“အိမ်တစ်ခြမ်း မီးလောင်ခံရသူ”
ပန်းပုရုပ်ဖော်ဖို့ သစ်တုံးကြမ်း လေးနှစ်သား
တူရော…သံရော ပျောက်ဆုံးတဲ့နေ့
အဖေ….ဆုံးပါးသွားခဲ့တယ်….
ဘဝကို တစောင်းကတဲ့သူ အဖြစ်
ပါးလျှက်နားလျှက် အပြုံးခပ်ကျဲကျဲနဲ့
ဦးနှိမ့် ခံရတဲ့ ခေါင်းတစ်လုံးလည်း
လောကဓံအောက်မှာ…..
ဇက်ကျိုးနေပါပြီ………အဖေ
အမေ့ဘဝ ရွက်တိုင်ပျောက်တဲ့လှေ
ကျောက်ဆောင်ထိပ်တွေ့ ရေနစ်ခါနီးမို့
ရွက်အသစ် အချိန်မှီ လွှင့်ထူပစ်ခဲ့တာ
ဒီကောင် ယိုးစွပ်ဖို့ လက်ညိုးမထိုးတော့ဘူး….အဖေ
ပျှော်ရွှင်စရာ စိတ်ကူး မိသားစုဘဝ
လက်ဖြန့်ပြီးလည်း မတောင်းချင်တော့
အဖေ….အိပ်ယာထက်က မနိုးတော့ဘူးလား…ဟင်
တော်ပါပြီ….အဖေရာ
ကျွန်တော် တိမ်တွေကို ကျော့ကွင်း မပစ်တော့ဘူး…
ပိတ်စနဲ့ ရေသယ် မသွားတော့ဘူး…
လက်ဝါးနှစ်ဖက်နဲ့ လေလိုက်မဖမ်းတော့ဘူး…
ကျွန်တော့်…ကျန်တဲ့ အိမ်တခြမ်းပဲ့မှာ
မှီရပ်ရင်း……..ငေး
စိတ်ထဲမှာတော့….
“ခေါင်တိုင် ထိပ်ကကြယ်
ဒီညမှာ ပိုလင်းတယ်”
စေပိုင်ထွဋ်(ပုသိမ်)
(ကိုယ့်အကြောင်း ကိုယ်ရေးထားတဲ့ ကဗျာ)
8 comments
စိန်ပေါက်ပေါက်
February 4, 2012 at 3:17 pm
အိမ်တစ်ခြမ်း မီးလောင်နိုင်သလို ဘဝတစ်ခြမ်းလဲ သေသွားနိုင်တယ်ဗျာ..
ခံစားသွားပါတယ်..
စေပိုင်ထွဋ် (ပုသိမ်)
February 4, 2012 at 3:35 pm
ဘဝတစ်ခြမ်း မလောင်ဖို့ကတော့
သူ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်တယ် ထင်တာပဲ
thit min
February 4, 2012 at 3:55 pm
အကြောင်းမလှလို့………
((ဘဝကို တစောင်းက တဲ့သူ အဖြစ် ရောက်ရတာပါ။))
အမော အမှန် ဖောက်လို့……..
(((လောကဓံအောက်မှာ…..ဇက်ကျိုးနေပါပြီ)))
ဒါပေမဲ့ လက်ထိုးလို့ လှော်တဲ့ ကျနော့ဘဝလှေပေါ်
အဖော်မခေါ်ခဲ့ဘူး အဖေရေ….။
မထူးတော့တဲ့ အတိတ်က အချိန်တွေအတွက်
(((ကျွန်တော် တိမ်တွေကို ကျော့ကွင်း မပစ်တော့ဘူး…)))
အိပ်မရ တဲ့ တနေကွယ် အလကားညတွေမှာ
(((ပိတ်စနဲ့ ရေသယ် မသွားတော့ဘူး…))) နော်။
ရတက်ပွါး အသက်မဲ့ တွေဝေအမိုက်ကြမ်းပြီး
(((လက်ဝါးနှစ်ဖက်နဲ့ လေလိုက်မဖမ်းတော့ဘူး))…ဗျာ။
(((ကျွန်တော့်…ကျန်တဲ့ အိမ်တခြမ်းပဲ့မှာ
မှီရပ်ရင်း……..ငေး)))
ဟိုးအဝေး က ပန်းတိုင်
(ကျနော်)
မနက်ဖန်တွေမှာ “ပိုင်” တော့မယ် အဖေ…။
——————————
ကိုစေပိုင်ထွဋ် (ပုသိမ်)ခင်ဗျား
ဝါသနာအရ ခင်မင်စွာဖြင့် ဝင်ရောက် ပေါင်းစပ်ဖွဲ့ဆိုမိပါသည်။
မောင်သစ်မင်း(^^)
P.S ((( ))) အတွင်းမှ စာသားများသည် မူလ ပို့စ်ပိုင်ရှင်၏စာသားများဖြစ်ပါသည်။
စေပိုင်ထွဋ် (ပုသိမ်)
February 4, 2012 at 4:06 pm
ရပါတယ် သူငယ်ချင်း..
မောင်သစ်မင်းရ
စည်းစည်းလုံးလုံး အဓိပ္ပာယ်လေးတောင် ဆောင်သွားသေး
လက်ခံပါတယ်ဗျာ
ဝါသနာတူချင်းမို့
ခင်လျှက်…
စေပိုင်ထွဋ်(ပုသိမ်)
MAUNG
February 4, 2012 at 7:02 pm
ရင်ဘတ် ထဲကနေ လေးလေး နက်နက် ခံစားသွားပါတယ် ခင်ဗျာ။
စာ တွေဆက်ရေးပါဦး ။ အားပေးနေ ပါတယ်။
ကောင်းမြတ်သူ
February 4, 2012 at 7:09 pm
ရင်နင့်အောင်ခံစားရပါတယ်ဗျာ… မဟုတ်ပါ. တကယ်ခံစားရပါတယ်ဗျာ…
ချစ်ရင်ထူး
February 5, 2012 at 1:08 am
ခံစားသွားပါတယ် …
စာတွေကို စောင့်ဖတ်နေမယ်နော်…
စေပိုင်ထွဋ် (ပုသိမ်)
February 5, 2012 at 1:16 pm
ဟုတ်ကဲ့ အားပေးသူများအတွက်ရော
ဝါသနာအတွက်ရော ကျွန်တော် ဆက်လက်ရေးသားပါအုံးမယ်။
အားပေးသူအားလုံးကို
ကျေးဇူးပါပဲဗျာ