လုပ်တတ်သေးရဲ့လား….
ဒီသောကြာတော့ နဲနဲအားသလိုရှိလို့ ခံတွင်းချဉ်လာတာလေးဖြေဖျောက်ဘို့ ဗေဒင်ဆရာကို ဖုန်းနဲ့ အဖေါ်စပ်ပါတယ်။
သူကတော့ အမြဲလိုလိုအားနေတာပဲများလို့ တချက်တောင်မငြင်းပဲ စာရင်းစစ်ရုံးအလွန်က လရိပ်မှာတွေ့ဘို့ ပြန်ချိန်းတယ်။
ကျုပ်ရောက်သွားတော့ သူလှမ်းခေါ်ထားတာနဲ့ ဟံသာဝတီပွဲစားတန်းထဲသွားသွားပြီး မစားရအညှော်ခံနေကျ ရဲဘော်ဟောင်းပါ ရောက်နှင့်တာတွေ့ရတယ်။
ဆိုင်ထဲဝင်ပြီးတာနဲ့ တယောက်နဲ့တယောက် ခေါင်းဆတ်လက်ပြ နှုတ်ဆက်ဖြစ်တာကလွဲရင် ဘာစကားမှမဆိုဖြစ်ဘူး။
မှာထားတဲ့ ကျဆိမ့်သုံးခွက်ကို တယောက်စီဆွဲရင်း ဆေးလိပ်မီးညှိပြီး နှုတ်ဆိတ်ထိုင်နေဖြစ်ကြတယ်။
ခဏနေတော့မှ ရဲဘော်ဟောင်းက ကျုပ်ဘက်ကိုလှည့် ကျုပ်မျက်နှာကြီးစေ့စေ့ကြည့်ပြီး စကားတခွန်းမေးတယ်….
“ ပါလေရာ… မင်း ငယ်ငယ်တုန်းကလို ရည်းစားစာရေးတတ်သေးလား ?”
အမ်…. ဒီကောင်ဘာဖြစ်သွားပါလိမ့်…
ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာတွေးကြည့်ဘူးတဲ့ ကွန်မြူနစ်တွေ သူငယ်ပြန်ရင် ဘယ်လိုနေမှာပါလိမ့်….ဆိုတဲ့ အတွေးလေးကို ပြန်သတိရပြီး ပြုံးမိတယ်။ တကယ်တော့ ကွန်မြူနစ်သူငယ်ပြန်ရင်လဲ သူများတွေသူငယ်ပြန်သလို ကလေးတွေဆီက မုန့်လုစားမှာပါပဲ။
အဲတာထားပါတော့… ဒီကောင်ကဘာဖြစ်သွားရတာတုန်း…
လက်ပံပွင့်ချိန် ဘာချိန်ဆိုလား…. ရာသီဥတုကလဲရှိသေး… သတိလေးတော့ ပေးမှ…
“ဟဲ့အကောင်ရဲ့… ကိုယ့်သမီးတောင်ရည်းစားထားနေပြီ..။ ဒီအရွယ်ကြီးကျမှ ဘာတွေလာမေးနေတာတုန်း..”
“မဟုတ်ပါဘူးပါလေရာ..။ ငါမေးတာပဲ မင်းစိတ်ထဲစဉ်းစားကြည့်ပြီးဖြေပါဦး။ မင်းအဆောင်မှာတုန်းက ရည်းစားစာရေးတာ အိပ်စပြတ်လေ..။ အခုနေရည်းစားစာတစောင်လောက် ရေးပေးရမယ်ဆို ဘယ်လိုရေးမလဲ…”
ဟုတ်တော့လဲ ဟုတ်သား…
ကျုပ်က နေရာတကာ ဟိုစပ်စပ်ဒီစပ်စပ် တတ်ယောင်ကားလုပ်တတ်တော့ ငယ်ငယ်အဆောင်ကျောင်းသားဘဝတုန်းကတော့ သူငယ်ချင်းတချို့ကို ရည်းစားစာရေးပေးဘူးပါတယ်။ သူတို့ကလဲ ကျုပ်ရေးတာကြိုက်ကြပါတယ်။ ခက်တာက သူတို့ရှိတ်နေတဲ့ ကောင်မလေး(ယခုအဖွားကြီး)တွေ ကတော့ ကျုပ်လက်ရာ သိပ်ကြိုက်ကြပုံမပေါ်ဘူး။ ကျုပ်ရေးပေးတဲ့စာတွေဖတ်ပြီး သူတို့ကို ဖြတ်ဖြတ်ခဲ့လို့ ကျုပ်ရဲ့ဘွဲ့အမည်တခုက ရည်းစားစာအိပ်စပြတ်…ပါပဲ။ ရဲဘော်ဟောင်းလဲ ဓါးစာခံထဲက တယောက်ပေါ့။
ဒါကြောင့် ဇ ရှိတဲ့သူပီပီ မျက်နှာတင်းတင်းထားပြီး ပါးစပ်နဲ့ ရည်းစားစာ တစောင်လောက် လက်တန်းကောက်ရေးပြလိုက်မလို့ ဟန်ပြင်မိတယ်။
ဒါ… ဒါပေမယ့်… ဘယ်ကစရေးရပါလိမ့်…
ဘာတွေထည့်ရေးရမလဲ… ??????
သုံးမိနစ်လောက် ပါးစပ်ပိတ်ပြီးငေါင်ဆင်းသွားတဲ့ ကျုပ်ကိုကြည့်ပြီး ရယ်ဟဟနဲ့ ရဲဘော်ဟောင်းကဆိုတယ်-
“မရတော့ဘူးမဟုတ်လား ပါလေရာ။ မင်းကိုယ်မင်း ထင်မထားဘူးမဟုတ်လား..”
ကျုပ်လဲ ခဏတော့ ဆိတ်ဆိတ်နေပြီးမှ သက်ပြင်းချ ဝန်ခံလိုက်ရတော့တယ်။
“အမ်း …. မရတော့ဘူး…။ တကယ်တော့ ရည်းစားစာဆိုတာ ဘာမှန်းတောင် သိပ်သတိမရချင်တော့ဘူး…။ အိမ်ပြန်ရောက်မှ မိကဲ(ကျုပ်သမီး)လွယ်အိတ်ထဲရှာပြီး ပြန်ခိုးဖတ်ကြည့်ရဦးမယ်။ အဲ… နေပါဦး… ငါ့လာပြောရအောင် မင်းကရော ကဗျာရေးတတ်သေးလား…။ အခုပဲ နှစ်ကြောင်းသုံးကြောင်းလောက် လက်တန်းရေးကြည့်ပါဦး..”
တကယ်တော့ မိုးဝေခေတ်နှောင်းပိုင်းကို အမြီးလောက်မီလိုက်တဲ့ ရဲဘော်ဟောင်းဟာ ကဗျာနဲ့ပတ်သက်ရင် သိပ်တော့ခေသူမဟုတ်..။ လေးလုံးစပ်လဲမလွတ်၊ နဘေချိတ်ပြီးတော့လဲ ရေးတတ်သေးတယ်။ မော်ဒန်ခေတ်ဦး ကာရံမဲ့ကဗျာမျိုးတွေလဲ လက်တွေ့တတ်တယ်။ သူ့ကဗျာတွေကို မဂ္ဂဇင်းက ပယ်လို့ဆိုပြီး စာရွက်ပေါ် ဖယောင်းဖေါက်၊ ဂက်စတင်နာနဲ့လှိမ့်ပြီး ဂျပ်ဆင်နားမှာ အလကားဝေတာမျိုး အရူးထတတ်တယ်။ ဘာပဲပြောပြော သူ့ကဗျာတွေကို သူ့သူငယ်ချင်းတွေက ကြိုက်ပါတယ်။ လှည်းတန်းစေတနာရှင်ကဖီးမှာ လဘက်ရည်နဲ့ ပေါက်စီနဲ့ အားပေးရင်းဖတ်ရတော့ သူ့ကဗျာလေးတွေက အရသာရှိတာအမှန်ပါပဲ။ ဒူးယားလေးပါ အလှူစာရင်းထဲပါရင်ပေါ့လေ။
အခုတော့သူလဲ ဝန်ခံပါပြီ…
“အေးကွာ.. အဲဒါလေးစဉ်းစားမိလို့ မင်းကိုစမေးတာ…။ ငါလဲ ကဗျာဆိုတာ ဘယ့်နှယ်ဟာမှန်းတောင် မသိတော့ဘူး..။ အရင်တုန်းက ကိုယ်တွေဟာ အခုကိုယ်တွေ မဟုတ်တော့သလိုပဲ…..။ ငါတို့ တခြားလူတွေ ဖြစ်ကုန်သလိုပဲနော်..။ ဒါထက်… ဗေဒင်ဆရာ… မင်းရော ပုံပြင်တွေပြောနိုင်သေးလား…”
ရဲဘော်ဟောင်းက ဗေဒင်ဆရာဘက်လှည့်မေးတုန်း စီးကရက်တလိပ်ထပ်ညှိရင်း သတိရသွားတယ်။ ဟုတ်ပါ့.. ကျုပ်သူငယ်ချင်းဗေဒင်ဆရာကလဲ အဆောင်မှာတော့ သူ့တံဆိပ်နဲ့သူ။ ဘာကိစ္စလေးတခုကြုံကြုံ ပုံပြင်လေးတခုထည့်ပြောရင်း စကားဝိုင်းကို အသက်သွင်းတတ်တာ..။ နွေဦးညတွေဆိုရင် အဆောင်ပါလာရဲ့ ခါးစောင်းလောက်အုတ်စီဝရံတာလေးပေါ်ထိုင်ရင်း… ဝင်းဝင်းဝါအောင်ပွင့်နေတဲ့ လက်တကမ်းကငုပင်ကြီးကို ကြည့်ရင်း သူ့ပုံပြင်လေးတွေနားထောင်ရတာလဲ အရသာတမျိုး……။
ရဲဘော်ဟောင်းကမေးတော့ ဗေဒင်ဆရာက ဆတ်ကနဲဖြစ်သွားပြီး ပြုံးမဲ့မဲ့နဲ့စကားပြန်တယ်…
“ဘာလို့မပြောနိုင်ရမှာလဲဟေ့ကောင်ရဲ့…။ ပုံပြင်ဆိုတာ မင်းတို့ ရည်းစားစာရေးတာလို.. ကဗျာရေးတာလို.. စိတ်ကူးယဉ်ပြီး ပြောရ ရေးရတာမဟုတ်ဘူး။ ပုံပြင်ဇတ်လမ်းတွေဆိုတာက လူ့လောကထဲကအဖြစ်တွေကို ထင်ဟပ်ပြီးပြောဆိုကြတာ။ လောကကြီးရှိသရွေ့ ပုံပြင်တွေလဲ ရှိနေမှာ .. ပြောနေကြမှာ.. ပြောစရာလဲရှိနေကြမှာ….”
အဲဒီမှာ ကျုပ်ကဝင်ပြီး ဗေဒင်ဆရာကို ပွဲတောင်းမိတယ်…..
“ဒါဆိုလဲ အခုပဲ လက်ရှိလောကကြီးကိုထင်ဟပ်ပြီး ပုံပြင်တခုလောက်ပြောကြည့်ပါလား…။ ဒါမှ မင်းအပြောကြီးတာ ဟုတ်မဟုတ်သိရအောင်..”
အဲဒါနဲ့ ဗေဒင်ဆရာလဲ ရူဘီတလိပ်ဆွဲရင်း ပုံပြင်လေးစပြောတယ်…
ရဲဘော်ဟောင်းကတော့ သူ့အကျင့်အတိုင်း တချက်တချက်ဝင်ထောက်ရင်း ကဖျက်ယဖျက်လုပ်တာပေါ့…..
“ဟိုးရှေးရှေးတုန်းက ဖါးတွေရှိသတဲ့..”
“ဖါးတွေက အခုလဲရှိတာပဲ။ အဆန်းလုပ်လို့….”
“ဟေ့ကောင်.. ကောင်းကောင်းနားထောင်ကွာ။ ဖါးတွေကတော့ နောင်လဲရှိမှာပဲ..။ လွယ်လွယ်နဲ့မျိုးတုံးမယ့်လက္ခဏာမရှိဘူး..။ မျိုးစိတ်သစ်တွေတောင် ထပ်တွေ့နေသေးတာ..။ မင်းပြောရတာနဲ့ ငါ့ပုံပြင်တောင်ဘယ်ရောက်သွားမှန်းမသိဘူး..”
“ဘယ်မှမရောက်သေးဘူး..။ အစပဲရှိသေးတယ်..။”
“အင်း .. အဲဒါ… ဖါးတွေဟာ ကျွဲခြေရာခွက်ထဲ စုပြုံတိုးကြိတ်ပြီးနေသတဲ့…”
“ကျွဲခြေရာခွက်ဆိုတာ ဖါးဘယ်နှစ်ကောင်ဆန့်မှာမို့လဲကွာ..။ မင့်ဟာက..”
“ဒီမှာရဲဘော်ဟောင်း… ငါပုံပြောနေတုန်း ပါးစပ်ပိတ်နားထောင်..။ ပြီးမှ မင်းကြိုက်သလောက် ကွန်ပလိန့်တက်…”
“အေးပါ ဗေဒင်ဆရာရယ်..။ စိတ်ရှည်ရှည်ထားပါ။ မင့်ပုံပြင် အပြင်ကနဲ့သိပ်မတူမှာစိုးလို့ပါ…။”
“အေး.. မင်းမှတ်ထားဘို့က ပုံပြင်ဆရာတွေအသက်ရှည်နေတာ အပြင်နဲ့တူအောင်မပြောလို့ပေါ့..။ အပြင်နဲ့တူအောင်ပြောမှဖြင့် ဝိုင်းရိုက်ခံရတာနဲ့ မျိုးတုံးကုန်တာကြာရောပေါ့..။
အဲဒါ.. တနေ့မှာတော့ ဖါးတချို့ဟာ ကျွဲခြေရာခွက်ထဲက ခုန်ထွက်ရင်း တချို့က ဆင်ခြေရာခွက် တချို့က ဂေါ်ဇီလာခြေရာခွက်ထဲ ရောက်ကုန်သတဲ့ …..
ဂေါ်ဇီလာခြေရာခွက်ထဲရောက်ကုန်တဲ့ဖါးတွေက သူတို့အရင်နေခဲ့တဲ့ ကျွဲခြေရာခွက်ထဲကဖါးတွေကို အရမ်းအရမ်းသနားတာနဲ့… သူငယ်ချင်းတို့ရေ မင်းတို့နေနေတာ တကယ်တော့ ပင်လယ်မဟုတ်သေးဘူး…လို့ သတိပေးပြောဆိုသတဲ့…၊ ဆင်ခြေရာခွက်ထဲရောက်တဲ့ ဖါးတွေကလဲ သံယောင်လိုက်ပြီးသတိပေးသတဲ့…၊ …… ……”
ဗေဒင်ဆရာဟာ ပုံပြင်တန်းလန်းကိုဆက်မပြောသေးပဲ သက်ပြင်းရှည်ကြီးချပြီး အပြင်ကိုငေးနေတယ်။
မနေနိုင်တော့တဲ့နောက် ကျုပ်ကပဲ ပုံပြင်ကိုဆက်ဘို့ တိုက်တွန်းရတာပေါ့….
“ဆက်ပြောလေဗေဒင်ဆရာရဲ့…”
“ဘာဆက်ပြောရမှာလဲ…”
“မင့်ပုံပြင်က ပြီးမှမပြီးသေးတာ…”
“ဟုတ်တယ်၊ မပြီးသေးဘူး…၊ ဘယ်တော့ပြီးမယ်လို့လဲ မပြောတတ်တော့ပါဘူး….”
အော်…….. သူလဲ ပုံမပြောတတ်တော့ဘူးပဲ…….။
ကျုပ်လဲသူတို့နှစ်ယောက်နဲ့အတူ သက်ပြင်းအတူချရင်း အေးစက်နေတဲ့ ရေနွေးခွက်ကို ကောက်မော့မိတယ်….
ဒီနေ့မှ ရေနွေးကြမ်းကလဲ ခါးလိုက်တာနော်………
30 comments
water-melon
March 11, 2012 at 4:32 pm
ဘယ်လိုပြောရမလဲ
ကျွဲခြေရာခွက်ထဲက ဖားကို ဂေါ်ဇီလာခြေရာခွက်ထဲက ဖားက ပင်လယ်မဟုတ်သေးဘူး…လို့ သတိပေးတယ်
ဒီလိုဘဲပေါ့ ကျွန်တော်တို့လူ့လောကမှာလဲ ကိုယ်ကနေရာတစ်ခုမှာနေပြီး သာယာတယ်ကြီးကျယ်တယ်ထင်နေတာ။
အပြင်လောကမှာ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာ မသိတဲ့သူတွေအများကြီးဗျ
နေရာတစ်ခုမှာ တစ်တပ်မတ်ထဲမနေဘဲ ပိုပြီးကြိုးစားသင့်တယ်လို့ထင်တယ်။
မတတ်တစ်ခေါက်နဲ့ ဝင်မန့်သွားကြောင်း။
MaMa
March 11, 2012 at 4:44 pm
အင်းးးးးးး သဂျီးတို့လို ဂေါ်ဇီလာ ခြေရာခွက်ထဲက လူတွေကတော့ ပြောအားရှိမှာပေ့ါ။ 😛
kai
March 11, 2012 at 4:59 pm
တကယ်တော့..ခြေရာခွက်တခုမှာ… အနည်းဆုံးငါးနှစ်နေထိုင်မှ.. ကိုယ်နေတဲ့ခြေရာခွက်အကြောင်း.. ရိပ်မှန်းသံမှန်းဖမ်းမိတာပါ…။
ဒါပေမဲ့.. ဒီခေတ်မှာ.. . ခြေရာခွက်တွေဆက်ကုန်ပြီ..
အင်တာနတ်မင်းရဲ့.. မိုးတွေရွာချပြီး..ရေစီးကြောင်းနဲ့အတူ… ခြေရာခွက်တွေ.. အချင်းချင်း ဆက်စပ်မိကုန်တယ်ဆိုပါတော့…
ဆိုတော့..
ကျွဲခြေရာခွက်ထဲကဖားက.. ကျွဲထီးခြေရာလား ကျွဲမခြေရာလား စူးစမ်းလာတယ်..။
ဆင်ခြေရာခွက်ထဲကလည်း.. ဆင်ဖြူ/ဆင်မဲ.. ဆင်ခရုသင်းလားတဲ့..
ဂေါ်ဇီလာခြေရာခွက်ထဲက ဖားကတော့.. တီရက်စ်လား ပက်တရိုဆောလား.. စူးစမ်းလာတယ်..။
ကမ္ဘာပြားသွားပြီလေ…။ 😆
ကဲ..
ချိုစိမ့်နဲ့..ဆက်သောက်မလား..
ဂျော်နီနဲ့ မှောက်ကြမလား…
pooch
March 11, 2012 at 7:45 pm
ရေနွေးကြမ်းသောက်ပြီး လက်ဖက်လေးနဲ့ပဲ မြည်းတော့မယ် သူကြီး 😀
ဦးပါရေ ဒီပုံပြင်ရဲ့ အတွေးကို ကြိုက်တယ်ဗျို့။
water-melon
March 11, 2012 at 5:08 pm
မနက် ချို့စိမ့်
ည ဂျော်နီပေါ့ ( ဂျော်နီအောင်ပု ပြောတာလား )
htet way
March 11, 2012 at 7:17 pm
အမြင်ကိစ္စပါ။
point of view ကတော့ မတူနိုင်ဘူး။
ကျုပ်လို ကချိကချောက် ဘာလိုလိုလူရဲ့ အမြင် က ဘာလှမလဲ။
ဦးဦးခင်ဗျား…. လမ်းဘေးမှာ သစ်ပင်ကြီးတစ်ပင်ပေါက်နေပါတယ်
သစ်ခုတ်သမားက ထင်းတွေရမှာပဲ ၊ခုတ်လိုက်ရရင်…..
ဆေးဆရာက အရွက်သည် အဆုပ်နာကောင်း၏ အမြစ်သည် ဆီးချိုကျစေ၏……..
အမြင်မတူဘူး နိုင်ငံရေးသမား ပန်းပုဆရာ…စသဖြင့်ပေါ့……။
လမ်းဘေးမှာတော့ သစ်ပင်တစ်ပင်ပေါက်နေပါတယ်။
ဒီလိုပါပဲ ငါ့ အမြင်….သူ့အမြင်ကိစ္စမှာ ..တယူသန်လို့တော့မရနိုင်ပါဘူး
ရေမြေ..ရာသီ နဲ့ စရိုက်တွေလည်းရှိနေပါတယ်။
ဟုတ်ကဲ့… ကျွန်တော်က ချောင်းထဲကဖားပါ ပင်လယ်အကြောင်းမသိပါ။
ဒီလို ဒဿနဆောင်းပါးတွေကို ကြိုဆိုပါတယ် ဦးဦးကျန်းမာပါစေ။
ဦးဦးပါလေရာ
March 11, 2012 at 7:36 pm
ဟင် ….
ခင်ညားတို့ကလဲ…
ကျုပ်ရည်းစားစာအိတ်စပြတ်ဖြစ်တာကျ အားမပေးဘူး…
ဘယ့်နှယ် ဟိုကောင့်ပုံပြင် တပိုင်းပြတ်ကြီးသွားအားပေးကြတာလဲ…
နာလိုဘူးဟေ့ ….. 😛
Moe Z
March 12, 2012 at 3:16 pm
ဦးဦးပါလေရာရယ် သမီးလွယ်အိတ်ထဲက ရည်းစားစာရှာဖို့စိတ်ကူးကိုစွန့်လွှတ်လိုက်ပါ တွေ့မှာမဟုတ်ဘူး
ဖုန်းထဲက မူးစေ့မတ်စေ့တွေပဲရှာကြည့်လိုက် 😀
pooch
March 12, 2012 at 4:04 pm
ဟုတ်တယ် ဦးပါ ကျမခုချိန်ထိ ရည်းစားစာတခါမှ မရေးဖူးဘူး။ မိုးဇက်ပြောတဲ့ မူးစေ့မတ်စေ့ ကျပ်စေ့ တွေရှာမှတွေ့ပါလိမ့်မယ်။ ခေတ်ကာလသားသမီးတွေ ဖုန်းကို
မိုးအလင်းပြောလေ့ရှိသည်တဲ့ ။ ခိုးနားထောင်ရင်တော့ ရမလားပဲ။ 😀
ဦးဦးပါလေရာ
March 12, 2012 at 11:07 pm
အဲတာကြောင့် သမ္မတကြီးက ကိုယ်ချင်းစာပြီး ညပြောတဲ့ဖုန်းဘိုးတွေ တဝက်လျှော့လိုက်တာဖြစ်မယ်။ 😀
ဦးဦးပါလေရာ
March 12, 2012 at 11:05 pm
Moe Z နည်းလမ်းသစ်တွေ လက်ထောက်ချတဲ့အတွက် ကျေးကျေးပါ 😀
inz@ghi
March 13, 2012 at 6:57 am
အဟတ်အဟတ်…
ဒါမိုးက လုပ်ဖူးမှ သိတာ….
😀
မဟာရာဇာ အံစာတုံး
March 11, 2012 at 7:46 pm
ကျနော် နေနေတာ ပင်လယ် မဟုတ်သေးပါဘူး …
ကျနော် ဒီ ပင်လယ် မဟုတ်တာထဲကလည်း မခုန်ထွက်ချင်ပြန်ဘူး …
ကျနော် မျှော်လင့်နေမိတဲ့ နေ့ရက်တွေတော့ ရှိနေတယ် …
ဒါတွေကတော့ ပင်လယ် မဟုတ်သေးတဲ့ နေရာ ပင်လယ် ဖြစ်လာမယ့် အချိန်တွေပါပဲဗျာ ………
မဟာရာဇာ အံစာတုံး
March 11, 2012 at 7:49 pm
အော် ..
မေ့သွားလို့ … ရည်စားစာ အိတ်စပြတ် ဦးဦးရေ … 😀
ရည်းစားစာ ခိုးကြည့်ပီးရင် ..
သားသားကိုလည်း တစ်စောင်လောက် ရေးပေးဦးနော် …
အဆင်ပြေရင် လက်ဖက်ရည် တစ်ဝိုင်းကို အမေဒိကန် ချစ်စတမ်နဲ့ တိုက်မဗျာ … 😀
MaMa
March 11, 2012 at 8:09 pm
အကုန်အကျတွေ သိပ်များနေပါ့မယ် ခြောက်မျက်နှာရယ်။
ဒါထက်စကားမစပ် အေဗာတာ ပုံလေး သဘောကျတယ်။
padonmar
March 11, 2012 at 8:08 pm
ဦးဦးပါ
အခုပဲ ငယ်သူငယ်ချင်း တစ်ယောက် ဘိလပ်က ခဏပြန်လာလို့ သူငယ်ချင်း၄ယောက် ဆုံဖြစ်ကြရာက ပြန်ရောက်တယ်။
မုဆိုးမက တစ်ယောက် အိမ်ထောင်သည်က တစ်ယောက် အပျိုကြီးက ၂ယောက်။
ငယ်တုံးက အကြောင်းလေးတွေ ပြောပြီး ရယ်ဖြစ်ရင်း မကြာသေးမီက ဆုံးသွားတဲ့ သူငယ်ချင်းအကြောင်းပြောဖြစ်ရင်း
အခုတော့ ပျော်စရာတွေ ပျောက်သွားသလို ဘာကိုမှ သိပ်ကြီး serious မထင်တော့ ဘူး။
နောက်ဆုံးတော့ ပြီးရင်လည်း ပြီးသွားတာတွေချည်းပါပဲ လို့ ကောက်ချက်ချမိကြပါတယ်။
ဒါလည်း ပုံပြင် တစ်ပိုင်းပြတ်သွားသလိုပါပဲ။
(ဦးပါက မိကဲအမေကို သေတ္တာထဲက ရည်းစားစာ ပြန်ထုတ်ပေးခိုင်းပြီး ဖတ်ကြည့်လိုက်ပါလား)
weiwei
March 11, 2012 at 9:06 pm
ဦးဦးပါလေရာစာဖတ်ပြီး ငယ်ငယ်တုန်းက မပေးလိုက်ရတဲ့ ရည်းစားစာတွေကို သတိရသွားတယ် … 🙁
ကျွန်မက စာရေးတာအလွန်ဝါသနာပါလေတော့ကာ တစ်ဖက်သတ်ခံစားချက်တွေကို စာရေးထားခဲ့တာပေါ့ … မည်သူတစ်ဦးတစ်ယောက်မှ မဖတ်ဖူးလိုက်ပဲနဲ့ အသက်ကြီးလာတော့ ကိုယ့်ဟာကိုယ်ပြန်ဖတ်ပြီး ရှက်တာနဲ့ မီးရှို့ပစ်လိုက်ပြီ …. 😛
အခုပြန်စဉ်းစားတော့လဲ ပုံပြင်တစ်ပိုင်းပြတ်သွားသလိုပဲ …
Foreign Resident
March 12, 2012 at 6:20 am
အောင်မလေး နှမျောစရာ မ Wei Wei ရယ် ။
အဲဒီစာတွေကိုများ အခုနေ
MG မှာ အခန်းဆက် ထည့်လိုက်ရရင် ၊ ရှယ်ပဲ ။
aye.kk
March 11, 2012 at 10:15 pm
အဖေဆုံးမဘူးတာလေးသတိရသွားတယ်..
ခေါင်းစဉ်စာသားလေးကလုပ်တတ်သေးရဲ ့လားဆိုလို ့ပါနော်…
လူကြံရင်ထရံကချီးကုန်းတဲ့တုတ်လဲလုပ်လို ့ရသလို..
လူကြံရင်လေယာဉ်ပျံလည်းဖြစ်အောင်လုပ်တတ်တယ်တဲ့..
နှိုင်းပြတဲ့စကားမို့ရိုင်းပြတယ်ထင်မိ်ရင်ဖြင့်ခွင့်လွတ်ပေးပါနော..။
ကိုပေါက်(မန္တလေး)
March 11, 2012 at 10:42 pm
မဝေကလဲ အလကားမီးရှို့လိုက်တာ။
ကျမ၏ မပေးဖြစ်သောစာများဆိုပြီး စာအုပ်ထုတ်လို်က်ရမှာ။
ဦးဦးပါလေရာ
March 12, 2012 at 12:02 am
အံစာတုံးရေ
နောက်မှ နောင်တရနေမနော်… 😛
မပဒုမ္မာရဲ့
မိကဲအမေက မီးမွှေးလိုက်တာကြာရောပေါ့…. 😀
နှမြောစရာ မဝေဝေရယ်
ဒီအတိုင်းလေး သိမ်းထားပြီး နဲနဲပိုအသက်ကြီးအောင်စောင့်လိုက်ရင် အမှတ်တရမှတ်တမ်းတွေဖြစ်သွားမှာ။
ကိုပေါက် ပြောသလို ဇတ်လမ်းလေးခံပြီး စာအုပ်ရေးလို့တောင်ရတယ်..။:)
မaye.kk ပြောသလိုပါပဲ။ လူကအဓိကပါဗျာ…။
Khin Latt
March 12, 2012 at 3:40 am
ဦးဦးပါလေရာ
ဒီလိုအရေးအဖွဲ့မျိုးကို ဖတ်လိုက်ခြင်းဖြင့် ငယ်စဉ်က ရီးစားစာ ကောင်းကောင်းရေးတတ် မယ် ဆိုတာ ယုံကြည်ပါ၏။
“ကောင်မလေး(ယခုအဖွားကြီး)တွေ” ဆိုတဲ့ ပြောင်မြောက်တဲ့ စကားလုံး ကတော့ဖြင့် တဲ့တဲ့ကြီးကို အရှိုက်ထိ ပါ၏။ 😉
ဂေါ်ဇီလာခြေရာခွက် ကို ရွေးတဲ့ ဖားတွေက ဟိုလူ တွေ ပြောပြော နေတဲ့ ကွန်ဆာဗေးတစ် အနွယ် ဖား တွေဘဲ ဖြစ်ရမည် ဟူ၍ ခန့်မှန်းလိုက်ပါ၏။
ဘာလို့လဲ ဆိုတော့ ရှေးရိုး အကျဆုံး အကောင် ရဲ့ ခြေရာထဲမှာမှ သွားနေလို့။ 😆
windtalker
March 12, 2012 at 2:10 pm
ကွမ်းစားထွေးပစ် နေသော ကျွန်တော့် လို ကောင်တွေ ဖြစ်မှာပေါ့နော ။ အန်တီ
ဦးဦးပါလေရာ
March 12, 2012 at 11:24 pm
မခင်လတ်ရေ
ချက်ကျလက်ကျ တွေးတတ်ပါပေရဲ့
(ဘာလို့လဲ ဆိုတော့ ရှေးရိုး အကျဆုံး အကောင် ရဲ့ ခြေရာထဲမှာမှ သွားနေလို့)
ကိုပေရဲ့
ကွန်ဆာဗေးတစ်ဆိုတာ ကျုပ်တို့ကွမ်းစားထွေးပစ်ထက် ပိုကပ်စေးနဲပုံရတယ်။
သူတို့က မြိုချတာ….. 😀 😀
ကြောင်ကြီး
March 12, 2012 at 8:45 am
ဦးပါလေရာတွင် မိကဲအမည်ရှိသော သမီးချောလေးရှိသည်…။ ဤကား မည်သည့်ခြေရာမှ မထင်သေးသော virgin island ပေါ်၌နေထိုင်သော လူပျိုနုနုထွတ်ထွတ် ကကြောင်ကြီး၏ အမြင်တည်း…။ စိတ်ဝင်စားသူများ ကြောင်ကြီးနောက်တွင် စနစ်တကျ တန်းစီပါ..။ 😎
ကောင်းမြတ်သူ
March 12, 2012 at 12:32 pm
လေးလေးရေ……. သားသားလက်ရေးနဲ့အရေးအသားက လေးလေးအရေးအသားနဲ့ဘယ်လိုနေလဲဟင်….
အရေးအသားလိုရင် ဆုံးမပါနော်………နော်လေးဖေနော်………… မဂဿငလာဆောင်ကျမှ အပြင်မှာ ပြန်ဆုံမယ်နော်…. သားသားခန်းဝင်သွားဝယ်လိုက်အုံးမယ်……….(နောက်တာ……..)
kyeemite
March 12, 2012 at 1:24 pm
ရည်းစားစာနမူနာလိုချင်သူများ
အမြန်ဆက်သွယ်ကြပါ…
ကျုပ်ငယ်ငယ်က မဒမ်မိုက်နဲ့
အပြန်အလှန်ဖိုက်…အဲလေ..အပြန်အလှန်ရေး
ထားတဲ့ အမိုက်စား မော်ဒန်ရည်းစားစာ
စာအုပ်လေး သိမ်းထားတာရှိသေးတယ်..
Shwe Tike Soe
March 12, 2012 at 4:40 pm
ဦးဦးပါလေရာ က ရည်းစားစာ မရေးတတ်တော့ပေမယ့် မိန်းမ ချော့စာတော့ ရေးတတ်သေးတယ် ဟုတ်တယ်ဟုတ်…
နောင်လာနောက်သားတွေ ကောင်းစားအောင် ရှေ.မှီနောက်မှီ ဦးဦးတို.မှ မိန်းမ အချော့တေးလေး တစ်ပုဒ်လောက်တော့ ရေးပြသင့်ပါတယ်ခင်ဗျာ..
ဦးဘလက်ကြီးဆို အဲဒီ အချော့တေးတွေ အများကြီးရှိတယ်… သူဆီကလဲ တောင်းထားတယ်.. ရွာထဲက ရပ်ပါ ဂီးနဲ. တွဲပြီး စီရီးထုတ်မလို.. 😀
———————————————————————————————-
ဦးဦးပါလေရာရဲ.ပို.စ်လေးက အသက်ရလာရင် အချစ်ဆိုတာ ဘာလဲ မသိတော့တာလား ဟင်.. (မသိလို.နော် မေးတာ)
amatmin
March 12, 2012 at 4:45 pm
ဦးပါလေရာရေ.
ပုံပြင်လေးက တိုတိုနဲ့ ထိမိလို့ သဘောကျပါတယ်ဗျ..
အခြေအနေများပေးခဲ့ရင် ကိုယ့်နွားခြေရာခွက်ကို ကိုယ်တိုင်ချဲ့ရတာလဲ အရသာတမျိုးဖြစ်မှာပဲ..
ဦးဦးပါလေရာ
March 12, 2012 at 11:19 pm
နောက်ကျသွားပြီ ကိုကြောင်ရေ…။ ကာလသားသမီးတွေများ ဘယ်တုန်းကရည်းစားရလိုက်မှန်း ကျုပ်တောင်မသိလိုက်ပါဘူး..။ 😛 😛
သားသားကောင်းမြတ်ရဲ့စာတော့ လေးလေးမဖတ်လိုက်ရပါဘူးကွယ်..။ အဲဒီစာရွက်အပြာလေးကို ဇီးထုပ်စားပြီး လက်သုတ်လိုက်တာတော့ တွေ့လိုက်မိတယ်..။။ 😛
ကိုကျီးမိုက် – ဒီမှာတင်လေ..။ ခပ်ရှည်ရှည်လေးဆက်တွေးရင် အဲဒါ ဇီဝိတဒါနတမျိုးလို့ ခေါ်လို့ရချင်ရမှာ..။:D
ပြောပြောက စောပါတော့ ရွှေတိုက်စိုးရယ်..။ နောက်ဆို ကိုဘလက်ကို အားကိုးရတော့မယ်…။ 😀
အမတ်မင်းရေ..
အဲဒီအခြေအနေကို ရောက်ဘို့ ရဘို့ ကျုပ်တို့ကြိုးစားနေတာပဲပေါ့ဗျာ…။