မြန်မာပြည်ကအသက်ကြီးရွယ်အိုတွေဆိုတာဝဋ်ဒုက္ခကြီးတဲ့လူတွေ

Wai PhyoeFebruary 5, 20121min1253

အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။

ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀ဝ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀ဝ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။

ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀ဝ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန်  ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။

ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင်  ငွေ ၆၀ဝ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။

၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀ဝ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀ဝ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅ဝ ကျပ်နဲ့ ၆ဝ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀ဝ ကျပ် ကျသင့်တဲ့အချိန်ပါ။

၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့  ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀ဝ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀ဝ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။

၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁ဝ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထို်င် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁ဝ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀ဝ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀ဝ ရောင်းလို့ ၂၀ဝ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။

သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀ဝ လောက် ပေးရပါတယ်။

တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။

သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀ဝ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀ဝ ကျပ်ကို ပေးသွားတတ်ပါတယ်။

ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။

အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀ဝ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင်  အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။  လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀ဝ လောက်ပေးရပါတယ်။

ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ  ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။

အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ရ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ ်လေ။  ပင်စင်စားကြီးပေါ့၊  သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး  အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင်  အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။

ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။  အဖွား ဘာဖြစ်လို့ ဆို်င်ဘက်  မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊  အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။

ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေ့ါ။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။

အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့  ဘဝတွေပါ။

ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။

3 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 2:16 pm

    အမရေ
    ကျမ အဖေလဲ ပင်စင်စားခဲ့တာ နှစ် ၂ဝကျော်ပါပြီ
    အရင်က ဖားသားပင်စင်နဲ ့ တစ်လတစ်ခါ အထောက်အပံ့ဖြစ်သော်လဲ ခုတော့ ဘာမှလုပ်စားလို ့မရပါဘူး..
    နောက်ဆုံး
    ပင်စင်စာအုပ်ကို အူးလေးကယူပြီး သူ ့ဘာသာ ထုတ်ယူသိမ်းပေးထားပါတယ်..
    ကျမဖြင့် ပင်စင်ဆိုတာ သတိတောင် မရတာကြာပေါ့
    အမစာဖတ်မိမှ ကျမအဖေပင်စင်စားဆိုတာ ပြန်သတိရမိတာပါ…

  • Khin Kha

    February 6, 2012 at 1:18 pm

    လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
    သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀ဝ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀ဝ ကျပ်ကို ပေးသွားတတ်ပါတယ်။
    တိုင်းပြည် မတိုးတက်အောင်လုပ်ခဲ့တဲ့ အခြေခံလူတန်းစားပြပါဆိုရင် ရပ်ကွက်လူကြီးသာပြလိုက်၊
    အဖြေမှန်အမှတ်ပြည့်ဘဲ။

Leave a Reply