လွမ်းရသည့် နွေဦးရာသီကာလလေးများ(၂)
နွေဦးရာသီကာလလေးများက…..။
ကျမအဘို ့ပျော်စရာအကောင်းဆုံးနှင့် လွမ်းစရာအကောင်းဆုံးဖြစ်ကာ မှတ်မှတ်ရရ အဖြစ်သနစ်တို့ က ဒွန်တွဲကာ ရှိနေတတ်ခြင်းပင်ဖြစ်ပါသည်။
အစ်ကိုသည် ဉာဏ်အလွန်ကောင်းသူဖြစ်ပါသည် ။ ကျမတို့မောင်နှမများက နောက်ကွယ်တွင် နံမည်ပြောင်(ဉာဏ်ကျယ်)
ဟုပေးထားကြပါသည်။
ဒိနှစ်နွေရာသီမှာ အစ်ကိုက ကတမ်းပွဲတမ်း ကစားရန် ဆုံးဖြတ်ထားသဖြင့် ကြိုတင်ကာပင် စီမံမှုများပြုလုပ်ထားပါသည်။
ကျမတို့ စာမေးပွဲ ဖြေဆိုနီးကာလ တရုတ်ဘုံပွဲ ( နတ်တင်ပွဲ ) နှင့်အမြဲတိုက်ဆိုုင်နေတတ်ပါသည်။ တရုတ်ဘုံကျောင်းက ကျမတို့ ခေါင်းရင်း တစ်အိမ်ကျော်၌ ရှိပါသည်။ ပွဲဈေးတန်း ပြုလုပ်လျှင်လည်း အိမ်ရှေ့လမ်းမှာတင် ပြုလုပ်ပါသည်။ ဘုံကျောင်းရှေ့တည့်တည့် ဇတ်စင် ဆောက်ကာ နတ်ပွဲတင်သဖြင့် ပွဲတော်ရာသီ (၃) ရက်က ပျားပန်းခတ်မျှ စည်ကားလှပါသည်။ပွဲဈေးတွင် အနီးတဝိုက် ကျေးရွာများမှ ကစားစရာအရုပ်များ စုံနေအောင် လာရောက်ရောင်းချတတ်ပါသည်။
ကျမတို့ ကတမ်းပွဲတမ်း ဆော့ရန်အတွက် ပွဲဈေး၌ လိုအပ်သောပစ္စည်းတို့အားဝယ်ယူရန် တိုင်ပင်ထားကြပါသည်။ အဖေအမေတို့က ပွဲဈေးရောက်ရှိတိုင်း ကျမတို့လိုချင်တာ ပူဆာတာတွေကို ဝယ်ပေးတတ်ပါသည်။ ကျမတို့မောင်နှမ အားလုံးက လာမည့်ပွဲဈေးတွင် ဝါးလက်ခုပ်၊ လင်ကွင်း၊ ဗုံ၊ ပုသိမ်ထီး၊ နံ့သာယပ်တောင် အစရှိသည်တို့ဝယ်ယူရန် နှင့် ဝယ်ယူမည့်ပစ္စည်းတို့အား တစ်ယောက်တစ်မျိုးမှတ်သားထားကြကာ ဝယ်ယူခိုင်းရန် တိုင်ပင်ထားကြပါသည်။
တရုတ်ဘုံပွဲ ရောက်လျှင် နာမည်ကြီးဇတ်သဘင်များ နှစ်စဉ်ငှားရန်းကာ ပွဲကျင်းပပြုလုပ်ပါသည်။ ကျမတို့အိမ်ရှေ့လမ်းတဆုံးဖြောင့်ဖြောင့် သွားပါက လမ်းအဆုံးတွင် ဈေးကြီးရှိပါသည်။ ထိုဈေးကြီးရှေ့တွင် ဇတ်ရုံကြီးဆောက်ကာ ပွဲကျင်းပပြုလုပ်ပါသည်။ ပွဲဈေးတော် အချိန် ရောက်လျှင် ကျမတို့ကြံရွှယ်ထားသည့်အတိုင်း လိုချင်သောပစ္စည်းများကို မိဘများအားပူဆာ၍ ဝယ်ခိုင်းပါသည်။ ကျမတို့မောင်နှမများ ဝယ်ခိုင်းသည့်ပစ္စည်းများကို အဖေနှင့်အမေတို့က အထူးတလည် အံ့ဩနေကြပါသည်။ ပူဆာသော ပစ္စည်းများက သူတို့မထင်မှတ်ထားသည့် ပစ္စည်းများဖြစ်နေ၍ ဖြစ်ပါသည်။ ထိုဝယ်ထားသော ပစ္စည်းများအား အစ်ကိုက ကျမတို့ မောင်နှမတွေ စာကြည့်ခန်း လည်းဟုတ် အနားယူအပန်းဖြေခန်းလည်းဟုတ်သည့် အိမ်အလည်ခန်း တွင် ထားရှိကာ သိမ်းဆည်းထားပါသည်။
ကျမတို့မောင်နှမတွေအားလုံး စာမေးပွဲကြီးဖြေဆိုပြီးကြကာ နွေရာသီကျောင်းပိတ်ရက်ရှည်သို့ ရောက်ရှိလာပါသည်။ ကျမတို့ ဆော့ကစားမည့် ကတမ်းပွဲတမ်းတွင် ဆွေမျိုးညီအစ်ကို မောင်နှမများလည်း ပါဝင်မည်ဖြစ်ပါသည်။ အစ်ကိုက ကတမ်းပွဲတမ်းဖြစ်မြောက်ရန် အာသီသ ကြီးမားကာ အတတ်နိုင်ဆုံး ပြုလုပ်နိုင်ရန် ကြိတ်၍ ကြိုးစားကြံစည်ကာ လုပ်ဆောင်ပါသည်။
ဆလိုက်မီးပြုလုပ်ရန်အတွက် ဓာတ်မီးအဟောင်းများရှာကာ မီးသီးများ ဖြုတ်ခြင်း ဝါယာကြိုးစများ ရှာဖွေထားခြင်း မီးပုံးလုပ်သည့်ပုံး (ပြာ၊နီ၊ဝါ၊စိမ်း) များအား ရှာထားကာ ထိုအထဲတွင် မီးအလင်းရောင် ရရှိရန် ပြုလုပ်ပြင်ဆင်ထားပါသည်။ပွဲကရန် လိုအပ်သည့်
ကလကာအား အဖွင့်အပိတ် လိုသလိုဆွဲယူဖွင့်ကာ ရနိုင်အောင် စီမံထားပါသည်။ လိုအပ်သောကြေးနန်းကြိုးများ ကတမ်းပွဲတမ်း ဆော့ရန်ဝတ်ဆင်မည့်စောင်(ဗလာထမီ) အစစအရာရာ လိုအပ်သည်များကိုရှာဖွေကာအရံသင့်စုဆောင်းထားပါသည်။
ဆိုင်းဘုတ်နာမည်အားလည်း ၊ ကျမတို့နှင့် ဆွေမျိုးတောင်စပ်သူ ညီမလည်းဟုတ်သည့် ဖြူဖြူ ကို အားလုံးက ဝိုင်းချစ်ကြသဖြင့်သူ့နာမည်အား သုံးကာ စိန်တစ်လုံးထည့်၍ “ ဖြူဖြူစိန်” ဇတ်အငြိမ့်ဟု နာမည်ပေးပါသည်။ ဆိုင်းဘုတ်ပြုလုပ်ရန် သုံးထပ်သားအပြားတစ်ခုအား သင်္ဘောဆေးဖြူသုတ်ကာ အခြောက်ခံနေလှမ်းထားပြီး ခြောက်သွားလျှင် စာရွက်အဖြူအား အစိမ်းရောင်ချယ်၍ နံမည်စာလုံးထွင်းပြီး အဝိုင်းဖောက်ကာ ဖော့ခံပြီးသုံးထပ်သားပြား၌ကပ်ပါသည်။
အစ်ကိုတစ်ယောက်တည်း လိုအပ်သည်များကို အကြံထုတ်ကာ ပြုလုပ်နေသည်မှာ ဆယ်ရက်နီးပါးမျှ ကြာမြင့်သွားပါသည်။ ပြီးလျှင်အစ်ကို ကျမတို့မောင်နှမများအား သူ့ထုံးစံအတိုင်း လက်ညိုးနှင့် လက်ခလယ် နှစ်ချောင်းထောင်ပြကာ ခါတိုင်းကဲ့သို့ ဇေဟုမပြောဘဲ ပိစ် တစ်လုံးအပိုထည့်ကာ ဇေပိစ်ဟုပြောပါသည် ( အစ်ကိုဆို လိုသည်က အားလုံးအေးဆေး ငါလုပ်ပြီးသွားပြီဟု ဘန်းစကားသုံးကာပြောခြင်းဖြစ်ပါသည်) ။ ကျမတို့မောင်နှမအားလုံးက ကတမ်းပွဲတမ်းဆော့ကစားရန် အဖေနှင့်အမေကို တစ်ယောက်တစ်မျိုးဝိုင်း ပြောဆိုကြကာ ခွင့်ပြုပေးနိုင်ဖို့တောင်းပန်ကြပါသည်။ အဖေနှင့်အမေက တစ်ရက် နှစ်ရက် သုံးရက် တော်တော်နှင့် ခွင့်မပြု ရက်သတ္တပတ် လောက်ကြာမှ ခွင့်ပြုပေးပါတော့သည်။ ကျမတို့ဝယ်ခိုင်းသည့် ဗုံ၊လင်ကွင်း၊ဝါးလက်ခုပ် အစရှိသည် တို့ ပူဆာဝယ်ခိုင်းတာကို သဘောပေါက်သွားကြပါသည်။
ဪ……. နင်တိုု့တွေက တော်တော်လည်းတတ်နိုင်ပါပေ့နော် ဒါကြောင့် ဒါတွေကိုဝယ်ခိုင်းကြတာကိုးဟုဆိုပါသည်။
အဖေအမေတို့ခွင့်ပြုသည့်နေ့က မောင်နှမအားလုံးတို့ အပျော်ဆုံးနေ့ဖြစ်ခဲ့ကြပါသည်။ ခက်ခက်ခဲခဲနှင့် ခွင့်ပြုချက်တောင်းခံပြီး မှ ရရှိ၍ ဖြစ်ပါသည်။ ကျမတို့မောင်နှမအားလုံး အိမ်အလယ်ခန်းအား ဝိုင်းပြီးရှင်းလင်းကြကာ ဇတ်စင်ပြုလုပ်ကြပါသည်။ ဇတ်ခုံအဖြင့် ခုတင်ကျယ်ကြီးနှစ်လုံးအား ပူးကပ်ပြီးဇတ်ခုံပြုလုပ်ပါသည်။ ကလကာ တပ်ဆင်ခြင်း ဆိုင်းဘုတ်တပ်ဆင်ခြင်း ပြီးလျှင် ဇတ်ပွဲပေးရန် ငှက်ပျောသီးအုံးပွဲအားဇလုံတစ်လုံးနှင့် ထည့်ကာ ခွေးချေပုတစ်လုံးပေါ်တွင် တင်ကာ ထောင့်အစွန်း၌ ထားထားပါသည်။ အမေကမြင်တွေ့လျှင် နင်တို့ဘာတွေပေါက်ကရ လုပ်နေတာလဲဟုပြောလိုက်ပါသေးသည်။ အားလုံးပြီးသွားလျှင် ကျမတို့ကမည့် အစီအစဉ်အလိုက်အား စာဖြင့်ရေးကာ တစ်ယောက်တစ်ရွက်ဝေငှထားပါသည်။ ကပြဖျော်ဖြေမည့် သီချင်းများက –
၁။ ဦးရွှေရိုးအက
၂။ ရွှေပြောင်ပြောင်တောင်ပေါ်ကဘုရား
၃။ မှောင်ခိုဆိုတာ ညီမသိပ်ကိုချစ်တယ်
၄။ ဆောင်းရာသီ
၅။ ချစ်သလားမုန်းသလားပြောပါလား
၆။ ခိုင်မာလာ
၇။ မှုန်ရွှေရည် တို့ဖြစ်ကြကာ
ပွဲသိမ်းကရန် အတွက်ကား တေးသီချင်းပေါင်းစုံဖြင့် သီဆိုပြီးအဆုံးသတ်ကြရန် ဖြစ်ပါသည်။ ဆုပေးမည့်အစီစဉ်ပါရှိသည် ဟုဆိုကာမှုံန်ရွှေရည်အကဖြင့်အကောင်းဆုံးကနိုင်သူကိုအစ်ကိုက
ဆုပေးရန်ရည်ရွှယ်ထားပါသည်။ ကျမနှစ်သက်စွာရွှေးချယ်ထားသည့်သီချင်းက ဆောင်းရာသီ သီချင်းဖြစ်၍ အစ်ကို တော်တော်သီချင်းအရွှေးတော်သည် ငါ့ညီမက ဝလွန်းတော့ ဖက်ဖို့လူကလိုသည်ဟု နောက်ပြောင်ကာစပါသည်။
ဆွေးမျိုးထဲမှ ညီမတော်စပ်သူ ဖြူဖြူ၏ အမေက သထုံသူ၊မြဝတီ၊မဲဆောက်သို့သွားကာ မှောင်ခိုကုန်ကူးကာ လုပ်ကျွေးနေသဖြင့် ညီမဖြူဖြူက မှောင်ခိုဆိုတာ ညီမသိပ်ချစ်တယ်သီချင်းနှင့် ကပြမည်ဖြစ်ပါသည်။ မှုံန်ရွှေရည်သီချင်းကိုကား ကျမတို့ညီမအားလုံး
ဝင်ပြိုင်ကာ ကရမည်ဖြစ်ပါသည်။ ကျမကအိမ်မှအဝဆုံးဖြစ်ကာ အားလုံးက ဘုတ်ဆုံမဟုသာခေါ်ကြပါသည်။
မှုံန်ရွှေရည် သီချင်းနှင့်ကမည်ဆိုပါလျှင် လက်အဆစ်အချိုး ခါးအကွေး အညွှတ်တို့ မရသဖြင့် ဆုမရနိုင်မှာကိုသိနေပါသည်။
ထိုသီချင်းဖြင့်အစ်ကို့အားမပြိုင်လို ဟုပြောသော အခါ မရလည်းနှစ်သိမ့်ဆုပေးမည် ပြောသဖြင့် အားလုံးလက်ခံကြသဖြင့် ကပြကြရပါသည်။ အစ်ကိုက ဘာချာမှုတ်အလွန်တော်ပါသည်။ အစ်ကိုနှင့်အဖေ ဘာချာမှုတ်ပြိုင်လျှင် အဖေတောင်ရှုုံးဘူး၍ဖြစ်ပါသည်။ ကျမတို့အားလုံး အစီစဉ်တိုင်း အားလုံးကတာပြီးဆုံးသွားသဖြင့် ပွဲသိမ်းအငြိမ့်အားပျော်ရွှင်စွာနှင့်ကမဆုံး ရှိနေကြစဉ် ကျမဝတ်ထားသော စောင်(ဗလာထမီ)အား တစ်ယောက်က တက်နင်းမိရာမှ ကျမက ဇတ်ခုံ(ကုတင်)ပေါ်မှ နောက်ပြန်ပြုတ်ကျကာ ခေါင်းနောက်စေ့မှာ သံတမံလင်း ကြမ်းခင်းပြင်နှင့်ရိုက်မိကာ ခေါင်းပေါက်ထွက်သွားပါသည်။ ကျမ၏ ဦးခေါင်းလည်း ပူခနဲဖြစ်သွားက လက်နှင့်စမ်းမိလျှင် သွေးများက လက်ထဲတွင် စီးကြလာပါသည်။ အားလုံးက ထိပ်ထိပ်ပြာပြာဖြစ်သွားကြကာ သောကဗျာပါဒများသွားကြပါသည်။
အဖေနှင့်အမေက ဒရောသောပါးနှင့် ချက်ချင်းရောက်ရှိကာပြေးလာကြပါသည်။ အော်ဟစ်ဆူညံစွာနှင့် ကျမအားဆေးရုံသို့တမ်းပို့ပါတော့သည်။ ဆရာဝန်က ဒဏ်ရာအခြေနေကြည့်ကာ စိတ်မပူူရန်ပြောကြားပြီးထိသွားသော နေရာအား ဆံပင်များကို သင်တုံးဓားဖြင့် ဖယ်ရှားပြီး အနာအားဆေးထည့်ကာ ပါလာစတာနှင့်ကပ်၍ပတ်တီးပိတ်စဖြူဖြူစည်းပေးပါတော့သည်။
အဖေကဆရာဝန်အား ကျွှန်တော့်သမီး နောက်ဆက်တွဲ ဆိုးကျိုးရှိနိုင်သလားဟု မေးလျှင် ဆရာဝန်က ထိခိုက်သည့်နေရာမှာ နောက်စေ့ဖြစ်နေသဖြင့် ခလေးက မှတ်ဉာဏ်သတိမေ့လျော့ တတ်ခြင်းဖြစ်နိုင်သည်ဟု ပြောပြပါသည်။ အဖေစိတ်ထိခိုက်သွားမှန်း သိလိုက်ရပါသည်။ ကျမလည်း ဆရာဝန်ပြောသောစကားကို သိရှိကာကြားနေပါသည်။
ဆရာဝန်ပြောတာ မှန်ပါသည် ထိုအချိန်ထိုအခါမှ စ၍တစ်ခါတစ်ခါ အလုပ်တစ်ခုလုပ်လျင် အသိ၌ ဘာဆက်လုပ်ရမှန်းမသိအောင ်မကြာခဏဖြစ်ဘူးပါသည်။ အဆိုးဆုံးက ကျက်စာများ မည်မျှပင် အလွတ်ရနေပါစေရုတ်တရက် အလိုလိုမေ့သွားတတ်ခြင်း မကြာခဏဖြစ်ဘူးပါသည်။
ကျမရှစ်တန်းဖြေဆိုစဉ်ကလည်း အမှန်များရေးထားသည် ကို အမှားဟုထင်ကာ မျဉ်းတစ်ကြောင်းတည်း ကန့်လန့်ခြစ်ချမိကာ စာမေးပွဲကျပြီဟု ယူဆမိပါသည်။ စာခြစ်သူက အမှန်ပေးခဲ့၍ သာအောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ မဟုတ်လျှင်ဟုစဉ်းစားမိပါက ရင်ထဲတွင်ပူလောင်မဆုံး ဖြစ်မိရပါသည်။ ကျမပြုတ်ကျသည့် အိမ်အလယ်ခန်းတစ်ခုလုံးအား အဖေက ကွန်ကရစ်ကိုင်ထားကာ ဘိလပ်မြေအများဆုံး သုံးထားသည့်အကြောင်း။ အင်္ဂတေ ကြမ်းခင်းက တောက်ပြောင်မာကြောကာ ချောမွတ်နေသဖြင့် ကုတင်ပေါ်မှပြုတ်ကြတာမှန်သော်လည်း ကျမက အကျမတော်ဘဲ နောက်စေ့နှင့် ရိုက်မိသွားခြင်းကြောင့်သာဖြစ်ရသည်ဟု အဖေကသုံးသပ်ပါသည်။ကျမကိစ္စဖြစ်လျှင်ဖြစ်ချင်း မောင်နှမအားလုံးတို့မျက်လုံးပြူးမျက်ဆံဖြစ်လျှက် သူတက်နင်းသည် ငါတက်နင်းသည်ဟု
ကြောက်ကန်ကန်ကာ ငြင်းခုံကြရင်း မောင်နှမဆွေမျိုးတို့စိတ်ဝမ်းကွဲပြား သွား ကသည်အထိ ဖြစ်ကုန်ကြပါသည်။
ထိုအဖြစ်သနစ်တို ့ကြောင့် ထိုနေ့။ ထိုရက် ထိုအချိန်ခါမှစ၍ ဆွေးမျိုးညီအစ်ကိုမောင်နှမတို့နှင့်ဘယ်သောအခါမျှဆော့ခွင့်မရှိကြရ
တော့သည်ကို ကြုံတွေ့ခံစား လိုုက်ရပါသည်။ကျမက သံယောဇဉ် တွယ်တတ်သူဖြစ်၍ရင်ထဲမှာ ဝမ်းနည်းကာ နာကျင်စွာ ခံစားခဲ့ရပါသည်။ အမေပြောသည်က ပျော်လွန်းလျှင် ငိုရတတ်သည်ဆိုသည့်စကားက သွေးထွက်လောက်အောင်ပင် မှန်ကန်လွန်းနေခဲ့ပါတော့သည်။
နွေးဦးရာသီ ကာလရောက်တိုင်းပျော်စရာ အကောင်းဆုံးလည်းဖြစ်ရကာ လွမ်းမောစရာအဖြစ်သနစ်တို့ဖြင့် ကြုံဆုံတွေ့ရကာ အဆုံးသတ်ခဲ့ရသည်ချည်းပင်။ ကျမကို ကျမ ပြန်လည်သုံးသပ်ကာ စဉ်းစားမိသော်လည်းအဖြေကား ထွက်မလာပါတော့ချေ။
ကိုယ်တွေ့ခံစားမှုများအားဖော်ပြခြင်းသာဖြစ်ပါသည်။။
မှတ်ချက်။ စာဖတ်သူပရိတ်သတ်တို့မှ ကြိုက်နှစ်သက်မှုမရှိပါက ခွင့်လွတ်နားလည်ပေးပါရန်နှင့် ဝေဖန်ထင်မြင်ချက်တို့အားရေးသားပေးနိုင်ကြပါရန် တောင်းခံအပ်ပါသည်။
11 comments
windtalker
January 18, 2012 at 9:40 pm
ဒေါ်အေးကေ က အကကောင်းလို ့အမေ့တော်ခဲ့ရတာပေါ့နော် ။
ဝမ်းနည်းပါ၏
MaMa
January 18, 2012 at 9:40 pm
မအေးရေ-
သူလည်း ငါ့လိုပါတကားလို့ မှတ်ချက်ချမိတယ်။
ငယ်ငယ်က ဘေးအိမ်က အမတွေ သူငယ်ချင်းတွေနဲ့ ရေဒီယိုမှာ အငြိမ့်လာမည့်ညဆိုရင် စောင့်ပြီး ကကြခုန်တမ်း ကစားကြတယ်။
မျက်နှသုတ်ပုဝါကို ခေါင်းမှာတင်ပြီး ဆံထုံးအကြီးကြီး ထုံး၊ အမေချုပ်ပေးထားတဲ့ မင်းသမီးပုဝါနဲ့ ဗလာထမီ နဲ့ ကိုယ့်ကိုကိုယ်တော့ ဟုတ်လှပြီထင်တာပဲ။
ပွဲကြည့်ပရိတ်သတ်မရှိလို့ မောင်လေးကိုမုန့်ကျွေးပြီး ပရိတ်သတ်လုပ်ခိုင်းရတယ်။ 😀
weiwei
January 18, 2012 at 10:33 pm
အဖြစ်ချင်း တူနေပြန်ပြီ …
ကျွန်မတို့ကတော့ ညီအစ်မနှစ်ယောက်ထဲနဲ့ ပွဲဖြစ်တယ် .. အစ်မဝမ်းကွဲတစ်ယောက်က ကနည်းသင်ပေးတယ် … ကျွန်မတို့အိမ်ကကျယ်ပေမယ့် အိမ်ရှေ့မှာအပြည့်နီးပါး ဆန်အိတ်၊ ပြောင်းအိတ်တွေသိုလှောင်ထားလေ့ရှိတယ် … အဲဒီအိတ်တွေကြောင့် ဇာတ်စင်လိုဖြစ်နေတာပေါ့ … အဲဒီပေါ်မှာ ဖျာခင်းပြီး ပွဲကလိုက်တာ ဖျာကချောပြီး အောက်ကိုပြုတ်ကျတာ အောက်မှာချထားတဲ့ ဆက်တီခုံစောင်းနဲ့ဆောင့်မိပြီး ညီမလေး ခေါင်းကွဲသွားတာ အခုထိ အမှတ်တရဒါဏ်ရာကျန်နေသေးတယ် … လူကြီးတွေက နောက်မလုပ်ရအမိန့်ထုတ်တော့ လူကြီးတွေလစ်တဲ့အချိန်မှာ မေမေတို့အိပ်တဲ့ကုတင်ပေါ်မှာ သွားကကြတာ … ကုတင်ပေါ်ကပြုတ်ကျပြီး ညီမလေးလက်ကျိုးခဲ့ဖူးတယ် …. နောက်ပိုင်းနဲနဲကြီးလာတော့ သီချင်းဆိုတမ်းပဲ ကစားတော့တယ် …
thit min
January 18, 2012 at 10:47 pm
ကောင်းပြီ။
ကျနော်က မြန်မာပြည်ပြန်ပြီး အငြိမ့်ထောင်မလို့
ဇာတ်စာတွေတောင် ကျက်နေတာ(^^)။
မင်းသမီးတွေအများကြီးဘဲ။ နဲတဲ့ သဘာတွေလား။
လာထား ဓာတ်ပုံနဲ့ကြော်ငြာပေးမဲ့သူတွေရှိမယ်။
မန်းလေးနဲ့ ရန်ကုန် နှစ်ခွင်ကတော့ အပိုင်သိမ်းလို့ရမှာဘဲ။
ဂေဇက်မဲန်ဘာဝင်နဲ့ သူ့မိသားစုများမကြည့်မနေရဆိုရင် ပွဲဖြစ်ပြီ။
ဖားသက်ပြင်း
January 18, 2012 at 10:59 pm
စိန်ဇာဂီ…
လူပြက်လုပ်မယ်ဗျာ ……
ဆြာ/ဆြာမတို့ ရေ …
ဘယ့်နှယ့်တုန်း ဗျာ့……………(ဗျ လို့ ရေးရမှာ သိပါသည်..သို့သော်..
မြည်သံစွဲဖြင့် ချွဲချွဲလေး ….ဗျာ့ လို့ ဖတ်စေချင်ပါသည်…….)
ခင်တဲ့…..
လူရွှင်တော် ဖားသက်ပြင်း…
padonmar
January 18, 2012 at 11:11 pm
aye.K.K
ကျွန်မတို့ ငယ်တုံးကဆော့ခဲ့ကြတာတွေ ပြန်ပြောင်းအောက်မေ့ဖွယ်ပါပဲ။
ဆောင်းရာသီဆိုတာ အငြိမ့်မင်းသမီး ဝင်းဝင်းအေးရဲ့ သီချင်းလား။
ငယ်ငယ်က သိပ်ကြိုက်ခဲ့တာပေါ့။သူ့ဓာတ်ပုံတောင်သိမ်းထားသေးတယ်။
ခုခေတ်ကလေးတွေတော့ ဒီလိုဆော့ခွင့် မရလောက်ဘူး၊
Khin Latt
January 20, 2012 at 4:38 am
အစ်မပဒုမ္မာ ရေ – အငြိမ့်မင်းသမီး ဝင်းဝင်းအေး ဆိုတာ ဇာတ်သဘောင်္မှောက်လို့ ဆုံးတယ် လို့ ကြားဘူးတယ်။
ဦးဦးပါလေရာ
January 18, 2012 at 11:27 pm
မ aye.kk ခေါ်သွားတဲ့နောက်
လိုက်ပြီး စိတ်ဝင်စား
စိတ်လှုပ်ရှား
ပျော် …..
ပြီး … စိတ်မကောင်းဖြစ်ရပါတယ်။
ဇတ်ကတမ်းကစားတာကတော့ ကိုယ့်အမတွေအပါအဝင် တော်တော်များများ တွေ့ဘူးပါတယ်။
ဒီလောက် အပီအပြင် ဇတ်စင်ဆောက် အစီအစဉ်ချပြီး ကစားကြတာတော့
အံ့ဩချီးကျူးစရာပါဗျာ။
pooch
January 18, 2012 at 11:39 pm
အဲ့ဒီလိုလေး ဆော့ကစားခဲ့ရတာက တကယ်ကို လွမ်းစရာပဲနော် မောင်နှမတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကြီး
ခုခေတ်ကလေးများတော့ ဒီလို ဆော့ကစားဖို့ စိတ်ကူးထဲတောင် ထည့်တော့မှာ မဟုတ်ဖူး
aye.kk
January 19, 2012 at 6:18 pm
ကိုဝင်းတော့ကာ,……..ကနေတုံးကအရမ်းပျော်ပေါ့နော်
ခေါင်းလဲပေါက်ရော…………….တသက်စာခံလိုက်တယ်။(ခုထိမေ့တုံး)
မမ,ရေ…..မိုးတွေတဝုန်းဝုန်းရွာချရင်အမေတို့သိမှာမဟုတ်ဘူးဆိုပြီး
ညီအမတွေခုန်ပေါက်ပြီးကကြတာကွေးနေရောဘဲ..။
ဝေဝေ<ရေ……………………အဲဒီကတည်းကတခန်းရပ်ပြဇတ်ဖြစ်သွားတာခုချိန်ထိပါဘဲ..။
ကိုသစ်…………………အခုချိန်ကရင်အိုးလေးလှုပ်ပါအုံးနဲ့မှ။
ဖားသက်ပြင်း………………..သူကြီးသဘောတူရင်ရပြီနော်။
ဒေါက်တာရေ…………မမှတ်မိတော့ပါ။
ဦးဦးပါလေရာ…………..အစ်ကိုညဏ်ကျယ်ကြောင့်ပါ၊ကျမဖြစ်တာကိုကံကိုပုံချရတော့မှာပါဘဲ..။
pooh,ရေကျေးဇူးဘဲ..။
Khin Latt
January 20, 2012 at 4:37 am
အစ်မရေ – ကျွန်မ ကတော့ ကျားတွေ ကြားမှာ မ တစ်ကောင် ဘဲမို့ အကအခုန် တွေ၊ အိုးပုတ်ဂျိုးရုပ် တွေ နဲ့ သိပ်မရင်းနှီးခဲ့ပါဘူး။
အစ်မ တို့ ကြည့်ရတာ မိသားစုကြီးပုံဘဲ။ ပျော်စရာကြီးနော်။
ကုတင်ပေါ်က အကျ မှာ အသက်မထိခိုက် လိုက်တာကိုဘဲ တော်လှပြီ တွေးရမှာပါ။
အစ်မတို့ ကစား တာတွေကို မျက်စိထဲ မြင်ကြည့်လို့ရတယ်။ 🙂