ထားသလိုနေမှာလား၊ နေသလိုထားမှာလား
Green Rose တို့က မွေးချင်းမောင်နှမ သုံးယောက်ပါ။အဖေနဲ့အမေမှာ အဖေက စည်းကမ်းကြီးပေမယ့် အဓိကအိမ်မှာ Green Rose တို့မောင်နှမတွေကို အုပ်ချုပ်ဖို့ အမေကပဲ တာဝန်ယူပါတယ်။ သိပ်ကြီးတဲ့ကိစ္စကလွဲပြီး အဖေကတော့ ဝင်မပါတတ်ပါဘူး၊ အားလုံးကိုတော့ သိပါတယ်။
အဲ့ဒီမှာ မောင်နှမသုံးယောက်ရဲ့ စရိုက်က တစ်မျိုးစီပါ။ GreenRoseက တစ်ခုခုဆိုရင် အမေဆူရင်လည်း ပြန်မပြောတတ်ပါဘူး။ လိုချင်တာရှိရင်တောင် ပူဆာဖို့ ဝန်လေးတတ် ပါတယ်။ ပူဆာရင်လည်းတစ်ခါ နှစ်ခါအပြင် ပိုမပြောတတ်ပါဘူး။ တစ်ခါတစ်ရံမှ ပူဆာပြီး မရရင်ရှက်လည်းရှက်၊ ဝမ်းလည်းနည်းတတ်ပြီး၊ စိတ်လည်း ကောက်တတ်ပါတယ်၊ စိတ်ကောက်နေကြောင်းမပြပဲ ကိုယ့်ဖာသာကျိတ်ပြီး ကောက်တာပါ။ အဲ့ဒီပူဆာပြီး မရခဲ့တဲ့အရာကို နောင်ရလာရင်တောင် မယူတော့တာမျိုးပါ။ အဲ့ဒီတော့Green Rose စိတ်ကောက်တတ်မှန်းတောင် အဖေနဲ့ အမေက မသိကြပါဘူး။
အလတ်ဖြစ်တဲ့သူ ကတော့ တစ်ခုခုဆိုရင်စိတ်ကောက်ပါတယ်။ သူကတော့ ဖြစ်တဲ့အချိန်မှာ စိတ်ကောက်ကြောင်းသိအောက်ပြပြီး စိတ်ကောက်တာပါ။ ထမင်းမစားတာမျိုး၊ အမေတို့နဲ့စားရင်လည်း ဟင်းထည့်မစားပဲ ထမင်းချည်းပဲ စားပြတာမျိုး နောက် စကားမပြောပဲနေတာမျိုး တော်တော်ကြီးကို နည်းပေါင်းစုံနဲ့ ဆန္ဒပြတာပါ။ ငယ်ငယ်တုန်းကဆိုရင် ရေသောက်ချင်တာတောင် အမေကိုယ်တိုင်မှ ခပ်ပေးတာမဟုတ်ရင် မသောက်ပဲ ဂျီကျတာပါ။ ဘယ်လောက်ပဲ ရိုက်ရိုက် မသောက်ပဲ ပေကပ်နေပြီး နောက်ဆုံး အမေကိုယ်တိုင်ခပ်ပေးမှ ဇာတ်လမ်းကပြီးသွားတာပါ။ အမေကတော့ အဲ့လို အဓိပါယ်မရှိ စိတ်ကောက်တာမျိုးကိုမကြိုက်လို့ ရိုက်နှက်ဆုံးမတာမျိုး၊ ကြိုက်သလောက်ငိုပစေဆိုပြီး ထားထားတာမျိုးအထိ လုပ်ပေမယ့် မရပါဘူး။ နောက်ဆုံးအမေပဲ အလျှော့ပေးလိုက် ရတာပါ။ အဲ့ဒီတော့ တစ်ခုခုဆိုရင်သူက စိတ်ကောက်တတ်မှန်း အဖေရော အမေရော တစ်အိမ်လုံးရော သိပါတယ်။
နောက် အငယ်ဆုံးတစ်ယောက်ကတော့ လိုချင်တာရှိရင် အကြောင်းပြချက်မျိုးစုံနဲ့ နားပူအောင် တဂျီဂျီလုပ်တာမျိုးပါ။ သူကတော့ သူလိုချင်တာကို မရမချင်း ဇွဲကောင်းတာပါ။
အလတ်ဖြစ်တဲ့တစ်ယောက် က လိုချင်တာမရရင် စိတ်ကောက်ပြီး ချော့လိုက်ရင်လည်း ပြေသွားတတ်တာမျိုးပါ။(အချို့ကိစ္စတွေ ဆိုရင်တော့မရဘူးပေါ့လေ)
အငယ်ဆုံးလေးကတော့ မရဘူးဆိုတာမရှိသလောက်ပါ။ သူကတော့ တစ်အိမ်လုံး ဘယ်သူမှမသိအောင် အမေ့အနားကိုကပ်ပြီး တတွတ်တွတ်နဲ့ ပူဆာနေတာမျိုးပါ။
ပူဆာတယ်လို့တောင်ပြောလို့ ရပါ့မလားမသိဘူး။ သူ့ဟာက သူတောင်းဆိုတဲ့ ကိစ္စတွေဟာ အကျိုးအကြောင်းခိုင်လုံပြီး လုပ်ပေးသင့်တဲ့ကိစ္စတွေချည်းပဲမို့ မလုပ်ပေးရင် မလုပ်ပေးတဲ့သူက အလွန်ဆိုတာမျိုးဖြစ်တော့မယ့် ပုံစံပါ။
သူငယ်ငယ်က အမေသူ့ကို နို့ဖြတ်ရမယ့် အရွယ်ရောက်လို့ နို့ဖြတ်တဲ့ အချိန်ကဆိုရင် ဘယ်လိုမှဖြတ်လို့မရပါဘူး။ သူမစို့ချင်အောင်လို့ အရသာဆိုးတဲ့ဟာတွေကို သုတ်ထားပေမယ့် ပထမ ခဏလောက်ပဲ အရသာဆိုးလို့ ဆက်မစို့ပဲ ငြိမ်ကြည့်နေပြီး ခဏနေတော့ အမေ့အင်္ကျီနဲ့ သုတ်ပြီးဆက်စို့တော့တာပါ။ နောက်ပြီးအမေ့ကို မျက်ခြေပြတ် မခံတော့ပဲ လိုက်ကြည့်နေတော့တာပါ။
အဲ့လိုမျိုး သူလိုချင်တာကို လိမ်မာစွာနဲ့ ယူတတ်တာမျိုးပါ။ နောက်ပြီး သူ့ဖာသာ မစို့ချင်လို့မှ ပြတ်သွားရတာပါ။
အသက်ကြီးလာတော့လည်း သူ့ရည်းစားနဲ့တွေ့ချင်လို့ ရန်ကုန်မှာနေချင်တာကို သင်တန်းတစ်ခုတက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မှာမှ ရှိတဲ့ ဘာသာရပ်ကိုမှ ရွေးပြီးတက်တာလေ။
အဲ့ဒီအချိန်တုန်းက အမေတို့လက်ထဲမှာ ငွေကြေးသိပ်မပြည့်စုံလို့ သင်တန်း တက်ဖို့ စရိတ်ကို တော်တော်စဉ်းစားပြီး ပေးလိုက်တာပါ။
သင်တန်းလည်းတက်ပါတယ်။ သင်တန်းမှာလည်း ထူးချွန်အောင် သင်ယူပါတယ်။ အဲ့ဒီတော့ သူပူဆာတာကို လုပ်ပေးရတဲ့အမေတို့က ကျေကျေနပ်နပ်နဲ့ လုပ်ပေးရတာမျိုးပါ။
ပြောချင်တာက Green Rose အခုအရွယ်ရောက်မှစဉ်းစားမိလာတာလေးပါ။ အရင်တုန်းက တော့ အငယ်တွေကို အထူးသဖြင့် အငယ်ဆုံးကို အမေတို့၊ အဖေတို့က ပိုချစ်တယ်။ Green Rose ကိုကျတော့ လုံးဝကိုမချစ်ဘူးလို့ ထင်ခဲ့မိတာပါ။ ခဏခဏလည်းငိုခဲ့ ရပါတယ်။ ဒါပေမယ့် အခု သေချာပြန်တွေးကြည့်လိုက်တော့ Green Rose က ထားသလိုနေခဲ့တာကိုး၊ ကျေနပ်သည်ဖြစ်စေ ၊မကျေနပ်သည်ဖြစ်စေ စိတ်ထဲမှာပဲ ကြိတ်ခံစားပြီး ဘာအပြုအမူကိုမှ မပြပဲနေခဲ့တော့ မိဘတွေကလည်း Green Rose ကို ဆိုရင်၊ Green Rose တောင်းဆိုတဲ့အရာကိုဆိုရင် သိပ်အရေးတကြီးလုပ်ပြီး စဉ်းစားမနေကြပါဘူး။ အငြင်းခံရတာ များပါတယ်။ ဘာလို့လဲဆိုတော့ ငြင်းလို့မရတဲ့ အငယ်နှစ်ယောက်အတွက် ဦးစားပေးပြီး စဉ်းစားနေရလို့ပါ။
အငယ်နှစ်ယောက်မှာဆိုရင်လည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ စိတ်ကောက် ဂျစ်တိုက်တာမျိုး မလုပ်ပဲ အေးအေးဆေးဆေး အရေးဆိုတတ်တဲ့ အငယ်ဆုံးလေးက ဦးစားပေးပါ။
အလတ်ကိုတော့ သိပ်ပြင်းပြင်းထန်ထန်တောင်းဆိုမှ လုပ်ပေးလိုက်တာမျိုးပါ။ (တဗျစ်တောက်တောက်ပြောပြီးတော့ပေါ့လေ)
အလတ်ကကျတော့ မိဘတွေကို အတင်းအကြပ်တောင်းဆိုတာမျိုးလေ။ အငယ်လေးကကျတော့ မိဘတွေကိုယ်တိုင်က ကျေကျေနပ်နပ်လိုက်လျောချင် လာအောင် မဲဆွယ်တာမျိုးပါ။
Green Rose ပြောချင်တာက မိဘရဲ့မေတ္တာဆိုတာ သားသမီးတွေအားလုံး အပေါ်မှာ အတူတူပဲလို့ ယူဆခဲ့ရင် သားသမီးတွေအပေါ်မှာဆက်ဆံပုံချင်း တပြေးညီ မဖြစ်ရတာဟာ သားသမီးတွေနဲ့ ပဲဆိုင်တတ်တယ်လို့ ယူဆရမှာပါ။ ထားသလိုနေတဲ့ သားသမီးကိုတော့ ထားချင်တဲ့ ပုံစံတစ်ခုနဲ့ထားပြီး ထားသလိုမနေတဲ့ သားသမီးကိုတော့ သူတို့နေသလို လိုက်ထားထားပေးရတာများလားလို့ တွေးမိပါတယ်။
ဒါကမိသားစုတစ်ခုထဲမှာပါ။
အဲ့ဒီတော့ Green Rose ရဲ့ အဲဒီ့အတွေ့အကြုံကနေ ရလာတာကတော့ နိုင်ငံတစ်ခုမှာလည်း အစိုးရကထားချင်သလိုထားတာကို လက်ခံရင် လိုချင်တာတွေ ဘယ်တော့မှရလာမှာ
မဟုတ်ပဲ၊ ဒီလိုထားလို့မရဘူး၊ ဒီလိုထားပေးစေချင်တယ်လို့ သိအောင်ပြရမှာပါ။ တစ်ဦးချင်းဆီက မိမိနေ ချင်သောပုံစံသည် ဒီပုံစံလို့ ပြသခဲ့ကြရင် လျစ်လျူရှုလို့မရပါဘူး။
စာတစ်အုပ်ထဲမှာ ဖတ်မိတာလေးတစ်ခုရှိပါတယ်။ လူထုသည်မိမိနှင့် ထိုက်တန်သော အစိုးရကိုသာရသည်တဲ့။
ဘယ်သူ့အဆိုအမိန့်လဲ ဆိုတာတော့မမှတ်မိပါဘူး။ (ဆိုကရေးတီးများလားမသိဘူး)။ အဲ့ဒီအဆိုအမိန့်က မှန်တယ်လို့ ထင်ပါတယ်။
ဒါကြောင့် Green Rose တို့ရဲ့ နိုင်ငံကောင်းဖို့ဆိုတာ၊ Green Rose တို့မှာလည်းတာဝန်ရှိပါတယ်။ ဒါကြောင့် Green Rose ကတော့ အခုကစပြီး တချို့သော အရိုးစွဲနေ တဲ့ စရိုက်တွေကို စပြင်နေပါပြီ။
စာဖတ်သူများကရော?
12 comments
manawphyulay
January 20, 2012 at 5:20 pm
ဘာတွေ အရိုးစွဲပြီး ဘာတွေစပြင်နေပြီလဲ… ဒီလိုသာ လူတိုင်းလူတိုင်း စပြင်နေပြီဆိုရင်တော့ တို့နိုင်ငံကြီးလည်း မကြာတော့မည့်အချိန်အတွင်း… ရွှေရေစိမ်မဟုတ်ပဲ တကယ့်အစစ်အမှန် တစ်ခုကို ရရှိလာမယ်လို့ မြင်မိပါတယ်။
Green Rose
January 20, 2012 at 9:15 pm
မမနောဖြူရေ
အကောင်းဘက်ကိုတွေးပြီး အကောင်းမြင်တတ်တာလေးက နာမည်လေးနဲ့ လိုက်တယ်နော်။
အဲဒါလည်း တကယ့်ကိုကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ ကောင်းတာကိုတွေးပြီး ကောင်းတာတွေကိုပဲလုပ်နေရင် ကောင်းတာတွေပဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
လူတိုင်းမဟုတ်တောင်မှ တော်တော်များများကတော့ ပြင်နေကြပြီလို့ ယုံပါတယ်။
ကျေးဇူးတင်ပါတယ်နော်
စိန်ပေါက်ပေါက်
January 20, 2012 at 5:35 pm
တစ်ပုဒ်ဆို..ဆိုသလောက်ပါပဲကွဲ ့
နားလည်လွယ်အောင် ဥပမာပေးတွားတာ.နိုင်ငံရေးအထိပါတယ်..ညည်းပြောသလို.
ငြိမ်ခံနေရင်တော့ ဘာမှဖြစ်လာမှမဟုတ်…
အူးတို ့ ဘော်ဘော်တွေပြောနေကြစကားနဲ ့ဆို
ဘာတဲ့..
လှုပ်ရှားမှ မုန် ့စားရမယ်
အခေါက်ရေများမှကိုယ့်အတွက်ကျန်မယ်..(အူးရီးဘော်ဒါမောင်ပေက စပယ်ယာလေ)
ထိပ်ပြောင်တို ့အဖွဲ ့ကိုလဲ ငြိမ်ပြီး သည်းခံစိတ်ကောက်နေလို ့မဖြစ်..
မကျေနပ်ရင်..လိုတာမရရင်..အငယ်နှစ်ကောင်ဂျစ်တိုက်သလို..နာတို ့လဲ.ဆန္ဒပြရမှာပဲကွဲ ့
ဆန္ဒပြရင် လိုက်ခဲ့နော်.. 😆
အားပေးတွားတယ်နော့
မကြာမကြာ လာလည်ဦး
မျှော်နေမယ်.
Green Rose
January 20, 2012 at 9:07 pm
စိန်ပေါက်ပေါက်ရေ
ကျေးဇူးတင်ပါတယ်။
လူဆိုတဲ့အမျိုးက မြှောက်ပေးရင် သဘောကျကြတာပါပဲ။
ဆန္ဒပြရင်လိုက်ခဲ့ဖို့တော့ စဉ်းစားရမယ်။ Green Rose အစောကြီးကတည်းက ပြောထားပြီးသားလေ စိတ်ထဲကပဲ ကျိတ်ပြီး ဆန္ဒပြတတ်ပါတယ်လို့ဆို
Thel Nu Aye
January 20, 2012 at 5:50 pm
ထားသလိုမနေကြပါဘူး။ ဒါကြောင့်လဲထောင်နှစ် ၆၅ တို့။ အကျယ်ချုပ်တို့ဖြစ်လာတာပေါ့။ အရင်ကလဲတောင်းတယ်။ အခုလဲတောင်းနေတုန်းပါ။ ရကိုမရသေးတာပါ။ ဒို့သိသလောက်အဖေတို့ခေတ်ဦးသန့်အရေးအခင်းမှစလို့၊ ဒို့တွေ အလယ်တန်း ၈၈ အရေးအခင်း၊ တက္ကသိုလ် ၉၆ အရေးအခင်း မှထိယနေ့အထိတနေ့မှမနားကြသေးပါဘူး။ တောင်းနေဆဲပါ။ ရခါနီးပြီလို့တော့ယူဆရပါတယ်။ Green Rose လိုကြိတ်တောင်းတဲ့လူလဲရှိပါတယ်။ အလတ်လို ဂျီကျပြီးတောင်းတဲ့လူလဲရှိပါတယ်။ အငယ်လေးလိုကြိုးကြောင်းခိုင်လုံစွာတောင်းတဲ့လူလဲရှိပါတယ်။ Green Rose သတိမထားမိလို့ပါ။ ၉၆ တုန်းကဆိုတက္ကသိုလ် ထဲမှာပိတ်မိနေတာ ၄ ရက်လောက်ထမင်း ငတ်ခဲ့ဖူးပါတယ်။
” လူထုသည်မိမိနှင့် ထိုက်တန်သော အစိုးရကိုသာရသည်တဲ့။ ” ဆိုတာတော့တမျိုးပဲ။ လက်ရှိအသက်သွေးချွေးတွေပေးဆပ်ပြီးကြိုးစားနေတဲ့လူတွေအတွက်အသိအမှတ်ပြုရာမရောက်သလိုပါပဲ။ မနေ့တနေ့ကမှထောင်ထဲကပြန်လွတ်လာတဲ့လူတွေဟာ ဒီအစိုးရနဲ့ပဲထိုက်တန်ပါသတဲ့လား။ နှစ် ၂ဝ လောက်မိသားစုကိုပစ်ပြီးနိုင်ငံအတွက်ကြိုးစားနေတဲ့အမေစုကရောဒီအစိုးရနဲ့ပဲထိုက်တန်သလား။ စဥ်းစားပေးစေလိုပါတယ်။
Green Rose
January 20, 2012 at 9:02 pm
မသဲနုအေးရေ
ကျေးဇူးပါ။
နိုင်ငံရေးကို Green Rose က တကယ် ဘာမှနားမလည်တာပါ။
Green Rose ကကိုယ့်ဦးနှောက်လေးနဲ့ တွေးမိသမျှရယ်၊ ကိုယ့်ရဲ့အတွေ့အကြုံလေးရယ်နဲ့ပေါင်းပြီး ism တစ်ခုကိုချပြတာပါ။ တကယ်လုပ်နေတဲ့သူတွေကို စော်ကားပြီးပြောတာမဟုတ်ပါဘူး
Green Rose မြင်ရသလောက်ကတော့ တချို့လူတွေက အားလုံးကို စွန့်လွှတ်ပြီး တိုင်းပြည်ချစ်စိတ် နဲ့ လှုပ်ရှားနေခဲ့တဲ့အချိန်မှာ တချို့တွေက ဒီကောင်တွေ အရူးထတာပါဆိုပြီး နှာခေါင်းရှုံ့ပြီး ကြည့်နေကြသလို့၊ တချို့တွေက ဘယ်ဘက်က ပိုအားသာမလဲ၊ အားသာတဲ့ဘက်ကို လိုက်မယ်ဆိုပြီး စောင့်ကြည့်နေကြတဲ့သူတွေရှိခဲ့ပါတယ်။ ဒီမိုကရေစီ လိုချင်ပါတယ်လို့ အားလုံးက အော်နေကြပေမယ့် လိုချင်တာကို ရအောင်ယူဖို့ အားလုံးကကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ တချို့ ဆန္ဒပြတဲ့အထဲမှာ ပါခဲ့ကြပေမယ့် အခြေအနေမဟန်တဲ့အချိန်မှာ နောက်ဆုတ်သွားခဲ့သူတွေ အများကြီးပါ။ အဲဒါကြောင့်လည်း 1988 တုန်းက တစ်တိုင်းပြည်လုံး ဆန္ဒပြခဲ့ကြပေမယ့် တစ်တိုင်းပြည်လုံးကိုမှ အုတ်တံတိုင်းမခတ်ခဲ့ရတာလေ။ ဆိုလိုချင်တာက အပြင်းအထန် ကြိုးစားရယူချင်စိတ် လူတိုင်းမှာမရှိတာကိုပြောတာပါ။ အနစ်နာခံပြီး လှုပ်ရှားနေတဲ့သူတွေ၊ လှုပ်ရှားသွားခဲ့သူတွေ အားလုံးကို လေးစားပါတယ်။ အဲဒီ့လူတွေကို စော်ကားတာမျိုးမဟုတ်ပါဘူး။
အဲဒီ့ လူထုသည်ထိုက်တန်သောအစိုးရကိုသာရသည်ဆိုတာ Green Rose ပြောတဲ့စကားမဟုတ်ပါဘူး၊ ဒါပေမယ့် သေသေချာချာတွေးကြည့်ရင် အဲဒါကမှန်ပါတယ်။ Green Rose တို့ အားလုံးမညီညွတ်ခဲ့ကြလို့ပါ။ သေချာတွေးကြည့်ပါ၊ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့လူတွေက လူနည်းစုပါ။ တစ်တိုင်းပြည်လုံး မှာရှိတဲ့ လူဦးရေနဲ့ ယှဉ်ကြည့်လိုက်ရင် လူနည်းစုပါ။ ရှေ့ကလူတွေ အသက်ပေးသွားတဲ့အချိန်မှာ နောက်ကလူတွေက နောက်ဆုတ်ခဲ့ကြတာပါ။ (အားလုံးကိုပြောတာတော့မဟုတ်ပါဘူး) ဘယ်ဟာမှ အလကားမရဘူးလေ။ တချို့ကတန်ဖိုးကြီးကြီးပေးနေကြပေမယ့် တချို့ ကတော့အလကားပဲ လိုချင်နေကြတာလေ။ အဲဒီ့တော့ Green Rose တို့တွေက ကိုယ့်ကြိုးစားမှုရဲ့ ရလဒ်ကိုပဲ ကိုယ်ရခဲ့ကြတာပါ။
အတိသဉ္ဇာ နာဂရ ချစ်သူ
January 20, 2012 at 10:17 pm
ကျနော်လဲ ကြားဖူးပါတယ်။လူထုသည်သူတို ့နှင့်ထိုက်တန်သော အစိုးရကို ရသည်ဆိုတာကိုပါ။
မမှတ်မိတော့ပါကြောင်းနှင့် အားပေးဖတ်ရှုသွားပါတယ်။
Khin Latt
January 21, 2012 at 4:14 am
သမီး နှင်းဆီစိမ်း လေးရေ – မိဘ နဲ့ သားသမီး ကြားပြဿနာ ကတော့ မိသားစု တိုင်းမှာ အနည်းအများ ရှိကြပါတယ်။
အဲဒီ အကြောင်းလေး တွေ အတွက် တီချာနု တို့၊ ပူးချ်တို့၊ မိုးဇက် တို့ Post လေးတွေကို စုပြီး ကိုသစ်မင်း က ဦးဆောင်ပြီး Electronic ဆွေးနွေးပွဲ လေး ဒီမှာ လုပ်ဖို့ စီစဉ်နေတယ်။
အဲဒီ အချိန်ကျရင် သမီး ထင်တာတွေ နဲ့ အမြင် ကိုလဲ ထပ်ပြီး လာဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ် သမီးရေ့။ အားတိုင်း လာပြီးဝင်လည်ပါ လို့ လဲ ပြောချင်ပါတယ်။
နောက်တစ်ချက် – အရီး ထင်တာပေါ့လေ။
ပြည်သူကို လက်နက်ကိုင်ပြီး အုပ်ချုပ်တာ ကို “အစိုးရ” လို့ ခေါ်လို့မရဘူး ထင်ပါရဲ့ သမီးရေ။
ဒါကြောင့် အရီးတို့ က မြန်မာ ပြည်သူတွေ အတွက် အစိုးရကို ပထမဆုံး တောင်းနေရတာပါ။
ပါဝါ အာဏာ နဲ့ အုပ်ချုပ်တဲ့ အချိန် မဟုတ်တော့ ဘဲ တကဲ့ အစိုးရ အစစ် နဲ့ အုပ်ချုပ်တဲ့ အခါကျရင်တော့ အရီးတို့ ပြည်သူတွေ ကိုယ့်ကိုယ်ကို အကဲ ထပ်ဖြတ် ကြတာပေါ့။
မဟုတ်လား။ 🙂
ခင်မင်စွာဖြင့်
kai
January 21, 2012 at 4:59 am
Joseph de Maistre (1753-1821) wrote in 1811: “Toute nation a le gouvernement qu’elle merite.” (“Every nation has the government it deserves.”) De Maistre was credited with the saying in the 19th century, but it became popular in the United States in the 20th century, frequently without credit to De Maistre.
A popular version is “In a democracy, the people get the government they deserve,” with an incorrect credit to Alexis de Tocqueville (1805-1859), author of Democracy in America. Many have questioned the statement, arguing that it “blames the victim” (citizens/voters) for bad regimes that cannot easily be voted out—even in a democracy.
kyeemite
January 21, 2012 at 10:03 am
ဒါမှဒို့သဂျီးကွ..သိနေတယ် သိနေတယ်..ဝင်လာတော့မယ်ဆိုတာ..
snow htet
January 21, 2012 at 10:49 pm
အစ်မအားပေးသွားပါတယ်
naywoonni
January 22, 2012 at 1:28 pm
လူတိုင်းသိနားလည်သင့် လုပ်ဆောင်သင့်တဲ့ ကိစ္စပေပဲ…။