အိမ်နီးချင်း (ဇာတ်သိမ်းပိုင်း)

manawphyulayJuly 10, 20121min100626

အူးအူးလေးကတော့ ကျောင်းပြန်လာရင် ဆော့ဖို့ ရပ်ကွက်ထဲရောက်ရောက်နေလို့ မနည်းပြန်ခေါ်ယူရသည်။ မစိန်ပေါက်တစ်ယောက် ရောက်ချလာခဲ့သည်။
“ဖရဲမရေ…”
“ဪ… မစိန်ပေါက် လာလေ။ အိမ်ထဲဝင်ပါဦး”
“အိမ်ထဲ ဝင်ဖို့ လာတာပါပဲ။ ပြချင်တာလေးတွေရှိလို့လေ”
“ဘာများလဲ မမစိန်ရဲ့”
“ဒီမှာ ခုပေါ်တဲ့ ဖောရိန်ရှန်စလေးတွေလေ။ ဈေးလေးလည်း မဆိုးဘူး။ ညီမများ ယူမလားလို့”
“ဪ မယူနိုင်သေးပါဘူးမမရယ်”

ကိုယ့်ဝမ်းနာ ကိုယ်သာ သိပါသည်။ ကိုကိုဂီရဲ့ စာရေးခလေးနဲ့ အိမ်လခနဲ့ အိမ်သုံးစရိတ် နောက် မီတာခ ရပ်ကွက်သာရေး နာရေးကိစ္စလေးတွေနဲ့ လောက်ငအောင် သုံးနေသည့် ကိုယ့်အကြောင်းပဲ ကိုယ်ပဲ သိသည်။

“ဖရဲမတို့များ အသစ်ပေါ်နေတာ ဝယ်ဝတ်ပါအေ။ ကျုပ်နဲ့များ ကွာပါ့။ ကျုပ်ကတော့ ပေါ်တာနဲ့ ပေါ်တဲ့အဆင် ကိုယ်ပေါ်ရောက်ပြီးသားပဲ”
အင်း တစ်ဦးနဲ့ တစ်ဦးကတော့ ဘယ်တူမလဲလေ။ ကိုယ့်မိသားစုကတော့ အဝတ်အစားသာ ပေါ်တိုင်းမဝတ်တာ။ ဟင်းကတော့ ကောင်းကောင်းချက်စားလေ့ရှိသည့် ဖရဲမတို့ မိသားစုပါပေ။
‘အမယ်လေး အဝတ်အစားများ မိဖရဲတို့က ကိုကိုဂီ ဂျပန်မှာ ရှိတုန်းက ဝယ်ဝယ်ပို့တဲ့ ဂျပန်ကီမိုနိုထည်တွေများ ဘီဒိုထဲမှာ ချုပ်ခမတတ်နိုင်သေးလို့ ပြည့်သိပ်နေအောင် ထည့်ထားတာ ခေါ်များ ပြလိုက်ချင်ပါရဲ့’အပြင်တော့ ထုတ်ဖော်မပြောမိပဲ စိတ်ထဲကနေ ပြောနေလိုက်သည်။
ဒီနေ့လည်း ဈေးသွားဖို့ ခြင်းတောင်းဆွဲပြီး ထွက်တော့ မမတိုက်က ပြေးလိုက်လာပြီး ဈေးမှာပြန်သည်။
“ညီမဖရဲရေ… မမ မှာချင်လို့”
“ဪ မမတိုက် ပြော”
“အမဲသား တစ်ဆယ်သားလောက် ဝယ်ခဲ့ပေးပါဦး”

မမတိုက် ဈေးမှာနေတုန်း ဘေးမှ ဖြတ်သွားသော ဒေါ်ဘလက်က ဘာကို နယ်စွန်းနယ်ဖျား ကြားသည်မသိ။
“ဒီမှာ ဒီမှာ”
နှစ်ယောက်သား တစ်ပြိုင်တည်းကြည့်မိသည်။ ဘယ်သူ့ခေါ်မှန်းမသိ၍ ဖြစ်သည်။
“ကျွန်မဘာသာ အသားမည်းတာ ရှင်တို့အပူ ဘာပါလို့လဲ”
“ရှင်”
“ဟင်”
“အိုဘားမားတောင် ဖြူတယ် မည်းတယ် တစ်ခါဖူးမှ မပြောဖူးဘူး။ ကျွန်မ အသားမည်းတာ ရှင်တို့ ထမင်းကျွေးထားရလို့လား “

အမ် ဒုက္ခ။ ဒီမိန်းမကြီး ဒေါ်ဘလက်တော့ ဘလိုင်းကြီး ရန်လာတွေ့နေသည်။
“ဒီမှာ ဒေါ်ဘလက်ရှင့်။ ဖရဲမက ဈေးသွားမလို့ ပြောလို့ လိုချင်တဲ့ အမဲသား မှာနေတာကို ရှင်က ဘာတွေလာပြောနေတာလဲ”
“အယ်… ဟုတ်လား။ မသိဘူးလေ။ ကျွန်မက ကျွန်မအသားမည်းတာကို ရှင်တို့နှစ်ယောက် အတင်းပြောနေတယ်ထင်လို့။ ဆောရီးပါရှင်”
ပြောပြောဆိုဆိုနဲ့ ဒေါ်ဘလက်တစ်ယောက် မျက်နှာမဲ့ပြီး မျက်စောင်းထိုးရင်း ထမီကို စွန်တောင်ဆွဲလို့ လှည့်ထွက်သွားလေတော့သည်။ ကျွန်မလည်း တိုးတိုးရေရွတ်ရင်း
“အတော်ခက်တဲ့ ရပ်ကွက်ထဲက လူတွေပဲ”
“ကဲ နေမပူခင် ဈေးအမြန်ပြေးဦးမှ တော်ကြာ သူများမဝယ်တဲ့ အကြွင်းအကျန်တွေကျန်နေဦးမယ်”
ထုံးစံအတိုင်းပေါ့။ ဈေးက ပြန်လာတော့ ဖရဲမတို့ မျက်နှာချိုသွေးပြီး
“မမတိုက်ရေ… စိတ်မကောင်းစရာပဲ”
“ဘာလို့လဲ မမမှာတာကော ပါရဲ့လား”
“အဲဒါပြောတာလေ… အမဲသားဆိုင်က စောစောကုန်သွားလို့ မဝယ်ခဲ့ရဘူးမမတိုက်ရဲ့”

ရပ်ကွက်ထဲ နေလာတာကြာတော့ ပိုက်ဆံမပေးမယ့်အတူတူ မေ့ခဲ့တာ တစ်မျိုး၊ ကုန်သွားပြီးတစ်မျိုးနဲ့ ဖရဲမတို့ စကားကို လှအောင် ပြောတတ်လာသည်။
တစ်ရက်တော့ အိမ်ပြောင်းဖို့ အကြီးအကျယ် ဆုံးဖြတ်ချက် ချလိုက်မိသည့် အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့လေသည်။
အင်း သားလေး ကျောင်းစိမ်းလေးတွေ ဟောင်းနေပြီ။ အသစ်ချုပ်ပေးဦးမှ။ မဖတ်တီးကက်အိမ်မှာပဲ သွားချုပ်လိုက်မယ်။ သူက အိမ်ထဲက အိမ်ပြင်ထွက်တာမဟုတ်ဘူး။ ရပ်ကွက်နဲ့လည်း
ခပ်ကင်းကင်းနေပုံပဲ။ အေးပြီး ရိုးသားပုံရတယ်။ ဒါနဲ့ ဖတ်တီးကက်အိမ်ကို ရောက်တော့
“မမကက်ရေ… ”
“ဪ လာလေ ညီမဖရဲ။ ဘာကူညီရမလဲပြော”
“သားလေးအကျႌ ချုပ်ချင်လို့လေ”
“ရပါတယ်။ တစ်ခါထဲ ယူသွားမလား”
“တစ်ခါထဲရတော့ အဆင်ပြေတာပေါ့။ ဘာမှလုပ်စရာမရှိတော့ဘူး။ စောင့်ယူမယ်လေ”

ဒါနဲ့ စောင့်ယူရင်း စကားတွေ ဖောင်ဖွဲ့ကြည့်တော့ အားလားလား… အိမ်ထဲက အိမ်ပြင်သာ မထွက်တယ်။ စက်ချုပ်တဲ့သူဆိုတော့ ရပ်ကွက်ထဲက အကျႌလာအပ်တိုင်း ဖောက်သည်ချတယ်နဲ့တူတယ်။
တစ်ရပ်ကွက်လုံးက သတင်းတွေ အကုန်သိနေပါရောလား။ သူ့မှာလည်း စကားပြောဖော် ရသည့်အလား လက်ကလည်း တဂျောင်းဂျောင်းနဲ့ စက်ခလုတ်တွေပေါ် ရွေ့လျားနေပြီး ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်သကဲ့သို့ ရေပတ်မဝင်ပြောနေပါတော့တယ်။

“ညီမဖရဲ ဟို မစိန်ပေါက်ကို သိလား”
“အိမ်ရှေ့နားက မမစိန်လား သိတယ်လေ။ သားလား တူလေးလား မသိဘူး။ အတူတူနေတာလေ”
“ဘယ်ကလာ သားတို့ တူတို့ရမှာလဲ။ ယောက်ျားငယ်ငယ်လေး ယူထားတာလေ”
“ဟင်… ဟုတ်လား။ ဖရဲမက မသိပါဘူး။ တူလား၊ သားလားလို့ မေးတော့ မကြည့်မိပါဘူး။”

ဒါနဲ့ အကျႌပြီးလို့ ပြန်လာပြီး ညနေစောင်းလည်းရောက်ရော။ အိမ်ရှေ့ကပြင်လေးမှာ မမတိုက်က အားနေတာနဲ့ သန်းရှာပေးမယ်ဆိုလို့ ထိုင်ပြီး နှစ်ယောက်သား သန်းဥဆွဲနေတုန်း…. မပြောမဆိုနဲ့ အိမ်ရှေ့အိမ်က မစိန်ပေါက်တစ်ယောက် ထမီအလံမထူရုံတမယ်… ခါးစောင်းပေါ်တင်ပြီး ကျွန်မတို့နှစ်ယောက်ရှေ့ရောက်လာပါရော..

“ဒီမှာ ဖရဲမ… ”
“ညီးက ပြောတယ်ဆို”
“ဟင်… ဖရဲမ ဘာပြောလို့လဲ မမစိန်ပေါက်ရဲ့”
“ညီးက ကျုပ်ကို တူလိုအရွယ် သားလိုအရွယ် ယောက်ျားကို ယူထားတယ်လို့ ပြောတယ်ဆို”
“အမ် ဘယ်သူက ပြောတာလဲ။ ကျွန်မပြောတယ်လို့”
“ဟိုစက်ချုပ်သည်မ ဖက်တီးကက်က ပြောတာ”
“ကျွန်မပြောတာက တူလား သားလား မသိဘူးလို့ပြောတာပါ”

ဒါနဲ့ မိတိုက်လည်း မနေသာတော့ဘဲ ဝင်ရောက်ဖြန်ဖြေပေးရင်း…. မိတိုက်နဲ့ ဆက်ပြီး စကားများ ဆံပင်ဆောင့်ဆွဲပြီး ရန်ဖြစ်ပါတော့တယ်။
ညရောက်တော့ လင်တော်မောင်အပြန်တွင် နားပူအောင် အိမ်ပြောင်းဖို့ ပြောပါလေတော့သည်။ ဘယ်တော့မှ ဒီလိုရပ်ကွက်နဲ့မနေတော့ဘူးဆိုတော့
“ဒီလိုဆိုလည်း ငါ့ အလုပ်နဲ့ နီးတဲ့ မြို့ထဲမှာ တိုက်ခန်းတစ်ခန်းငှားဖို့ ရှိတယ်။ အောက်ထပ်တော့မဟုတ်ဘူး။ ၅ လွှာမှာ”
အရမ်းပြောင်းချင်နေပြီဆိုတော့ ဖရဲမကတော့ ဇွတ်အတင်းပင်။
“ရတယ် ဘယ်နှလွှာမှာပဲဖြစ်ဖြစ်။ ပြောင်းမယ်။”
“နေပါဦးဟ။ ငါ မေးစမ်းကြည့်ပါရစေဦး။ ချက်ချင်းတော့ ဘယ်လို ပြောင်းလို့ရမှာလဲ”
“ဒါဆို ရှင် မနက်ဖြန် အလုပ်သွားရင်း စုံစမ်းလာခဲ့။ ပြီးရင် ပြောင်းမယ်။ မြန်လေကောင်လေပဲ။ ကျုပ်တော့ ဒီရပ်ကွက်ကို စိတ်ကုန်နေပြီတော်”
“အေးပါ မိန်းမရာ။ သေချာအောင် မေးပြီး ငှားဖို့ မငှားဖို့ ပြောလာခဲ့မယ်။ ဟုတ်ပြီးလား။ မင်းမှာလည်း တစ်နေ့ တစ်နေ့ နားကို အတော်ပူတာပဲ။ ငါ့တို့ စာရေးဆရာဆိုတာ

ခေါင်းအေးအေးနဲ့ အတော်စဉ်းစားပါမှ ရေးစရာက ထွက်တာကွ။ မင်းလုပ်နေပုံနဲ့တော့ တစ်နေ့ကို နှစ်ပုဒ်မပြောနဲ့။ တစ်ကြောင်းတောင် ရေးနိုင်ပါ့မလားမသိဘူး။”
“အိမ်ပြောင်းဖို့သာ တော် စဉ်းစားပါ။ အိမ်ပြောင်းပြီးရင် ဒီလို နားပူတာတွေ မဖြစ်တော့ပါဘူး။ ကျုပ် အာမခံပါတယ်”
ဖရဲမကတော့ ဒီရပ်ကွက်နဲ့ လွှတ်ပြီးရော။ တိုက်ခန်းနဲ့လည်း မြေကွက်မရှိလို့ နေရာတာ ကျဉ်းပေမယ့် ဒီလိုတော့ ဖြစ်မှာမဟုတ်လောက်ပါဘူး။ ဒါနဲ့ နောက် နှစ်ရက်နေတော့ အိမ်ပြောင်းဖို့ ရွှေ့ဖို့

လုပ်ရင်းနဲ့ ရပ်ကွက်လည်း ဝမ်းသာအားရ နှုတ်ဆက်ပေါ့။ အိမ်အသစ်လေးကို ပြောင်းရွှေ့ခဲ့ပါတော့တယ်။ အဲဒီမှာ ဖရဲမတို့ကတော့ ဇာတ်လမ်းစပြန်ပြီ။ နေရမယ့် အခန်း ၅ လွှာကို

လှေကားတက်ရင်းနဲ့
“ကိုကိုဂီ…. ”
“……….”
“ကိုကိုဂီ….ဆို”

ဂျပန်ပြန် စာရေးဆရာ ကိုကိုဂီတစ်ယောက်ကတော့ အထုပ်တွေအပိုးတွေ မနိုင်မနင်းဆွဲလို့ လှေကားကို မနည်းကုန်းတက်နေချိန်မှာ မိန်းမ ဖြစ်သူ ဖရဲမရဲ့ခေါ်သံကိုတောင် ပြန်မထူးနိုင်တဲ့

အခြေအနေရောက်ရှိနေပါတယ်။

“ဟ ဘာလဲဟ။ လှေကားကို မနည်းတက်နေရတဲ့ကြားထဲ”
ဟဲဟောလိုက်နေတဲ့ မောသံ လှိုဏ်ခေါင်းသံဖြင့် ပြန်ဖြေသည်။
“တော့်ကို အဲဒါပဲ ပြောမလို့လေ။ ရှင့် လှေကားကလည်း အတော်မတ်သားလို့။ နေ့တိုင်း အပေါ်တက် အောက်ဆင်းဖို့က မလွယ်ဘူးထင်တယ်”
“မင်းပဲ ရပ်ကွက်ထဲမနေချင်ဘူးဆိုလို့ ခုပဲ ပြောင်းလာတယ်။ အသံက ထွက်နေပြီ။ အထုပ်တွေ ချပါရစေဦးကွာ”

ဒီလိုနဲ့ ငါးလွှာတွင် အေးအေးချမ်းချမ်း နားပူသက်သာပြီး ဇိမ်ရှိလှပါသည်။ ကိုယ့်အခန်းကိုယ် ပိတ်ထားလေ့ရှိကြသည့် တိုက်ခန်းတွေရဲ့ ဝန်းကျင်အတိုင်း။ ဘယ်သူက ဘယ်အခန်းမှာ နေပြီး
ဘာအလုပ် လုပ်ကြသည်။ ဘယ်အချိန်သွားကြသည်ဆိုတာ မသိတော့ နေရတာ ဒီဝန်းကျင်က ကောင်းလိုက်တာ။ တိတ်ဆိတ်တယ်။ အင်း စာရေးဆရာ ကိုကိုဂီအတွက်လည်း အေးအေးဆေးဆေး စာရေးလို့ရတော့ ဇိမ်ပဲပေါ့။ သားလေး အူးအူးကတော့ ကျောင်းပြန်လာရင် ဆော့မယ့် ကစားဖော်မရှိ၊ ရပ်ကွက်ထဲလည်း သွားလို့မရတော့ အခန်းလေးထဲမှာ တခွေခွေနဲ့။ အင်း နောက်တော့လည်း သားလေး အသားကျသွားမှာပါလေ ဆိုပြီး ဖရဲမ တစ်ယောက် တွေးတောနေလေရဲ့။
ဒီလိုနဲ့ တစ်ပတ်လောက်ကြာတော့ ယောက်ျားဖြစ်သူ အလုပ်သွားနေချိန်တွင် ဖရဲမတစ်ယောက် ကိုယ်ပူပြီး ဖျားနေပါတော့သည်။ ကလေးက တစ်ဖက်နဲ့ အလုပ်တွေရှုပ်နေချိန်အတွင်း
ဆေးခန်းသွားဖို့ကလည်း လူပိုက မရှိနဲ့ဆိုတော့ ဘေးခန်းကို ကူညီတောင်းပြီး လင်တော်မောင် စောစောပြန်လာခဲ့ဖို့ မှာရမှာပဲလေ။ ဒီလိုနဲ့ အခန်းထဲက ထွက်ကာ ဟိုဘက်အခန်းဝမှာ ရပ်လိုက်ပြီး တံခါးကို အနည်းငယ် ခေါက်လိုက်မိသည်။ ခဏကြာတော့ အထဲက တံခါးဖွင့်သံကြားရသည်။ အပြင်သံပန်းတံခါးမဖွင့်ပဲ ဘာကိစ္စလည်းဆိုတဲ့ မေးငေါ့ပုံနဲ့ မျက်နှာကြောတင်းတင်းနဲ့ အမေရိကန်ပြန်ဆိုလား ဒေါ် Kai ဆိုတဲ့မိန်းမကြီးတစ်ယောက် ထွက်လာလေသည်။ အင်းလေး အမေရိကန်ပြန်ဆိုတော့လည်း နည်းနည်းတော့ ဘဝင်က လေဟပ်မှာပေါ့လေ။ ဖရဲမကလည်း မနေသာတော့ ပြောလိုက်မိသည်။

“ဖုန်းလေး တစ်ကောလောက် ခေါ်ချင်လို့ပါ။ ခေါ်လို့ရမလားဟင်”
အမေရိကန်ပြန် ဒေါ်Kai တစ်ယောက် ဘာမှမပြောပဲ ပြူးကြောင်ကြောင်နဲ့ ကြည့်ပြီး မနှစ်မြို့တဲ့ပုံစံပြနေတော့ ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားမိသည်။ တစ်ခါဖူးမှ မဖြစ်ပေါ်ဖူးသော
ရှက်ရွံ့မှုကိုလည်း ဖြစ်မိသည်။ နောက်ပြန်လှည့်ဖို့ကလည်း ပြောပြီးဆိုပြီးသားဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေစဉ် ဘာမှမပြောပဲ သံပန်းတံခါးကို ဖွင့်ပေးလေသည်။ ကဲ မထူးတော့တဲ့အတူတူ ခပ်မြန်မြန်ဝင်ပြောပြီး ပြန်ထွက်မယ်ဆိုတဲ့အတွေးနဲ့ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။
“ကိုကိုဂီ ဒီနေ့ အလုပ်စောစောဆင်းပြန်လာလို့ရမလား။ နေမကောင်းနေလို့ ဆေးခန်းသွားချင်လို့”
“အေး… အေး။ ခုရော ဘာဆေးသောက်ထားသေးလဲ”
“ဆေးကလည်း ကုန်နေလို့။ အောက်ဆင်းဖို့ကလည်း အဆင်မပြေဘူး။ ခုတောင် ဘေးခန်းကို ကူညီတောင်းပြီး ဖုန်းလာဆက်ရတာ ဒါပဲနော်”
“အေး စောစောပြန်လာခဲ့မယ်”

အမြန်စကားစဖြတ်ပြီး မှာချင်တာပဲ မှာပြီး ဖုန်းချထလိုက်သည်။ ထို့နောက် နောက်ကို လှည့်ပြီး အိမ်ရှင်ကို ကျေးဇူးတင်စကားပြောပြီး ပြန်ထွက်ခဲ့တော့ အခန်းအပြင်ရောက်ရုံရှိသေး
ထွက်လာတဲ့အိမ်မှ တံခါးဆောင့်ပိတ်သံကို ကြားတော့ လန့်ဖျတ်သွားသည်။ အင်း… နောက်ကို ကူညီမတောင်းတော့ပါဘူးလေ။ ဘယ်လိုဝန်းကျင်ကို လာရောက်နေပါလိမ့်လို့လည်း တွေးမိသည်။
အရင်နေခဲ့တုန်းက ဖျားပြီဟေ့ဆို ရပ်ကွက်ထဲက တစ်ယောက်ပြီး တစ်ယောက် ဆေးပို့တဲ့သူနဲ့ စွပ်ပြုတ်သောက်ဖို့ ပို့တဲ့သူတွေနဲ့ ခုမှ သူတို့ကို သတိရမိသည်။ လင်တော်မောင်ကို ပြောပြန်ရင်လည်း မင်းပဲ ဒီဝန်းကျင်ကို ပြောင်းချင်တယ်ဆို ဆိုတာ လာဦးမည်။ နောက်ရက်နေ့လည်လည်း ရောက်ရော အပြင်က တံခါးခေါက်သံကြောင့် ကိုကိုဂီက ထပြီး တံခါးဖွင့်မိသည်။

“ဟင်…. ဦးလေးအမတ်မင်း” တစ်ဆက်တည်း မိန်းမဘက်ကို လှည့်ပြီး အော်ပြောလိုက်သေးသည်။
“မိန်းမရေ… ဒီမှာ ဦးလေးအမတ်မင်းလာတယ်”

အမတ်မင်းလို့ ခေါ်ရသည့်အကြောင်းရင်းက ရွာမှာတုန်းက သူက ရွာလူကြီး အရမ်းဖြစ်ချင်သည်။ နောက်ပိုင်း လွှတ်တော်ရွေးကောက်ပွဲတွေလာတော့ သူ့ကိုသူ အမတ်ဖြစ်ချင်တော့ သူများကို

စကားပြောလျှင် အမတ်မင်းက ဆိုတဲ့ အသုံးအနှုန်းကြောင့် ဦးအမတ်မင်း အလိုလိုဖြစ်လာသည်။ ဖရဲမက ချက်ပြုတ်နေရာမှ ထွက်လာပြီး

“ဟယ်… ဦးလေး” နောက်ဖက်မှ ထွက်ပေါ်လာသည့် မျက်နှာကိုမြင်တော့
“အယ်… ကြီးတော်ဒေါ်ဘဲဥလည်း ပါတယ်။ လာကြ လာကြ”
“နေတောင် နေ့လည် ရောက်နေပြီ ဘယ်အချိန်မှ အိမ်က ထွက်လာလို့ ခုချိန်မှ ရောက်တာလဲ။ အိမ်ထဲဝင်ကြဦး”

ခရီးရောက်မဆိုက် ကြီးတော် ဒေါ်ဘဲဥဆီမှ အသံထွက်လာသည်။
“မပြော မပြောချင်ပါဘူး”
မပြောချင်ဘူးသာ စကားစနေပေမယ့် ဆက်ပြောမယ့် အရိပ်အရောင်က အထင်းသား ပေါ်လွင်လေသည်။ ပါလာသည့် ပစ္စည်းတွေကိုချရင်းအမောဖြေဖို့ နေရာ ရှာထိုင်ပြီး
“ညီးတို့ ပြောင်းသွားတာကလည်း လူနေတဲ့နေရာမှ ဟုတ်ရဲ့လားအေ”
“ရော့… ရေသောက်လိုက်ဦး။ ဘာဖြစ်လို့လဲ ကြီးတော် ဘဲဥရဲ့”
“ဘာဖြစ်ရမှာလဲ။ အိမ်ကို မနက်ထဲက ရှာလိုက်ရတာ ချွေးပြန်ပြီး လမ်းတောင် ဆက်မလျှောက်ချင်လောက်ပါပဲအေ။ ညီးတို့ အရင်က နေတဲ့နေရာက တစ်ယောက်မေးလိုက်တာနဲ့
အထုပ်ဆွဲပြီး လိုက်ပို့တာဆိုတော့ ရှာစရာမလိုတော့ဘူးပေါ့အေ့။ ခုတော့…”

ကြီးတော် ပြောနေတုန်း ဦးလေးအမတ်မင်းကလည်း ဘယ်အချိန်ထဲက ပြောချင်နေမှန်းမသိ အတင်းဝင်ပြောတော့သည်။

“မောင်ဂီရာ… မင်းတို့ပြောင်းလိုက်တာကလဲ အတော်ခေါင်တဲ့နေရာပါလား”
“ဗျာ။ ဦးလေး။ ဘာလို့လဲ။ ဦးလေး တူမက မြို့လယ်ခေါင်မှာနေချင်တယ်ဆိုလို့ ပြောင်းလာရတာလေ”
“ခုဟာက လမ်းလည်း ရှာလို့မတွေ့၊ ဘယ်သူ မေးမေး မသိဘူးပဲ ပြောနေကြတာ။ တချို့ဆို ဖြေတောင်မဖြေဘူး လှည့်ထွက်သွားကြတာတွေကြီးပဲ”

ကြီးတော်က ရေသောက်နေရာမှ
“ဟုတ်တယ်အေ… ခုအလွှာတက်လာပြီး အခန်းရှာတာတောင် ဘေးခန်းကို မေးတာ မသိဘူးတဲ့ ကောင်းကြသေးရဲ့လား”
“ဒီလိုဝန်းကျင်ကိုများ မင်းတို့ ပြောင်းလာတာ အံ့ပါရဲ့ကွာ”

ဖရဲမတစ်ယောက် သူ့အပြစ်နဲ့သူဆိုတော့ ဘာပြောရမှန်းမသိပဲ အသာ ဆိတ်ဆိတ်နေလိုက်လေသည်။ အင်း ခုချိန်မှာ နောက်တစ်နေရာကို ပြောင်းဦးမယ်လို့ ပြောလို့ကတော့ လင်တော်မောင်ရဲ့ အပြောအဆိုက လွတ်မည်မထင်။ ကိုယ်လည်း ပြောင်းပြီးမှ မှားမှန်းသိပေမယ့် ကိုယ်ပြောင်းချင်တဲ့နေရာ ပြောင်းပြီးတော့ ဘယ်လိုဆက်ပြီး ပြောင်းဖို့ ပြောထွက်တော့မှာလဲ………… ဒါကြောင့် ရောက်တဲ့နေရာမှာပဲ ကျိတ်မှိတ်နေလိုက်တော့မယ်ဆိုတဲ့အတွေးတွေနဲ့ ငြိမ်နေလိုက်ရပါတော့သည်။

တစ်ခါဖူးမှ ဝတ္ထုမရေးဖူးပေမယ့် ခုအစမ်းလက်တမ်းရေးကြည့်လိုက်တာ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်များနဲ့၊ လူကြီးဖြစ်တဲ့ ဦးဦးဘလက်၊ ရွာသူကြီး ဦးKai အပြင် ဧည့်သည်သရုပ်ဆောင် အမတ်မင်းနဲ့ ဘဲဥကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောရင်း အားလုံးကို ပေးစွမ်းချင်တာက ဝန်းကျင်တွေရဲ့ သဘောသဘာဝကို ထင်ဟပ်ပြလိုက်ခြင်းသာ ဖြစ်ပါတော့တယ်။
အားလုံးအပြုသဘောဖြစ်ဖြစ် အမြင်သဘောဖြစ်ဖြစ် ဝေဖန်ထောက်ရှုပေးကြပါလို့ ဒီနေရာကနေ ပြောလိုက်ပါရစေ။ လိုအပ်ချက်တွေရှိရင်လည်း ဖြည့်စွပ်ပေးဖို့ ပြောချင်ပါတယ်။ အားမနာပါနဲ့
ဝေဖန်ပါ။ အမှန်ကိုပြောမှာကို စောင့်မျှော်နေပါတယ်နော်။

26 comments

  • Inz@ghi

    July 10, 2012 at 1:08 pm

    မြို့ပြ လူမှုစရိုက်ကို သရော်ထားတယ်ပေါ့….

    သမိုင်းရဟတ်က တပတ်ပြန်လည်လာဦးမှာပါလေ…
    (အလဲ့ ..ပြောရတာ အရသာရှိသဟ..)
    အဲ့သည့်ခေတ် ရောက်တဲ့အခါ… မြို့နေလူတန်းစားက
    အချင်းချင်း အပြန်အလှန် နွေးထွေး လေးစား မယ့် အချိန်ပေါ့…
    the UNIT ပြန်ကြည့်နေတယ်ဗျာ ..ပီးမှ ထပ်လာခဲ့မယ်..

    • shwe kyi

      July 10, 2012 at 2:37 pm

      ကိုဂီတို့ကံကောင်းတယ်မှတ် ယောက်ျားလေးဇာတ်ကောင်ဖြစ်နေတယ်။ ကိုအမတ်ရော။
      ကျန်တဲ့သူတွေကိုတော့အစ်မမနောက ဘဝပြောင်းပေးထားတယ်။

      • ကြောင်ဝတုတ်

        July 10, 2012 at 3:39 pm

        ကိုဂီက ကံကောင်းသလိုလိုနဲ့ကွာ… ဖရဲမနဲ့ညားရတယ်လို့….
        ငါ့သူငယ်ချင်းဂီဂီရေ… မင်းအကျိကိုမေ့လိုက်တော့… မင်းဘဝကတော့သွားပြီ…ဟိ

        ကြောင်ဝတုတ်

    • amatmin

      July 10, 2012 at 2:41 pm

      မိုက်သဗျ.. အစိမ်းလက်ခဲ့သဗျာ..
      ဘယ်နားက မန့်ရမှန်းမသိတာရယ်.. 🙁
      ကိုဂီတို့ပြောလိုက်တော့လည်း ကွက်တိ..
      သူပြန်လာမှာကို ပြန်လာဖတ်ကြည့်ပါ့မယ်ဗျ.. 😛

      ပေးတဲ့မက်စိကို ရပါတယ်လို့ပြောရင်း..
      ဘဝမပြောင်းပေးထားတဲ့အတွက်တော့
      ကျေးကျေးပါ ဒေါ်မနောရေ.. 🙂

  • Nyein Nyein

    July 10, 2012 at 1:17 pm

    မမ မနောရေ………….. ရပ်ကွက်တွင်း သဘောလေးတွေ ပေါ်လွင်အောင် ရေးထားတဲ့အတွက် ဖတ်ရတာ အရမ်းကောင်းပါတယ်။
    လူတွေမှာ ဆိုးတာလည်းရှိသလို၊ ကောင်းတာတွေကိုလည်း မမေ့သင့်ဘူးပေါ့နော်။ အကောင်းအဆိုး ဒွန်တွဲနေတဲ့အချက်ကို ပြောပြသွားတဲ့အတွက် ကျေးကျေးပါနော်။

  • မွန်မွန်

    July 10, 2012 at 1:39 pm

    ဟုတ်တယ် အစ်မရေ.. လူအမျိုးမျိုး စိတ်အထွေထွေ ဆိုပေမယ့် ကျေးလက်နဲ့ မြို့ပြကတော့ ကွာကိုကွာတယ်။
    ရပ်ကွက်ဆိုတာက လူစုံ၊ စရိုက်စုံ ဆိုပေမယ့် တကယ်တမ်းဖြစ်လာပြီဆိုရင် မိသားစုစိတ်ဓာတ်နဲ့ ဝိုင်းဝန်းကူညီကြတာ။ မြို့မှာက အစ်မပြောသလိုပဲ ဘေးချင်းကပ်ရပ်အခန်းတောင် မသိကြဘူးလေ။ တစ်ခါသားကြားဖူးလိုက်တယ်။ မြို့ထဲမှာ ညဘက်ကြီး ကောင်မလေးတစ်ယောက်ကို ကြိုက်နေတဲ့ကောင်လေးက သူ့ကိုပြန်မကြိုက်လို့ဆိုပြီး ဓားနဲ့လိုက်ထိုးတာ လမ်းထဲက အိမ်ခန်းတွေက ထွက်ပဲကြည့်ကြတယ်တဲ့။ ဘယ်သူမှ ဆင်းမလာကြဘူးတဲ့။

    ဆိုတော့ကွာ..ကွာတော့ကွာတယ် အစ်မရေ…

  • အရင့်ရောင်

    July 10, 2012 at 1:54 pm

    လှုပ်လှုပ် လှုပ်လှုပ် မလုပ်နဲ့နော်
    မမနောရဲ့ ဝတ္ထုတိုဇာတ်လမ်း သရုပ်ဆောင်ဖြစ်သွားမယ်………..
    ဟွန်းးးးးးးးးးးးးး
    ဟီဟိ……..

  • Shwe Tike Soe

    July 10, 2012 at 1:55 pm

    ဇာတ်လမ်းဇာတ်ကွက်လေးကတော့ ကောင်းပါတယ်ဗျာ……
    ဒါပေမယ့် မမနောရယ်..သများတို. ဒဒွေ ဖုန်းကညာတပါး လုံးရာက ပြားရပါပေါ့လား…………..အဟင့်
    အကုန်လုံးကို အချော်ဒကောက် ဇာတ်သွင်းနေတာလားဟင်………… ဟီးဟီး…. 😀

    နိုင်ငံခြားပြန် အန်တီကိုင် နဲ. ထမိန်စွန်တောင်ဆွဲတဲ့ အန်တီဒေါ်ဘလက် တဲ့ လုပ်ရက်လိုက်ထာအေ……..ညည်းနှယ့်

  • chit tee myat

    July 10, 2012 at 2:33 pm

    ဟီး ရေးထားတာ အတော်ရယ်ရတယ်နော်။ ပထမပိုင်းတောင် မဖတ်ရသေးဘူး။ ကိုရီးယားကားကြည့်နေတာ အကျင့်ပါလို့ ဇာတ်သိမ်းကို အရင်ဖတ်ကြည့်တာ။ ရှေ့က အဆက်သွားဖတ်ကြည့်ဦးမယ်။ ပတ်ဝန်းကျင်ကို သိသာအောင် ခွဲခြားပြတာ အတော်ကောင်းတယ်။

  • shwe kyi

    July 10, 2012 at 2:35 pm

    အစ်မရေ ညီမတို့တိုက်မှာတော့အဲလောက်မဆိုးလို့တော်သေးတယ်။ အခုလူတွေကမယုံရတော့တာကြောင့်မြို့ထဲကလူတွေကကြောက်ကြတာထင်ပါတယ်။ လူလိမ်တွေ၊ ဓါးပြတွေရန်ကရှိသေးတယ်လေ။ လူစုံတော့လေ လူကောင်းလား လူဆိုးလားခွဲခြားဖို့ကခက်တာကိုး။
    မမနောရေ လူ့သဘာဝလေးတွေကိုထင်ဟပ်ပြသွားတာကောင်းပါတယ်။

  • ဘဲဥ

    July 10, 2012 at 2:48 pm

    မမ မနော ကောင်းမှုနဲ့ သများတို့ လင်ရဘီတော့
    အဟေဟေ့ အူးမတ်မင်း သတိသာထားပေတော့ ဟိဟိ
    ရွာသူားများ အထူးသတိပြုဆင်ခြင်ရန်
    ယခုအချိန်မှစရွေ့ အူးမတ်မင်းအား ထိကပါးရိကပါးပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရ
    ပုံ
    အမတ်မင်း ကတော်
    ဒေါ်ဘဲဥ

  • snow white

    July 10, 2012 at 3:06 pm

    ဖုန်းလေး တစ် ခါခေါ်မလို့လားခေါ်လို့ရပါတယ်ဖုန်း ပိုက်ဆံကဒ်ထည့်ရင် သာ တဝက် ခံဟုတ်ပြီလား 10000တန်ကဒ် ထည့်မယ်ဆို ၅၀၀ဝဘဲ ပေး ဟုတ်ပြီလား တဝက်ပေါ့…

  • Khaing Khaing

    July 10, 2012 at 3:08 pm

    အမလေး ငါးလွှာကအိမ်ဆိုတာ င့ါအိမ်ပေ့ါအေ ……. မိဂီက သူ့မိန်းမက နားပူနဆာလုပ်လို့ဆိုပီး ငါ့ကိုလာအသနားခံတယ်လေ ဒါနဲ့ငါလဲ အလကားနီးနီးဈေးတောင်းပီးငှားလိုက်ရတာ စဉ်းစားကြည့်လေ သူ့လို နှစ်ပဲတစ်ပြားလစာရပီး အစုပ်ပလုပ်ရပ်ကွက်မှာနေခဲ့တဲ့သူက အမေဒစ်ကန်မှာနေတဲ့ ဒေါ်kaiလိုလူမျိုး ရဲ့အိမ်နားမှာနေနိုင်တယ်ဆိုတာ လှိူ့ဝှက်ချက်တစ်ခုခုရှိနေတယ်လို့မထင်ဘူးလား ….. အစကပြောတော့ မိသားစုသုံးယောက်ထဲပါတဲ့ အခုတော့ အညာသူအညာသားတွေရဲ့ထုံးစံအတိုင်း သူတို့အမျိုးတွေလိုက်လာ ပီလေ …… ငါအခုပဲအဲကောင်မတွေအိမ်ကိုသွားပီးရန်တွေ့ဦးမှပဲ ………….

  • blackchaw

    July 10, 2012 at 3:16 pm

    ဝတ္ထုထဲထည့်ရေးပေးတာ ကျေးဇူးပါ ကျောင်းအစ်မကြီးရေ။
    ဒေါ်ဘလက်ကြီးက အသားမည်းတာကို ဂုဏ်ယူပါတယ်ဗျာ…။
    မည်းမည်းကြီး ဘလက်။
    အဟက်…။
    မိုက်တယ်နော့။
    😀

    • manawphyulay

      July 10, 2012 at 3:20 pm

      ဦးဦး ချစ်စနိုးနဲ့ ရေးတာနော်
      ချိတ်ချိုးနဲ့နော်… မီးမီး စာမူခရရင် ဘီဘီတိုက်မယ်လို့ မပြောဘူး။ ကော်ကော်တိုက်မယ်လို့ ပြောမလို့… 🙂

  • elle smile

    July 10, 2012 at 3:48 pm

    ဖရဲမဆိုတော့ဖရဲသီးကိုအရမ်းကြိုက်လို့လား? ဪ.. ပြောရအုံးမယ် ဇာတ်လမ်းထဲကသရဲမ အဲလေဖရဲမကိုအကြံပေးလိုက်ပါလား… ကီမိုနိုစတွေကိုရောင်းပြီးတော့ချုပ်ခလုပ်လိုက်ပါလို့၊

    • manawphyulay

      July 10, 2012 at 3:58 pm

      ချုပ်ပါမယ်ဆိုမှ ရောင်းလိုက်တော့ ဘာပိတ်စနဲ့ ချုပ်ရမှာလဲ elle smile ရဲ့….

  • ကိုရင်မောင်

    July 10, 2012 at 3:57 pm

    မနောဖြူလေးရေ အရေးအသားမဆိုးပါဘူး..
    ပါတ်ဝန်းကျင်လူနေမှု့စရိုက်တွေကိုပေါ်လွင်အောင်
    ရေးနိုင်ပါတယ်ဗျာ…..
    တချိန်ကစာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့
    ဘဝသရုပ်ဖေါ် လိုင်းမျိုးပေါ့………
    အားပေးသွားပါတယ်ဗျာ……

    • manawphyulay

      July 10, 2012 at 4:02 pm

      ဟုတ်ကဲ့ပါရှင်။ ခုလို အားပေးတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ ရေးဖို့တော့ အတော်လိုပါသေးတယ်။ ခုမှစမ်းရေးတာဆိုတော့ အမှားတွေတော့ အတော်ပါမှာပါ။ စမ်းသပ်ဆဲဖြစ်တုန်း အားဆေးတွေ တိုက်တဲ့ ရွာထဲက လူတွေရော အသုံးပြုခွင့်ပေးတဲ့ နာမည်တွေအတွက်ရော မနော ဝမ်းသာလှပါပြီ။ အများကြီးလိုပါသေးတယ်။ ခုမှ မတ်တတ်ရပ်ဖို့ အစပျိုးကြည့်တာပါ လေးလေးရှင့်

  • may cho

    July 10, 2012 at 4:30 pm

    အရမ်းဖတ်လို့ကောင်းပါတယ် ကိုယ့်အိမ်မှာဘဲကိုယ်နေပါ့မယ် တိုက်ခန်းကမကောင်းပါဘူး မမမနော ဝထ္ထုလေးက ပထမလက်ရာပေမယ့် အရမ်းကောင်းတယ် အစဉ်အားပေးနေမယ့် မေချို ။။။

  • Phaung Phaung

    July 10, 2012 at 5:07 pm

    မမ မနောရေ…. ရေးထားတာလေး သဘောကျပါတယ်…. ရပ်ကွက်သဘောတွေလည်း ကွက်တိပါပဲ…
    ရွာထဲကလူတွေလည်း ဇာတ်ကောင်တွေအဖြစ်ပါဝင်ထားတယ်နော်…
    ဖောင်းဖောင်းတို့နေတာလည်း …ရပ်ကွက်ပဲ… ဒါပေမယ့် မနက်ရုံးသွား/ညနေရုံးပြန်..အိမ်ရောက်တော့လည်း ဘယ်မှမထွက်ဖြစ်တော့ဘူး… ဘယ်အိမ်မှလည်းမလည်ဖြစ်ဘူး… လမ်းထဲကလူတောင်စုံအောင်မသိဘူး……
    အဖြစ်က … ဒါကြောင့်ရပ်ကွက်ကတော့ပြောမှာပဲ…..ကြီးကျယ်တယ်လို့ …အဟိ
    😀

  • ရွာစားကျော်

    July 10, 2012 at 8:58 pm

    ဒီဘက်တိုက်ခန်းက မကြည်တာ ပြောင်းလာတုန်းက
    အိမ်တက် မိတ်ဆက် ပါတီပွဲ မလုပ်လို့ပါတဲ့….
    .. မနောက လင်မယားနှစ်ယောက်မတူတဲ့ ပတ်ဝန်းကျန်နှစ်ခုမှာ ကျင်လည် ကြုံဆုံရတဲ့ လူနေမှုစရိုက်လေးတွေကို ပုံဖော်ထားတာပေါ့
    တခါတုန်းကလည်း ဒီလို အိမ်ပြောင်းတဲ့ ဇာတ်လမ်းလေး ဖတ်ဖူးသလိုပဲ အဲတုန်းကတော့ ကိုယ်တိုင်ပြန်ပြောသလိုလေး ပုံဖော်ထားတာ

  • water-melon

    July 11, 2012 at 2:54 pm

    ဒီမယ်ဒီမယ် ဖရဲမကို သဘောကောင်းတိုင်း အနိုင်မကျင့်ကြနဲ့
    မိဖရဲတဲ့ တစ်ဖရဲဘဲရှိတယ် နှစ်ဖရဲရှိရင် ဘေးအိမ်တွေမျှကျွေးလိုက်မယ်
    ဒေါ်ထိုက်ရေ အကြွေးလာပေးအုန်း
    မမမနောဖြူ နောက်လည်းထပ်ရေးပါအုန်းနော်
    သများနာမည်ကို ကြိုက်သလိုသုံးခွင့်ပြုပါတယ်ချင့်

  • Ma Ei

    July 11, 2012 at 3:34 pm

    မနောဖြူလေးရေ…
    ရပ်ကွက်နဲ့ တိုက်ခန်း လူနေမှုစရိုက်
    ကွာခြားပုံလေးတွေ မြင်တတ်လိုက်တာ…
    ဆက်ရေးပါဦးနော်…

    • manawphyulay

      July 12, 2012 at 2:57 pm

      ဆက်တော့ရေးချင်ပါတယ် မမအိရယ် ဘာရေးရမှန်း တိတော့ဝူးလေ… 😛

Leave a Reply