ကျနော်တို့ ၄ ယောက် ဇာတ်ပေါင်းသောအခါ

koyin sithuJanuary 26, 20121min30015

“အိသဒ္ဓါမိုး… ရယ်…”

တစ်ခါတုန်းက ရှိခဲ့ဖူးသော ရိုးသားမှုခေါင်းစဉ်အောက်မှ သံယောဇဉ်များကို ကျွန်တော်မက်မောနေဆဲဖြစ်သည်။ ကျွန်တော်က တကယ်ညံ့သူတစ်ယောက်ဖြစ်သည်။ ဇာနည်နှင့် အီးတီ၊ သူမတို့ကြားက ဘာမှမဖြစ်စလောက်သော အမှားအယွင်းကို သူမလက်ခံလာအောင် ပြေလည်အောင် မဖြေရှင်းပေးနိုင်သူတစ်ယောက်ဖြစ်သည်။ သူမနှင့် ပတ်သက်သော နာကျင်မှုမှန်သမျှကို ဟာသလုပ်ပစ်တတ်သူသာဖြစ်သည်။

အချစ်ဖြင့် ထုံးမွှမ်းထားသည့် အိသဒ္ဓါမိုးနှင့် ကျွန်တော်တို့ သုံးဦး သဘောတူ ရက်စွဲများ ကုန်လွန်သွားသည့်အခါ ကိုယ့်ဒဏ်ရာကိုယ်မေ့နေလျက် သူမ သိပ်များနာကျင်နေမလားဟု တွေးမိသေးသည်။ ကျွန်တော်တို့ အဖြစ်ကို မကြည်လင်လေသူ တချို့က ထိုစကားကို ရယ်မောနေမည်ဆိုပါကလည်း ရှိစေတော့။

ဘာပဲဖြစ်ဖြစ်ပေါ့ အိသဒ္ဓါမိုးရယ်… ခေတ်စနစ်တွေဘယ်လောက်ပဲတိုးတက်လာလာ လူသုံးယောက်ပေါင်းပြီး မောင်းလို့ရတဲ့ ကားတော့ မပေါ်သေးဘူးပေါ့။ သူမရဲ့ နှလုံးသားကားလေးကိုတော့ ဇာနည်က ဂွေကိုင်၊ အီးတီက လီဗာနင်း၊ ကျွန်တော်က ဂီယာထိုးပြီး မောင်းထွက်သွားလို့တော့ ဘယ်ဖြစ်ပါ့မလဲ အိသဒ္ဓါမိုးရယ်…။ သိုပေမယ့် နင်မလိုအပ်ဘူးဆိုရင်တော့ ဘတ်ဂီယာလေးတစ်ခုအဖြစ်နဲ့တော့ ကျွန်တော်ကို အသုံးပြုနိုင်ပါတယ်။

အိသဒ္ဓါမိုးရယ်… ငါတို့ သူငယ်ချင်းသုံးယောက်က နင့်ဆီက အချစ်ကို ယုံကြည်မှုများစွာနဲ့ မျှော်လင့်နေခဲ့မိတာပါ။ ငါတို့ဘဝမှာ ကြေးစားဆန်တဲ့နေ့ရက်များ ရှိနေသည့်တိုင်အောင် လူဆိုတာကလည်း မိမိယုံကြည်မှုတစ်ခုကို စွန့်လွှတ်ရန် ခေါင်းမာတတ်ကြတာပဲမဟုတ်လား။ အိသဒ္ဓါမိုးရယ်… ဇာနည်ကတော့ အရှေ့ကျွန်းမှာ ဓါတ်ပုံရိုက်၊ အင်တာနက်သုံးရင်း ဘဝကို အရသာယူနေတယ်…။ အီးတီကတော့ ကားတစ်စီးနဲ့ နေရာအနှံ့လျှောက်ပတ်ရင်း ဘဝအရသာယူနေတယ်…။ ကျွန်တော်ကလည်း ကော့ညှက်တစ်ခွက်၊ ပေါင်မုန့်တစ်ချပ်နဲ့ ဘဝအရသာယူနေမိတယ်…။ အိသဒ္ဓါမိုးကော… ဘာတွေနဲ့များ ဘဝအရသာကို ယူနေပါလဲ၊၊၊ လူဆိုတာ ဒီလိုပဲ ကိုယ့်အရသာရှိမှုကို ကိုယ်ငြိမ်သက်စွာ ကာကွယ်တတ်ကြသည်မဟုတ်လား။

နောက်ပိုင်းရက်စွဲများကတော့ အိသဒ္ဓါမိုးကို သိပ်တွေ့ခွင့်မရတော့ဘဲ သူမကိုယ်စား အလွမ်းတွေကိုသာ လက်ခံရရှိပါသည်။ ကြားရသည့်သတင်းတချို့မှာ အိသဒ္ဓါမိုးကို လူတစ်ယောက်က မနက်ဆိုကားနှင့် လာကြိုတတ်သတဲ့။ အီးတီများလားလို့ စုံးစမ်းကြည့်ပြန်တော့လည်း လူပုံစံကမတူ။ ဒါနဲ့ ဇာနည်များ အရှေ့ကျွန်းက ပြန်ရောက်လာပြီး ဂျပန်က ကားပါတစ်ခါတည်းသွင်းလာပြီး အိသဒ္ဓါမိုးကို ဖယ်ရီလုပ်နေပြီလား စုံးစမ်းပြန်တော့လည်း ဇာနည်ခမျာ အရှေ့ကျွန်းမှာ သောင်တင်နေဆဲ။ ကျွန်တော်က သူမကို မျက်နှာချင်းဆိုင်ပြီး စကားတစ်ခွန်း နှစ်ခွန်းခန့်ပြောဖို့ ကြိုးစားကြည့်သေးသော်လည်း ဘယ်လိုမှအခွင့်အရေးမရခဲ့ပေ။

ဘာပဲလုပ်လုပ်ပါ… အိသဒ္ဓါမိုးလေးရယ်… သူမသာ ပျော်ရွှင်သည်ဆိုလျှင် ကျွန်တော်ကျေနပ်ပါသည်။

အိသဒ္ဓါမိုးလေးသည် တစ်စုံတစ်ရာအတွက် အမြဲတမ်းပြိုင်ဆိုင်နေပုံရသည်။ ဒါကလည်း အိသဒ္ဓါမိုးလေးတင်မဟုတ်။ တခြားမိန်းမတွေလည်း ဒီအတိုင်းပဲမဟုတ်လား။ မိန်းမဆိုတာ ကျွန်တော် အမျိုးအစားမခွဲခြားတတ်သော ပြိုင်ပွဲများကို အမြဲတမ်းပြိုင်ဆိုင်နေကြသူများဖြစ်ပါသည်။

ကျွန်တော်တို့ (ဇာ၊စည်၊တီ) အချစ်ဆုံးသူငယ်ချင်းသုံးယောက်နှင့် အိသဒ္ဓါမိုးလေး သည် “ချစ်တယ်” ဟုပြောစရာမလိုဘဲ ချစ်သူတွေ ဖြစ်လာခဲ့ကြပြီးနောက် “မုန်းတယ်” လို့ပြောစရာမလိုပဲ လမ်းခွဲမိလျက်သားဖြစ်နေခဲ့၏ ဘာမှတ်တမ်း မှတ်ရာမှ မကျန်ရစ်ခဲ့သော ကျွန်တော်တို့၏ ချစ်သူဘဝများသည် တစ်မျိုးတော့ လွမ်းစရာကောင်းနေပြန်သည်။ သူမနေထိုင်ရာ အိမ်ရှေ့သို့ဖြတ်သွားသောအခါ ကျွန်တော် ရင်ခုန်နေမိသေးသည်။ ထိုအချိန်တွင်ပင်…

“ဟိတ်… စည်သူ”

အနောက်ဘက်ဆီမှ ကျွန်တော်နာမည် ခေါ်သံသေးသေးစူးစူးလေးအား ကြားရသည်။ အို… ဒါ အိသဒ္ဓါမိုးလေးပါလား။ ကျွန်တော် လှည့်ကြည့်မိလိုက်သည်။ သူမသည် ယခင်ကထက် ပိုလှလာပါသည်။

“ဘာငေးနေတာလဲ”

ကျွန်တော် နည်းနည်းရှက်သွားပြီးအကြည့်လွှဲလိုက်မိသည်။

“ဪ… ခက်နေပါပြီ… သူကပဲ ရှက်နေရသေးတယ်။ ဒါနဲ့ စည်သူကော ဒီကို ဘာလာလုပ်တာလဲဟင်”

“ဒီလိုပါပဲ… အလွမ်းပြေပေါ့”

ကျွန်တော် အဖြေစကားကြောင့် သူမက ခပ်သော့သော့ရယ်၏ ပြီးတော့ ကျွန်တော့်ကို သူမလက်ကိုင်အိတ်ထဲက ဖိတ်စာတစ်စောင် ထုတ်ပေးပါသည်။ သူမဟာ ကျွန်တော်မဟုတ်တဲ့ တခြား သူစိမ်းယောက်ျာတစ်ယောက်နဲ့ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေပါရောလား။ ကျွန်တော်က ဖိတ်စာကို ကိုင်ထားရင်း သူမကို စိုက်ကြည့်နေမိသည်။

“ရှေ့အပတ် တနင်္ဂနွေနေ့ကျရင် ကျွန်မလက်ထပ်တော့မှာ။ ရှင့်သူငယ်ချင်း နှစ်ယောက်လုံး မဟုတ်ဘူနော်… ခစ်ခစ်…

ဒီတစ်ခါ စာမမှားအောင် ကျွန်မကိုယ်တိုင်ပေးလိုက်တာနော်…”

“ဪ”

ကျွန်တော့်ထံတွင် ဘာစကားလုံးမှ ပြောစရာမရှိဘဲ ရင်ခွင်တစ်ခုလုံး ဆွတ်ပျံ့နေလေတော့သည်။ သူမကို အရမ်းချစ်ကြသည့် ကျွန်တော်တို့ ဇာ၊စည်၊တီ သူငယ်ချင်းသုံးယောက်ထဲမှာမဟုတ်ဘဲ တခြားသူစိမ်း ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်ရဲသော သတ္တိကိုတော့ လေးစားရ၏ ဖိတ်စာပေါ်တွင် အသည်းပုံ နှစ်ခုကို စွယ်တော်ရွက်ကဲ့သို့ ထပ်ထားတာ မြင်ရ၏။

“ဘယ်လိုလဲ မင်္ဂလာပွဲကို လာမယ်မဟုတ်လား။ ရှင့်သူငယ်ချင်းနှစ်ယောက်ကိုလည်း လာခဲ့ဖို ဖိတ်တယ်နော်”

“လာမှာပေါ့”

ကျွန်တော့်အဖြေစကားကြောင့် သူမက တိုးသွဲ့စွာရယ်၏ နောက်…

“ဪ.. စည်သူ ပြစရာတစ်ခုရှိသေးတယ်”

အိသဒ္ဓါမိုးသည် သူမ၏ လက်ကိုင်အိတ်ထဲမှ တစ်စုံတစ်ခုကို ရှာဖွေနေသည်။ ခဏကြာတော့ သူမလက်ထဲမှ အနည်းငယ် ဟောင်းနွမ်းနေသော ဖိတ်စာတစ်ခု ထပ်ပါလာပြန်သည်။

“ရော့… ဒီဖိတ်စာကို အိမ်ရောက်တော့မှ ဖတ်ကြည့်၊ ကျွန်မသွားတော့မယ်”

ပြောပြောဆိုဆိုနဲ့ သူမက ကျွန်တော့်လက်ထဲကို ဖိတ်စာထည့်ပေးပြီး ကျောခိုင်းသွားတော့သည်။ ကျွန်တော့်လက်ထဲတွင် ကျွန်တော်နာမည်ရေးထိုးမထားသော ဖိတ်စာနှစ်စောင်သည် ငြိမ်သက်နေ၏ ကျွန်တော်က ဖိတ်စာနှစ်စောင်စလုံးကို မဖတ်သေးဘဲ ဘီယာဆိုင်သို့ ထွက်လာခဲ့သည်။

ကောင်တာမှဖွင့်ထားသော သီချင်းသံက ကျွန်တော့်အား လှောင်ပြောင်နေသလိုထင်ရ၏

“တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်

မင်္ဂလာဆောင်ပွဲလေးကျင်းပနေတယ်

ပျော်ရွှင်စရာလေးပေါ့။ ချစ်တဲ့သူရယ်….

သူများကို အားကျမိတယ်… အချစ်လေးရယ်.. ဘယ်လိုလဲပြော…။ ။”

ဖိတ်စာနှစ်စောင်အနက် ပထမဖိတ်စာသည် လာမဲ့အပတ်တနင်္ဂနွေတွင် ကျင်းပမည့် သူမ၏ မင်္ဂလာဖိတ်စာမှန်း ကျွန်တော်သိထားပြီး ဖြစ်သည်။ ထိုဖိတ်စာထဲတွင် အိသဒ္ဓါမိုးလေး၏ ခင်ပွန်းလောင်းသည် အရှေ့ကျွန်း ဇာနည်၊ သင်္ဘောသီး စည်သူ၊ အီးတီတို့ထက် ဂုဏ်ရည်ငွေကြေးမြင့်မားလေသော အင်္ဂလန်၊ ဖင်လန် တို့တွင် ပညာသင်ကြား၍ YKKO (ဝိုင်းကောင်းကောင်းဦး) သည့်ဆုနှင့် အခြား ချီးမြင့်သော ဘွဲ့များစွာရသော လိပ်ခေါင်းနှင့် မီးယပ်အထူးကု ဆေးသမားတော်ကြီးတစ်ဦး၏ အမည်ကို တွေ့ရလေသည်။

ဒုတိယဖိတ်စာကသာ ကျွန်တော့်အတွက် ပဟေဌိဖြစ်နေ၏ ကျွန်တော်သည် ဒုတိယဖိတ်စာအဟောင်းလေးကိုပဲ ဖွင့်ဖတ်လိုက်မိသည်။

မောင်စိန်ပေါက်ပေါက်နှင့် မအိသဒ္ဓါမိုး

တို့၏ မင်္ဂလာဧည့်ခံပွဲ

အိုးးးးးး…

ကျွန်တော် အလန့်တကြာနာကျင်သွားမိသည်။ မင်္ဂလာဆောင်သည့် ရက်စွဲကို အလျင်အမြန် ဖတ်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက နေ့ရက်တစ်ခုဖြစ်နေ၏။ အိသဒ္ဓါမိုးသည် ကျွန်တော်တို့ သုံးယောက်နှင့် မပတ်သက်ခင် လွန်ခဲ့သော သုံးနှစ်လောက်တုန်းက အိမ်ထောင်ကျခဲ့ဖူးသည်တဲ့။ ကျွန်တော် တကယ်ပဲ အံ့ဩတုန်လှုပ်ရပါသည်။

မယုံချင်သော်လည်း အမှန်တရားကို လက်ခံဖို့ ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်အောင် ကျွန်တော် ကြိုးစားရတော့မည်။ အိသဒ္ဓါမိုး၏ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်ကို ထားရစ်ခဲ့ခြင်းမှာ ရက်စက်စွာ လှပခဲ့ပါသည်။

ဒီအကြောင်းတွေကိုသာ အရှေ့ကျွန်းမှ ဇာနည်သိလျှင် ဘာပြောဦးမည်နည်း။

ဘာပဲဖြစ်ဖြစ် ရှေ့အပတ် တနင်္ဂနွေနေ့တွင် အိသဒ္ဓါမိုးလေးသာ တကယ်ပျော်ရွှင်မည်ဆိုလျှင် ကျွန်တော်ဝမ်းသာပါသည်။ သူမသည် ယောက်ျားတစ်ယောက်ကို နောက်တစ်ကြိမ်လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် မျှော်လင့်စရာတွေ ရှိကောင်း ရှိပါလိမ့်မည်။

လူဆိုသည်မှာ အသက်အရွယ်အလိုက် မျှော်လင့်ချက်တွေ ပြောင်းလဲတတ်သည်မဟုတ်လား…။

~`~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြီးပါပြီ `~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော် ရေးသားခဲ့သော အသူရာချစ်ခြင်းဖြင့် စစ်ခင်း၍ ယူပါမည်ပို့စ်မှ ဇာတ်လမ်းဆက်လာကာ ကိုရင်အင်ဇာဂီက ဆက်လက် ဇာတ်ညွှန်းရေးသားလာရာ ကျွန်တော်က ကိုယ်စတဲ့ ဇာတ်ကိုကိုယ်ပဲ ပြန်သိမ်းပေးလိုက်ပါတယ်ခင်ဗျာ။ ရောင်းရင်းတို့ရေ… တာဝန်ကျေပြီနော်…. 😀

 

မတူညီတဲ့ အသားအရောင်တွေကြားက အိသဒ္ဓါမိုးကို လွမ်းနေမိတဲ့ ကိုရင်

 

ဒါကို

https://myanmargazette.net/96183/creative-writing

ဒါလေးနဲ့

https://myanmargazette.net/91557/creative-writing

ဒါလေးကိုပါ

https://myanmargazette.net/87354/creative-writing

တွဲဖတ်ပါမှ ဇာတ်ရည်လည်မည် ဖြစ်ကြောင်းရယ်ပါ…

 

15 comments

  • စိန်ပေါက်ပေါက်

    January 26, 2012 at 1:43 pm

    ဟမလေး
    မင်းသားခန့်ထားတယ်ဆိုလို ့အပြေးဝင်ကြည့်တာ
    လိပ်ဂေါင်းတွေကော.ဝိုင်းကောင်းကောင်းဦးတာတွေကော ဖန်လန်တာတွေကောပါကလား ဟရို ့
    လေလှိုင်းကြားမှာ ဆောင်ရလဲ မနဲဘူးဟေ့..မနဲဘူး
    လိပ်ခေါင်းထွက်လဲထွက်ပလေ့စေတော့
    ဆောင်ရရင်ပြီးတာပဲ
    😆

  • ကိုရင်စည်သူ

    January 26, 2012 at 1:46 pm

    ဒီပို့စ်လေးက မနက်ငါးနာရီလောက်မှ ရုတ်တရက်နိုးပြီး ရေးထားတဲ့
    ပို့စ်လေးပါဗျာ… တရေးနိုးလို့ အကြံပေါ် ပေါ်တဲ့အကြံ ဇာတ်သိမ်းဟန်ရေးမိလိုက်တာ…
    ကျွန်တော် ပို့စ်ပြန်ရေးအောင်လို့ ဆွထုတ်လာသော ရွာထဲက နှူးဘားဂိုဏ်ချုပ် ဂီ့ဂီ့ကိုလည်း
    ထပ်မံကျေးဇူးတင်ပါတယ်ခင်ည… စိန်ပေါက်ပေါက်ရေ.. နင့်ကိုလည်း ဆီးဦးထောပတ်ကျွေးထားတယ်… 😆

  • Moe Z

    January 26, 2012 at 1:59 pm

    ရှုပ်ယှက်ခတ်နေတာပဲ အဲဒီလိုမိန်းကလေးမျိုးအပြင်မှာရှိရင်
    ကိုရင်စည်သွပ်တို့ကြည့်ရှောင်ကြနော်
    တော်သေးရဲ့ အကိုတစ်ယောက်တော့ကောင်းကောင်းမွန်မွန်လေးရသွားလို့
    အပေါ်က ဘိုးပေါက်စိန်ကတော့ တခုလပ်နဲ့ညားသွားပြီ 😀

    • စိန်ပေါက်ပေါက်

      January 26, 2012 at 2:23 pm

      ဟမငေး
      မင်းတားဖစ်ပြီဆိုဘီး ပျော်နေဒါ
      တစ်ခုလပ်တဲ့လားဇိရဲ့..
      ကယ်ပါအုံး အောန်ဆိုင်းရဲ့
      😀

      • Moe Z

        January 26, 2012 at 2:29 pm

        ဂွမ်းပုံရွှေရည်က ကူညီပါရစေတဲ့ 😀

      • ကိုရင်စည်သူ

        January 26, 2012 at 2:35 pm

        စိန်ပေါက်၂ လေး ပုလင်းလေးကိုင်ပြီး လည်တယ်တယ်လုပ်နေလို့..
        ငြိမ်သွားအောင် မိန်းမပေးစားလိုက်ဒါပါနော့…
        နင်မကြိုက်ရင်… ကိုပေကို ပေးလိုက်ရမရား… ငှဲငှဲ… 😎 😎

        • စိန်ပေါက်ပေါက်

          January 26, 2012 at 2:45 pm

          အဲလူကြီးက ဘာလာလာ ဒေါင်းမဲ့လူကြီးဗျ
          သိပ်ယုံရတာမဟုတ်ူဘူး
          အိသဒ္ဒါလေးကို ခုတောင် ချောင်းနေသလား မသိဘူး.
          😀

        • manawphyulay

          January 26, 2012 at 2:55 pm

          အင်း ဇာတ်ပေါင်းတော့ ဇာတ်ရည်လည်ဆိုသလိုပေါ့ နောက်ဆုံး စိန်ပေါက်ပေါက်က အဆင်ပြေသွားတယ်ပေါ့လေ… ဘာကျွေးမှာတုန်း တိုးတိုးတိတ်တိတ်တော့ မလုပ်နဲ့ ဒါပဲ

  • ဖားသက်ပြင်း

    January 26, 2012 at 2:52 pm

    ကောင်းလိုက်တဲ့ ဇာတ်သိမ်းပါ ကိုရင်စည်သွပ်ရေ…………….

    ကတောက် ..ဖားသက်ရဲ့ မားကတ် ကို လုယူသွားပီဆိုတော့ မားကတ် အသစ် ရှာပုံတော် ထွက်ပဟဲ့…
    ဒက်ဂလောက်
    ဒက်ဂလောက်….

    • ကိုရင်စည်သူ

      January 26, 2012 at 3:13 pm

      ဖားသက်က မားကတ်နဲ့ ဒတ်ဂလောက် ဒတ်ဂလောက်…
      ရှာနေပြီဆိုတော့..
      အများကျိုးဖက်တဲ့ ဖားသက်နောက်သို့ ကိုရင်ကလည်း…
      ပဲ.. အဲ..အဲ..
      ပဲ… အဲ.. အဲ… 😆 😆 😀

  • htet way

    January 26, 2012 at 8:10 pm

    ကိုရင်စည်သူ
    တစ်ရက်လောက်တွေ့ချင်တယ်ဗျ။ခင်ဗျားကို ကျွန်တော်ပြောတဲ့
    ဇာတ်လေးရေးပါအုံး။ချစ်သူနဲ့ချည်းအချိန်ဖြုံးမနေနဲ့
    ကျုပ်တို့ကတော့ ခင်ဗျားလို ကံမပွင့်တော့ …….

    • ကိုရင်စည်သူ

      January 26, 2012 at 9:21 pm

      ကိုရင်ထက်ဝေရေ… တစ်ရက်လောက်တွေ့ချင်ရင် အကျွန့်ထံ
      မေလ်းပို့ပါခင်ဗျာ… pm ပို့လည်းရပါတယ်.. ချစ်သူနဲ့ အချိန်မဖြုန်းပါဘူးဗျာ..
      တခြား ကိတ်စတွေများနေလို့ပါ…။ ကိတ်စတော်တော်များများဖြေရှင်းနေရတယ်..
      ဗေဒင်တောင် ကူချိန်မရလိုက်ဘူး… ပန်ရန်သမားတွေနဲ့ ပြသနာတက်ပုံလေး
      နောက်များတော့ ရွာသူားများ သင်ခန်းစာရဖွယ်ရေးပေးဦးမယ်ဗျာ…
      ကိုရင်ထက်ဝေဆီက လျှို့ဝှက် ဆေးနည်းနဲ့ တိုင်းရင်းဆေးလေး လက်တို့တောင်းချင်သေးတယ်… ဟီး 😆 😆
      ကိုရင်က တိုင်းရင်ဆေးပေး… ကျနော်က ကိုရင့်ကို ဓါတ်စာပြန်ကျွေးမယ်လေ…
      ဘဲရီးဂွတ်… ဘဲရီးဂွတ်….

  • windtalker

    January 26, 2012 at 9:38 pm

    အိသဒါမိုး
    ညည်းဟာငဆိုး
    သိတာတစ်မျိုး
    မသိတာတစ်မျိုး
    ရှိတာခိုး
    ကြည့်ပါဗျိုး

  • comegyi

    January 27, 2012 at 3:34 am

    ကိုရင်ရေ့
    ကျုပ်မလည်း ဂဇက်မဝင်တာကြာလို့
    ဝင်လိုက်တော့ကိုရင့်ပို့စ်တွေ့တာနဲ့အပြေးအလွှားဖတ်
    မန့်မယ်လည်းကြည့်ရော ရဲဗလောင်းခတ်နေတာနဲ့
    ကမ်းကြီးလည်း လန့်သွားတယ်ဗျ
    ဒီတော့ လူချင်းတွေ့မှ ကျောတော့မယ်နော် ……
    ခင်တဲ့…..

  • Rose Minn

    January 27, 2012 at 3:10 pm

    ဇာတ်သိမ်းကောင်းမလား လို့။ဝမ်းသာ အားရဖတ်မိပါတယ်။ စိတ်ထဲ အင်တင်တင်နဲ့ဇော်ကန့်လန့်။ သနားရမလိုလို၊ စိတ်နာရမလိုလို။ ဘယ်လိုဖြစ်ရမယ်မသိတော့ပါကြောင်း။

Leave a Reply