သင်္ကြန်မှာဖော်ချွတ်ခြင်း အကြောင်း

သင်္ကြန်မြင်ကွင်း

ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။
ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။

ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။

အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မဝတ်နဲ့ ဝတ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။

လိုအပ်တာက အားလုံးက လိုလိုချင်ချင်နဲ့လိုက်နာလာစေဖို့ပါပဲ။

ကျနော် အရင်ဆုံးတစ်ခု ပြောကြည့်ပါမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စိတ်အဆင့်အတန်းဟာ တဖြည်းဖြည်းနိမ့်ကျလာတယ် … လို့ပြောရင် သင်လက်ခံမှာလား။ တကယ်လို့ အတင်းမျက်စိမှိတ် ငြင်းချင်တယ်ဆိုရင် ကျနော်ကတော့ ပြိုင်မငြင်းလိုတော့ပါ။ သင်္ကြန်နဲ့ ပတ်သက်တာလေးပဲ ပြန်သွားကြရအောင်။

တကယ်တော့ ခုလိုဖော်ချွတ်လာတာတွေဟာ သင်္ကြန်မှ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီးဆိုးလာတာ ကျိန်းသေပါပဲ။ သင်္ကြန်ကျမှ မူးကလည်း မူးနေ၊ မြူးကလဲ မြူးနေတော့ ပိုသိသာကုန်တော့တာပေါ့။ ကျနော်ကတော့ ဒီအတွက် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာမိန်းကလေးတွေ Identity ပျောက်နေကြတဲ့ အဖြစ်ကိုပဲ အရင်ဆုံး အကြောင်းရင်းရှာပြချင်ပါတယ်။
လူဆိုတာက သူများထက် သာချင်တယ်။ အများကြားမှာ ပေါ်လွင်ထင်ရှားနေစေ့ချင်တတ်တယ် မဟုတ်လား။ ဒီအတွက် သူ့မှာ အများထက်သာလွန်ထူးခြားတဲ့အရည်အချင်း မရှိတဲ့အခါ ဖော်ချွတ်တာတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့ဘာဖြစ်သလဲ? သူများဝိုင်းကြည့်တာ ခံရတယ်လေ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူက ဒါကို သာယာပါတယ်။

ကျနော်တစ်ချိန်က လူသတ်မှုတွေအကြောင်းလေ့လာဘူးတယ်။ လူတော်တော်များများဟာ လူသတ်မှုဖြစ်ရခြင်းမှာ ဘေးတွန်းအားလည်း အများကြီးပါတာကို တွေ့ရပါတယ်။ အများရှေ့မှာ ငါဟာ မိုက်တယ်ကွ၊ လူသတ်ရဲတယ်ကွ ဆိုတဲ့စိတ်တွေက သူတို့ကို နောက်ဆုတ်လို့ မရတဲ့ မပြန်လမ်းဆီပို့သွားတော့တာ။

အခု ဖော်ကြချွတ်ကြတဲ့ကောင်မလေးတွေကလည်း ဒီအတိုင်းပါပဲ။ လူတွေ သူ့ကို ဝိုင်းကြည့်ကြတဲ့အခါ … ဟာ တယ်ဟုတ်တဲ့ ငါပါလား၊ လူတွေတောင် ဝိုင်းကြည့်ကြတယ် ကြည့်စမ်းဆိုတဲ့ စိတ်ဓာတ်အခြေခံကနေ ဒီလိုမျိုးတွေ ပိုလုပ်ဖို့ တွန်းအားဖြစ်စေတယ်။ မိန်းကလေးဆိုတာကတော့ သူပိုင်တဲ့ အလှအပကို ဖော်ပြချင်တဲ့ စိတ်အခြေခံရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်ယောက်ျားလေးမှ ပုဆိုးကို ထောက်ထည့်ပြီး တင်အလှပေါ်အောင် မဝတ်ဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီလို ယဉ်ကျေးမွန်ရည်တဲ့ အလှဖော်ပြလိုခြင်းမျိုးနဲ့ပဲဆိုကောင်းတာပေါ့။

အခုက တရားလွန်တွေ ဖြစ်ကုန်တော့တာ။ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလှကို ဖော်ပြလိုခြင်းနဲ့ ဟိရိဩတ္တပ္ပတရားကင်းမဲ့ခြင်းကြားက မျဉ်းဟာ တော်တော်လေးပါးလျားပါတယ်။ ဒီအတွက် တားနိုင်တဲ့အရာတစ်ခုတော့ရှိတယ်။ ဒီလို အလွန်အကျွံသရုပ်ပျက်လုပ်လာခြင်းကို သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အဆင့်အတန်းမရှိတဲ့အရာအဖြစ် ပုံဖော်သဘောထားကြဖို့ပါပဲ။

ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ဝတ်ရဲလိမ့်မယ် မဟုတ်ပါ။

နောက်တစ်ချက်က ကျနော်တို့ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသူတွေနဲ့လဲ အတော်သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။ လူငယ်တွေ အားကျအတုယူပြတဲ့သူတွေက ဘယ်လို ဝတ်ပြစားပြ နေပြထိုင်ပြလဲဆိုတာ အင်မတန်အရေးကြီးတယ်။ တနည်းပြောရရင် အနုပညာရှင်တွေပေါ့။ မင်းသမီးတွေက ဖော်ချွတ်ပြနေမှတော့ နောက်က ကောင်မလေးတွေ ဖော်ချွတ်ပြနေတာ ဘာဆန်းတော့မလဲ။

ဒီနေရာမှာ တစ်ခုလေးတော့ ဆွေးနွေးချင်ပါတယ်။ နာမည်ကြီး အကယ်ဒမီဒါရိုက်တာကြီးတစ်ယောက်က ကျနော့်ကို ပြောဘူးတယ်။ အခုခေတ်မင်းသမီးအသစ်တွေမှာ အနုပညာကိုတကယ်စိတ်ဝင်စားတဲ့သူ အတော်နည်းသွားပြီ တဲ့။ ဒါရိုက်တာကို ကုမ္ပဏီပိုင်ရှင်ကို မင်းသားကို လူပေးမယ်။ ဒါဆို မင်းသမီးဖြစ်ပြီလို့ ထင်နေသူတွေက များတယ်တဲ့။ အရင်က ဒေါ်ကြည်ကြည်ဌေးလည်းပြောခဲ့ဘူးတယ်။ ခုခေတ်က အနုပညာရှင်တွေ မဟုတ်တော့ဘူး၊ အညုပညာရှင်တွေတဲ့။

ဒါကို ဘယ်လို တားဆီးကြမလဲ? ဒီမိုကရေစီခေတ်ဖြစ်လေတော့ လည်ပင်းစာဆွဲ ရင်ပြင်ထုတ်ဒါဏ်ပေးဆိုတာမျိုးတော့ မရဘူး။ အရေးကြီးတာက လူငယ်တွေ အားကျအတုယူသူတွေမှာ အပေါ်ယံ ဗဟိဒ္ဒ ရုပ်သွင်သာမက အတွင်း အဇ္ဖတအရည်အချင်းလည်းရှိကြဖို့ ပျိုးထောင်ကြရပါမယ်။ ဒီအတွက်တော့ နိုင်ငံတော်ပိုင်းက အဓိက လိုအပ်လာပါပြီ။ အကယ်ဒမီလိုမျိုးကို အလှည့်ကျပေးနေတာမျိုး မလုပ်ပဲ ဒီနှစ်တော်သူ မရှိရင် ဘယ်သူမှ မပေးနဲ့။ တကယ်တော်သူကိုပဲ ပေးတာမျိုး။ အနုပညာသမားစစ်စစ်တွေ ထွက်ပေါ်လာစေရာ ကျောင်းကြီးတွေ ဖွင့်ပေးတာမျိုးလိုပါလိမ့်မယ်။

ပြောရရင်တော့အများကြီးပါပဲ။ အဓိကကတော့ တိုင်းပြည်ချမ်းသာရင် ဒါတွေအတော်များများ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။

နောက်ပြီး ကျနော်တို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိစ္စမှာ အသိပညာပေးပုံလည်း အတော်လိုတယ်လို့ ထင်မိတယ်။ အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။

အဲဒီလိုမဖြစ်ဖြစ်အောင်ဆိုပြီး ဇွတ်အတင်းကြိမ်လုံးနဲ့ ကြိုက်ခိုင်းလို့ မရဘူး။ လာစမ်း သီချင်းကြီးတွေ နားထောင်နေ၊ အိပ်မငိုက်စေနဲ့လို့ လုပ်လို့ မရဘူး။ ရုပ်မြင်သံကြားမှာတော့ ကိုရီးယားမင်းသမီးတွေ ဖော်ချင်သလောက်ဖော် ချွတ်ချင်သလောက်ချွတ်ခိုင်းထားပြီး မြန်မာကားတွေကို ဘယ်လိုဝတ် ဘယ်လိုစားရမယ်လုပ်လို့ မရဘူး။ ဒီနေရာမှာ ကြုံတုန်းပြောရရင် အခု သင်္ကြန်လိုမျိုးမှာ မိန်းကလေးတွေ အရက်ကို ပေါ်ပေါ်တင်တင်ဖောဖောသီသီသောက်လာတာ ကိုရီးယားဇာတ်ကားတွေရဲ့ ဩဇာ အများကြီးပါတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကိုတော့ ကျနော် ရေးဖြစ်ခဲ့တဲ့ Status လေးတစ်ခုရဲ့ အဓိကအကြောင်းအရာကို ပြန်ရေးပြခြင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီ။
မိန်းကလေးတွေကတောင် ပေါ်ပေါ်တင်တင် ဖောဖောသီသီကြီး သောက်နေတယ်။
အဲဒါ ကိုရီးယားကားတွေရဲ့ ဩဇာ တော်တော်ကြီးပါတယ်လို့ ယူဆပါတယ်။
ကိုရီးယားကားတွေ ဈေးကွက်မှာ ရှိနေတာကို မပြောလိုပါ။
ဈေးကွက်ဖွင့်ထားတဲ့အခါ ကိုရီးယားကားသာမက ဟောလီးဝုဒ်၊ ဘောလီးဝုဒ် အစုံရှိမှာပါပဲ။
ဒါပေမဲ့ မြန်မာပြည်မှာ လူကြည့်အများဆုံးဖြစ်တဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုယ်တိုင်က
ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးအောင် တင်သွင်းနေခြင်းအပေါ်သဘောမတူပါ။
ကျနော်တို့နဲ့ ယဉ်ကျေးမှု မတူပါ။ ကြာရင် တိုင်းပြည်ပျက်ပါတော့မယ်။
တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။
ဘာကြောင့် ဒီလိုလုပ်လဲ စဉ်းစားမရပါ။
ကိုရီးယားဆို မြောက်ကိုရီးယားကတော့ ကျနော်တို့နဲ့တော်တော်နီးနီးစပ်စပ် ပတ်သက်ပါလေရဲ့။ဒါပေမဲ့ …
ဒုံးပျံလွှတ်တာတောင် ဖွတ်ကနဲ ရေထဲကျတဲ့နိုင်ငံကို ဘာမှ အထင်ကြီးစရာ မမြင်ပါ။

 

သစ်ထူးလွင် ဆိုဒ်မှ ကူးယူဖော်ပြပါသည် ။

17 comments

  • memeseku

    April 16, 2012 at 8:55 am

    ကောင်းလိုက်တာ… တကယ်အကျိုးရှိတဲ.ပိုစ်.ပဲ ဘယ်သူရေးတာလဲမသိပေမယ်… ဟိုလူကြီးတွေ… ဟိုသမိုင်းဒီသမိုင်းဆိုပြီး… ဆွေးနွေးတာပါဆိုပြီး… လူမျိုးရေးကွဲဖို့ငြင်းခုန်တာထက် စာရင်အပုံကြီးကောင်းသေး… ဆွေးနွေးတာပါဆိုပြီး… စိတ်ထဲမှာတော့ အတ္တစွဲတွေပိုနေကြမှာအမှန်ပဲ
    ဘယ်သူမှတောင်မပြောတာ… ငါ့တော့ဆဲတော့မှာပဲ အလံနီတွေမြင်ရခါနီးပြီ…. ပြေးပြီ ဝှစ်… ဝှစ်…

  • ချာလီဂဇက်ဒလဝမ်

    April 16, 2012 at 9:02 am

    မြတ်ဘုရားရှင်….

    ဘုရား တပည့်တော်သည်…

    မိဘ နှင့် မိသားစုကိုရှာဖွေကျွေးမွေးရသော………ကုသိုလ်ကံကြောင့် လည်ကောင်း…

    နေ ့စဉ်နေ့တိုင်းစောင့်ထိန်းဖြစ်သော…သူတပါးအသက်သတ်ခြင်းမှ ရှောင်ကျဉ်ခြင်းသီလ..

    ထုံထိုင်းမူးယစ်စေတက်သော..အရက်သေစာသောက်သုံးခြင်းမှ ရှောင်ကျဉ်ခြင်းသီလ …

    ကုသိုလ်အစုစုတို ့ကြောင့်…ဒီဘဝမှ သေဆုံးကာ နောက်ဘဝကူးပြောင်းခဲ ့သည်ရှိသော်…

    သံသရာမှမလွတ်သေးသရွေ ့ နတ်ပြည်နတ်ဘုံမှာပဲ ကျင်လည်ရသောသူဖြစ်ပြီး…

    လူဘုံ လူ ့ပြည်မှာ ဘယ်သောအခါမှ လူမဖြစ်ရပါလို၏ ဘုရား…

    (ဖခင် ဘုရင်ကြီးမှာ မမြင်လိုတော့ပါ )

  • ဆူး

    April 16, 2012 at 9:06 am

    ကောင်းတယ် ကောင်းတယ်။
    အရေးအသားကို ထောက်ခံသွားပါတယ်။

    ဒို့ အမျိုးသမီးတွေထဲမှာ စံပြ ဖြစ်တဲ့ ဒေါ်စု ကတော့ အမြဲတမ်း ခါးတို ရင်ဖုံးနဲ့ အရမ်းကျက်သရေရှိတယ်။
    အမျိုးသမီးငယ်တွေ ဒါမျိုးဝတ်လာအောင် နမူနာ စံပြ တိုက်တွန်းသင့်တယ်။

  • ကိုရင်မောင်

    April 16, 2012 at 9:36 am

    အပြုသဘောဆောင်တဲ့ဆောင်ပါးလေးပါ
    ကြိုဆိုပါတယ်…ကိုချစ်ရင်ထူးရေ
    (http://www.thithtoolwin.com/2012/04/blog-post_1119.html)
    မူရင်းဆောင်းပါရှင်ဆိုက်လေးတင်ပေးလိုက်ပါတယ်…

  • MTY

    April 16, 2012 at 9:38 am

    “တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။”
    ဒီစာပိုဒ်လေးဘဲ..ဆင်ဆာကိုတောင်မရှိဖို့လုပ်နေတာ..သွားပိတ်လိုက်ရင်..
    ဘာတွေပြောလာကြမလဲ..စဉ်စားကြည့်တာပါ…ကိုရီးယား၊တရုတ်ကားမကြည့်ဖြစ်ပါ။
    ပိုမိုကောင်းမွန်သောနည်းလမ်းများ…..ရှာဖွေကြည့်ကြတာပေါ့။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 16, 2012 at 9:45 am

    လွယ်ကူမဲ့ ကိစ္စတော့ မဟုတ်နိုင်ဘူး
    လမ်းဆုံးရင်တော့ ရွာတွေ့ပါလိမ့်မယ်

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 16, 2012 at 9:55 am

    ထိမ်းသိမ်းရမှာ မိနဲ့ဘ
    စောင့်ရှောက်ရမှာ ညီကိုမောင်နှမ
    ဒီလိုမှ မထိမ်းသိမ်းကြဘူးဆိုရင်
    လမ်းဆုံး ရွာတွေ့ အမေ့ ဖြစ်မှာ ။

  • aungmyintmyat

    April 16, 2012 at 10:18 am

    တကယ်ကို ကောင်းလွန်းတဲ့ ပို့စ်လေးပါနော်။ မြန်မာမိန်းကလေးတွေ ဘာကြောင့် ဒီလိုဖြစ်ကုန်တာလည်းဆိုတာကို ယဉ်ကျေးမှု့ဝန်ကြီးဌာနကနေ စာတမ်းတခုလုပ်ပြီး လေ့လာပြုပြင်စေချင်ပါတယ်။ တကယ်ပြောတာ ကြာရင် လူမျိုးပျောက်ကုန်တော့မယ်။ ကျွန်တော်တို့ အခု Generation မှာတောင် ဒီလောက် ပျက်ဆီး ယိုယွင်းမှု့တွေ မြင်နေရင် နောင် မျိုးဆက်တွေမှာ မြန်မာတို့ရဲ့ယဉ်ကျေးမှု့ကို ပြတိုတ်ထဲမှာပဲ သွားရှာရတော့မယ် ထင်တယ်။ အားလုံးပဲ ဒီလိုပြသနာကို အမျိုးသားရေးတခု အနေနဲ့ ဆောင်ရွက်ဖြေရှင်းမှ ရမယ်ထင်တယ်။ ယဉ်ကျေးမှု့ ဝန်ကြီးဌာနခင်ဗျား ခင်ဗျားတို့ ဌာန အသုံးကျတယ်ဆိုတာကို တခါလောက်တော့ သက်သေပြကြစေလိုပါကြောင်း…….

  • Kaung Thant

    April 16, 2012 at 10:57 am

    ဪကျွန်တော်တို့လူငယ်ထုထဲမှာ ကိုရီးယားကားတွေကိုအတုခိုးမှားနေကြတယ်။ အားလုံးသတိထားသင့်ပါတယ်။

  • Gipsy

    April 16, 2012 at 10:58 am

    အချို့က

    တဏှာကို သာယာ

    သမုဒယကို မက်မော

    ကိလေသာကို ဖက်တွယ်

    အနိစ္စဆိုတဲ့ မမြဲတဲ့တရားကို

    ငါ ဆိုတဲ့ အတ္တနဲ့ကွယ်ဝှက်

    သံသရာမှာ ကျင်လည်အုံးမယ့်

    သတ္တဝါတွေပါလား …..

    ငါ ဆိုတာ ရှိနေသမျှ ငါလည်း အခုထိတော့ ငါ ဖြစ်နေအုံးမယ် ….

  • သမိန်ဂီ့

    April 16, 2012 at 1:28 pm

    ဆြာသွန်းလက်ရာမှတ်ပါတယ် လို့ ထင်နေတာ …
    တကယ်ပဲ သူ့လက်ရာကိုး …

    မူရင်းစာရေးသူမှာ
    ဆြာသွန်းနေစိုး ဖြစ်ပါကြောင်း …
    ဝင်အားဖြည့် လိုက်ရပါတယ်ဗျာ..

    ခင်တဲ့..

  • ငှက်ကလေး

    April 16, 2012 at 8:20 pm

    မြောက်ကိုရီးယားက ဒုံးပျံလွှတ်ပေမဲ့ ဒီမှာပြနေတဲ့ ကိုရီးယားကားတွေက တောင်ကိုရီုးယားကားတွေပါဗျ၊ ကျွန်တော့်အမြင်ကတော့ ကိုရီးယားကားနဲ့ ဒီကိစ္စတွေနဲ့ ဘာမှမဆိုင်ဘူးလို့မြင်ပါတယ်၊ မြန်မာတွေမှာလည်း အသိဉာဏ်တွေ ဦးနှောက်တွေနဲ့ပါ။ ကမာ္ဘ့ရွာကြီးမှာ အင်အားကြီးမားလာတဲ့ ယဉ်ကျေးမှု့ ပြန့်ပွားလွှမ်းမိုးမှု့ တွေရဲ့အကျိုးဆက်လို့ပဲမြင်ပါတယ်။ “အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။” ဆိုတဲ့ အချက်ကိုတော့ သဘောကျပါရဲ့။ လူငယ်တွေကိုယ်တိုင် ရွေးချယ်ကြပါစေ။

    • ဖွတ်ငပျင်း

      April 17, 2012 at 9:15 pm

      ငါ့ကောင်ရေ့ လူငယ်တွေကိုရွေးချယ်ခိုင်းမယ်တဲ့လား
      ငါ့ကောင်ရဲ့ သားသ္မီး အရွယ်ရောက်တော့မှ ရွေးခိုင်း
      ဘယ်နှယ်———
      ရွေးခိုင်းတိုင်းကောင်းတဲ့ အရာမဟုတ်ဖူးလေကွာ
      မင့်ဟာက အဟောင်းပုံထဲက အစုတ်အပြတ်ရှာရွေးခိုင်းတာနဲ့ တူပြီဟ ။

  • သီချင်းလေးတောင်ရှိသေးတယ်
    ဒို့က မဝတ်ဘူး……….ချွတ်မှာ
    ဒို့က မဝတ်ဘူး……….ချွတ်မှာ
    ဒို့က မဝတ်ဘူး……….ချွတ်မှာ
    ဒို့က မဝတ်ဘူး……….ချွတ်မှာ……………..
    ဘရာစီယာ………………တဲ့ကလေးတွေဆိုသံကြားတာပါ

  • mgwalone

    April 16, 2012 at 11:57 pm

    ယဉ်ကျေးမှုဆိုတာ အသိစိတ်ထဲ စွဲနေအောင် လုပ်ပေးမှ ရတာပါ။ စည်းကမ်းတို့ ဥပဒေတို့ လိုတော့ လိုတာပေါ့။ ဒါပေမဲ့ ကိုယ်ပိုင် အသိစိတ်နဲ့ ဖြစ်လာတာကမှ ထာဝရ ခိုင်မြဲမှာပါ။ ဟိုတုန်းက ကျောင်းတွေမှာ ရှိတဲ့ ဆောင်ပုဒ်က ရိုးရိုးနဲ့ ယဉ်ယဉ် တို့ ဝတ်စားဆင် တဲ့။ ဒီနေ့ခေတ်မှာက ဘယ်သူက ဘယ်လောက် နောက်ဆုံးပေါ်ကို ဝတ်နိုင်သလဲလို့ ပြိုင်နေကြတယ်။ မပြိုင်သင့်တာကို ပြိုင်တယ်။ မိဘတွေ ကျောင်းပို့တာကအစ။ ကိုရီးယားကား ဆိုလည်း ဒီလိုပဲ။ အတုယူရမှာကို မယူပဲ မယူရမှာကို ယူတယ်။ ကြည့်ကတည်းက ဆံပင်ပုံစံတို့၊ အဝတ်အစားတို့။ သူတို့ရဲ့ ကြိုစားမှု၊ လုံ့လရှိမှု ဆိုတာတွေ မကြည့်ဘူးလေ။ တိုတိုပြောရရင် ယဉ်ကျေးမှု ပျောက်ရင် လူမျိုးလည်း ပျောက်မှာပါပဲ။
    စနစ်ကျနတဲ့ စီမံခန့်ခွဲမှု လိုပါတယ်။

  • Gipsy

    April 17, 2012 at 12:06 am

    ဟုတ်တယ်ဗျ.. ခုတောင် ပျောက်ချင်ချင်ဖြစ်နေပြီ…
    ငါးမူး..သုုံးမတ်.. တွေ များနေပြီခင်ဗျ…
    လ.ဝ.က ကထုတ်ပေးတဲ့ မှတ်ပုံတင် တချို့မှာ လူမျိုးတွေ စုံရောဗျား…
    တချို့ဆို မှတ်ပုံတင်မှာ အများဆုံး ၆ မျိုးလောက်တွေ့ဖူးတယ်….။
    ၆ မျိုးဆိုတာ လူမျိုး ၆ မျိုးရောစပ်နေတာ…။

  • MTY

    April 17, 2012 at 5:59 pm

    ကျွန်တော်Comment ပေးတာတိုသွားတယ်ထင်လို့ထပ်ပြီးကွန့်လိုက်တာပါ။
    Post တစ်ခုလုံးကိုမကန့်ကွက်ပါ။ထောက်ခံပါတယ်။သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ်
    ပိုပိုဆိုးလာတာလဲအမှန်ပါပဲ။ကျွန်တော်ငယ်စဉ်၊ပါလီမန်ခေတ်က၊စရရင်ပိုဆိုးလာတာတော့
    အမှန်ပါ။မိန်းခလေးတွေအရက်သောက်နေတာဘယ်သင်္ကြန်ကစလဲမသိပါ။ဒါပေမဲ့သေချာတာတော့
    လူပျိုပေါက်ဘဝ(၁၉၇၀)ကတည်းကတွေ့ဘူးခဲ့တာပါ။များများစားစားပေါ်တင်သောက်ဘယ်တုံးကစလဲ။
    မသိပေမဲ့ရာစုနှစ်တစ်ခုမကလောက်ဘူးထင်တယ်။
    နောက်တစ်ခုဆင်ဆာ….ကျွန်တော်ငယ်စဉ်၊ရုပ်ရှင်ကြည့်ရင်၊တြိဂံပုံနဲ့ဦးမောင်မောင်ခင်လက်မှတ်ပါလာရင်
    ဆင်ဆာဖြတ်ပြီးပြီဘဲ..အဲဒီတော့၊ဘယ်တုံးကဆင်ဆာစရှိလဲစဉ်စားကြည့်။ ပြောချင်တာကဆင်ဆာနဲ့မီဒီယာ
    ကိုထိန်းခဲ့ပေမဲ့ဒါရိုက်တာဝိုင်းရဲ့ ဒီအခန်းဖြတ် ထဲကလိုဘဲ..ဆင်ဆာလူးကြီးရဲ့သမီးကအပြင်မှာဝတ်ချင်တာဝတ်
    သောက်ချင်တာသောက်နေတာဘဲမဟုတ်လား..ဆင်ဆာကဘယ်လောက်ဖြတ်ဖြတ်၊နိုင်ငံခြားဇတ်ကားတွေပိတ်ပိတ်
    အပြင်မှာတော့လုပ်ချင်တာလုပ်တာပါဘဲ။ကိုရီးယားကါးမှမဟုတ်ပါဘူး။နိုင်ငံခြားကါးတွေရှိသမျှမီဒီယာမှာမပြဘဲ
    ပိတ်လဲရမယ်မထင်ဘူး.(ငယ်စဉ်ကနေအခုချိန်ထိနှစ်၅ဝကျော်ကာလတစ်ခုကိုစဉ်စားနှိုင်းယှဉ်ကြည့်မိတာ၊)
    အပြင်မှာလုပ်နေကြပြီဆိုမှတော့သင်္ကြန်မှာဆိုဖွယ်မရှိ၊သီတင်းကျွတ်မှာတော့မလုပ်ကြ၊စကတည်းကခွင့်လွတ်
    ခဲ့တာကြောင့်လို့ဘဲထင်ပါတယ်။(ဥပမာ..ယောင်္ကျားလေးဘဲအသောက်အစားတော့ရှိမှာပေါ့၊ဒါနဲ့ဘဲသောက်ကြကုန်ရော။)

    ကျွန်တော့်အနေနဲ့တော့ဆင်ဆာ၊ပိတ်ခြင်း၊Internet Block ခြင်းဘာတစ်ခုမှမနှစ်မြို့ပါ။ဘာကြောင်းပြချက်နဲ့မှ
    လုပ်မှာကိုမကြိုက်ပါ။…အခုမှပွင့်လင်းခြင်းဆိုတာရကာစရှိသေးတာပြန်ပိတ်ဖို့အစမဖေါ်ပေးစေချင်ဘူး။

    ဒါကြောင့်လဲပြောမိတာ..”ပိုမိုကောင်းမွန်သောနည်းလမ်းများ…..ရှာဖွေကြည့်ကြတာပေါ့။” လို့။

Leave a Reply