ဖဲထုပ်နှင့်တူသော အိမ်နီးနားချင်း

koyin sithuFebruary 22, 20121min32111

ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။

ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ ထိုတုတ်မင်းစေ၏ အထက်တွင်မူ တုတ်သူရဲကောင်း၊ တုတ်ဘုရင်မ၊ တုတ်ဘုရင် ဟူ၍ ရှိ၏။ ထိုအတူပင် ဓားအုပ်စုတွင်လည်း ဓားတစ်၊ ဓားနှစ်၊ ဓားသုံး၊ ဓားတစ်ဆယ်အထိရှိပြီး၊ ထိုအထက်တွင် ဓားမင်းစေ၊ ဓားသူရဲကောင်း၊ ဓားဘုရင်မ၊ ဓားဘုရင်ဟူ၍ ရှိ၏။

ထို့အတူခွက်အုပ်စုတွင်လည်း ခွက်တစ်မှ ခွက်တစ်ဆယ် အထိရြှိပီး၊ ခွက်မင်းစေ၊ ခွက်သူရဲကောင်း၊ ခွက်ဘုရင်မ၊ ခွက်ဘုရင်ဟူ၍ရှိလေ၏။ ကြယ်၌လည်း ထိုနည်းလည်းကောင်းပင်ဖြစ်လေ၏။ ထိုဖဲချပ်တို့ကို ပြုလုပ်သောအခါ၌ အစဦးတွင် တိရစာ္ဆန်၏ သားရေများဖြင့် ပြုလုပ်ခဲ့ကြ၏။ ထိုဖဲချပ်တို့သည် အစဦးကာလက လောင်းကစား ပြုလုပ်သူတို့၏ ကိရိယာမဟုတ်။ အနောက်တိုင်း ရှေးဦးဂမီ္ဘရပညာရှင်များ အသုံးပြုခဲ့သော ဂမီ္ဘရပညာကို “ဩကာတစ်ဇင်း” ဟု ခေါ်၏။ ထိုပညာရှင်တို့သည် ၎င်းတို့၏ပညာကို ကမ္ဘာတည်သရွေ့ တည်စိမ့်သောဌာ လက်ဆင့်ကမ်း သယ်ဆောင်မည့် သူတို့ကို ရှာဖွေရာ လောင်းကစား သမားတို့ကို တွေ့လေ၏။

ထိုပညာရှင်တို့၏ အယူအဆအရ လူ၏မူလစိတ်တွင် ယှဉ်ပြိုင်လိုစိတ်၊ လောဘစိတ် ထိတ်လန့်ကြောက်ရွံ့လို သောစိတ်၊ မနာလိုစိတ်၊ စသည်တို့သည် ကိန်းဝပ်နေသည်။ ထိုစိတ်တို့ကို တစ်ပြိုင်နက်တည်း ကွန့်မြူးနိုင်သော အရာမှာ လောင်းကစားခြင်း သာလျှင် ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြ၏။ ထို့ကြောင့်၎င်းတို့၏ ပညာကို လောင်းကစား ပညာအဖြစ်ဖန်တီးကာ ကမ္ဘာဦး လောင်းကစားသမားတို့၏ လက်သို့ ဝကွက်၍အပ်ခဲ့လေ၏။ ထိုသို့အပ်သောအခါ၌ တုတ်အုပ်စု ဖဲချပ်အား ညှင်းဖဲအဖြစ် ဖန်တီးလိုက်၏။ သို့ရာတွင် ညှင်းတစ်မှ ညှင်းတစ်ဆယ် အထိထားပြီး တစ်ဆယ်၏ အထက်တွင် မင်းစေဖဲချပ်ကို ဖြုတ်ပစ်လိုက်၏။ မင်းစေ၏ အထက်တွင် ရှိသော သူရဲကောင်းဖဲချပ်ကို မူဂျက်ဖဲချပ်အဖြစ် ပြုလုပ်လိုက်၏။ ကျန်သော ဘုရင်မနှင့် ဘုရင်ကိုမူ နဂိုအတိုင်း ထားလိုက်၏။

ရှေးဟောင်း ဩကာတစ်ဇင်း ပညာရှင်များသည် တစ်မှတစ်ဆယ်အထိ တိုင်းသူပြည်သားဟု သဘောထား၏။ သူရဲကောင်း ဘုရင်မနှင့် ဘုရင်ကိုမူ အုပ်ချုပ်သူများဟု သဘောထား၏။ တိုင်းသူပြည်သား ဖဲချပ်နှင့် အုပ်ချုပ်သူ အကြား ဆက်စပ်ပေးသော ဖဲချပ်မှာ မင်းစေဖဲချပ်ဖြစ်၏။ သို့ရာတွင် လောင်းကစားအဖြစ် ပုံပြောင်းလိုက်သော အခါ မင်းစေဖဲချပ်အား ဖြုတ်ပစ်လိုက်သည်ကိုမူ သတိပြုရန်လိုပေသည်။ အထက်က ဆိုခဲ့သည်အတို်င်း တုတ်ဖဲကို ညှင်းဖဲအဖြစ် ပြုလုပ်လိုက်သကဲ့သို့ ဓားဖဲချပ်များကိုလည်း စပိတ်ဖဲချပ်များအဖြစ် ပြုလုပ်လိုက်၏။

ခွက်ဖဲချပ်များကိုလည်း ဟတ်ဖဲချပ်များအဖြစ် ပြုလုပ်၏။ ကြယ်ဖဲချပ်များကိုလည်း ဒိုင်းမွန်ဖဲချပ်များ အဖြစ်ပြုလုပ်လိုက်၏။ ထို့အပြင် မေဂျာဖဲချပ် နှစ်ဆယ့်နှစ်ချပ်ကိုလည်း ထုတ်ပစ်လိုက်၏။ ထိုနှစ်ဆယ့်နှစ်ချပ် အနက်မှ (Foll) ဖူးလ်ဟု ခေါ်သည့် အရူးဖဲချပ်တစ်ချပ်ကိုမူ ဂျိုကာဟု နာမည်ပြောင်းကာ လောင်းကစားကိရိယာ ဖဲချပ်တစ်ချပ်၌ သွတ်သွင်းပေးလိုက်၏။ အုပ်စုလေးစု ခွဲထားသော တုတ်၊ ဓား၊ ခွက်၊ ကြယ်၊ သို့မဟုတ် ညှင်း၊ စပိတ်၊ ဟတ်၊ ဒိုင်းမွန် ဟူသော ဖဲချပ်တို့တွင် တိုင်းသူပြည်သား ဖဲချပ်လေးဆယ်နှင့် အုပ်ချုပ်သူ ဖဲချပ် ဆယ့်နှစ်ချပ်သာလျှင် ရှိတော့၏။

တိုင်းသူပြည်သားနှင့် အုပ်ချုပ်သူအကြားတွင် ဆက်စပ်ပေးသော မင်းစေဖဲချပ်ကိုမူ ဖြုတ်ပစ်လိုက်၏။ အဘယ်ကြောင့် ထုတ်ပစ်ရသည်ကို “ဩကာတစ်ဇင်း ပညာရှင်”တို့က ဤသို့ဆို၏။ ဘုရင်ဆိုသည်မှာ လာဘ်မစား၊ ထို့အတူ မိဖုရားကြီးလည်း လာဘ်မစား၊ ထို့အတူ သူရဲကောင်းလည်း လာဘ်မစား၊ လာဘတ်စားနိုင်သူမှာ ထိုသုံးဦးနှင့် တိုင်းသူပြည်သား အကြားတွင်ရှိသော မင်းစေသာလျှင် ဖြစ်၏။ ထို့ကြောင့် ဖဲချပ်ကို မထားသင့်ဟု ယူဆကြ၏။

မူလ ဩကာတစ်ဇင်း ပညာ၏ ကိရိယာအဖြစ် သုံးစဉ်က ဖဲထုပ်တွင် (Page) ဖဲကို အသုံးပြုခဲ့သော်လည်း လောင်းကစားကိရိယာအဖြစ် သုံးသောအခါ၌ ထုတ်ပစ်လိုက်ခြင်းမှာ လာဘ်စားခြင်းသည် လောင်းကစားခြင်း ထက် ဆိုးဝါးသည်ဟု ယူဆသည်ကလည်း တစ်ကြောင်း လောင်းကစားသမားသည် အရှည်သဖြင့် တည်တံ့ နိုင်သော်လည်း လာဘ်စားသူမှာမူ အရှည်သဖြင့် မတည်တံ့နိုင်ဟု ယူဆသောကြောင့် ဖဲထုပ်မှ အပြီးအပိုင် ထုတ်ပစ်ခဲ့ခြင်းဖြစ်၏။

ရှေးဟောင်း ဩကာတစ်ဇင်း ပညာရှင်တို့သည် သူတို့၏ပညာ သူတို့၏ အမွေဖြစ်သော ဖဲထုပ်ကို ကမ္ဘာတည်သရွေ့ တည်စိမ့်သောဌာ လာဘ်စားသူ၏ သဘောသရုပ်ပါသော မင်းကပ်စိုးမြှောင် ဖဲလေးချပ်ကို ထုပ်ပစ်ခဲ့သည်ဟု အဆိုရှိ၏။ ၎င်းတို့ အယူအဆ မည်မျှမှန်သည်ကို မပြောနိုင်သော်လည်း ဖဲထုပ်ပေါ်ခဲ့သည်မှာမူ နှစ် ပေါင်း ရှစ်ထောင်ကျော်လေပြီ၊ ဤမျှသက်တမ်းရှည်ခြင်းမှာ လာဘ်စားသူလေးဦး ထုတ်ပစ်ခဲ့ခြင်းကြောင့် ဖြစ်တန်ရာ သည်ဟု ယူဆလိုကလည်း ယူဆနိုင်၏။ ထိုမဟုတ်လျှင်လည်း ယှဉ်ပြိုင်လိုစိတ်၊ လောဘစိတ် ကြောင်ရွံ့ထိတ်လန့်စိတ်၊ မနာလိုစိတ်တို့သည် လူ၏ မူလစိတ်၌ တွယ်ကပ်နေသည်ဖြစ်ရာ ထိုစိတ်တို့ကို ကွန့်မြူးနိုင်သော လောင်ကစားခြင်းသည် လူ၏ သည်းခြေကြိုက်သော အရာတွင် တစ်ခုဖြစ်သောကြောင့် ဤမျှ နှစ်ပေါင်းကြာအောင် တည်ခဲ့သည်ဟုလည်း ဆိုနိုင်၏။

မည်သို့ဖြစ်စေ၊ ဖဲထုတ်များသည် ခေတ်အဆက်ဆက်သူ့နည်းသူ့ဟန်နှင့် တည်ရှိနေ၏။ ကစားသူများလည်း ရှိနေကြ၏။ ထိုသူများ သေသွားလျှင်လည်း အသစ်သစ်သော ကစားသူများ ပေါ်ပေါက်လာဦးမည်ဖြစ်၏။ ဖဲကစားခြင်းကို လူတို့နှစ်သက်သည်မှာ ငွေကြောင့်ချည်းပဲ မဟုတ်။ ယှဉ်ပြီုင်ခွင့်ရခြင်း၊ ရင်တထိတ်ထိတ် အသည်းတအေးအေး ဖြစ်ရခြင်း၊ နိုင်ရင်တော့ တော်တာပဲဟုသော မျှော်လင့်ချက် တိုက်အိမ်များ တည်ဆောက်နိုင်ခွင့်ရခြင်း၊ တစ်ဘက်လူ နိုင်သွားသည်ကို မနာလိုကြောင်း ပြောင်ပြောင်တင်းတင်း ပြောခွင့် (သို့မဟုတ်) အမူအရာဖြင့် ပြခွင့်ရခြင်းစသော အခြင်းအရာတို့ကြောင့် ဖြစ်တန်ရာ၏။

ဖဲကစားသူတို့သည် ဒီအတိုင်း လှန်၍ ကြည့်လျှင်လည်း ဒီဖဲချပ် – ပွတ်၍ ကြည့်လျှင်လည်း ဒီဖဲချပ်ဟု သိလျက်နှင့်ပင် လှန်၍ ကြည့်သူနည်း၏။ ပွတ်၍ကြည့်သူများ၏၊ အဘယ်ကြောင့် ပွတ်ကြည့်သနည်းဟူမူ တချက်တည်း လှန်၍ကြည့်ပါမူ အဖြေကိုချက်ချင်းသိရ၏။ ထိုသို့မကြည့်ဘဲ ပွတ်၍ကြည့်လျှင် အဖြေမှန်ကို မသိမီစပ်ကြား အမျိုးမျိုးအဖုံဖုံ ယူဆခွင့်ရှိ၏။ ထိုယူဆခွင့်သည် ဖဲသမား၏ အရသာများအနက် တစ်ခုသော အရသာဖြစ်၏။

ကျွန်ုပ်သည် ဖဲသမားတစ်ဦးဖြစ်၏ ထို့ကြောင့် စစ်ကြိုခေတ်တွင် နာမည်ကြီးခဲ့သော ပိတုန်းဖဲထုပ်၊ အေဝမ်းဖဲထုပ်၊ စစ်ပြီးခေတ်တွင် နာမည်ကြီးခဲ့သော ဂဏန်းသုံးလုံးတူ ဖဲထုပ်များ သုံးသုံးလုံး၊ ကိုးသုံးလုံး၊ ရှစ်သုံးလုံး စသည့်ဖဲထုပ်များ၊ ကြောင်နက်တံဆိပ်ဖဲထုပ်၊ ကိုးရိုးကားရား အမျိုးသမီးပုံများဖြင့် တန်ဆာဆင်ထားသော ပလတ်စတစ်ဖဲထုပ်၊ နာရီတံဆိပ် ဖဲထုပ်စသည်ဖြင့် မြောက်မြားစွာသော ဖဲထုပ်တို့ကို ကစားခဲ့ဖူးပါသည်။ အချို့သော ဖဲထုပ်များသည် လက်ထဲတွင် ကိုင်၍ ကုလားဖန် ထိုးလိုက်လျှင် “ရွှမ်း”ခနဲ မြည်၏။ အချို့သော ဖဲထုပ်များမှာ “ချပ်ချပ်… ချပ်ချပ်” မြည်၏။ အချို့သော ဖဲထုပ်မှာ လက်ထဲတွင် ကိုင်လိုက်လျှင် စီးစီးပိုင်ပိုင်ရှိ၏။ အချို့သော ဖဲထုပ်များမှာ ကိုင်လိုက်လျှင် ပေါ့ရွှတ်ရွှတ်နိုင်ခြင်း သာလျှင်ဖြစ်၏။

အချို့သော ဖဲထုပ်များမှာ ကစားခံ၏။ တော်တော်နှင့် မနွမ်းပေ။ အချို့သော ဖဲထုပ်များမှာမူ အကစားမခံပေ။ တစ်လှည့်နှစ်လှည့် ကစားလိုက်သည်နှင့်ပင် ဖွတ်ဖွတ်ညက်ညက် ကြေသွား၏။ ကျွန်ုပ်ဆိုလိုသည်မှာ ဖဲထုပ်တို့တွင် အမျိုးမျိုးအဖုံဖုံသော သဘာဝတို့သည် ရှိကုန်၏ဟု ဆိုလိုခြင်းဖြစ်၏။ ထိုအကြောင်းကို လူတိုင်းလက်ခံနိုင်မည် မဟုတ်ပေ။ ဖဲကစားဖူးသော ဖဲသမားတို့သာလျှင် လက်ခံပေလိမ့်မည်။ ထို့အတူ ကျွန်ုပ်၌လည်း အိမ်နီးချင်းများသည် ရှိ၏။ ထိုအိမ်နီးချင်းတို့သည်လည်း သဘာဝအမျိုးမျိုး ရှိကြကုန်၏။ တစ်ဦးနှင့်တစ်ဦး မတူကြပေ ထိုအကြောင်းကို မြို့ထဲတိုက်ခန်းများတွင် နေသူများသည် သိနိုင်မည် မဟုတ်။ များသောအားဖြင့် ထိုတိုက်ခန်းများတွင် နေသူများသည် မိမိအခန်းဘေးတွင် နေသူသည် မည်သည့် အသက်မွေးဝမ်းကျောင်း ဖြင့် အသက်မွေးသည်ကိုပင် အချို့သည် မသိနိုင်ကြ၊ ကိုယ့်အခန်းကိုယ်နေ၊ သွားစရာရှိလျှင် ကိုယ်အခန်း ကိုယ်ပိတ်၍ ထွက်သွားကြ၏ ထို့ကြောင့် အခန်းချင်းကပ်လျက် အနှစ်နှစ်ဆယ် နေခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး နှုတ်မဆက်ဖြစ်ဘဲ နေခဲ့ကြသည်လည်းရှိ၏။

ထို့ကြောင့် ထိုနေရာမျိုး၌ အိမ်နီးချင်းဟူသော စကားသည်တိတိကျကျ အကျူံးမဝင်လှချေ၊ ရပ်ကွက်ထဲတွင် အိမ်ဌား၍ဖြစ်စေ၊ အိမ်ဝယ်၍ဖြစ်စေ၊ အိမ်ဆောက်၍ဖြစ်စေ နေသူများ၌ကား အိမ်နီးချင်းဟူသည် ရှိ၏။ ကျွန်ုပ်သည် ရပ်ကွက်တစ်ခုအတွင်း၌ နေခဲ့၏။ ထို့ကြောင့်အိမ်နီးချင်းများ ရှိခဲ့၏။ ထိုအိမ်နီးချင်းတို့သည် သဘာဝ အမျိုးမျိုးရှိကြ၏။ အချို့ကို ပေါင်းရသည်မှာ စီးစီးပိုင်ပိုင် ရှိကြ၏။ အချို့မှာပေါ့ရွှတ်ရွှတ်နိုင်၏။ အချို့မှာ တစ်ခါ ဆက်ဆံလိုက်သည်နှင့်ပင် ဆယ်ခါလန်၍သွား၏။ ထို့ကြောင့် ထိုအိမ်နီးချင်းများသည် ကျွန်ုပ်ကစားဖူးသော ဖဲထုပ်များနှင့် တူ၏ဟု ကွန်ုပ်ကဆိုရခြင်းဖြစ်၏။

ကျွန်ုပ်၏ အမည်မှာ ဘသိန်းဖြစ်၏။ ကျွန်ုပ်သည် ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးတွင် အုန်းသီး၊ ဌက်ပျောသီး ရောင်းသောအလုပ်ဖြင့် အသက်မွေး၏။ သို့ရာတွင် ကျွန်ုပ်တို့၏ဈေးမှာ နံနက်ခုနှစ်နာရီ မှ ဆယ်တစ်နာရီခန့် သာလျှင် လူစည်ကား၏။ ဆယ့်နှစ်နာရီကျော်သည်မှ ဈေးပိတ်သည်အထိ လွန်စွာလူပါးလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ ဈေးသူဈေးသားများသည် ဆယ့်နှစ်နာရီကျော် သည်နှင့် “အိပ်ချိန်” ဟု တစ်ဦးကို တစ်ဦး လှမ်း၍နောက် တတ်ကြ၏။ အမှန်တကယ်လည်း အချို့သော ဈေးသည်များသည် အိပ်ကြ၏။ အချို့သည် လူစု၍ လက်ဖက်စားဖြင်း၊ ဂျင်းသုတ်စားခြင်း၊ စကားပြောခြင်း၊ ကျားထိုးခြင်းများကို ပြုလုပ်ကြ၏။ မျက်စိလည် လမ်းမှား၍ ဝယ်သူတစ်ဦးတစ်လေ လာလျှင်မူထ၍ ရောင်းကြ၏။ ထို့နောက် အိပ်သူ ပြန်၍အိပ်၏။ စားသူပြန်၍စား၏။ ကျားထိုးသူပြန်၍ ထိုး၏။

ကျွန်ုပ်သည် ဆယ့်နှစ်နာရီ ထိုးသည်နှင့် တစ်ပြိုက်နက် ကျွန်ုပ်၏ဆိုင်ကိုမူ မူတူးဟုခေါ်သော ကုလားလေဖြင့် လွှဲကာ ကျွန်ုပ်မှာမူ အချိန်းအချက်ရှိသော ဖဲဝိုင်းများသို့ သွားလေတော့၏။ ဖဲဝိုင်းစောစောပြီးလျှင်လည်း ဆိုင်သို့မသွားဘဲ အိမ်သို့သာ ပြန်လာ၏။ ကုလားမူတူးက အချိန်တန်လျှင် ဆိုင်သိမ်း၍ ကျွန်ုပ်ထံသို့ ရောက်လာမြဲဖြစ်၏။ အကြောင်း အမျိုးမျိုးကြောင့် ဖဲဝိုင်းများ မရှိသည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဆယ့်နှစ်ရီထိုးသည်နှင့် ဈေးမှအိမ်သို့သာ တိုက်ရိုက်ပြန်လာတတ်၏။ အိမ်၌ အနေများ လာသောအခါ အိမ်နီးချင်းများကို သတိပြုမိလာ၏။ ဤသို့ သတိပြုမိလာသည်ဟု ဆိုသောကြောင့် ယခင်က သတိမပြုသဘောဟု ဆိုဖွယ်ရာရှိ၏။ အမှန်စင်စစ် ကျွန်ုပ်၏ အိမ်နီးချင်းများသည် လူသစ်များဖြစ်၏။ ယခင်က လူဟောင်းများ မရှိကြတော့ပေ၊ အားလုံးလိုလိုပြောင်းသွား ကြပြီဖြစ်၏။

ဈေးကောင်းရသောကြောင့် မိမိတို့၏ အိမ်များ မြေများကို ရောင်းချကာ မြို့စွန့် ဆင်ခြေဖုံးများဆီသို့ပြောင်းရွှေ့ သွားကြပြီ ဖြစ်၏။ ယခုဆက်ဆံရသည်မှာ လူသစ်များ ဖြစ်၏။ မျက်နှာချင်းဆိုင် တည့်တည့်အိမ်မှ ကျွန်ုပ်၏မိတ်ဆွေ ကိုဝကြီးဆိုသူမှာ မရှိတော့ပြီ။ ၎င်း၏ အိမ်ဟောင်းကြီးကို တခြားလူတစ်ယောက် လာ၍ ဝယ်သဖြင့် ၎င်းက မြို့စွန်သို့ ပြောင်းသွားပြီဖြစ်၏။ ထိုအိမ်ကို လာ၍ ဝယ်သူမှာလည်း ကိုဝကြီးကဲ့သို့ပင် လူဝကြီးတစ်ဦးဖြစ်၏။ သို့ရာတွင် ထိုသူသည် ကိုဝကြီးထက် အရပ်မြင့်၏။ ကိုဝကြီးသည် ဥပဓိရုပ်ကောင်း၏ ထို့ပြင် ကိုဝကြီးထက် ငွေကြေးတက်နိုင်၏။ သူသည် ကိုဝကြီး၏ အိမ်ဟောင်းကြီးကို ဝယ်ကာ ဖျက်ချပြီးတိုက် ဆောက်၏။

၎င်း၏တိုက်မှာ လွန်စွာလှပ၏။ ထိုတိုက်ကို “ပုလဲဂေဟာ” ဟု ထိုသူက အမည်ပေးကာ ဆိုင်းဘုတ်ကလေး တစ်ခုချိတ်ဆွဲထား၏။ ထိုသူသည် အိမ်ဆောက်ပြီးသော အခါ၌ မိသားစုနှင့် အတူပြောင်းရွေ့လာ၏။ ပြောင်းရွေ့လာပြီး များမကြာမီ၌ပင် အိမ်တက်မင်္ဂလာလုပ်၏။ ထိုအိမ်တက်မင်္ဂလာသို့ ထိုသူ၏မိတ်ဆွေ အမြောက်အမြားသည် အမျိုးမျိုးအဖုံဖုံသော မော်တော်ကားများဖြင့် ရောက်၍လာ၏။ ကျွန်ုပ်အပါအဝင် ရပ်ကွက် တွင်းမှ လူများကိုလည်း ထိုအိမ်တက် မင်္ဂလာသို့ ဖိတ်ကြားသဖြင့် ကျွန်ုပ်တို့လည်း ရောက်ရှိသွား၏။

ထိုသူသည် ကားများဖြင့် ရောက်လာသော သူ၏မိတ်ဆွေများကို ဦးစားပေး၍ တည်ခင်းဧည့်ခံ၏။ ကျွန်ုပ်အပါအဝင် ရပ်ကွက်သူရပ်ကွက်သားများကိုမူ ကောင်းမွန်စွာလည်း ဧည့်မခံ။ ကျွေးမွေးခြင်းလည်း မပြုသောကြောင့် ထိုသူသည် ကျွန်ုပ်တို့အား မကောင်းတတ်၍သာ ဖိတ်ကြားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့နှင့် မိတ်ဆွေဖြစ်လိုပုံ မရကြောင်း အားလုံးလိုလိုက ရိပ်မိကြ၏။ ထိုသူနှင့် သူ၏ မိတ်ဆွေများသည် အော်ကြီးဟစ်ကျယ် ပြောဆိုကြ၏။ ရယ်မောကြ၏။ နောက်ပြောင်ကြ၏။ ကျွန်ုပ်အပါအဝင် ရပ်ကွက်သူ ရပ်ကွက်သားများမှာမူ ပါးစပ်အဟောင်း သားဖြင့် ငေး၍ကြည့်နေကြရ၏။ သူတို့အချင်းချင်း ပွဲကျသော ပြက်လုံးများမှာလည်း ကျွန်ုပ်တို့နှင့် ပတ်သက်ခြင်း မရှိသောကြောင့် ရယ်၍လည်းမဖြစ်၊ မရယ်ဘဲငုတ်တုတ်ကြီး ကြောင်အမ်းအမ်းနှင့် ထိုင်နေရသည်မှာ လည်း ခက်လှတော့၏။

ထိုသူသည် ပုလဲနှင့်ငါးဌာနမှ အရာရှိဟုသိရ၏။ ကျွန်ုပ်၏ မျက်စိထဲတွင်မူ ထိုသူသည် ပုလဲနှင့်မတူ၊ ငါးနှင့်သာ တူနေ၏ ငါးမှာလည်း ငါပူတင်းနှင့်သာ တူနေ၏။ ဖောင်းကားသော သူ၏ဗိုက်ကြီးမှာ အတော်စားထားကြောင်း ဖော်ပြနေ၏။ ရပ်ကွက်တွင်းမှ သူများသည် အလျှိုလျှို ထ၍ပြန်သွားကြ၏။ ကျွန်ုပ်နှင့် ကိုမြစိန်ဆိုသော သူနှစ်ဦးသာ ကျန်ရစ်ခဲ့၏။ ၎င်းကိုမြစိန်က ကျွန်ုပ်အား.. “မပြန်နဲ့ဗျာ၊ စားသောက်ပြီးမှကို ပယ်ပယ်နယ်နယ် ပြောပြီးမှ ပြန်မယ်” ဟု ပြောလေ၏။

ဤသို့နှင့်ပင် ကျွန်ုပ်တို့နှစ်ဦးသည် စိတ်ရှည်ရှည်ဖြင့် စောင့်ခဲ့ရာ ဧည့်သည်များ အတော်အတန် ရှင်းသွားသောအခါ ထိုသူက.. “ဟေ့.. ဒီမှာ ဧည့်သည် နှစ်ယောက်ဟေ့၊ မုန့်နှစ်ပန်းကန်ပြင်ပါဦးဟ” ဟု နောက်ဘက်သို့ လှမ်း၍ ပြောလိုက်လေ၏။ များမကြာမီ၌ပင် မုန့်ဟင်းခါး နှစ်ပန်းကန် ရောက်လာ၏။ သို့ရာတွင် အကြော်များ မပါတော့ပေ။ ကျွန်ုပ်နှင့် ကိုမြစိန်သည် မုန့်ဟင်းခါးကို စားကြ၏။ ထိုအခါ ထိုသူက.. “တစ်လမ်းလုံး ဖိတ်ထားတာပဲ၊ မလာကြသေးပါလား” ဟု ကျွန်ုပ်တိုအား မေးသလိုလို ပြောသလိုလို စကားဖြင့် စတင်နှုတ်ခွန်း ဆက်လေတော့၏။ ထိုအခါ ကိုမြစိန်က.. “လာကြပါတယ်ဗျာ၊ အိမ်စေ့တက်စေ့ လာကြပါတယ်၊ မော်တော်ကားနဲ့ လာတဲ့ ဧည့်သည်တွေကို ဦးစားပေး စောင့်ရင်းနဲ့ပဲ နောက်ဆုံးမှာ မစောင့်နိုင်လို့ ပြန်သွားကြတယ်၊ မိတ်ဆွေကြီး မကြားလို့ပါ၊ အပြင်မှာ ကမ္ဘာမကျေ သီချင်းတောင် ဆိုသွားကြသေးတယ်” ဟု နောက်တီးနောက်တောက် လေသံဖြင့် ပြောလိုက်၏။

ထိုအခါ ထိုသူသည် မျက်နှာတစ်ချက် ပျက်သွား၏။ ထို့နောက်မှ ငါးပုတင်းနှင့် တူသော ထိုသူသည် ဣန္ဒြေဆည်လိုက်လေ၏။ ထို့နောက် ထိုသူက “ဟုတ်မှာပါဗျာ၊၊ ကျုပ်ကလဲ ရုံးကမိတ်ဆွေတွေ၊ ဌာနဆိုင်ရာက လူတွေ မလစ်ဟင်းအောင် ဧည့်ခံနေရတယ်ဗျာ” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမြစိန်က.. “ပြန်သွားတဲ့ လူတွေကလဲ မိတ်ဆွေကြီးကို မှာသွားပါတယ်။ သူတို့အတွက် အားမနာပါနဲ့တဲ့၊ သူတို့အစား ကျွန်တော်တို့ နှစ်ယောက်ကို ထားခဲ့ပါတယ်တဲ့၊ ကျွန်တော်တို့ နှစ်ယောက်ကိုပဲ အကြော်တွေ ဘာတွေနဲ့ ကျကျနနကျွေး လိုက်ပါတဲ့” ဟု ပြောလိုက်လျှင် ထိုသူသည် ကျွန်ုပ်တို့၏ စားပွဲကို ဂရုတစိုက် ကြည့်လိုက်ရာ အကြော်မပါကြောင်း တွေ့ရှိသွားလေ၏။

ထိုအခါ နောက်သို့ လှည့်ကာ..“ ဟေ့.. ဒီမှာ အကြော်တွေဘာတွေ လာချပေးလေ” ဟု ပြောလိုက်မှပင် ပဲကြော်တစ်ချပ်နှင့် တစ်ခြမ်းလောက်ကို ခြေ၍ထားသော ပန်းကန်ကလေး ရောက်ရှိလာလေ၏။ ထိုသူသည် ကျွန်ုပ်တို့ အနီးတွင် ဝင်၍ထိုင်လိုက်၏။ ထို့နောက် ထိုသူက.. “ဒီရပ်ကွက်ကလေး အေးအေးချမ်းချမ်း ရှိတယ်ဆိုပြီး ပြောင်းလာတာ၊ တစ်ခုတော့ရှိတယ်၊ ဒီမှာက အစိုးရဝန်ထမ်း နည်းတယ်နော်၊ ပျံကျလုပ်စားတဲ့ လူတွေ များတယ်နဲ့ တူတယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမြစိန်က.. “မှန်ပါတယ် ခင်ဗျား၊ ဟော ဒီလူကြီးက ကိုဘသိန်းတဲ့၊ ဈေးထဲမှာ အုန်းသီး၊ ဌက်ပျောသီး ရောင်းတယ်၊ ကျွန်တော်ကလဲ ဟောဒီ ဈေးထဲက ယောကျာ်းငါးစိမ်းသည် ပါပဲ။ ငါးလုပ်ငန်းပေါဗျာ၊ ပုလဲတော့မပါဘူး၊ မိတ်ဆွေကြီးက ပုလဲနဲ့ငါးလုပ်ငန်း ကျုပ်က ရိုးရိုးငါးလုပ်ငန်းဟဲ..ဟဲ.. မနှစ်တုန်းက ကျုပ်လဲ အိမ်ပြင်ဆောက်တယ်။ ကျုပ်အိမ်ကိုတော့ “ငါးဂေဟာ” လို့ နာမည်ပေးထားတယ်” ဟု ပြောလိုက်လေ၏။

ထိုသူသည် စိတ်အညစ်ကြီး ညစ်နေပုံရ၏။ ထို့နောက် ကျွန်ုပ်ဘက်သို့ လှည့်ကာ “ခုခေတ်မှာကတော့ ပွဲတော်တော် ထိုးကြတယ်ဗျ။ ခင်ဗျားကတော့ အရောင်းအဝယ် ကောင်းမှာပဲနော်” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ပြောမည် ဟန်ပြင်စဉ်ပင် ကိုမြစိန်က.. “သိပ်ပြီး အရောင်းအဝယ် ကောင်းတာပေါ့ဗျာ၊ အခုခေတ်မှာ လူတွေကလဲ ဘာတွေ ဖြစ်ကုန်တယ် မသိဘူး၊ အိမ်တိုင်းလိုလို ကန်တော့ပွဲတွေနဲ့ဗျ” ဟု ကြားဖြတ်၍ အဖြေပေးလိုက်လေ၏။ ထိုအခါ ငါးပူတင်းနှင့် တူသော ထိုသူက.. “မြန်မာပြည်မှာ ကျုပ်လို လူချည်းပဲဆိုရင်တော့ မိတ်ဆွေကြီးရဲ့ ဌက်ပျောသီး အုန်းဆိုင်တွေ ပိတ်ထားရလိမ့်မယ်နဲ့ တူတယ်” ဟု သူသည် အယုံအကြည် မရှိကြောင်း ကြေညာလိုက်လေ၏။

ထိုအခါ ကိုမြစိန်က.. “ ဟုတ်ပါလိမ့်မယ်ဗျာ၊ ဒါပေမယ့် လူတော်တော်များများက မိတ်ဆွေကြီးလို မဟုတ်ဘူးဗျ၊ ဟိုအတွက်ပူရ၊ ဒီအတွက်ပူရနဲ့၊ ပူရပါများလာတော့ အားငယ်လာကြတယ်၊ အဲဒီလို အားငယ်လာတော့ အားကိုးရှာကြတယ်၊ အားကိုးရှာတော့ ဟိုနတ် မ နိုးနိုး၊ ဟို ဘိုးတော် မနိုးနိုးနဲ့ ပွဲထိုးကြတာပေါ့၊ ရိုးရိုးသားသား ယုံကြည်လို့ ကန်တော့ပွဲထိုးတဲ့ လူကိုတော့ အပြစ်မပြောပါဘူးဗျာ၊ ဒါပေမယ့် ဘဝမှာ အကျပ်အတည်းတွေ့လို့ အားကိုးရှာတဲ့ သဘောနဲ့ နတ် -မ နိုးနိုး၊ ဘိုးတော် မ နိုးနိုးနဲ့ ကန်တော့ပွဲထိုးတဲ့ လူတွေကိုတော့ သနားမိတယ်ဗျာ၊ မရှိရတဲ့ ကြားထဲ ကန်တော့ပွဲဖိုးက ကုန်ရဦးမယ်” ဟု ပြောလိုက်လေ၏။

ထိုအခါ ငါးပူတင်းနှင့်တူသောသူက.. “ခင်ဗျားတို့ နှစ်ယောက်တော့ မပါပါဘူးဗျာ၊ ခင်ဗျားတို့ ရပ်ကွက်က လူတွေဟာ နဲနဲလေးတော့ ကျုပ်တို့နဲ့ စရိုက်ချင်းကွာတယ်။ တကယ်ဆိုရင်ဗျာ ကိုယ်က ဒီရပ်ကွက်ထဲ နေတာပဲ၊ အိမ်ရှင်ပေါ့၊ တခြားက ကားနဲ့လာတဲ့ လူတွေက ဧည့်သည်ပေါ့ဗျာ၊ အိမ်ရှင်က ဧည့်သည်ကို ဦးစားပေးရမှာပေါ့၊ ဒီလို သဘောမထားဘဲ ဧည့်သည်ကို ဦးစားပေးရမလားဆိုပြီး ပြန်သွားကြတာကတော့ ရိုင်းတာပေါ့” ဟု ပြောလေ၏။ ထိုအခါ၌ ကျွန်ုပ်တို့လည်း မုန့်ဟင်းခါး စား၍ ပြီးပြီဖြစ်ရာ နေရာမှထကြ၏။ ကိုမြစိန်က.. “ဒီမှာ မိတ်ဆွေကြီး၊ ဒီရပ် ကွက်က တစ်မျိုးဗျ၊ အဲဒီလို အဆင်မပြေ ဖြစ်ပြီးရင် အသုဘကျရင် လိုက်မပို့ကြဘူး၊ အဲဒီတော့ မိတ်ဆွေကြီးတို့ အိမ်မှာ အဲဒီလိုကိစ္စများ ကြုံရင်တော့ လိုက်ပို့ကြမှာ မဟုတ်ဘူး၊ မော်တော်ကားနဲ့ ဧည့်သည်တွေကိုပဲ ကြိုကြိုတင်တင် မှာထားပေးတော့” ဟု ဆို၍ အိမ်ပေါ်မှ ဆင်းခဲ့ကြလေ၏။

ထိုအချိန်မှစ၍ ငါးပူတင်းနှင့် တူသော ထိုသူသည် မည်သည့်အလှူတန်း လုပ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့ ရပ် ကွက်တွင်းမှ လူများအား ဖိတ်ကြားခြင်း မရှိတော့ပေ၊ ၎င်း၏ ကားနှင့် မိတ်ဆွေများကိုသာ ဖိတ်ကြား၏။ ရပ်ကွက်တွင်းမှ လူများကို ဆေးဖော်ကြောဖတ်မျှပင် မလုပ်တော့ပေ။ တိုက်ဆိုင်၍လား မဆိုနိုင်ပေ၊ များမကြာမီ၌ပင် ထိုသူ၏ ယောက္ခမကြီး ကွယ်လွန်လေ၏။ ထိုသူ၏ မော်တော်ကားနှင့် မိတ်ဆွေများသည် လာရောက်မေးမြန်းကြ၏။ သို့ရာတွင် ဖင်ပူအောင်ပင် မထိုင်ကြ၊ ပြန်သွားကြပြီ ဖြစ်၏။ ရပ်ကွက်မှ လူများလည် လာရောက်မေးမြန်းဖော်ပင် မရ၊ ထို့ကြောင့် အသုဘအိမ်မှာ အလောင်းနှင့် အိမ်သားများသာ ရှိလေ၏။ အပြင်လူဆို၍ ကျွန်ုပ်နှင့် ကိုမြစိန်သာ ရှိ၏။

ကျွန်ုပ်နှင့် ကိုမြစိန်သည် ကွာစိကို တဖြောက်ဖြောက်ဝါးရင်း စကားစမြည် ပြောနေကြ၏။ ညဉ့်နက်ပိုင်းသို့ ရောက်သောအခါ၌ ကျွန်ုပ်က ချမ်းအေးလွန်းသဖြင့် အိမ်သို့ ပြန်နှပ်လေ၏။ ကိုမြစိန်သာလျှင် ကွာစိ တစ်ပန်းကန်နှင့် ကျန်နေခဲ့၏။ ကိုမြစိန်သည် ငါးပူတင်းနှင့် တစ်ညလုံး စကားပြောနေ၏။ နံနက် မိုးလင်းသောအခါ ကျွန်ုပ်နှုင့် ကိုမြစိန်သည် လက်ဖက် ရည်ဆိုင်တွင် ဆုံလေ၏။ “ဘယ်လိုလဲဗျ၊ ခင်ဗျား ညက မိုးအလင်းပဲလား” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုမြစိန် “မိုးလင်းတာပေါ့ဗျာ၊ အခုမှကို အသုဘအိမ်က ထပြီးပြန်လာခဲ့တာ၊ အိမ်တောင် မရောက်သေးဘူး၊ ညကတစ်ညလုံး ဟိုလူကို လိမ္မာရေးခြားရှိအောင် ဆုံးမ နေရတယ်၊ ဒီလူဟာ လောကအကြောင်း ဘာတစ်ခုမှ မသိဘူးဗျ၊ သနားစရာ အတော်ကောင်းတဲ့လူ” ဟု ပြောလေ၏။ “

သူက လောက အကြောင်း မသိတော့ ဘာအကြောင်းတွေ သိလဲ ကိုမြစိန်ရဲ့” ဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ကိုမြစိ်န်က လက်ဖက်ရည်ကို အပြီးသတ် မော့သောက်လိုက်ရင်း.. “ဒီလူ မော်တော်ကား အကြောင်း၊ တိုက်အိမ်တွေအကြောင်း၊ အဖိုးတန်တဲ့ ခြံကြီးတွေအကြောင်း၊ နောက်တစ်ခေါက် နိုင်ငံခြားကို ဘယ်ပုံဘယ်နည်း သွားရမယ့် အကြောင်းတော့ ကောင်းကောင်းသိတယ်ဗျ” ဟု ပြောလေ၏။ သူသိတာတွေက သူ့ဘဝအတွက် လုံလောက်သားပဲဗျ” ဟု ကျွန်ုပ်က ဝင်၍ပြောလိုက်လေ၏။

“အဲဒါအရေးမကြီးဘူးဗျ၊ ဒီလူကလဲ ဘာမှ မလုပ်တတ်ဘူး၊ ယောက်ျားဆိုလို့ ကျုပ်နဲ့သူ နှစ်ယောက်တည်းရှိတာ နေ့လယ်လောက်မှာ ခေါင်းဝယ်ပြီး သူ့ယောက္ခမကို ခေါင်းထဲထည့်ဖို့ ကိစ္စရှိသေးတယ်၊ သူကလဲ မသာဆိုရင် အလွန်ရွံဆိုပဲဗျ၊ ကျုပ်တစ်ယောက် တည်းတော့ ဒုက္ခပါပဲဗျာ၊ အဲဒါကြောင့် ခင်ဗျားကို အကူညီ တောင်းမလို့၊ ခင်ဗျားက ဖဲသမားဆိုတော့ ဒါမျိုးတွေနဲ့ ရင်နှီးမှာပေါ့” ဟု ကိုမြစိန်က ပြောလေ၏။

“တောက်တီးတောက်တဲ့ ဗျာ၊ ကျုပ်က သိပ်ပြီး ကြောက်တတ်တာဗျ၊ ပြီးတော့ ကျုပ်က ဖဲသမားဆိုပေမယ့် မသာအိမ်မှာ ရိုက်တဲ့ ဖဲသမားမျိုးမဟုတ်ဘူးဗျ” ဟု ကျွန်ုပ် ပစ်ပစ်ခါခါ ငြင်းဆိုလိုက်လေ၏။ ထို့နောက်တွင်ကား ကျွန်ုပ်သည် ကိုမြစိန်နှင့် လမ်းခွဲခဲ့လေ၏။ ကိုမြစိန်သာ ထိုအသုဘအိမ် ၌ ရက်လည်သည်အထိ ဝိုင်း၍ လုပ်ကိုင်ပေးနေကြောင်း တွေ့ရလေ၏။ သို့ရာတွင် ငါးပူတင်း၏ ယောက္ခမ အလောင်းကိုမူ ခေါင်းအတွင်း သို့ မည်သို့မည်ပုံ သွင်းလိုက်သည်ကိုမူ ကျွန်ုပ်အနေဖြင့် မမေးဖြစ်ခဲ့ပါ။ ကျွန်ုပ်သည် ထိုအဘွားကြီး ရက်လည်သောနေ့၌ ရပ်လည်ဆွမ်းသွပ်ကို သွား၍ စားသောက်ပြီးနောက် ငါးပူတင်းနှင့်တူသော အိမ်သို့ မသွားဖြစ်တော့ပါ။ ထိုသူကိုလည်း ကျွန်ုပ်သည် မိတ်ဆွေ မဖြစ်လိုပါ၊ ထိုသူသည် အပေါစား ဖဲထုတ်နှင့်တူ၏။ အပေါစား ဖဲထုပ်သည် တစ်ဝိုင်းလောက် ကစားသည်နှင့် ဖွတ်ဖွတ်ညက်ညက် ကျေလေ၏။ ထိုသူသည်လည်း တစ်ခါ ဆက်ဆံသည်နှင့် ဆယ်ခါလန်၍ သွားလောက်အောင် အိမ်နီးချင်းမျိုးဖြစ်ပေသည်တကား။

11 comments

  • ကိုရင်စည်သူ

    February 22, 2012 at 11:54 am

    အဘမင်းသိင်္ခ၏ စာပေလက်ရာများကို နှစ်ခြိုက်စွဲလမ်းကြကုန်သော
    ရွာသူားများအတွက် အဘရေးသားခဲ့သော ဖဲထုပ်ဖြစ်ပေါ်လာပုံ၊
    တားရော့ခ်နှင့် ဖဲအဆက်အစပ်ရှိပုံ၊ ဖဲသမားတို့ရဲ့ ဖဲအပေါ် အရသာယူ၍
    လောင်းကစားပြုမူပုံနှင့် လူတို့၏ စရိုက်သဘောကို ဖော်ပြပေးလိုသော
    စေတနာဖြင့် ပြန်လည်ရေးသား တင်ပြပေးထားပါတယ်ခင်ဗျာ..
    ရွာသူားတိုင်း အိမ်းနီးချင်းနားချင်းကောင်းများ ရှိနေနိုင်ကြပါစေ..

  • ကြောင်ကြီး

    February 22, 2012 at 12:06 pm

    ကရင်စည်သွပ် ရွာထဲမှာ ရှိသေးသကိုး..သင်္ဘောထွက်သွားပြီမှတ်တာ…ဖဲထုပ်ရာဇဝင် သိခွင့်ရလို့ ကျေးဇူးပါဗျာ။။ အယင်က တားရော့ကတ်ကို ၂၂ချပ်နဲ့ ၇၈ချပ် မရှင်းမရှင်း ဖြစ်နေတာ အခုမှ သိတော့တယ်….။ ကိုရင် သင်္ဘောမထွက်ခင် ဂမ္ဘီရတွေ များများရေးခဲ့ပါအုံး။ တလောက ဂန္ဓာရီခရီး အတွေ့အကြုံရေးမယ်ဆိုတာလည်း မရေးရသေးဘူးနော်။ ကျုပ်တို့ကို ရုပ်ဝါဒီ ဇိမ်ဘုံးဂျီးဦးခိုင်နဲ့ ပစ်မထားခဲ့ပါနဲဗျာ…။

  • ဟုတ်တယ် ကိုရင်စည်သူရေ။အိမ်နီးနားချင်းတွေမို ့သူကကိုယ့်ကိုနားလည်ပေးမှ၊ကိုယ်ကသူ ့ကိုနားလည်ပေးမှ
    နေထိုင်မှုအေးချမ်းနိုင်တော့မှာပါ။တခါတလေလဲ စိတ်ပျက်မိတယ်ဗျာ။

  • စိန်ပေါက်ပေါက်

    February 22, 2012 at 12:14 pm

    ခက်တာက မသာအိမ်ပဲ ဖဲရိုက်လို ့ရတာ ကိုရင်ရေ
    အပြင်မှာရိုက်လို ့မိရင် အနဲဆုံး တစ်နှစ် တာလဘောစားရမှာ 😆
    ဖဲတော့ ဝါသနာမပါဘူးဗျ
    ဖဲသမားတွေတော့ ရိုက်နေကြတာထိုင်ရာက မထ
    အချိန်ကုန်လို ့ကုန်မှန်းမသိ..ဖဲဟာ ဝဲလိုပဲဆွဲသတဲ့.ဗျာ..ဖဲဝိုင်းဘယ်မှာရှိလဲ..ဘယ်အိမ်မှာခိုးလုပ်ရမလဲပဲ စဉ်းစားနေကြတာ
    ဖဲလဲ စွဲတာပဲ
    တော်သေး..ဒေါ်စိန်ပေါက်က ဖဲမစွဲပ ဝဲစွဲ အဲလေ..ဘာမှမစွဲပါဘူးဗျာ
    😀

    • nozomi

      February 22, 2012 at 12:29 pm

      ကိုပေ ကြီး နေမကောင်းဘူး ဆိုပဲ
      ဒီ အချိန်ကြီး ဖဲအကြောင်းတွေ မပြောကြပါနဲ့ ဗျာ

      အဲ နိုင်အောင် ရိုက်နည်းလေးတော့ ပြောပြပါဦး ကိုရင် ရယ်

      • စိန်ပေါက်ပေါက်

        February 22, 2012 at 2:42 pm

        ကိုပေရေ
        နိုင်ခဲ့ရင်လဲ လားရာကောင်းအောင် ကုသိုလ်ကောင်းမှု လုပ်ပေးကြမှာပါကွယ်
        😆

  • နှူးဘာဂိုဏ်းချုပ်

    February 22, 2012 at 12:21 pm

    ကိုရင်စည်ရေ…

    ဖဲဆိုလို့ အချပ်၄ဝပဲ ပါတဲ့ဖဲထုပ်၁ထုပ်တော့
    လေ့လာဖူးရဲ့ဗျာ …

    ရုရှားတွေ ထွင်ထားတာဗျ …ကျုပ်ဆီမှာရှိတာက ဂျပန်ဗားရှင်း
    အွန်လိုင်းမှာ ရှာရင်တော့ အင်းဂလိဗားရှင်းလဲ ရှိရဲ့ …။

    မေ့နေတာလေး အစဖော်ပေးသလို ဖြစ်လို့ ကျေးကျေးပါဗျို့ …

    ဘာသာပြန်ပီးရင် တင်ပါ့မယ်ဗျာ …
    ခုတော့ နည်းနည်းအပျင်းတစ်နေလို့ ….

    သဂျီးတင်ထားတဲ့ လော့စမ်းဂျလိ က စိုင်လေး သွားငေးလိုက်ဦးမယ်ဗျာ
    လိုက်ဦးမား??

  • blackchaw

    February 22, 2012 at 12:33 pm

    ကိုရင်ရေ။
    ဖဲထုတ်နဲ့ တူတဲ့ အိမ်နီးနားချင်းတွေ အကြောင်း
    ဖတ်မှတ်လေ့လာသွားတယ်ဗျာ။
    ဖဲထုတ်နဲ့တူလို့ မတော် ရိုက်မိနေမှ အခက်ပဲဗျို့။
    😆 😆 😆

  • jujuma

    February 22, 2012 at 1:07 pm

    လူ့စိတ်ဆိုတာက ပြောရခက်သားဗျ …
    တစ်ယောက်တမျိုးစီပေါ့ဗျာ …
    ဖဲကစားသလိုပဲပေါ့.. ကင်း ပီး ရင် ကွင်းလာချင်မှလာမယ်..
    မလိုအပ်တဲ့ ဖဲ ကိုလဲ ပစ်လိုက်လို့ရတာပဲလေ…
    အဲလိုပဲ ပစ် လိုက် ဆွဲ လိုက်နဲ့ နောက်ဆုံး အဆွဲကောင်းရင် ဒေါင်းတာပေါ့ဗျာ..ဟိဟိ
    ( ကိုယ့်ရဲ့ ရွေးချယ်မှု မှန်ကန်ဖို့ တော့ လိုတာပေါ့နော် ) …..

  • manawphyulay

    February 22, 2012 at 3:59 pm

    အင်း လူစိတ်ဆိုတာ ဘယ်လိုဆိုတာထက် ခုလို ဖတ်မိတော့လည်း ဖဲအကြောင်း အတော်အတန်သိသွားရပါတယ်။ အတော့်ကို အကျိုးထူးပါတယ်။ စီးပွားရေးလုပ်စားလို့ရပြီပေါ့နော်။:P

  • windtalker

    February 23, 2012 at 1:53 pm

    ကျုပ်ကတော့ ဖဲကစားတတ်ပါတယ် ။ ဒါပေမယ့် ဟို ရန်ကုန်က ဖဲဝိတ်ဆာ စိန်ပေါက်ပေါက် နဲ ့တော့ မကစားရဲဘူးရယ် ။ သူ က ဖဲပြင်တဲ့နေရာမှာ အိပ်ပက်လက် ဆိုကလားဘဲ ။ သတိထားကြပါနော

Leave a Reply