“အတွက်မှားခဲ့တဲ့ (၅၂၈)ပုစာ္ဆ”

    သူ ဒီနေ့တော့ ပိုက်ဆံ မရရအောင် ရှာမှ ဖြစ်မယ်။ သားလေးရဲ့ ကျန်မာရေးကလည်း အရင်လို ဆေးမြီတိုနဲ့ ပြေလည်မသွား။ တစ်နေ့တစ်ခြား ပိုလို့ ဆိုးလာတယ်။ သူ မနက်က သားလေး နဖူးကို စမ်းကြည့်တော့ မီးခဲကိုင်ထားရသလို ခံစားမိတယ်။ သူ့ရင်ထဲမှာလည်း နေလို့မကောင်း။

သူ့ စိတ်ထဲမှာ သားရဲ့အကြောင်းကို တွေးလိုက်တိုင်း အက်ဆစ်ပူကို မျိုချရသလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေက မရိုးမရွနဲ့။ သူ့ဘဝမှာ ဇနီးဆုံးပါသွားကတည်းက သားလေးက တစ်ဦးတည်းသော မြတ်နိုးရတဲ့ ရတနာ။ ဒီသားလေးပဲ သူ ပုံအော ချစ်ခဲ့တာ။ ခုတော့ ဒီလူမမယ် သုံးနှစ်သာသာရှိတဲ့ ကလေးကို ရောဂါက ကြံဖန်ရှာဖြစ်ရတယ်လို့။ ဖြစ်နိုင်ရင် သူပဲ အစားထိုး ခံစားလိုက်ချင်တယ်။ သူသား မချိမဆန့် ခံစားရပုံကို လုံးဝ သူ မကြည့်ရက်နိုင်ဘူး။

သားလေး အထူးကုပြမှ ကောင်းမည့် ရောဂါအတွက် သူ့မှာလည်း ဆေးဖိုးက ဗလာနတ္တိ။ တစ်နေ့လုပ် တစ်နေ့စား ပန်းရံသမားအတွက် ငွေရေးကြေးရေးက မပြည်လည်နိုင်။ သူ့လို လူမျိုးအတွက် ငွေပိုငွေလျှံဟာ သရော်စာဆန်လွန်းလှပါတယ်။ ဘာပဲပြောပြော သားလေးရောဂါပျောက်ဖို့အတွက် သူ ဒီနေ့ ဆေးခန်းခေါ်ပြနိုင်မှ ဖြစ်မယ်။ သားလေးရဲ့ ရောဂါအခြေအနေကြောင့် သူလည်း လုပ်ငန်းခွင် မသွားဖြစ်တာလည်း သုံးရက်ရှိပြီ။ ဒီအတွက် သူ့သူငယ်ချင်းတွေက လုပ်ငန်းခွင်မှာ သူခွင့်ယူမထားပေမဲ့ ပိုက်ဆံကို အပြည့်ရအောင် ပြောပေးကြတယ်။ ဒါကြောင့်မို့သာ သူတို့လည်း အသက်ရှူနည်းနည်းချောင်နေတာ။

ူ   အပြင်ထွက် ပိုက်ဆံရှာဖို့ သားအိပ်ပျော်ချိန်အထိ သူစောင့်နေလိုက်တယ်။ မှေးနေရင်း ဝေဒနာကြောင့် မချိမဆန့်ဖြစ်သွားတဲ့ သားမျက်နှာနုနုကို အမှတ်တမဲ့ကြည့်ရင်း သူ့ရင်ထဲမှာလည်း တနင့်နင့်။ စို့တက်လာတဲ့ မျက်ရည်တွေကို တစ်ချက်လက်ခုံနဲ့ သုတ်ရင်း အိပ်နေတဲ့သားလေးကို တစ်ချက်ငေးကြည့်လိုက်တယ်။ သားမျက်နှာလေးက အပြစ်ကင်းစွာ အိပ်နေလိုက်တာ။ ငေးကြည့်လို့တောင် မဝဘူး။

နောက်တော့ သားအတွက်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပိုက်ဆံရှာဖို့ သူအပြင်ထွက်ခဲ့တယ်။ အရင်ဆုံး သူရဲ့ လုပ်ငန်းရှင်ကို အကူအညီ အရင်တောင်းရမယ်။ မျှော်လင့်ချက်ဖြင့် လုပ်ငန်းရှင်ဆီသွားသော်လည်း အဆင်မပြေ။ သူ့ကို အလုပ်ဆင်းဖို့အကြောင်းသာပြောကာ ပိုက်ဆံအတွက် လုပ်ငန်းအဆင်မပြေကြောင်း ပြောလွတ်လိုက်တယ်။ အင်းပေါ့လေ..သူတို့အတွက်တော့ မရှိတဲ့သူကို ပိုက်ဆံချေးရင်း မရတော့မှာကို တွေးကြောက်သလား မသိ။

နောက်တော့ သူမိတ်ဆွေတွေဆီ ခြေဦးလှည့်လိုက်တယ်။ မိတ်ဆွေတွေဆီ ပိုက်ဆံအတွက် စကားပြောသော်လည်း သူတို့မှာလည်း  သားသမီးတွေများပြီး ဝင်ငွေနဲ့ ထွက်ငွေကို တိုင်းသုံးနေကြရတာ။။ အကူအညီပေးချင်စိတ်ရှိကြသော်လည်း သူတို့လည်း ကိုယ်နဲ့ ဘဝတူတွေမို့ အဆင်မပြေ။ စိတ်ထဲမှာလည်း ကျန်တဲ့အသိတွေကို ရေတွက်ရင်း အကူအညီအတွက် ခြေဆန့်ရပြန်တယ်။ လျှောက်ရလွန်းလို့လည်း ခြေတွေလည်း တိုကုန်ပြီ။ ခုထက်ထိတော့ သူ့ မျှော်လင့်ချက်က ရောင်နီမသမ်းသေး။

အစရှိသလောက် သူ့ဦးနှောက်မှ မှတ်မိသမျှ လူတွေ ဆွဲထုတ်လိုက်၊ အကူအညီတောင်းလိုက်နဲ့ နေတောင် အတော်စောင်းလာပြီ။ ခုထက်ထိ အဆင်က မချောသေး။ သူ့လက်ထဲမှာ ပိုက်ဆံမရှိဘဲ အိမ်ကို ဘယ်လိုပြန်ရမလဲ မသိ။ တဖြည်းဖြည်းနဲ့ ခြေဦးတည့်ရာ လျှောက်ရင်း လူပြတ်သောနေရာ တစ်ခုကို ရောက်လာတယ်။ အဲဒီအချိန်မှာ မိန်းမဝဝကြီးတစ်ယောကက် ရွှေဆွဲကြိုးကြီး တကားကားနဲ့ သူ့ရှေ့က လျှောက်လာတယ်။ သူလည်း သားလေးအတွက် မျက်နှာကို မြင်ယောင်ရင်း ဆုံးဖြတ်ချက် တစ်ခုကို အံကြိတ်ပြီး ချလိုက်တယ်။

ထို့နောက် သူ မိန်းမကြီးနောက်ကို မသိမသာ နောက်ယောင်ခံရင်း ပိုင်လောက်ပြီဆိုမှ ဆွဲကြိုးကို ရုတ်တရက် ဖြတ်ပြေးလိုက်တယ်။ သူလက်ထဲသို့ ဆွဲကြိုးလည်း ရောက်ရော မိန်းမကြီးက အသံကုန် အော်တော့တာပဲ။ သူလည်း လွတ်လမ်းအတွက် ရေကုန်ရေခမ်း ပြေးရ၊ လွှားရတယ်။ အခင်းဖြစ်ရာနဲ့ အတော်ဝေးဝေးရောက်မှ သူလည်း အသက်ဝအောင် ရှူနိုင်တော့တယ်။

လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်လာတဲ့ ဆွဲကြိုးကို သားလေးအတွက် ငွေပြန်ဖြစ်ဖို့ သူကြိုးစားရအုံးမယ်။ အရင်ဆုံး ရွှေဆိုင်ကိုသွားပြီး ငွေကို ပုံစံပြောင်းဖို့ ဆိုင်ထဲသို့ ဝင်လိုက်တယ်။ သူ့ အဝတ်အစား ခပ်နွမ်းနွမ်းကို ကြည့်ရင်း ဆိုင်ရှင်က မသင်္ကာသလို လှည့်ကြည့်တယ်။ သူကလည်း ဒီမျက်လုံးတွေကို ဂရုစိုက်ဖို့ အချိန်မရှိပါဘူး။ အရေးကြီးတာက ငွေမြန်မြန်ရ ၊ မြန်မြန်အိမ်သို့ ပြန်ရပြီး သားလေးကို ဆေးခန်းကို ခေါ်သွားဖို့ပဲ။ ဒါမှ သားလေး မြန်မြန် ကျန်းမာလာမှာ။

ဆိုင်ရှင်ကလည်း သူ့ကို အရင်က ရွှေဝယ်ဘောက်ချာ ရှိလား မေးတယ်။ သူလည်း ပျောက်သွားကြောင်း အကျိုးအကြောင်း ပြောလိုက်တယ်။ ဆိုင်ရှင်လည်း ခေါင်းညိတ်ပြီး ငွေပြန်ယူဖို့ ဆိုင်က ကောင်လေးတစ်ယောက်ကို အိမ်သို့ လွှတ်လိုက်တယ်။ သူ့ကိုလည်း ဆိုင်ရှင်က ဆိုင်မှာ ငွေပိုမထားကြောင်းပြောပြီး ခဏစောင့်ခိုင်းတယ်။ သူလည်း စောင့်ဆိုတော့ ခုံမှာ ထိုင်စောင့်ရင်း ဆိုင်ရှေ့ကို မျှော်ကြည့်နေလိုက်တယ်။

ဒါနဲ့ သိပ်မကြာပါဘူး။ ဆိုင်က ကောင်းလေးနဲ့အတူ ဘေးနားက လူရွယ်သုံးယောက်လည်း ပါလာတယ်။ အဲ့ဒီလူတွေက သူ့ရှေလည်းရောက်ရော သူ့ကို ဝိုင်းပြီး ဖမ်းတော့တာပါပဲ။ သူလည်း တအံတဩနဲ့ ဘာကြောင့် ဖမ်းရတာလဲလို့ အတွန့်တက်လိုက်တယ်။ အဲဒီတော့ ဆိုင်ရှင်က သူ့ရွှေကို ယူလာပြတယ်။ ဒီရွှေလည်း မြင်ရော သူလည်း သတိလစ်မတတ်ပါပဲ။ ဟုတ်ပဗျာ…ဖမ်းမှာပေါ့ သူကိုယ်တိုင်က ရွှေအတုကြီး ဆိုင် လာရောင်းမိတာကိုး။

သူ အဖြစ်အပျက်တွေကြောင့် ကြက်သေသေရင်း သားလေးမျက်နှာကို မြင်ယောင်လာမိတယ်။ သူ့ကို ခေါ်လာတဲ့ အချုပ်ခန်းကို သူဘယ်လို ရောက်မိသွားမှန်းတောင် မသိတော့ဘူး။ အချုပ်ခန်းထဲမှာ သူ့မျက်ရည်တွေလည်း အလိုလို ကျဆင်းလာတယ်။ သူ့မျက်ရည်ကျနေတုန်း စခန်းမှူးလာကြည့်တာနဲ့ တိုးတော့ သူ့ကို အကြောင်းစုံမေးတယ်။ သူလည်း သားလေးကို စောင့်ရှောက်ပေးပါဆိုပြီး အကြောင်းစုံကို ပြောပြတယ်။ စခန်းမှူးက ဘာမှ မပူနဲ့ သူ အခုပဲ သွားပေးမယ်ဆိုပြီး သူ့ကို နှစ်သိမ့်တယ်။ စခန်းမှူးရဲ့ နှစ်သိမ့်စကားကြောင့် သူလည်း စိတ်အေးသွားပါတယ်။

သူ့ စိတ်အေးသွားမှုဟာ တစ်ရက်တောင် မခံပါဘူး။ မနက်ဖြန် စခန်းမှူးရောက်လာတော့ သူ့သားလေး စောင့်ရှောက်ဖို့ သွားခေါ်ခဲ့ပေမဲ့ အလာကောင်းသော်လည်း အခါနှောင်းတဲ့အကြောင်း သူ့ကို ပြောတယ်။ သားလေး ဆုံးပြီဆိုတဲ့ သတင်းက သူ့ရင်ထဲမှာ မီးတောင်တွေ အကြိမ်ကြိမ်ပေါက်သလို ခံစားရတယ်။ ခေါင်းထဲမှာ မှူးနောက်နောက် ရီဝေဝေနဲ့။ နောက်ဆုံးမှာ သတိကင်းလွတ်သွားပြီး လက်ရှိ အခြေအနေကို သူ ဘာဆို ဘာမှ မသိတော့။

သူ မျက်လုံးလည်းဖွင့်လိုက်ရော စခန်းမှူးက သူ့ကို ညာပြီး ပြောတာမှန်း သိလိုက်တယ်။ သူသားလေးဆုံးတာ ဘာဟုတ်လို့လဲဗျာ။ ဒါကြီးက လိမ်ဆင်ကြီးဗျ။ သူ့သားလေးက ကျန်းမာရုံမက မင်းသားလေး အသွင်နဲ့ သူ့ပေါင်ပေါ်မှာလေ။ အမယ်…သူလည်း အချုပ်ခန်းထဲမှာ ဘာဟုတ်လို့လဲ။ ရွှေနန်းတော် ပုလ္လင်အထပ်မှာ ခံ့ခံ့ညားညားကြီးနဲ့။ ပြီးတော့ အဝတ်တွေကလည်း ဘုရင့်အဝတ်အစားတွေနဲ ။ ရွှေရောင်ထွက်နေတဲ့ အဝတ်အစားတွေကြောင့် သူ့ကိုယ်ကလည်း ပျိုးပျိုးပြက်ပြက်ကို လင်းလို့။ သူ့ပေါင်ပေါ်မှာလည်း သားလေးကို ထွေးပွေ့ထားတယ်လေ။ အင်း…အဲ့ဒါတွေတင် ဘယ်ကမလဲ။ သူ့ဘေးမှာလည်း မောင်းမမိသံတွေက အများကြီးမှ အများကြီး။ သူ့ကို ဘယ်သူ့မှလည်း မော်မကြည့်ဝံ့ကြဘူး။ အမယ်…သူ့ရှေ့မှာလည်း ဘုန်းကံကြောင့် လာဆက်သကြတဲ့ လက်ဝတ်ရတနာကောင်းတွေကလည်း ဖွေးဖွေးကို လှုပ်လို့။ သားလေးက သူ့ပေါင်ပေါ်မှာ တခစ်ခစ်နဲ့။ အဲဒီလိုအဖြစ်မျိုးမှာ သူလည်း ရွှေစိတ်တော် ဘဝင်ကျပြီး…ပြုံးလို့…ပျော်လို့…မြူးလို့…။

ဒီလို အခြေအနေမျိုးမှာ မလိုသူ နတ်ဆိုးတွေက သူ့ကို အရူးလို့ ပြောကြလိမ့်မယ်။ ပြောကြပါစေ…ပြောကြပါစေလ။

စေတနာဖြင့်…

စေပိုင်ထွဋ်(ပုသိမ်)

4 comments

  • စိန်ပေါက်ပေါက်

    February 5, 2012 at 12:38 pm

    ဝတ္ထုတိုလေး ကောင်းပါလေ့..ဗျာ
    ဒီလိုဖြစ်သွားတော့လဲ သူ ့အတွက် ဘဝကြီးငြိမ်းသွားတာပဲလေ..
    အကောင်းတိုင်းဆို အသေစောသွားနိုင်တယ်…
    ရူးနေလဲ ကိုယ်စိတ်ချမ်းသာရင် အားလုံးဟာ သာသာယာယာပဲ
    တိုတိုထိထိ ဝတ္ထုတိုလေး.အားပေးသွားပါတယ်..

    • စေပိုင်ထွဋ် (ပုသိမ်)

      February 5, 2012 at 1:05 pm

      မှန်ပေါ့ဗျာ…..
      စာအုပ်တစ်အုပ်မှာ ကျွန်တော် ဖတ်ဖူးတယ်။
      အဲ့ဒီထဲမှာက လက်ရှိအဖြစ်အပျက်ကြောင့် ဝေဒနာခံစားရတာထက်
      ရူးသွားတာက ကျန်းမာရေး ပိုညီညွှတ်တယ်လို့ ပြောထားတာပါ။
      အဲ့ဒီစာအုပ်က ဆရာကြီး ပီမိုနင်း ရေးတာ ဖြစ်မယ်။
      နာမည်တော့ မမှတ်မိတော့ဘူး။
      အကြောင်းအရာ၊ ယူဆချက်ခြင်း တူညီနေသောကြောင့် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
      ခင်လျှက်…
      စေပိုင်ထွဋ်(ပုသိမ်)

  • အရမ်းကောင်းတဲ့စာပို ့စ်လေးတစ်ခုပါဗျား ကိုပုသိမ်သားရေ။
    ကိုစေပိုင်ထွဋ်ရေ—အရင်မန်းတလေးဂေဇက်မှာ ပုသိမ်ကဘဲ
    မောင်ရေချမ်းဆိုပြီး စာရေးကောင်းသူတစ်ယောက်ရှိတယ်။ခုတော့
    သူပျောက်နေတယ်ဗျ။

    • စေပိုင်ထွဋ် (ပုသိမ်)

      February 6, 2012 at 11:50 am

      မောင်ရေချမ်းတော့ ကြားဖူးသလိုပဲဗျ
      သူက ကဗျာရော ရေးလား။
      ရန်ကုန်က တစ်ယောက်တော့ မောင်ရေချမ်းဆိုတာ ကျွန်တော်နဲ့ ရေးဖော်ရေးဖက်ပဲ။
      ပုသိမ်က မောင်ရေချမ်းတော့ မသိဘူးဗျ။
      ချီးကျူးပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်ဗျာ။
      ခင်လျှက်…
      စေပိုင်ထွဋ်(ပုသိမ်)

Leave a Reply