး ကစားကြတယ်။ ကျွန်မတို့ ၂ ယောက်ထဲတော့ သွားခွင့်မရှိဘူး။ တခြားဆွေမျိုးတွေလာလည်လို့ ကလေးတွေတင်မက ခပ်ကြီးကြီးကလေးတွေပါပါတဲ့အခါ ခဏသွားကစားခွင့်ရပါတယ်။ အဲဒီတောကြီးထဲမှာ စစ်တိုက်တမ်းကစားခဲ့ရတာတွေကတော့ ကျွန်မတစ်သက် ဘယ်တော့မှမေ့မှာမဟုတ်တဲ့၊ ဘယ်လိုမှပြန်မရနိုင်တော့တဲ့ အတိတ်က လွမ်းမောစရာအရိပ်များသာဖြစ်ပါကြောင်း …..
(လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ကာလတွေပါ။ အခုတော့ အဖိုးအဖွားတွေလဲ ကွန်လွန်သွားတာကြာပါပြီ။ ဖိုးဖိုးခြံလဲအပိုင်းပိုင်းနဲ့ အိမ်ကလေးတွေအများကြီးဖြစ်သွားပြီ၊ ၁ဝ ဧကလောက်တောကြီးလဲ သစ်ပင်တွေကုန်၊ တောင်ဂမူတွေလဲ မြေကြီးရောင်းစားလို့ မြေပြန့်ဖြစ်ပြီး ရပ်ကွက်တစ်ခုဖြစ်သွားခဲ့ပါပြီ ..)
36 comments
weiwei
January 17, 2012 at 1:47 pm
aye.kk ရေးတဲ့ လွမ်းရသည့်နွေဦးရာသီကာလများကိုဖတ်ပြီး ကျွန်မလဲ ကလေးဘဝ (အသက် ၅ နှစ်မှ ၁ဝ နှစ်ကြား) ကာလတွေကို လွမ်းသွားတာနဲ့ အမှတ်တရ ရေးလိုက်ပါတယ် …
အသက် ၁ဝ နှစ်နောက်ပိုင်း နွေကျောင်းပိတ်ရက်တွေကတော့ ကျူရှင်တွေနဲ့ ဝတ္ထုစာအုပ်တွေနဲ့သာ အချိန်ကုန်ခဲ့တာမို့ သိပ်ပြီးမလွမ်းမိပါဘူး …
Moe Z
January 17, 2012 at 1:57 pm
မမဝေရဲ့ငယ်ဘဝကိုဖတ်ပြီး မိုးစက်လည်းငယ်ငယ်ကအကြောင်းတွေကိုပြန်သတိရသွားပြီ 🙁
သူငယ်ချင်းတွေရော နေခဲ့ရတဲ့မြို့လေးတွေရော၊ ရောက်ခဲ့ဖူးတဲ့ရွာလေးတွေကိုရော
အကုန်လွမ်းတယ်…
အဆော့မက်တာလည်း အတူတူပဲ မမဝေရေ
သေချာတာတစ်ခုကတော့ အဆော့သန်တဲ့ကလေးတွေက ဉာဏ်ကောင်းတယ် 😀
weiwei
January 17, 2012 at 2:21 pm
အဆော့သန်တာတော့ အလွန်ပဲ … ၅ တန်းနှစ်က ကျောင်းစိမ်းစကတ်ကြပ်နေလို့ ချွတ်ပြီးကစားတာ စကတ်ပျောက်သွားလို့ အိမ်ကို ဘောင်းဘီတိုနဲ့ ပြန်ခဲ့ရတယ် … 🙂
မူလတန်းအလယ်တန်းတွေမှာတော့ ဉာဏ်ကောင်းခဲ့တယ် … အဆော့မမက်တော့တဲ့ အထက်တန်းအရွယ်ကစပြီး ဉာဏ်ထိုင်းသွားလိုက်တာ အခုထိပဲ …
မှော်ဆရာသိန်း
January 17, 2012 at 2:51 pm
အနော်လဲ အဆော့သန်တယ် အနော့်သားသားလဲ အဆော့သန်တယ် …
htet way
January 17, 2012 at 2:00 pm
အခုမှသတိရလာတယ်
ရွာကခြံထဲမယ် ကစားတုံးက ထုပ်စီးတိုးတန်း
ပြဿနာက လှမ်းပုတ်..နင်ယုတ်တယ်လို့ပြောတဲ့ ကလေးမ
မိအေး…….ဘယ်မှာလဲ …ဘယ်မှာလဲ။
မဝေဝေက စာရေးကောင်းတယ်
သို့သော် လေးဂွ ပစ်တတ်သူဆိုတော့ လက်နက်ကိုင်တတ်သူပေပဲ
ဒါဆိုရင်တော့ သားက လက်နက်ဆိုကြောက်တယ်။
weiwei
January 17, 2012 at 2:09 pm
ကျွဲဂျိုနဲ့လုပ်ထားတဲ့ လေးဂွနော်… ချောမွတ်ပြီး လှတယ် ..
လောက်စာလုံးတွေကို ရွှံ့တွေနဲ့လုံးပြီး နေပူလှမ်းပြီး သုံးတယ် … ရွှံ့တွေပေလူးနေတဲ့ ကလေးတွေပုံကို မြင်ယောင်ကြည့်ပေါ့ … 🙂
ဂျင်ကလိလဲ သုံးတတ်တယ်နော် … ဟင်းးးးးး သတိရလာပြီ …..
Diamond Key
January 17, 2012 at 2:08 pm
မဝေရေးထားတာလေးတွေ (အရေးကလည်းကောင်းလွန်းလို့) ဖတ်ရတော့ ငယ်ဘဝမှာ မိဘဝန်ထမ်းပြောင်းနောက် တစ်ကောက်ကောက်လိုက်ကာ ကွန်ကရစ်တောနဲ့ အလှမ်းဝေး၊ မြို့ငယ်လေးတွေမှာပဲ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော့အတွက်တော့ တစ်ကယ့်ကို လှိုက်လှိုက်လှဲလှဲ ကွင်းကွင်းကွက်ကွက် ငယ်ဘဝ စာမျက်နာတွေ ပြန်မြင်ယောင်လာမိပါတယ်ဗျာ။ 😀
pooch
January 17, 2012 at 2:21 pm
မမဝေရေ ကျမကတော့ အဆော့သန်ရုံတင်မက အငြင်းပါသန်တယ် ငြင်းရမယ်ဆို ၂ယောက်မရှိဘူး စကားကိုး စကားကပ်လည်း သိပ်ပြောတတ်တာ
အဲ့ဒီအကျင့်ကြီး အတော် ဖျောက်ယူထားရတယ်
ကျမ ငယ်ငယ်က ဇာတိ တောင်ငူခြံကြီးထဲမှာ ၈ နှစ်လောက်ထိနေခဲ့ရတယ် စားပင်တွေ မရမ်းပင်တွေ ကွမ်းပင်တွေ သရက်ပင်တွေ အရမ်းနက်တဲ့ ရေတွင်းကြီးရယ် ကျောက်စည်ရေကန်ကြီးရယ် ခြံကြီးထဲပတ်ပြီး ပြေးလွှားဆော့ခဲ့ရတာရယ် အလွတ်လပ် အပေါ့ပါးဆုံးပဲ
ကျမဘဝမှာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝအမှတ်တရတွေပါ
မရမ်းပင်ဆိုတာ တနှစ်ကို ပုတ်ပြတ်ရောင်းရတဲ့ အထိကို ပေါတာ
ခုတော့ အပင်ဆိုလို့ ခြံရှေ့စိုက်ထားတဲ့ နှင်းဆီပင်က အကြီး ဆုံး ဖြစ်နေပါပြီ
အဲ့လောက်ကျယ်တဲ့ ခြံဝင်းကြီးနဲ့ နေခဲ့ဖူးတယ်ဆိုတာ မယုံရင် ပုံပြင်လို့တောင် မှတ်ရတော့မှာပါ
ခြံကြီးကိုရောင်းတုန်းကလည်း ကျမက ခပ်ငယ်ငယ်ဆိုပေမဲ့ နှမြောစိတ်နဲ့ ငိုမိခဲ့ပါတယ်
” တရွာမပြောင်း သူကောင်းမဖြစ်တဲ့ ” မမဝေရယ် ကျမတကယ်ရော ကောင်းနေရဲ့လား ကိုယ့်ဖာသာကိုယ်တောင် မသေချာပါဘူး 🙁
weiwei
January 17, 2012 at 2:30 pm
ကျွန်မရေးခဲ့တဲ့ ၁ဝ ဧကလောက်ခြံကြီးဆိုတာ သန်လျင်မှာရှိခဲ့ပါတယ် … လူဟောင်းတွေသိနိုင်တဲ့ မစိုးရိမ်ခြံကြီးပေါ့ …
အခုနောက်မျိုးဆက် (တူ တူမတွေ) ကတော့ ပေ ၄ဝ .. ၆ဝ ခြံဝင်းလောက်နဲ့ပဲ နေနိုင်ပါတော့တယ် … သစ်ပင်နဲနဲစိုက်ဖို့ မြေနေရာရှိသေးလို့ တိုက်ခန်းနေဘဝလောက်တော့ မဆိုးကြသေးဘူး …
သူတို့ဘဝက ကွန်ပျူတာ၊ တီဗီ၊ ဂိမ်း၊ ကျောင်းစာတွေနဲ့ မြေကြီးပေါ်တောင် နင်းဖို့အချိန်မရအောင်ပါပဲ …
အဲဒါကြောင့် သူတို့ကိုပြောပြရင် ပုံပြင်လို့ပဲ မှတ်ကြမှာ …
thit min
January 17, 2012 at 2:27 pm
တောက်လျှောက်ဖတ်လာလိုက်တာ မှာ အဲဒီခြံကိုဝယ်ချင်စိတ်ပေါက်လာ၊
ဆက်ဖတ် ဆက်ဖတ်နဲ့ အောက်ဆုံးကြတော့ ခြံက မရှိတော့ဘူး တဲ့။
ရိုလာကိုစတာ စာရေးနည်း ဘဲ။ သိပ်ကောင်းပါတယ်လို့။
weiwei
January 17, 2012 at 2:44 pm
ခြံက မရှိတော့လို့ လွမ်းစရာ့အတိတ်ဖြစ်သွားပါတယ် … အခုထိသာရှိသေးရင် တော်တော်အဖိုးတန်မှာ …
ဂျက်ကီချီးပေ
January 17, 2012 at 2:30 pm
ကျုပ်လဲ ဒညင်းသီးအိုးစိမ် မျှစ်ချဉ် သစ်တိုသီးအိုးစိမ် ရောင်းတဲ့ ဈေးသည်မျိုးရိုးဘဲ
ကျုပ်တို့ငယ်ငယ်တုန်းကလည်း သူလိုကိုယ်လို ကလေးသဘာဝကစားတာဘဲ
မြန်မာရုပ်ရှင်ထဲက ဇာတ်မင်းသားတွေလို သိုင်းချတမ်းကစားတယ်
တခီးယို့ အု ( ချ် ) ဆိုပြီးဗမာသိုင်းတွေနဲ့ချတယ်
ဒိုင်းညောင့် တခီးညောင့် ဆိုပြီး သေနတ်ပစ်တမ်းကစားတယ်
ဒီလိုနဲ့ တရုက်ကားတွေ ကြည့်ပြီး ကျုပ်တို့ သိုင်းကွက်တွေပြောင်းလာတယ်
ရွှပ်ရွှပ်ဆိုပြီး တရုပ်သိုင်းတွေနဲ့ချကြရော
နောက်
RAMBO ဇာတ်ကားကြည့်ပြီး သေနတ်ကိုတစ်ချက်ခြင်း မပြစ်တော့ဘူး
ဒက်ဒက်ဒက်ဒက် အူးအူးအူးအူး ဒုဒုဒုဒု ဘူးမ်းးးး ဆိုပြီး လင်နက်ကြီးတွေနဲ့ပါထုကြတာ
ကျုပ်ဘယ်တော့မှာ မမေ့တဲ့ ကျုပ်အသဲစွဲ ကစားနည်းလေးတစ်ခုတော့ရှိတယ်
လင်မယားလုပ်တမ်းဂဂျားဒါ 😀 😀 😀
weiwei
January 17, 2012 at 2:41 pm
ကျွန်မမောင်လေး နဲနဲကြီးလာတော့ ကိုချီးပေပြောသလိုနည်းတွေနဲ့ ကစားကြရတယ် … မကစားချင်ပေမယ့် သူအဖော်မရှိလို့ အတူသိုင်းကွက်ချပေးခဲ့ရသေးတယ် …
တီဗီဂိမ်းပေါ်လာတော့မှပဲ ကျွန်မလဲ သိုင်းကစားရပ်ရပါတော့တယ် ….
လင်မယားလုပ်တမ်းတော့ မကစားဖူးပါဘူး …
ဆရာမလုပ်တမ်း … ဆရာဝန်လုပ်တမ်း … မုန့်လုပ်တမ်း … စုံလို့ပါပဲ …
windtalker
January 17, 2012 at 8:05 pm
ဂျက်ဂျီး က လင်မယားလုပ်တမ်း ဂဂျားဘူးဒယ်ဆိုလို ့
အဲ့ဂဂျားနည်း က ဘို ဂဂျား ရဒါလဲ ဆိုတာ
သိချင်မိပြန်ရော
ပြောပြစေချင်စမ်းပါဘိ
htet way
January 17, 2012 at 2:34 pm
ဂျင်ကလိလား…သိတယ်သိတယ်
အော်စွမ်းချက်က မလွယ်ပါလားကွယ်
မဝေရေ ဆက်ပြီးပဲအတိတ်ကိုလွမ်းပါနော်
သတိရပြီဆိုတော့ ဒေါသထွက်စရာတွေပဲလား သားနေတာ သံလျျှင်မဟုတ်ပါ
ဧရာဝတီတိုင်းဒေသကြီးပါခင်ဗျာ။
nozomi
January 17, 2012 at 4:08 pm
မဝေကြီး စာတွေဖတ်ပြီး ခဏလောက် ကလေးဘဝ ကို ပြန်ရပြီး ၊ စိတ်ထဲမှာ ပျော်လာသလိုလို ဖြစ်ပြီး နေလို့လဲကောင်း ပေါ့လဲသွားသလိုပဲ
ကျွန်တော့်ကလေးဘဝတစ်လျှောက်လုံးကလဲ အဝန်းအဝိုင်းကြီးထဲမှာ ရွယ်တူကလေး ၁၅၊၂ဝ လောက်နဲ့ နေခဲ့ရတော့ ၊ ဆော့နည်းပေါင်းစုံပေါ့ ၊ ဘောင်ဘောင် ဆို အဲဒီဝါးလေးထဲကို စက္ကူရေစွတ်တာထည့် နောက်ကတုတ်ချောင်းနဲ့ထိုး တော့ စက္ကူက ကျည်ဆံပုံမျိုးဖြစ်သွားပြီး အသံလဲထွက် တစ်ဖက်လူကိုလဲ နဲနဲနာအောင် ပစ်လို့ရတယ် ၊ နောက် သူများအိမ်ပျက်ကပစ်ထားတဲ့ ဝါး၊ဓနိ အဟောင်းတွေ ငှက်ပျောရွက်တွေနဲ့ အိမ်ဆောက်တိုင်းကစားတယ် ၊ တကယ်က အင်ဂျင်နီယာဖြစ်ချင်တာ စာညံ့တော့ မဝေကြီးလို အင်ဂျင်နီယာ ဖြစ်ခွင့်မရခဲ့ဘူး ၊ ကစားနည်းတွေ ဆက်စဉ်းစားရင် နောက်တစ်ရက်ကူးသွားမယ်
အခု ကျွန်တော့ကလေးတွေကျ ပတ်ဝန်းကျင်မှာ ရွယ်တူ ကလေးကမရှိ၊ ကျွန်တော် ငယ်ငယ်ကလို ဆော့ဘို့ ပတ်ဝန်းကျင်လဲမရှိ ၊ အချိန်လဲမရှိနဲ့ တစ်ခါတစ်ခါတော့ သနားမိတယ် ကလေးတွေ စာချည်း မလုပ်ပဲ ကလေးအရွယ်မှာ များများ ကစားစေချင်ပေမဲ့ ခေတ်ကိုမလွန်ဆန်နိုင်တော့ ကျောင်း ကျူရှင် ဆိုတာကို လက်ပိုက်ကြည့်နေရတယ် ၊ တခြားလူတွေ ဘယ်လိုခံစားမိလဲမသိပေမဲ့ ကျွန်တော်ကတော့ သူ့တို့ကို သနားမိတယ်
ဖတ်နေရင်း စိတ်ပျိုသွားစေတာမို့ ကျေးဇူးပါနော
MaMa
January 17, 2012 at 4:16 pm
ဝေဝေ ပြောမှပဲ ကိုယ်ငယ်ငယ်က အားကစားမှာ လူရည်ချွန်ဖြစ်ခဲ့တာကို သွားသတိရတယ်။
ပြေးရင်လည်း နောက်ဆုံးက။ ပြိုင်ပွဲဝင်ဖို့ဆိုတာ ဝေလာဝေး။
ကျောင်းတွင်းအားကစားပြိုင်ပွဲလုပ်တော့ သူငယ်ချင်းတွေ ဝင်ပြိုင်မှာမို့ ကိုယ်လည်း လိုက်ချင်တော့ ပြေးတာနဲ့ ခုန်တာတော့ မလုပ်နိုင်ဘူး။
(ကိုယ့်ဗလကိုယ်အားကိုးပြီး) သံလုံးပစ်ပြိုင်ဖို့လုပ်တော့ လူရွေးပွဲတောင် မအောင်ဘူး။
တော်ချက်က။ 😆
စုံ စုံ
January 17, 2012 at 4:33 pm
မဝေရဲ့ ငယ်ဘဝကပျော်စရာကြီးနော်
ကျမဆို ငယ်ဘဝကိုဘယ်လိုပုံဖော်ပြီးလွမ်းရမှန်းတောင်မသိဘူး
ငယ်ငယ်ကသိပ်မှမဆော့ခဲ့ရတာ အိုးပုပ်လေးတွေနဲ့ တခါတလေမှ
လမ်းထဲကသူငယ်ချင်းတွေနဲ့နဲနဲပါးပါးလောက်ဆော့ခဲ့ရတော့
လွမ်းစရာမကောင်းဘူး
ခြံကျယ်ကြီးထဲမှာ မဝေအားရပါးရဆော့ခဲ့ရတာတွေတော့ အရမ်းအားကျတာဘဲ
အခုချိန်မှာ အဲ့လိုခြံကျယ်ကျယ်တော့လိုချင်သား ဆော့ဖို့တော့မဟုတ်တော့ပေမယ့်
အသက်ကြီးလာရင် မဝေရဲ့ဖိုးဖိုးဖွားဖွားတို့လို အေးဆေးနားနေချင်လို့
naywoonni
January 17, 2012 at 5:07 pm
မဝေ စာဖတ်မိတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းကိုပြန်သတိရတယ်…။ ဟုတ်တယ်ဗျာ ……ငယ်ဘဝ ဆိုတာ ပြန်မရတော့မှန်းသိလေ တမ်းတလေ… ပိုသတိရလေပဲ…။
aye.kk
January 17, 2012 at 8:55 pm
ဝေဝေရေ..အမငယ်ငယ်ကပေါ့နော်..
ဘကြီးတို့ပြည်သူပိုင်အသိမ်းခံရပြီးမှ
ပြန်ရထားတဲ့ဂိုဒေါင်ကြီးတစ်လုံးရှိတာပေါ့နော်..
အဲဒါကိုအစိုးရကိုပြန်ငှားထားတဲ့လယ်စိုက်ရှင်းရုံးဆိုတာရှိတယ်..
ဆရာဝန်တင်ရွှေရေးတဲ့သူရဲခြောက်သောအိမ်ကြီးကိုဖတ်ပြီး..
ဆန်ရုံးကဝန်ထမ်းတွေကိုသူငယ်ချင်းနဲ့နှစ်ယောက်ပေါင်းပြီး..
သူရဲသွားခြောက်ခဲ့ဘူးပါတယ်..ဂိုဒေါင်အနေထားကိုငယ်ငယ်ထဲက
ကျွမ်းဝင်ရင်းနှီးထားတာလဲပါပါတယ်..
သူရဲအခြောက်တော်ခဲ့လို့ပထမတော့ရုံးဝန်ထမ်းလူကြီးတွေမရိပ်မိဘဲ
တကယ်အခြောက်ခံရတယ်အောင်းမေ့တာပေါ့နော်..
အဲဒီအချိန်လောက်ဘဝမှာပျော်စရာကောင်းတာမရှိတော့ဘူးပေါ့နော်..
နောက်ပိုင်းမှာလူကြီးတွေကိုအစလွန်သွားလို့ဇဝေဇဝါဖြစ်မှသာလူလားသူရဲလားဆိုပြီး
စောင့်ဖမ်းတော့တယ်၊လူကြီးတွေကအသံကြားချိန်ကိုနားစွင့်ထားရင်းနေတယ်..
အဲဒီမှာသူတို့ရုံးမှာသုံးတဲ့ရေပုံးကိုတစ်ခြားနေရာထားဘို့အလုပ်မှာအောက်ကိုပြုတ်
ကျရင်းအသံမည်သွားတယ်၊လူမှန်းသိသွားမှသာစောင့်ဖမ်းခဲ့တယ်..
သူငယ်ချင်းနဲ့နှစ်ယောက်သား၊ဂိုဒေါင်အထပ်ခိုးမှာဝမ်းလျှားမှောက်ပုန်းနေပေမယ့်၊
တစ်နေကုန်နီးပါးဖြစ်ပြီးမနေနိုင်လို့အောက်ကိုခုန်းဆင်းချတော့မှ
လိမ့်ကျပြီးဒူးဂေါင်းပြဲသွားကာလူကြီးတွေမိသွား
တော့တယ်..(ဒါပေမဲ့သည့့်)၊ရုံးပိုင်ရှင်ရဲ ့ဆွေမျိုးရင်းခေါက်ခေါက်ကြီးဆိုတော့..
ပြဿနာမရှာတော့ဒါဘဲသိတယ်..ကိုယ်လုပ်တာ(ကြံရွယ်တာ)အောင်မြင်တဲ့နေ ့
လေးကအပျော်ဆုံးနေ့ဖြစ်ခဲ့တာကိုခုထိမမေ့နိုင်ဘူးပေါ့နော်..။(သူရဲဘယ်လိုခြောက်ခဲ့ရသလဲ
ဆိုတာကတော့ပဟေဠိဆန်စွာလုပ်ခဲ့ရပါတယ်)
Khin Latt
January 17, 2012 at 9:47 pm
ဝေဝေ ရေ – ဝေ့ စာတွေ ဖတ်ပြီး ဘယ်လောက် ဆော့မဲ့ ကလေးမလေးလဲလို့ မြင်ကြည့်နိုင်ပါတယ်။
အဲကို ငယ်ငယ် က လွတ်လွတ်လပ်လပ် ဆော့ခွင့် ရခဲ့လို့ ပိုပြီး ဉာဏ်ကောင်းတာ နေမယ်။
အခုကာလ ကတော့ ဟိုးတုန်းက ရိုးရိုးသားသား နဲ့ ကြိုးစား ရှာထား သူတွေ ဟာ သူတို့ ရဲ့ ပစ္စည်းတွေ၊ ခြံမြေ တွေ ထုခွဲနေရသူ တွေများပါတယ်။
ဘိုးဘွားပိုင် ရယ်လို့ မထိမ်းနိုင်ကြတော့ဘူး။
မမ ရေ – အဖော်ရှိတယ်လို့ မှတ်လိုက်စမ်းပါ လေ။ 🙂
အစ်မအေး – အဲဒီ သူရဲခြောက်တမ်း လေးအကြောင်း မျှပါဦး။ ရီရအောင်လို့။
weiwei
January 17, 2012 at 10:42 pm
ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းစာဆိုတာ ကျောင်းခန်းထဲမှာတင်ပဲ ပြီးတာပဲ …
အိမ်ရောက်တာနဲ့ ကစားတော့တာပဲ … ကစားနည်းပေါင်းစုံ ကစားတယ် … ညီမလေးနဲ့ စောင်ကို ဗလာထမိန်လုပ် ကုတင်ကို ဇာတ်စင်လုပ်ပြီး ကတမ်းခုန်တမ်းကစားတယ် … ရွှံတွေနဲ့ မုန့်လုပ်တမ်းကစားတယ် … စက်ဘီးအစီးကောင်းလို့ လက်ကျိုးဖူးတယ် … အမြဲတမ်းခုန်ပေါက်နေလို့ ကျန်းမာရေးလဲ ကောင်းတယ် … ဉာဏ်လဲရွှင်တယ် …
အစိုးရဝန်ထမ်းဘဝကနေ ပင်စင်ယူပြီးရင် စားဝတ်နေရေးနဲ့ ကျန်းမာရေးစရိတ် ခေတ်နဲ့အမှီလိုက်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ပိုင်ဆိုင်တာလေးတွေ ရောင်းစားကြရတဲ့အဖြစ်အပျက်တွေ အများကြီးပါပဲ …
Kyithur Tun
January 17, 2012 at 10:58 pm
ငယ်ငယ်က ကစားခဲ ့တာတွေကိုသတိရမိတယ် ငယ်ဘဝကအကြောင်းအရာတွေကိုသတိရမိတယ်ဗျာ ကျေးဇူး
ဦးဦးပါလေရာ
January 18, 2012 at 12:10 am
အဲဒီအရသာမျိုးကို ဒီခေတ်က ကလေးတွေ မရနိုင်တော့ဘူး။
နေရာလဲမရှိ၊ အချိန်လဲမရှိ၊ အခွင့်အရေးလဲမရှိတော့ဘူး။
ကျုပ်တို့ခေတ်နဲ့ သူတို့ခေတ် ဘယ်ဟာက ပိုကောင်းသလဲ ??
ဒီပိုစ့်လေးဖတ်ပြီး အများကြီးတွေးမိသွားတယ်။
ကြောင်ကြီး
January 18, 2012 at 10:01 am
အန်တီဝေ ငါးတန်းနှစ်ကပျောက်သွားတဲ့ စကတ် ဆက်ဒမ်ဟူစိန်လက်ထဲ ရောက်သွားလို့ အမေရိကန်ခင်မျာ မနည်းရှင်းယူရတယ်။ ၁၉၉ဝ ပင်လယ်ကွေ့ စစ်ပွဲတုန်းက အန်တီမှီ့အမျိုး အစ္စရေးတွေ စကတ်စာ အကျွေးခံရတာ ဘယ်ပြောကောင်းမလဲ။
နွယ်ပင်
January 18, 2012 at 10:54 am
ငယ်ငယ်တုန်းကဆိုရင် နွယ်ပင်တို့က တော်တော်လေးကို အဆော့သန်တာ
တစ်ခါကလည်း မှတ်မှတ်ရရ TVမှာ လေထီးစစ်သမီးဇာတ်ကားလာပြီး နောက်နေ့မှာ
သူငယ်ချင်းတွေနဲ့ ကစားတာ ပြတင်းပေါက်က ခုန်ချရင်း ဘောင်နဲ့ စကတ်နဲ့ညှိပြီး
တန်းလန်းကြီးဖြစ်နေလို့ အတင်းရုန်းပြီးခုန်ချတာ ဒူးရောစပ်ကပ်ရောပြဲလို့ အမေက မိန်းကလေးဖြစ်ပြီး ဒီလောက်ဆော့ရသလားဆိုပြီး ထပ်ပြီး ဩဘာပေးခံရသေးတယ် …. 😛
ငယ်ငယ်တုန်းက အကြောင်းလေးတွေပြန်တွေးရင် အမြဲတမ်းအနာတရနဲ့ တစ်ခုခုဖြစ်ပြီဆိုတာကတော့
မပါမဖြစ်ဘဲ ဒါပင်မယ့် အဲတုန်းက အချိန်လေးတွေကိုတော့ တော်တော်လေးလွမ်းတယ် …………
yaungchikha
January 18, 2012 at 1:06 pm
မမအေးရေးတဲ့ လွမ်းရသည့်နွေဦးရာသီကာလများကိုဖတ်ပြီး ကလေးဘဝကို ပြန်အောက်မေ့နေမိတာ၊
မမဝေရေးလိုက်တဲ့ အလွန်အဆော့သန်သော ကျွန်မ (လွမ်းစရာ့အတိတ်) ကိုဖတ်ရပြန်တော့ သတိရတမ်းတလို့ပဲရနိုင်ပြီ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အတိတ်တွေထဲမှာ ငယ်ဘဝကို
ပြန်လွမ်းသွားမိတယ်…………
ginny
January 18, 2012 at 1:20 pm
မဝေရဲ့ ငယ်ဘဝက ပျော်စရာကောင်းလိုက်တာ အရမ်းအားကျတာပဲ။ ginny ကတော့ငယ်ငယ်ကတည်းက လှုပ်လှုပ်ရှားရှားကစားတာသိပ်မရှိပဲ အမြဲတမ်းကာတွန်းတွေ၊ ပုံပြင်တွေပဲဖတ်နေခဲ့လို့လားမသိဘူး အခုအရွယ်ရောက်တော့ မျက်မှန်လည်းတပ်ရတယ်။ လူကလည်း အငယ်တွေထက်တောင် သေးနေသေးတယ်…:)
ကိုပေါက်(မန္တလေး)
January 18, 2012 at 2:03 pm
မဝေ
ဒါမျုိုးလေးတွေများများရေးနော်။
ဘိုထီးက ဆိုသွားတယ်
ငယ်စဉ်က ကလေးတို့ဘဝမှာပျော်ပါးဘို့ရာ လွယ်ပါတယ်…………
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ့……………………….
စားချိန်မှာဝင်စားမယ်
အိပ်ချိန်မှာဝင်အိပ်မယ်…………တဲ့
အခုတော့ လက်တွေ့ဘဝ အိပ်ချိန်မှာအလုပ်တွေလုပ်နေရတယ်ဗျာ။
Phaung Phaung
January 18, 2012 at 2:08 pm
ဟုတ်တယ်နော်…PP တို့ကလေးဘဝကလဲ အရမ်းဆော့တာ… ကျောင်းပိတ်ရက် အမေ့ဘက်ကရွာကို အလည်သွားရင် ရွာကလူတွေက ရန်ကုန်မျောက်တွေလာပြီလို့တောင် ပြောယူရတယ်… အကိုနဲ့pp ရယ်၊ မောင်တဝမ်းကွဲလေးရယ် (3)ယောက်အမြဲသွားနေကျလေ။ ယောက်ျားလေးတွေနဲ့ကို အပြိုင်ဆော့တာ… မဝေတို့အတိုင်းပဲ ……. ကောက်ရိုးပုံပေါ်ကနေ ကျွမ်းထိုးချပြီးဆော့တာ ညဘက်မှာ တစ်ကိုယ်လုံး ကောက်ရိုးရှပြီး စပ်ဖျဉ်းဖျဉ်းနဲ့ တညလုံးကုတ်နေရတယ် 🙂 အဲလောက်ဆော့တာ
ဒါပေမယ့် အခုခောတ်ကလေးတွေကတော့ အဲလိုသိပ်မဆော့ကြတော့ပဲ ကွန်ပြူတာရှေ့မှာပဲ ဂိမ်းကစားရင်း အချိန်တွေကုန်နေကြတယ်… နည်းပညာတွေတိုးတက်လာပေမယ့် ကလေးတွေရဲ့ လွတ်လွတ်လပ်လပ်ကစားနိုင်စွမ်းတွေ နည်းသွားသလိုပဲနော်
manawphyulay
January 18, 2012 at 4:28 pm
မမဝေရေ ငယ်ဘဝကတော့ မမေ့စရာတွေပါပဲ။ ကလေးဘဝအပြစ်ကင်းစင်တယ်လို့ လူကြီးတွေ ဆိုစမှတ်ပြုတာလည်းမပြောနဲ့ ဆော့မယ် စားမယ် အိပ်မယ် ဒါပဲ သိတယ်။ ဆော့ရင်လည်း နိုင်ရမှ ကျေနပ်တတ်တယ်။ မနောဆို အကိုဝမ်းကွဲနဲ့ အတူတူနေတာများတော့ ဘောလုံးကန်၊ ဂေါ်လီရိုက် ခြင်းလုံးခတ် စက်ဘီးပြိုင်စီး ဒါတွေပဲ ဆော့ဖြစ်တာများတယ်။ ဇယ်တောက်ရင်လည်း မနိုင်လို့ကတော့ လာထား အကိုနိုင်ထားတဲ့ ဩဇာသီးစေ့ဗူးကြီး ယူပြေးပြီသာမှတ်… အဆော့လွန်ပြီး ဆေးရုံရောက်ခဲ့တာလည်း မှတ်မိရက်ပဲ။ လွမ်းစရာလေးတွေပါပဲ။
ဆူး
January 18, 2012 at 5:41 pm
ငယ်ငယ်က ကျောင်းမှာ ဘောင်ဘောင်သီးနဲ့ ဝါးလုံးလေး ရောင်းတယ်။
အဖေ ရဲ့ လေးဘီးကား နောက်ခန်းမှာ ထိုင်ပြီးတော့ စက္ကူလေယာဉ်ပျံလေးကို အပ်ချည်ကြိုးနဲ့ ချည်ပြီး ကားသိပ်မရှိတဲ့ ရန်ကုန်မြို့မှာ တပတ်ပတ်ပြီး အမြဲ လိုက်စီးရတယ်။
ညနေ ၆နာရီ ဆိုရင်တော့ တလမ်းလုံး ရွယ်တူ ကလေးတွေ အကုန် အောက်ဆင်းလာကြတာ ၁ဝယောက်လောက် ရှိမယ်.. ည ၉နာရီလောက်အထိ ကစားနည်းမျိုးစုံ ကြိုးခုန်တယ် ထုတ်စည်းတိုးတယ်။ ညတိုင်း ကစားတဲ့ အပြင် ကျောင်းပိတ်ရက်တွေမှာ အိမ်လည် ကစားကြသေးတယ်။
ပျင်းပျင်းရှိရင် ဘေးအခန်းက ရွယ်သူ သူငယ်ချင်းကို အိမ်ရှေ့ ဝရံတာကနေ အော်ခေါ်တယ်။ လူကြီးတွေက ပိုက်လုံး အရှည် အသေး တခု ဝယ်ပေးတာကို ဂျယ်လီခွံ ခွက်ကလေးတွေ တဖက်စီ စွပ်ပြီးတော့ ဟိုဘက် ဝရံတာနဲ့ ဒီဘက် ဝရံတာ ပိုက်ပစ်ပေးပြီး စကားပြောကြတယ်။ တယ်လီဖုန်း စကားပြောတယ်ဆိုပြီး ပျော်ရတယ်။ အိမ်ထဲက ဖုန်းက လူကြီးတွေ ဆက်တာ ဒီပိုက်ကလေးက ငါတို့တွေ ဆက်တာ ဆိုပြီး ပြောပြောပြီး ရီတယ်။ အပူအပင်ကင်းတော့ အမြဲတမ်းကို ရီတော့တော့တာပဲ။
နယ်က အမျိုးတွေဆီ သွားရင် အိုးပုတ်တွေက ဝယ်ရတယ် ဆိုတာ မရှိဘူး အိုးရုံတွေက အလကားပေးပေးလိုက်လို့ အိုးပုတ်တွေ ခြင်းတလုံးနဲ့ ဟိုဆွဲ ဒီဆွဲ အိမ်လည် ဆော့ကြတယ်။
စဉ်းစားကြည့်တော့ အတော်ပျော်ဖို့ကောင်းတယ်။
ကိုယ်တိုင်လည်း အိမ်တွေ ခဏခဏ ပြောင်း… သူတို့တွေလည်း အိမ်တွေပြောင်းသွားကြတာနဲ့..
ယောကျားတွေလည်း ရနေကြပြီ။ ကလေးတွေတောင် ရနေကြပြီ။ အချိန်က တော်တော် ကြာခဲ့ကြပြီပဲ။ တွေးကြည့်တော့ တော်တော် လွမ်းစရာ ကောင်းသား။
blackchaw
January 18, 2012 at 6:01 pm
အခုမှ ဖတ်မိတယ်။
ငယ်သူတို့ မသိပါ လက်ဟောင်းတုန်းက မို့မို့မြင့်အောင်ကြီးရယ်
လက်သစ်ထဲက ချစ်သုဝေ လေးရယ်ကိုသွားမြင်မိတယ်။
သူတို့လည်း လေးဂွ ဆောင်တယ်ဗျာ။
မစန္ဒာ ဝတ္ထုကို ပြန်ရိုက်တဲ့ ရုပ်ရှင်ကိုပြောတာပါ။
hmee
January 18, 2012 at 6:24 pm
မဝေရေ ငယ်တုန်းက ဘယ်လေက်ဆော့လဲဆို ကျွန်မတို့ မောင်နှမ အကုန်လုံး ခြေလက် မကျိုးဘူးတဲ့သူ တယောက်မှ မရှိဘူး။ ခြေမကျိုးရင် လက်ကျိုးတယ် အဲ့လောက်ထိ မီးကုန်ယမ်းကုန် ဆော့တာ။ 🙂
weiwei
January 18, 2012 at 9:42 pm
ကျွန်မလဲ ၅ တန်းနှစ်တုန်းက လက်ကျိုးဖူးတယ် … စက်ဘီးနဲ့ ဓါတ်တိုင်နဲ့ ဝင်တိုက်တာ … ခြေထောက်ကတော့ အမြဲတမ်း ဒါဏ်ရာအပြည့်နဲ့ … စာမေးပွဲဖြေခါနီးလေးကပ်ပြီး ကျောက်ပတ်တီးဖြေလိုက်ရလို့ တော်သေးတယ် …
အခုလို ရွာသူားတွေ ငယ်ဘဝလေးတွေပြန်သတိရသွားပြီး ကွန်မန့်တွေပေးရင်း ခဏလောက်ပြန်ငယ်သွားကြတာ တွေ့ရလို့ ဝမ်းသာသွားတယ် …
ဇွဲမာန်(အင်းဝ)
January 18, 2012 at 9:29 pm
ငယ်ငယ်ကကလေးဘဝလေးကိုတောင်မြင်ရောင်မိပါတယ်…။