“နကန်းတစ်ကောင်ရဲ့ နမော်နမဲ့ နာလန်ထချိန်”

“အစကတည်းက ပန်းတိုင်မပါတဲ့ မာရသွန်ပါ

ခင်ဗျားဘာသာ လိပ်လုပ်လုပ်၊ ယုန်လုပ်လုပ်၊ ကြိုက်တာသာလုပ်

ကျုပ်ကတော့ သစ်ပင်အောက်ရောက်တာနဲ့ အိပ်နေမယ့်ကောင်”

 

×××

 

အသက်ကို ပြင်းပြစွာ ရှူနေတုန်းက ရေထဲမှာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတာက ဘယ်တော့မှ သန်းခေါင်းယံမကျော်တဲ့သူလို့။ သီတင်းကျွတ်တုန်းက ဖတ်ရတဲ့ သတင်းစာကို သိတာကစပြောရင် သက်တံ့တွေလိုမျိုး သူတစ်ယောက်က သက်တောင့်သက်သာလုပ်ဖို့ သန်းတစ်ကောင်လို ပုန်းကွယ်နေတာ မသက်သာလှဖူးဆိုတာ သိကြလား။

တကယ်တော့ ကိုယ်ဟာ ဖယောင်းတိုင်မီးလိုပါ။ အမြဲ အညွန့်တလူလူနဲ့ကောင်။ မငြိမ်းမချင်းပေါ့။ လက်သီးကို လက်ဖက်ရည်သောက်ရင်း ညစ်နေတာ လိုအပ်လို့လား၊ မလို့အပ်လို့လား၊ လာပြီးမေးရင် လူဆိုတာ အလင်းရောင်လို လင်းလက်နေရုံမဟုတ်၊ လောင်မြိုက်နေတယ်ဆိုတာလည်း နားလည်ဖို့ သိပ်ကို လိုမှာပေါ့။

တကယ်တော့ ကိုယ်ဟာ တစ်ခါတစ်ခါ ကပ်ပါးကောင်တစ်ကောင်ပါ။ သံပုံးတီးတောလှန့်နေလို့ ရမယ့်သူမဟုတ်။ ကိုယ်တွယ်တာရာကိုဆိုရင် မာနမရှိ အမြဲ တွယ်ကပ်နေတဲ့ကောင်။ ခွေးတစ်ကောင်ရဲ့ ခြေထောက်က ခွင်နေတာကို ခက်ခက်ခဲခဲ ထပ်ပြီး ချိုးပစ်ဖို့ အချောင်နှိုက်လိုစိတ်နဲ့လူက ချစ်စရာကောင်းလောက်အောင် ခြယ်လှယ်တတ်တဲ့ ချိုမြနေတဲ့ လောကမှာ ချို့ယွင်းအောင် ချိုးနှိမ်ထားကြတာက ချောက်ခြားစရာပါ။

 

×××

 

“နေထွက်ရာအရပ်ကို မျက်နှာမူ

လက်နှစ်ဖက်ကို ဆန့်တန်းပါ

အလယ်တည့်တည့်ဟာ အတ္တတွေရှိသော အရပ်ဖြစ်၏။”

 

တစ်နေ့ကပဲ လူနှစ်ယောက်က ညလုပ်တမ်းကစားနေကြတာ သွားကြည့်မိတယ်။ တစ်ယောက်က လလုပ်တော့ နောက်တစ်ယောက်က ကြယ်လုပ်တယ်။ မဟုတ်သေးဘူး၊ လိုသေးတယ်။ ညဖြစ်မလာဘူး။ အဲလိုနဲ့၊ တစ်ယောက်က အမှောင်လုပ်တယ်၊ နောက်တစ်ယောက်က တိတ်ဆိတ်မှုလုပ်တယ်။ ဒါလည်း လိုသေးတယ်။ ညက ဖြစ်မလာဘူး။ အဲလိုနဲ့ပေါ့။ တစ်ယောက်က ညဉ့်ငှက်လုပ်တယ်။ နောက်တစ်ယောက်က သန်းခေါင်းယံ တေးသွားလုပ်တယ်။ ဒါလည်း မရဘူး။ ညက ဖြစ်မလာဘူး။

ခင်ဗျားတို့ကော ညလုပ်တမ်းကစားမလား။ ကစားချင်ရင် ရော့ … ဒီမှာ။ ကိုယ့်မှာ ပိန်းပိန်းပိတ်အောင် မှောင်နေတဲ့ ကိုယ့်အတ္တဆိုတာကြီးရှိတယ်။ ယူသွား။ တကယ့်ကို ညတစ်ညအတိုင်း ဘာကိုမှ မကွဲပြား၊ မထင်ရှားနဲ့ မှောင် … မိုက် … သွားစေရမယ်။ ဘယ်သူဘယ်လောက် မီးထိုးပြပြ မရဘူး။ ကိုယ်တိုင်ကိုက မှောင်နေတဲ့သူ ဖြစ်စေရမယ်။

တကယ်ပဲ … နေထွက်ရာ အရပ်ကို မျက်နှာမူပါ။ လက်နှစ်ဖက်ကို ဆန့်တန်းပါ။ အလယ်တည့်တည့်ဟာ မှောင်မိုက်နေတဲ့ ညတစ်ညရဲ့ ရပ်ဝန်းဖြစ်တယ်။

 

×××

 

“ငယ်ငယ်က ရွာတဲ့ မိုးက ရွာပြီးရင် တိတ်တယ်

ကြီးလာတော့ ရွာတဲ့ မိုးက ရွာလိုက်ရင် တော်တော်နဲ့ မစဲတော့ဘူး

တွေးတွေးပြီး ပြန်ရွာတယ်”

 

လဲကျတိုင်း ထလျှောက်တတ်တဲ့ ကလေးငယ်လို အသက်ကြီးလာတိုင်း လဲကျရင်ထလျှောက်ဖို့ သတ္တိတွေ နည်းနည်းလာတာ အိုဇုန်းလွှာပေါက်ပြီလား၊ ပေါက်တော့မှာလားထက် ပိုရင်ခုန်စရာကောင်းတယ်။

သစ်ပင်တစ်ပင်ရဲ့ ယိမ်းညွှတ်လွယ်မှုဟာ ဦးနှောက်ကို အသားပေးတဲ့ နာကျည်းချက်လိုပဲ မစိုပြေလှဘူး။ ကိုယ့်ကိုယ်ကို မော့ကြည့်နေရတဲ့ လူတစ်ယောက်ဟာ အမြဲလိုလို အရှုံးဘက်ကချည်း။ နေရောင်ပြောက်ပြောက်အောက်မှာ လူဟာ သုံးမြှောင့်ဖန်တုံးတစ်ခုထဲက အရောင်ခုနှစ်သွယ်လို ဖြစ်တည်မှုမဲ့နေခဲ့တယ်။ အဆုံးထိတွေးနေရင်းက အစကိုမေ့မေ့လာတာ။

တကယ်ဆိုရင် ကမာ္ဘကြီးကိုက မာယာများနေတာပါ။ အမြဲတမ်း အမှောင်တစ်ခြမ်း၊ အလင်းတစ်ခြမ်းဖြစ်နေရဲ့။

 

×××

 

“မနက်လင်းတာနဲ့

ကိုယ့်ကိုယ်ကို လှန်လောပြီး ဖတ်ကြည့်

ငါ့နာရေးသတင်းများ ပါလာပြီလား…”

 

ဖြစ်ချင်တော့ အိပ်မက်ထဲမှာ ပန်းပွင့်တစ်ပွင့်ကို စိတ်ရှိလက်ရှိ ခြေမွနေတာ နိုးလာတော့ ပြန်အိပ်လို့မရတော့ဘူး။ အဲဒီကစပြီး ဘယ်တော့မှ အိပ်စက်လို့မရတော့။ လူဟာ ကိုယ့်အသိကို ကိုယ်ပြန်သိကြောင်း သိမှ၊ အဲဒီသိနေတာကိုလည်း ပြန်သိ၊ နောက်ထပ်လည်း သိ။ ကွင်းစက်တွေလို မပြီးဆုံးနိုင်အောင် သိရင်း။ နောက်ဆုံး သိတယ်ဆိုတာ ပျောက်သွားတယ်။

ဘုရားသွားကျောင်းတက်လုပ်တယ်။ အရက်သောက်တယ်။ စိပ်ပုတီးစိပ်တယ်။ ဖရုဿဝါစာ ရေရွတ်တယ်။ မိုးလင်းတယ်။ မိုးချုပ်တယ်။ ဖြူတယ်။ မည်းတယ်။ မနေ့တစ်နေ့ကမှ ကိုယ့်ကတုံးကို ပြန်ပွတ်သပ်ကြည့်တော့ ခေတ်ကြီးတစ်ခုလုံးတောင် ပြောင်လို့နေပါလား။

ကွယ်။ နားနဲ့ လွမ်းတာတွေ ခဏရပ်။ နှုတ်ခမ်းနဲ့ မုန်းတီးတာတွေ ခဏရပ်။ စိတ်နဲ့ ပြာကျနေတာတွေ ခဏရပ်။ အရှေ့က နေထွက်တာတွေ ခဏရပ်။ အရိပ်နေနေ အခက်ချိုးချိုးတွေ ခဏရပ်။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတွေ ခဏရပ်။ မိဘ ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ လူ့ကျင့်ဝတ် ခဏရပ်။ မောင်းနေတဲ့ အရှိန်ပြင်းပြင်း မာနတွေ ခဏရပ်။ သင်္ခ ါရတရား ပြောင်းလဲမှုတွေ ခဏရပ်။

မနက်မိုးလင်းတာနဲ့ ဘယ်ကရလာမှန်းမသိတဲ့ ခန္ဓာကိုယ်ကြီးကို ခြေထောက်နဲ့ ထမ်းထမ်းနေရတာ။ မုန်းစရာ။

 

×××

 

“မိုက်တွင်းနက် သံသရာမှာ အခါခါ လည်ပတ်နေရသူကိုမှ

ဖြတ်ကနဲ မျက်စောင်းထိုးလိုက်ရသလား

ဒီကောင် ရူးလို့သွားရပေါ့.. နှောင်း…”

 

နေသာတဲ့ တစ်နေ့က အနက်ရောင် နာမည်နဲ့ လူဟာ နံဘေးမှာ လာထိုင်တယ်။ နံပါတ်စဉ်တွေ အတိုင်း အနက်အဓိပ္ပါယ်တွေကို ရေတွက်ကြည့်တော့ နက်ဖြန်ခါတိုင်းဟာ ကိုယ်လိုက်မမှီအောင် နက်ရှိုင်းနေခဲ့တယ်။ တော်ကွယ်၊ နောက်မဆုတ်ချင်ပေမယ့် နောက်ထပ်ရောက်ရောက်လာဦးမယ့် နိစ္စဓူဝ နေ့ရက်တွေက နင့်နင့်သီးသီးတွေချည်း ဒုက္ခကို နောက်ယောင်ခံလိုက်ခိုင်းနေတာ။ ကိုယ့်ထက် နှိမ့်တဲ့ နယ်နိမိတ်တွေမှာလည်း နွမ်းလျလှ၊ အဲဒီ ကိုယ်တိုင်ချည်တဲ့ နှောင်ကြိုးတွေကိုက နှစ်ချို့နေတဲ့ နှလုံးသားပေါ်မှာ နှိပ်စက်ချင်တိုင်း နှိပ်စက်လာတာ နောက်တစ်ခါဆို နှစ်ပတ်လည် ဘယ်နှစ်ခုရှိပြီလဲ မသိတော့။

တကယ်တော့ ကိုယ်ဟာ နွားတစ်ကောင်ကို ရိုက်လိုက်တဲ့ နှင်တံရဲ့ ပျော့ပြောင်းမှုလို နင့်ကို ချစ်ခဲ့တာပါ.. နှောင်း။

 

×××

 

“တိမ်တွေပေါ်ကို မလှမ်းမကမ်းတက်ကြည့်တယ်

ဟိုဘက်လမ်းမှာ ခြေထောက်တွေ အစုလိုက်ပွင့်ကုန်ကြပြီ …

ကောင်းကင်ဂါထာကို ရွတ်

ဝါဆို ဝါခေါင် ဘဝတွေက ရေမဖေါင်ကြတော့ဘူး ….”

 

ဒဏ်ရာတွေ အသိုက်ဖွဲ့ထားတဲ့ ရင်ဘတ်များကို သိသလား။ ဆာလောင်မွတ်သိပ်နေတဲ့ ခေတ်ကိုက အာဒံစားတဲ့ ပန်းသီးကို မုန်းချင်စရာ။ ဖြေရှင်းမရတဲ့ ပုံသေနည်းအချို့ကို မီးရှို့ကြည့်တော့ ပဋိသန္ဓာရစကားတွေ ထွက်လာတယ်။

ပုန်းရကွယ်ရတဲ့ ဒုက္ခတွေကို မုန်းလို့၊ လိမ်ရညာရတဲ့ ဒုက္ခတွေကို မုန်းလို့ လျှာနဲ့ ပါးစပ်ကို ခေါက်သိမ်းထားတာ ကြာပြီ။ တပြိုက်လောက်ရွာ သွားတဲ့ မိုးလိုမျိုး မျက်ရည်က နေရာကွက်ကျား ရွာတယ်။ စိတ်တွေက အခါမလပ် ညစ်တယ်။ နှလုံးသားကို မသဒ္ဓါရေစာ ကျွေးတယ်။ အမြင်အာရုံက မတော်တရော်ကို မှောက်မှားတယ်။ ကိုယ့်ကိုယ်ကို မယုံသင်္ကာဖြစ်တယ်။ အလွမ်းက တမြေ့မြေ့လောင်ကြွမ်းတယ်။

နောက်ဆုံးတော့ ……

တိမ်တွေပေါ်ကို မလှမ်းမကမ်းတက်ကြည့်တယ်။

လောကပေါ်ကို ကျွန်တော် တလိမ့်ခေါက်ကွေး ပြုတ်ကျခဲ့ပေါ့။

 

×××

 

“သူပြောတော့ နွေရာသီရဲ့ မနက်ဖြန်မှာ မိုးရွာမယ်တဲ့

တကယ်တမ်း ဘယ်သူဆိုဆို

ကိုယ့်ဘဝက ဒိုရေမီဖာနဲ့မလုံလောက်ခဲ့ဘူး ….”

 

အက်ဆေးတစ်ပုဒ်ကို ခြောက်မျက်နှာ၊ ဝတ္ထုတိုတစ်ပုဒ်ကို ခုနှစ်မျက်နှာ။ ပြည့်ပြီလား ဒီအက်ဆေး။ မပြည့်သေး။ ဆက်ရေးဖို့ ပေးကြဦး။ ဒို။

ခံစားမှုအတိုင်းအတာကို ဘာနဲ့ တိုင်းကြမလဲ။ ဖတ်လို့ကောင်းပြီး နားမလည်ရင် နောက်တစ်ခါပြန်ဖတ်။ နားလည်ပြီး ဖတ်လို့မကောင်းရင် စာအုပ်ကို အသာလေးပိတ်။ ရေ။

စကားလုံတွေ ရှာပေးပါ။ ကုန်သွားပြီ။ ဒါမှမဟုတ်။ မသိတော့ဘူး။ ဒါမှမဟုတ် မကြိုက်တော့ဘူး။ စကားလုံးတွေ ရှာပေးပါ။ ဝတ်ကျေတမ်းကျေထက် ပိုတဲ့ တသီးပုဂ္ဂလတွေ ပေးပါ။ မီ။

ခံစားမှုကို တစ်ခန်းရပ်သလိုရပ်ပြီး၊ သင့်အတွက် မနက်ဖြန်မှာ ထည့်သွင်း။ အေဘီစီဒီကို ဝဆွဲနဲ့ တစ်ချောင်းငင်နဲ့ ပေါင်း။ လောင်မြိုက်မှုနဲ့ ဆာလောင်မှုကို တစ်ရပ်တစ်ကျေးဆီမှာ ခွဲထား။ ဖာ။

ခုထိ ဒရောသောပါး ရေးရေးနေတာလည်း ကုန်ပြီ။

တကယ်ပဲ ဘယ်သူဆိုဆိုပါ။ လောက်ကို မလောက်တော့တာပါ။

 

ရင်နင့်အောင်

(ခရမ်းရိပ် အနုပညာမဂ္ဂဇင်းတွင် ဖေါ်ပြပြီး)

One comment

  • awra-cho

    February 8, 2012 at 1:19 pm

    ငမန်း တစ်ကောင် ကမှူးရှုးထိုး ဖတ်သွားကြောင်း။

Leave a Reply