Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆယ်တန်းအောင်ပြီးသောအခါ…

ဟိုတလောက မမနောဖြူလေးရေးတဲ့ ဆယ်တန်းအောင်ရင် ဘာလုပ်ကြမလဲ  ပို့စ်တွေကို ဖတ်ပြီးကတည်းက ရေးချင်နေတာ။ ခုမှပဲ ရေးဖြစ်တော့တယ်။

 

အခု ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီးလို့ အမှတ်တွေတောင် ထုတ်လို့ရနေတဲ့အချိန်မှာ ကလေးတွေ ဘာတက္ကသိုလ်တွေ ရွေးမှာလဲဆိုတာ အရမ်းစိတ်ဝင်စားမိပါတယ်။

 

ဆေးကျောင်းက အခုဆို ထက်ဝက်လျှော့ချပြီး ခေါ်မှာဆိုတော့ အမှတ် ၅၀ဝ နားမနီးလို့ကတော့ မသေချာဘူးပဲ။ အဲဒီထက်ဝက်မှာလည်း တကယ်တက်ချင်စိတ်ရှိတဲ့သူတွေပဲ လျှောက်ပါစေလို့ ဆုတောင်းမိပါတယ်။ နို့မို့ဆို လျှောက်ပြီးမှ မတက်ဖြစ်တော့ရင် ကပ်ပြီးပြုတ်ကျန်ခဲ့တဲ့သူတွေအတွက် ရင်နာဖို့ကောင်းပါတယ်။

 

နောက် GTC တွေကိုလည်း YTU အဖြစ်နဲ့ အမှတ် ၄၅ဝ ကျော်တဲ့သူတွေသာ ခေါ်မယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါကိုတော့ သေသေချာချာ သိချင်သား။ ရန်ကုန်မှာပဲ အရင်တုန်းက RIT လိုမျိုး တက်ရမယ်ပြောတော့ နယ်မြို့တွေမှာ ဖွင့်ထားတဲ့ နည်းပညာတက္ကသိုလ်တွေကရော အရင်အတိုင်းရှိနေဦးမှာလားဆိုတာ။

 

ဆိုတော့ကာ…အခုသိသမျှက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ (ဆေးပညာဆိုင်ရာ တက္ကသိုလ်များ၊ ရေကြောင်းတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်) နဲ့ နိုင်ငံခြားဘာသာတက္ကသိုလ်ကို တက်ဖို့က အနည်းဆုံး အမှတ်ပေါင်း ၄၅ဝ ကျော်မှ ဝင်လို့ရမယ့်ပုံဖြစ်သွားတယ်။

 

ဒါဆိုရင် အမှတ် ၃၀ဝ ကျော်ရတဲ့သူတွေ ဘာလုပ်ရမလဲ။

 

၂၁.၆.၁၂ ရက်နေ့ 7days ဂျာနယ်မှာပါတဲ့ ဆရာမင်းသန်းထိုက် (ဒေးဒရဲ) ရဲ့ ထူးချွန်သော ဝိဇ္ဇာများပေါ်လာစေဖို့ ဆောင်းပါးကို ဖတ်ပြီး အတွေးဝင်မိတာလေးကို ပြောချင်ပါတယ်။

ဆရာကတော့ ကိုးတန်း၊ ဆယ်တန်းမှာ ဘာသာတွဲတွေ ခွဲတာကစလို့ ကလေးတွေက ဝိဇ္ဇာဘာသာရပ်တွေကို စိတ်ဝင်စားမှုနည်းလာကြပြီး နောက်ဆုံး မတတ်သာတဲ့အဆုံးမှသာ ဒီဘာသာရပ်တွေကို သင်ကြတာကြောင့် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) တို့လို သမိုင်းဆရာကြီး ဦးသန်းထွန်းတို့လို ထူးချွန်တဲ့သူတွေ ပေါ်လာဖို့ ခဲယဉ်းသွားတဲ့အကြောင်း ရေးထားတာပါ။

 

ကျွန်မ စဉ်းစားမိတယ်။ ကျွန်မအပါအဝင် ကျောင်းသားတွေတော်တော်များများက ဘာကြောင့် ဒီဘာသာတွေ မလျှောက်ခဲ့ကြတာလဲ။ အဲဒီမှာ ရှစ်တန်းလောက်က ဆရာတစ်ယောက်ပြောဖူးတာ သွားသတိရတယ်။ ကျွန်မတို့တုန်းက လေးတန်း၊ ရှစ်တန်း နဲ့ ဆယ်တန်းမှာ ထူးချွန်စာမေးပွဲဆိုတာ ဖြေရတယ်။ ကျောင်းအဆင့်ကနေ မြို့နယ်အဆင့်၊ တိုင်းအဆင့် ဖြေရတယ်။ ဘာသာစုံတစ်ယောက်ရယ်၊ ဘာသာရပ်အလိုက်တွေရယ် ဖြေရတယ်။ အဲဒီမှာ ဆရာက ဘာပြောလဲဆိုရင် မင်းတို့ တစ်ဘာသာချင်းတွေဖြေတော့ရော ဘာဖြစ်လာမှာလဲတဲ့။ Chemistry ဖြေရင် Chemist ဖြစ်လာမှာလား၊ Physics ဖြေရင် Physician ဖြစ်လာမှာလားတဲ့။

အဲဒီတော့ တက္ကသိုလ်မှာ သိပ္ပံနဲ့ ဝိဇ္ဇာသာတွေ ယူကြရင်လည်း တကယ်ထူးချွန်သူဖြစ်လာတာ မရှိသလောက် နည်းပါတယ်။ ဘွဲ့ရပြီးရင်လည်း အဲဒီဘွဲ့ကို အထူးပြုပြီး အလုပ်ရှာဖို့ မလွယ်ပါဘူး။

 

အဲဒီတော့ ဆရာပြောသလို ထူးချွန်သူဖြစ်ဖို့က အရင်တုန်းက အခြေအနေတွေနဲ့ အများကြီး ကွာခြားသွားပါတယ်။

 

ဒီနေရာမှာ ကျွန်မဆယ်တန်းအောင်တုန်းက တက္ကသိုလ်ရွေးချယ်ခဲ့တာလေးကို ပြောပြချင်ပါတယ်။ ကျွန်မရဲ့ အမြင်လေးကို သိစေချင်ရုံသက်သက်ပါ။

 

ကျွန်မဆယ်တန်းအောင်တော့ အမှတ်ပေါင်း ၄၈၄ မှတ် ရပါတယ်။ အဲဒီအမှတ်နဲ့ တက်ရမယ့် တက္ကသိုလ်ကို ရွေးတဲ့အခါမှာ တော်တော်လေး ခက်ခဲခဲ့ပါတယ်။

 

၁။ ကျွန်မ ဆေးပညာကို လုံးဝစိတ်မဝင်စားပါဘူး။ ဆရာဝန်လုပ်ဖို့လည်း ရည်ရွယ်ချက်မရှိပါဘူး။ အရမ်းလည်းကြောက်တတ်ပါတယ်။ ဒါက ကျွန်မရဲ့ခံစားချက်ပါ။

နောက်တစ်ခုက ဆရာဝန်လုပ်ဖို့ အရင်းအနှီးက ကြီးပါတယ်။ ကျောင်းစရိတ်အပြင်ကိုမှ ကျွန်မတို့က မကွေးကို သွားတက်ရမှာဖြစ်တဲ့အတွက် နေစရိတ်၊ စားစရိတ်ကလည်း ရှိပါတယ်။ ချမ်းသာတဲ့မိသားစုမဟုတ်တဲ့အတွက်လည်း အဲဒီ ရ နှစ်လောက်ရင်းထားဖို့ကို အင်အားမရှိပါဘူး။ အဲဒီတော့ အမေက မဖြစ်ဖြစ်အောင် ထားမယ်လို့ ပြောပေမယ့် ဆေးပညာနဲ့ဆိုင်တဲ့ကျောင်းတွေအကုန်လုံးကို ပယ်လိုက်ပါတယ်။ (ဆရာဝန်မလုပ်မှတော့ တစ်ခြားလည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဲဒီနှစ်က ဆေးကျောင်းကလည်း မိန်းကလေး ၄၉၆ မှတ်၊ ယောက်ျားလေး ၄၆၄ မှတ်နဲ့ ဖြတ်သွားပါတယ်။)

 

၂။ GTC၊ Computer ကိုလည်း ထပ်ပယ်လိုက်ပါတယ်။ ပထမအချက်ကတော့ မအူပင်မှာ ကျောင်းမတက်ချင်လို့ပါ။ ဒုတိယအချက်ကတော့ GTC တက်မယ်ဆိုရင် အနည်းဆုံး BE လောက်ရမှ အဆင်ပြေမယ်လို့ တွေးမိပါတယ်။ ကြိုးစားမယ်ဆိုရင် BE ပြီးဖို့ ၅ နှစ်လိုပါတယ်။ အဲဒီ ၅ နှစ်ပြီးရင် အလုပ်တန်းရမှာလား။ မသေချာပါဘူး။ ပြီးတော့ Computer။ ကျွန်မ Computer ပိုင်းကို အရမ်းဝါသနာပါပါတယ်။ ဒါပေမယ့် Computer တက္ကသိုလ် ၄ နှစ်တက်ရုံနဲ့ လုပ်ငန်းခွင်ဝင်လောက်တဲ့အထိ မပြည့်စုံပါဘူး။ ထုံးစံအတိုင်း အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းပါတယ်။ အဲဒီကြောင့် ဒီနှစ်ခုကိုလည်း ပယ်စာရင်းထည့်လိုက်ပါတယ်။ (GTC တက်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ အခုထိ အလုပ်မလုပ်ကြသေးသလို Computer Master တက်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် Program တစ်ခုရေးဖို့ မဖြစ်နိုင်သေးပါဘူးတဲ့။ သူတို့က သင်ရိုးထဲက စာတွေကို ကွန်ပျူတာနဲ့ မသင်ခဲ့ရဘဲ မျက်စိထဲပေါ်လာအောင် စာတွေ့ပဲ သင်ခဲ့ရပါတယ်တဲ့။)

 

၃။ ကျွန်မကို ပညာရေးတက္ကသိုလ် တက်စေချင်ကြပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း စာသင်တာ ဝါသနာပါပါတယ်။ ဆယ်တန်းဖြေပြီးကတည်းကလည်း စာတွေပြန်သင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအတွက် အခက်အခဲက ဘာလဲဆိုတော့ အစိုးရလခစားအလုပ် မလုပ်ချင်လို့ပါ။ ပညာရေးတက္ကသိုလ်ကဆင်းရင် နယ်ကျောင်းတွေမှာ တာဝန်ကျပါတယ်။ မိသားစုကိုထောက်ပံ့ရမယ့် ကျွန်မက နယ်ကျောင်းက ကျောင်းဆရာမလခလေးနဲ့ ဘယ်လိုမှ ရပ်တည်လို့ မဖြစ်ပါဘူး။ မရှိတဲ့ကြားက ကျောင်းထားပေးရမယ့် မိသားစုအတွက် ကျောင်းပြီးတာနဲ့ ပြန်ထောက်ပံ့ရမယ့် တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဒီတစ်ခုကိုလည်း ရင်နာနာနဲ့ ပယ်ခဲ့ရပါတယ်။ (အခုချိန်ထိ ဆရာမတွေကိုတွေ့ရင် ရောဂါတက်နေတုန်းပါပဲ။)

 

၄။ ကျွန်မက မြန်မာစာကို အရမ်းဝါသနာပါပါတယ်။ ကျောင်းတက်တုန်းကဆို တစ်ချိန်လုံး မြန်မာစာပဲ လုပ်နေလို့ အိမ်က ဆူတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်တွေနဲ့ပဲ ငွေရှာလို့ မရတဲ့အတွက် ယောင်လို့တောင် ထည့်မစဉ်းစားမိပါဘူး။ (ကျွန်မပြောတာ ဆရာ၊ ဆရာမကြီးတွေကို စော်ကားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။)

 

၅။ အဲဒီအချိန်မှာ ဘာဝိုင်းပြောကြသလဲဆိုတော့ အဝေးသင်ပဲ တက်ပြီး နယ်မှာပဲ စာသင်ဖို့ပြောကြပါတယ်။ အဲဒီအချိန်က ခင်မင်မှုအရ စာသင်တာတောင် ၇၀၀၀ဝ လောက်ရပါတယ်။ တကယ်တမ်းသာ စာသင်စားမယ်ဆိုရင် တစ်လကို အနည်းဆုံး ၂၀၀၀၀ဝ လောက်ရနိုင်ပါတယ်။ ဒါပေမယ့် အမေက ခွင့်မပြုခဲ့ပါဘူး။ တက္ကသိုလ်ထားပေးခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို ဖြတ်သန်းစေခဲ့ပါတယ်။ (အမေ့ကို တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျောင်းပြီးတော့ အလုပ်မလုပ်ခင် စပ်ကြားလေးမှာ တစ်လကို ၅၀၀၀ဝ လောက်က စရမယ့် ဝန်ထမ်းမလုပ်ဘဲ နယ်မှာပဲ စာသင်ဖို့ ပြောကြပေမယ့်လည်း ကျွန်မတက်လမ်းကို ငွေရှာမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မပိတ်ပင်ခဲ့တဲ့ အမေ့ရဲ့မေတ္တာကို နှိုင်းမရအောက်အောင် တန်ဖိုးထားမိပါတယ်။)

 

၆။ နောက်ဆုံးတော့ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်မှာပဲ တက်ရမယ်။ ၃ နှစ်တက်ရုံနဲ့ ကျောင်းပြီးမယ်။ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် ကျွန်မစိတ်ဝင်စားတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ လုပ်ဖို့ အဆင်ပြေမယ်။ နောက်ပြီးတော့ ဒီနယ်ပယ်ထဲမှာလည်း တစ်ချိုု့အဆက်အသွယ်လေးတွေ ရှိတဲ့အတွက် မြန်မြန်နဲ့ကျောင်းပြီးပြီး အလုပ်ဝင်လို့ရမယ့် ဒီတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။

 

ဒါကတော့ ဆယ်တန်းအောင်ပြီးစ ကျောင်းသားတစ်ယောက်ရဲ့ အမြင်နဲ့ ရွေးချယ်မှုပါ။ အားလုံးအတွက်တော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ကျွန်မကတော့ ကိုယ့်အခြေအနေနဲ့ စဉ်းစားပြီး ကျွန်မအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို ရွေးချယ်ခဲ့တာပါ။

 

အပေါ်က စာကို ပြန်ဆက်ကြည့်ရင် ဆရာမင်းသန်းထိုက်က ဆောင်းပါးထဲမှာ တက္ကသိုလ်ဝင်ခွင့်ပုံစံတွေ ပြောင်းဖို့လည်း အကြံပြုထားပါတယ်။ ဝါသနာပါရာကို ဝင်ခွင့်တွေဝင်ဖြေပြီး တက်ခွင့်ရှိစေချင်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာ ဘာသာရပ်တွေမခွဲပဲ တက္ကသိုလ်တက်မယ့်အချိန်မှာ ကိုယ်ဝါသနာပါရာကို ဝင်ခွင့်ဖြေပြီး တက်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

 

စာ၊ စာ၊ စာ ပဲ သိလာပြီး ကိုယ့်ရဲ့ တွေးခေါ်နိုင်စွမ်းကို ဖော်ထုတ်ရမယ့် နေရာတွေမှာ ကျွန်မတို့တွေဟာ အခက်အခဲတစ်ခုအဖြစ် ရင်ဆိုင်ရပါတယ်။ ပြီးတော့ ဝါသနာနဲ့အလုပ်အကိုင်ဆိုတဲ့ ကြားမှာ ကျွန်မတို့ကျောင်းသားတွေ ခေါင်းခဲရပါတယ်။

 

ဒါကြောင့် လူငယ်တွေရဲ့ အရည်အချင်းတွေကို အမှန်တကယ်ဖော်ထုတ်ပေးမယ့် တက္ကသိုလ်တွေနဲ့ ထူးချွန်သူတွေကို အသိအမှတ်ပြုပေးမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ အမြန်ဆုံးပေါ်ထွက်လာစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။

19 comments

  • nganyi11

    July 18, 2012 at 11:44 am

    မှန်တယ် ၊ ဆယ်တန်း ဖြေတဲ့သူတွေ ကို ကိုယ့်ပိုင် သဘောနဲ့ ရွေးချယ်ခွင့်ပေးသင့်တယ်။ ဘယ်ကျောင်းတက်ရမယ် ဆိုတာမျိုး မရှိသင့်ပါဘူး။ ကိုယ့် လျှောက်ရမဲ့ ဘဝလမ်း ကို ကိုယ်ကိုယ် တိုင်ဘဲ ရွေးချယ်ရမယ်။

  • King of Secrets (Bo Min)

    July 18, 2012 at 11:48 am

    မှန်ပါတယ်၊ အမှတ်နဲ.ခွဲလိုက်တော့ ကိုယ်ပိုင် အိပ်မက်တွေ ပျောက်ဆုံးကုန်ပါတယ်၊ အမှတ် အနည်းအများဆိုတာ ကျောင်းသားနဲ.ဆိုင်သလို အမှတ်ခြစ်တဲ့ ဆရာမတွေရဲ. အရည်အချင်းပြည့်ဝမှုနဲ.လည်းဆိုင်တယ်၊ လက်မညီတာဆိုတာ ၊ ကံနဲ.ဆိုင်တယ်ဆိုတာ ဆရာမတွေရဲ. အရေအချင်းကြောင့်ပါ

  • Wai Phyoe

    July 18, 2012 at 12:01 pm

    “ဒါပေမယ့် Computer တက္ကသိုလ် ၄ နှစ်တက်ရုံနဲ့ လုပ်ငန်းခွင်ဝင်လောက်တဲ့အထိ မပြည့်စုံပါဘူး။” အဲ့ဒီကတည်းကတော့လွဲနေပြီခင်ဗျာ ကွန်ပျူတာကပာိုပဝေသနီခြောက်ထပ်ကတည်းက သုံးနှစ်ပဲတက်ရတာပါ။ Hons တက်ရင်တော့လေးနှစ်ပေါ့ဗျာ။ဒါပေမဲ့ဗျာ ဘယ်ပာာတက်တက်အလုပ်အတွက်အဆင်သင့်မရှိဘူးဆိုတာမရှိပါဘူး။ကိုယ်လုပ်ရင်ကိုယ်ရမှာပါပဲ။
    ှStamford တက်တက် Poly တက်တက် Oxford တက်တက် ကိုယ်လုပ်မှကိုယ်ရတာပါ။
    “၆။ နောက်ဆုံးတော့ နိုင်ငံခြားဘာသာတက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်မှာပဲ တက်ရမယ်။ ၃ နှစ်တက်ရုံနဲ့ ကျောင်းပြီးမယ်။ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် ကျွန်မစိတ်ဝင်စားတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ လုပ်ဖို့ အဆင်ပြေမယ်။ နောက်ပြီးတော့ ဒီနယ်ပယ်ထဲမှာလည်း တစ်ချိုု့အဆက်အသွယ်လေးတွေ ရှိတဲ့အတွက် မြန်မြန်နဲ့ကျောင်းပြီးပြီး အလုပ်ဝင်လို့ရမယ့် ဒီတက္ကသိုလ်ကို ရွေးချယ်ခဲ့ပါတယ်။”
    UFLတက်ပြီး ကျီးအလှည်းနင်းသလိုဖြစ်နေတာတွေလဲထည့်ပြောစေခြင်ပါတယ်။ ၂၀၀၉ တုန်းက ကွန်ပျူတာ ကျောင်းသားတစ်ယောက်မွှေလိုက်တဲ့ဗိုင်းရပ်စ် အမေရိက အထိမွှေသွားတာလေးကိုလည်းသိစေချင်ပါတယ်ဗျာ။အဲ့ဒီကျောင်းသားတုန်းကလဲ Library ထဲကစာအုပ်ေလေးတွေဖတ် NetBook အောက်စုတ်လေးနဲ့ရေး ဒုတိယနှစ်ကျောင်းသားလေးပဲရှိသေးတာနော်။ ခုနှကပြောသွားတဲ့ ကွန်ပျူတာမာစတာ ကမမကြီးတွေကတော့ ကန်တင်းနဲ့ သာဓုကန်မှာပဲ စာသင်နေရင်တော့ မာစတာမပြောနဲ့ မာစတာပြီးလည်း
    program မပြောနဲ့ HTML page တောင် ရေးနိင်မှာမပာုတ်ပါဘူး။ ဒါကတောင့်ကျောင်းနဲ့မဆိုင်ပါဘူး လူနဲ့ပဲဆိုင်ပါတယ်ဗျ။ ဒီလိုပါပဲ GTC,MC အကုန်လုံး လူနဲ့ပဲဆိုင်တယ်လို့ပဲ ဝင်လျှာရှည်လိုက်ပါတယ်။
    (မှတ်ချက်။ ။ထိုကွန်ပျူတာကျောင်းသားလေးအကြောင်းသိခြင်ရင် Net Guide Journal တွင် ဖတ်ရှူနိင်ပါသည်။ဂျာနယ်အမှတ်စဉ်တော့ ကျွန်တော်လည်းမမှတ်မိပါကြောင်း)

    • မွန်မွန်

      July 18, 2012 at 12:23 pm

      Wai Phyoe ပြောတဲ့ ကျောင်းသားက ဘယ်ကွန်ပျူတာ တက္ကသိုလ်ကလည်းတော့ မသိပါဘူး။ အခု ကျွန်မပြောတဲ့ သူငယ်ချင်းက မအူပင် တက္ကသိုလ်မှာ တက်နေပါတယ်။ ပိုက်ဆံမတတ်နိုင်လို့ အပြင်သင်တန်း မတက်ဖြစ်တဲ့ သူငယ်ချင်းက Exel မသုံးတတ်ဘူးဆိုရင် ယုံမလားမသိဘူး။ မာစတာအတွက် Thesis လုပ်နေတဲ့အချိန်မှာ အလုပ်တစ်ခုဝင်လုပ်ဖို့ City Mart မှာ အလုပ်လျှောက်တဲ့ ဟိုတစ်ပတ်ကမှ သူ့ကို Exel သင်ပေးလိုက်ရပါတယ်။ အင်တာနက်ဆိုတာကို သုံးတတ်ဖို့အတွက် ရန်ကုန်ကိုရောက်တဲ့ လွန်ခဲ့တဲ့ တစ်လကမှ အင်တာနက်ဆိုင်မှာ သင်တန်းတက်ခဲ့ပါတယ်။ (သိသလောက်ဆိုရင် မအူပင်မှာ KMD ပဲရှိပါတယ်။ အခုနောက်ပိုင်းတော့ MCC ပါထပ်ဖွင့်တယ်ထင်တယ်။ ကျွန်မတို့ ဒေးဒရဲမြို့မှာတော့ ဒီနှစ်ပိုင်းမှာမှ MCC သင်တန်းဖွင့်ပါတယ်။)
      ဒီတော့ သင်တန်းမတက်နိုင်၊ ရန်ကုန်ကို မလာနိုင်တဲ့ ကျွန်မတို့ နယ်မြို့က လူငယ်တွေအနေနဲ့ ကွန်ပျူတာတက္ကသိုလ်တက်ပြီး မာစတာဝင်ခဲ့တဲ့ကျွန်မသူငယ်ချင်း Exel မသုံးတတ်တာ သူညံ့တယ်လို့ ပြောလို့ရမလားဆိုတာ သိချင်ပါတယ်။
      မပြည့်စုံဘူးဆိုတာ ဒါကို ဆိုလိုပါတယ်။

      နောက် ကျွန်မ ပြင်သစ်စာကို တက္ကသိုလ်မှာသင်ခဲ့ပါတယ်။ အပြင်က ဘယ်သင်တန်းကိုမှ ထပ်မတက်ခဲ့ပါဘူး။ ဒေါ်လာနဲ့ပေးသင်ရတဲ့ Alliance Français ဆိုတာ အနားတောင် မကပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကောင်းကောင်းကြီးပြောနိုင်တဲ့အဆင့်မဟုတ်ရင်တောင် ကျီးအလှည်းနင်း ဖြစ်မနေပါဘူး။ ဘာသာစကားဆိုတာလည်း ကျောင်းက သင်ရုံနဲ့ မလုံလောက်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် စာကြည့်တိုက်က စာအုပ်တွေ၊ CD တွေရနိုင်နေတဲ့အတွက် အပိုပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ကျွန်မတတ်မြောက်ခဲ့ပါတယ်။ ကြွားပြောတာမဟုတ်ပေမယ့် UFL ရဲ့ စည်းကမ်းတင်းကျပ်မှုတွေနဲ့ သင်ထောက်ကူပစ္စည်းအစုံအလင်၊ activities တွေအစုံနဲ့ သင်ရတယ်ဆိုတာ ကျောင်းသားတွေကို်ယ်တိုင် အသိဆုံးဖြစ်မှာပါ။

      ဒီတော့ Wai Phyoe ပြောတဲ့ လူနဲ့ပဲ ဆိုင်တယ် ဆိုရာမှာ supporting နဲ့ပါ ပတ်သက်နေတယ်လို့ မြင်မိပါတယ်။

      • pan pan

        July 19, 2012 at 12:25 pm

        အင်း….ကျမမြင်တာလေး ဝင်အာမယ်နော်
        ကျမက ကွန်ပျူတာကျောင်းပြီးပါတယ်
        ကွန်ပျူတာတက္ကသိုလ်မှာတုန်းပဲ စားအရမ်းတော်ပြီး ရှေ့ခန်းတွေ(အေခန်း ဘာညာပေ့ါ)ရောက်ပြီး
        နောက်တော့ ကွန်ပျူတာနဲ့အလုပ်မလုပ်ဖြစ်တာတွေလည်း တပုံကြီး
        နောက်ခန်းတွေ(အီး၊ ဂျီခန်း)ဖြစ်ပေမယ့် အဲ့ကျောင်းသားဘဝတည်းက ဆော့ဝဲတွေရေးနေတဲ့လူတွေလည်း ရှိတယ်
        ခုချိန်မှာလည်းအဲ့လူတွေ အဲ့နယ်ပယ်မှာ အတိုင်းအတာတစ်ခုထိရောက်နေတယ်
        အကုန်တော့မဆိုလိုပါ၊ အနည်းနဲ့အများပေ့ါ
        ရုံးမှာပဲ ကွန်ပျူတာဆော့ဝဲမှာ အရမ်းတော်တဲ့လူတွေထဲမှာ ကွန်ပျူတာကျောင်းဆင်းတွေမဟုတ်တဲ့လူတွေ အတော်များတယ်ဆို ယုံမလားမသိ
        ဆေးကျောင်းပြီးပြီးလို့ တချို့ဆမလက်မှတ်တောင်ရထားပြီး ဆေးထိုးအပ်မကိုင်ဘဲ ကီးဘုတ်နှိပ်နေတဲ့ ဆြာဝန်တွေလည်းရှိ၊ (တခြားမေဂျာကပဲ ကွန်ပျူတာပိုင်းမှာ ဆက်လုပ်သွားပြီး အိုကေနေတဲ့လူတွေလည်းရှိပါတယ်)
        အဲ့ဒါက တစ်ယောက်ချင်းစီနဲ့ဆိုင်ပါတယ်
        ဒီလိုနိုင်ငံမှာတော့ နောက်ကပံ့ပိုးနိုင်မှုကလည်း အားတစ်ခုလို့ထင်ပါတယ်
        အဲ့…ထင်တာလေး ကလိုင်ခေါက်ရရင် ပြဿနာက စာကိုအလက်ကျွတ် အလွတ်ကျက်တာကိုး
        မာစတာကြီးပြီးသွားပါရဲ့ အလက်ကျွတ်နဲ့အောင်တဲ့လူ၊ မေးခွန်းအောက်လို့အောင်တဲ့လူ
        အမျိုးမျိုးပါပဲ
        တချို့ကတော့ တကယ်မာစတာပြီးသလောက် တကယ်တတ်ပြီး တကယ်ဝါသနာအတိုင်း သေချာလေ့လာတာလည်းရှိပါတယ်
        ပြောရရင် ကွန်ပျူတာတက္ကသိုလ်တက်ပြီဆိုပါတော့ (ဥပမာပေ့ါ၊ တခြားဘာကိုဖြစ်ဖြစ်)
        ကွန်ပျူတာကို တကယ်စိတ်ဝင်စားတဲ့လူလား၊ ဘွဲ့ရရင်ပြီးရောဆိုတဲ့လူလား
        အဓိကကအဲ့မှာကွာတာပဲထင်တယ်

        ကျမကတော့ ဟိုမရောက်ဒီမရောက်၊ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ဘဝကိုကြိုးတန်းလျှောက်နေပါကြောင်း :mrgreen:

    • မသကြားလုုံးကြော်

      July 19, 2012 at 12:07 pm

      ကိုုဝေဖြိုး ပြောတဲ့ ကိုုယ်လုုပ်မှကိုုယ်ရတာမှန်ပေမဲ့ မွန်မွန်ပြောတဲ့အတိုုင်း မွေးကတည်းက အခြေအနေတွေ ကိုုယ့်ဘက်မှာပါလာပြီးသားလူတွေနဲ့ ယှဉ်နိုုင်ဖိုု့ အတော်ခက်ပါသည်။ Support တွေမရှိပဲ အောင်မြင်တဲ့ မွေးရာပါ Genius တွေကတော့ လူနည်းစုုပဲရှိလိုု့ မွန်မွန်ပြောတဲ့ လူများစုု ဖြစ်ရိုုးဖြစ်စဉ်ထဲ ထည့်ပြောလိုု့ ဘယ်ရမလဲ။ ဒီတော့ ” ၄ နှစ်တက်ရုံနဲ့ လုပ်ငန်းခွင်ဝင်လောက်တဲ့အထိ မပြည့်စုံပါဘူး။” ဆိုုတာ general အားဖြင့် မှန်တယ်ထင်ပါတယ်။

      ကိုုဝေဖြိုးပြောတဲ့ ကွန်ပြူတာကျောင်းသားလေးအကြောင်းတော့ မသိပါ။ ဒါပေမဲ့ သူဘယ်လောက် ကြိုးစားလိုု့ အစွမ်းထက်နေပါစေ Genius ဖြစ်နေပါစေ အဲဒီအစွမ်းအစကိုု အကျိုးရှိရာမှာ မသုုံးပဲ Virus ရေးတဲ့သူကိုုတော့ အထင်မကြီးပါ။ နှမြောစရာပဲ။

      • Zu

        July 19, 2012 at 12:40 pm

        အင်း..
        ဖတ်ပြီးတော့ ဝင်ကွန့်လိုက်ပါဦးမယ်..
        “အကျိုးရှိရာမှာ မသုုံးပဲ Virus ရေးတဲ့သူကိုုတော့ အထင်မကြီးပါ။ နှမြောစရာပဲ။”
        ဆိုတဲ့ စကားတစ်ခွန်းအတွက် တော်တော် ဝမ်းနည်းသွားပါတယ်..
        ဒီလို virus ရေးတတ်တာဟာလည်း ကွန်ပျူတာလောကမှာတော့ အထင်ကြီးစရာ တစ်ခုပါ
        ဒါ စိန်ခေါ်မှုတစ်ခုပဲလေ.. virus ဆိုတဲ့ သတ္တဝါက မကောင်းတဲ့ နေရာမှာပဲ သုံးတယ်လို့တော့
        မသတ်မှတ်စေချင်ဘူး… သူအကျိုးပြုနိုင်တဲ့ နေရာတွေလည်း ရှိပါသေးတယ်..
        အဓိက ပြောချင်တာကတော့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုက အတတ်ပညာပဲ ဖြစ်ဖြစ်၊
        အသိပညာပဲဖြစ်ဖြစ် အလွယ်တကူ မပုတ်ခတ်ကြပါနဲ့ ၊ မနှိမ့်ချ မစော်ကားကြပါနဲ့လို့ပဲ
        request လုပ်ချင်တာပါ..။

        • သကြားလုုံးကြော်

          July 19, 2012 at 1:30 pm

          Original post အရ Virus ရေးလိုုက်တဲ့ ကွန်ပျူတာ ကျောင်းသားကVirus က ကောင်းတဲ့ Virus မဟုုတ်ပါ။
          ဒါနဲ့ “အလွယ်တကူ မပုတ်ခတ်ကြပါနဲ့ ၊ မနှိမ့်ချ မစော်ကားကြပါနဲ့လို့” ပြောတဲ့ သူက ဘာကြောင့် များ သူတပါးကိုု “ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခု” လိုု့ ပိုုင်ပိုုင်နိုုင်နိုုင် ပြောရဲပါလိမ့်။

  • manawphyulay

    July 18, 2012 at 12:16 pm

    အင်း……….. ခုတော့ ရွေးချယ်မှု မှန်ကန်တယ်လို့ ခံစားနေရလားဟင်….. ဒီလိုခံစားနေပြီဆိုရင်တော့ အောင်မြင်နေပါပြီ။ ကိုယ့်တုန်းကတော့ ဒေးကနေ ရက်အကန့်အသတ်မရှိ ပိတ်လိုက်လို့ အဝေးသင်ပြန်ပြောင်းပြီး အလုပ်ခွင်က ၁ဝ တန်းရောက်ထဲကဝင်ခဲ့တာဆိုတော့ ခုထိတော့ ဒီလမ်းကြောင်းပေါ်ပဲလျှောက်နေမိတယ်။

    • မွန်မွန်

      July 18, 2012 at 5:32 pm

      မှန်ကန်တယ်လို့ ခံစားရပါတယ် အစ်မ။
      ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ ဘာသာစကားအပြင်ကို အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တက်ထားသင့်တယ်လို့ ထင်မိပါတယ်။ နောက် မွန်မွန်ပြောထားသလိုပဲ ဆရာမတွေကိုမြင်ရင်တော့ ရောဂါတက်နေတုန်းပါပဲ။

      အခုချိန်အထိတော့ ကိုယ်ရွေးချယ်ထားတဲ့ ဘာသာစကားနဲ့ လုပ်နေတဲ့အလုပ်နဲ့တော့ အဆင်ပြေနေပါတယ်အစ်မ။ 🙂

  • snow white

    July 18, 2012 at 12:26 pm

    တကယ့်ကောင်းတဲ့ပို့စ်တစ်ခုပါမမမွန်ရယ် ညီမတို့တွေ လက်ထက်ထဲက ဖြစ်သင့်နေတာပါ အမှတ် နဲ့ခွဲတဲ့အခါမှာ အမှတ်မမီတော့ ကိုယ်တက်ချင်တာ နဲ့တလွဲ ရတဲ့အမှတ်လေးနဲ့ ရတဲ့မေဂျာလေးနဲ့ ကျောင်းပြီးခဲ့တဲ့ ဘဝလေးပါ ။။

  • ko khin kha

    July 18, 2012 at 1:32 pm

    မြန်မာပြည်ရဲ့ လက်ရှိတက္ကသိုလ်တွေက ရရှိတဲ့မည့်သည့်ဘွဲ့မဆို လုပ်ငန်းခွင်မှာ တတ်မြောက်ပြီးချက်ချင်း အသုံးဝင်တာမဟုတ်ပါဘူး၊ ဘွဲ့တစ်ခုရတယ်လို့သတ်မှတ်တာလောက်ပါ။ ဒါပေမယ့်နိုင်ငံခြားဘာသာ တက္ကသိုလ်ကတော့ အဆိုးထဲက အကောင်းဖြစ်တယ်လို့ထင်မြင်ပါကြောင်း။
    ဆရာဝန်တောင် ဆေးကျောင်းပြီးရင်မွန်းမံပြန်တက်ရတယ်ဆိုလားဘဲ။

  • super man

    July 18, 2012 at 5:28 pm

    ကျွန်တော်အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။နေ့သင်တန်းအရမ်းတက်ချင်နေသူဆိုလည်း မမှားပါဘူး။ဒါပေမဲ့မတက်ရပါဘူး။
    ပြောချင်တာကတော့ မိဘတွေအနေနဲ့ သားသမီးရဲ့တိုးတက်နိုင်မှုကို မဖျက်စီးဖို့ပါပဲ။
    အမှားပါရင်ခွင့်လွှတ်ပါ…

  • pooch

    July 18, 2012 at 6:06 pm

    ဒီနှစ်ဖြတ်တဲ့ ဆေးမှတ်က ၅၂ဝ ပါတဲ့ မွန်မွန်ရေ။ အိမ်က ညီမဝမ်းကွဲ အငယ်ဆုံးက ဒီနှစ်မှ အောင်တာမို့သိနေတာပါ။

    ဘာသာစကားကတော့ တတ်ထားလေ အသုံးဝင်လေပါပဲ။ အသိတယောက် ထိုင်ဝမ်မှာ ကျောင်းပြီးလို့ ဆိုင်ရာ ကမ်ပနီမှာ သူ့ပညာနဲ့ ဆိုင်တဲ့ အလုပ်ဝင်ပါတယ်။ ကိုရီးယား ဘာသာစကား တတ်တဲ့ သူ့သူငယ်ချင်းက ကိုရီးယားကို အလီလီ သွားရပြီး လခလည်း ပိုပါတယ်။ သူက ဒီပြန်လာတော့ ပြောမပြီးဘူး။ ဒီလိုမှန်းသိ ငါလည်း သင်ပါတယ် ဆိုပြီး။

    • Solid_Sn@ke

      July 18, 2012 at 6:10 pm

      ပုံပြင်ဟောင်းလေးပြန်ပြောရရင် ကြွက် သားအမိ တောင်ပေါ်တက်လာတယ်တဲ့
      ကြောင်ကြီးနဲ့ မလှမ်းမကမ်းကတက်လာတာတွေ့တော့ ကြွက်အမေကြီးက..
      (သိပီးသားဟုတ်??)

  • TTNU

    July 18, 2012 at 6:17 pm

    မွန်မွန်ရေ…
    ဆရာမလည်းဖြစ်ချင်တယ်။ ဘာသာစကားအတွက် UFL မှာလည်းတက်ရောက်
    သင်ယူပြီးပြီ။
    ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်အောင် ပြင်သစ်ဘာသာစကားသင်ဆရာမ
    လုပ်ပါလားကွယ်။
    ပြီးတော့ … စာရေးတာတော်တာမို့ ချီးမွမ်းပါရစေ။
    မေတ္တာဖြင့်
    TTNU

  • မောင်ပေ

    July 18, 2012 at 8:26 pm

    အတော်ဘဲဗျာ
    ကျုပ် သားကို ပေးဖတ်ဖို ့
    ကူးသွားပြီနော
    ကျုပ်သားဆိုတာ
    ဒူးမနာသားပါ ၊ မွေးစားသားလေးတွေအတွက်ပါ
    ဟီဟိ

  • အရီးခင်လတ်

    July 19, 2012 at 4:48 am

    မွန်မွန်ရေ

    အင်မတန် ကောင်းတဲ့ Post လေးပါဘဲ။
    အရီးလဲ မနော ရဲ့ “ဆယ်တန်းအောင်ရင် ဘာလုပ်ကြမလဲ” မှာ ပြောချင်တာလေး မပြောလိုက်ရတာ ဒီမှာပြောလိုက် တော့မယ်။

    မြန်မာပြည် ရဲ့ ပညာရေးက ပိုက်ဆံ ရှိရင် ဘာမဆို ဖန်တီးလို့ ရတဲ့ စနစ်ကြီး ထဲ မှာပါ။
    ဘွဲ့ ဒီဂရီ ဆိုတာကလဲ ဂုဏ်ရှိဖို့ အတွက် ကို ဦးတည်ထား နေတဲ့ လူတွေက များနေ ပါတယ်။
    ဒါကြောင့် စနစ်ပျက် ထဲ မှာ အရည်အသွေး ပျက် လာတဲ့ လူတွေ များလာတာတော့ သိပ်မဆန်းပါဘူး။

    အခု အရီး ပြောမှာက ပုံမှန် ပညာရေး စနစ် အတွက် ဆွေးနွေး မှာပါ။
    အမှန် ပြောရရင် ကလေးတွေ ရဲ့ အရည်အချင်း ကို စာမေးပွဲ ရဲ့ အမှတ် တစ်ခု ထဲ နဲ့တော့မသတ်မှတ် နိုင်ပါဘူး။
    ဒါပေမဲ့ တကယ် ညီမျှ တဲ့ စာသင်ခန်း ထဲ မှာ ဆိုရင်တော့ စာမေးပွဲ ဆိုတာ အကြမ်းဖျင်း တော့ အရည်အချင်း ကို ပြနိုင်တဲ့ အလွယ်ကူဆုံး ရွေးချယ်နည်းပါဘဲ။
    စာလဲကြိုးစားမယ်၊ ဉာဏ်လဲကောင်းမယ်။ ဆိုရင် ထိပ်ဆုံးမှာ ရှိနေမှာ မလွဲပါဘူး။
    တစ်ချို့ကျ စာတော့ သိပ်မကြိုးစားဘူး။ ဒါပေမဲ့ ဉာဏ်ကောင်းတယ်။
    တစ်ချို့ကျ စာ ကို အရမ်းကြိုးစားတယ်။ ဒါပေမဲ့ ဉာဏ်သိပ် မကောင်းဘူး။
    သူတို့ ၂မျိုးကတော့ အလယ်လောက်မှာ ရှိမှာပါ။
    အောက်ဆုံး မှာတော့ စာလဲ မကြိုးစား၊ ဉာဏ်လဲမကောင်းပေါ့။

    ကလေးတွေ ရဲ့ ရွေးချယ်မှုကို အဓိက ပြောရရင်တော့ ဆေးကျောင်း ပေါ့။
    ဆရာဝန် ဆိုတာ နိုင်ငံတကာမှာ ပိုက်ဆံအရ ဆုံး သူတွေပါ။
    ရလဲရသင့်ပါတယ်။
    သူတို့ အလုပ်က လူ့အသက် ကို ကယ်ရတာကိုး။
    နောက်ပြီး ဆေးရုံ၊ ဆေးခန်း ဆိုတာ ဘယ်သူမှ ပျော်လို့ မသွားဘူး။
    ဒုက္ခဖြစ်လို့ သွားတာ။
    ဒီလို မကျန်းမမာ ဖြစ်နေတဲ့ သူ တွေ ကို အချိန်ပြည့် ထိတွေ့ကူညီ နေရတာ ဆရာဝန် တွေ ပါ။
    အဲဒီလို ကူညီနိုင်ဖို့ ဖတ်ခဲ့၊ မှတ်ခဲ့ရတဲ့ စာတွေ ဟာ သူများကျောင်းသက်တမ်း ထက် ပိုပါတယ်။
    ဒီလို မှ စာမနိုင်ရင် လူ့အသက် ကို မကယ် ဘဲ သတ် သလို ဖြစ်နေမှာ မဟုတ်လား။
    အလုပ်ခွင်ထဲ မှာ သက်လုံကောင်း ဖို့ စာတွေ ကို မှတ်နေနိုင်အောင် ဉာဏ်ကောင်းရမယ်။
    ကျောင်းသက်ရှည်ရှည်မှာ ခက် တဲ့ စာတွေ ကို နိုင်ဖို့ ဝိရိယ လဲ စိုက်ထုတ် နိုင်ရမယ်။
    နောက်ပြီး စိတ်ပါဝင်စားမှု လဲ ရှိရမယ်။
    ဒါမှ လူသားတွေ ရဲ့ ကျန်းမာရေး ကို စောင့်ရှောက်နိုင်တဲ့ ဆရာဝန်ကောင်း ဖြစ်နိုင်ပါမယ်။

    ဒီတော့ ရှင်းရှင်း ပြောရရင် ဝါသနာ ပါရုံ နဲ့ မရနိုင်ဘူး။
    ဝီရိယလဲကောင်းရမယ်၊ မှတ်ဉာဏ်လဲ ကောင်းရမယ်။
    ဒီတော့ ဆေးကျောင်း သွားမဲ့ သူ ဆိုတာ ကျောင်းသား တွေ ထဲ မှာ တကဲ့ ထိတ်ထိတ်ကြဲ တော် သူတွေ ဖြစ်သင့်တယ်။

    နိုင်ငံခြားမှာလဲ အမှတ်မှီ မှ ရပါတယ်။
    ပုံမှန်စာမေးပွဲ အပြင် အိုင်ကျူ စာမေးပွဲတွေရော၊ လူတွေ့ စာမေးပွဲ တွေ ပါ အောင်မှ နာမည်ကြီး ဆေးကျောင်းတွေ ကို ဝင်လို့ရပါတယ်။
    ပိုက်ဆံရှိတိုင်း၊ စိတ်ဝင်စားတိုင်းလဲ မရပါဘူး။
    နိုင်ငံခြား က ကလေး တွေ ကလဲ ဆရာဝန် အလုပ် ကို ပိုက်ဆံရဖို့ တစ်ခုထဲ အတွက် ဘယ်သူမှ မလုပ်ပါဘူး။
    တကဲ့ ကို ဝါသနာ ပါလို့ ဆရာဝန် လုပ်သူတွေ များမှာပါ။

    နောက်ပြီး လူဆိုတာ သူ့ နေရာနဲ့ သူ တော်တဲ့ ပါရမီ ရှိပါတယ်။
    ကလေး တော်တော်များများ ကတော့ သူတို့ ဘာလုပ်ချင်တယ် ဆိုတာ တော်ရုံ သိမှာ မဟုတ်ပါဘူး။
    တစ်ခါတစ်ခါ သူများ ယောင် လို့ လိုက် ယောင် နေတဲ့ ကလေးတွေ အများကြီးပေါ့။
    အရီး တို့ ဆီမှာတော့ တစ်ချို့ကျောင်း တွေ မှာ ၉တန်းလောက် ဆိုရင် ကလေး က ဘယ်လိုနေရာမှာ ထူးချွန် တယ်၊ ဘယ်မှာတော့ ဝါသနာပါတယ် ဆိုတာ ကို အကဲဖြတ် ပေးတတ်ကြပါတယ်။
    အဲဒါကို ဆရာ နဲ့ မိဘ က ဖော်ထုတ် ပေးနိုင်ရင်တော့ အဲဒီ ကလေး ဟာ တကဲ့ ထူးချွန် သူ ဖြစ်လာပါတယ်။

    နောက်ပြီး တစ်ချို့ အလုပ် တွေ ဟာ ကိုယ်ပိုင်ကွန့်မြူးနိုင်တဲ့ အသိဉာဏ်မရှိ ရင် မအောင်မြင်ပါဘူး။
    ဥပမာ – သမီးပြော တဲ့ ကွန်ပျူတာ ပရိုဂရမ် ရေးရာမှာ စာသင်ပေးလိုက်ရင်တော့ လူတိုင်းရေးနိုင်ပါတယ်။
    တစ်ချို့ ဆို ကိုယ့်ဟာကိုယ်မရေးဘဲ သူများ ဟာတွေ ကိုဖြတ် ညှပ် ကပ် လုပ်ပြီး လုပ်စားနေတာတွေ လဲ ရှိပါတယ်။
    အလုပ်တော့ဖြစ်တာပေါ့။
    သူ့မှာ အသစ်ထွင်ရေးနိုင်တဲ့ ဉာဏ်မရှိတော့ တဖြေးဖြေး သူများနောက် ရောက်သွား တတ်ပါတယ်။ ဝါသနာ မပါရင်တော့ ပြီးရောဘဲ။

    ဒါပေမဲ့ သာမာန် အားဖြင့် ကတော့ ကိုယ် ဘယ်နေရာမှာ ဘာလုပ်လုပ် ကြိုးစားပြီး စိတ်ဝင်စားမှု လေးထည့်လိုက် ရင်တော့ အောင်မြင်ကြပါတယ်။

    ပြောရင်း ရှည်သွားပြီး။ ပျင်းသွားကြ ရင် စောဒီးပါ။
    အချုပ်ပြောရရင် ဘာဘွဲ့ ရရ အလုပ်မရှားရင်ဖြင့် လူတိုင်း က သူတို့ စိတ်ဝင်စားရာ ကို သွားမှာပါဘဲ။
    ဒါပေမဲ့ သာမာန်ဘွဲ့ မှာ သာမာန်လူ တွေ ကတော့ သာမာန် အလုပ် ဘဲ ရမှာပါ။
    သူများထက် သာချင်ရင် သူများထက် မြင့်အောင် ကြိုးစားပြီး ကိုယ် ဟာ တကယ်တော် ကြောင်း ပြနိုင်ရမယ်။
    တကယ်တော် တဲ့ သူတွေ ကို စစ် ထုတ် ပေးမဲ့ စနစ်ကောင်း တစ်ခု တော့ မြန်မာပြည်မှာ တကယ် လို နေဆဲပါဘဲ။
    (စကားချပ် – ကွန်မြူနစ် စနစ်မှာတော့ ဒီလို သူများထက် သာနေသူ မရှိရဘူး ဆိုလားဘဲ။
    အားလုံး က ညီမျှ နေရမတဲ့။ ဘယ်လိုမှမဖြစ်နိုင်တဲ့ အစွန်းရောက် စနစ်လို့ ထင်ပါတယ်။)
    ဆရာချစ်စံဝင်း ရဲ့ ဝတ္ထုခေါင်းစဉ် လို “ဤ ခရီးနီးသလား” လို့ ဘဲ မေးကြည့်ချင်တာပါဘဲ။
    အခုလို နှုန်း နဲ့ သွားနေလို့ကတော့ 😈

    ဒီလို Post လေးအတွက် လက်မ အမြင့်ကြီး ထောင်သွားပါတယ်။ 🙂

  • မွန်မွန်

    July 23, 2012 at 5:44 pm

    ဒီရက်ပိုင်း ကော်နက်ရှင်မွှေချက်ကြောင့် ရွာနဲ့အဆက်ပြတ်သွားခဲ့တာ တောင်းပန်ပါတယ်။

    @pan pan၊ သကြားလုံးကြော်၊ Zu
    ဟုတ်ပါတယ်။ မွန်မွန့်သူငယ်ချင်းကလည်း အမှန်အတိုင်းပြောရင် အလွတ်ကျက်အောင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒါရဲ့ပြဿနာက ကျောင်းမှာကွန်ပျူတာနဲ့ မသင်ခဲ့ရပါဘူး။ သူပြောပုံအရဆို program တစ်ခု run တာကို သင်ရင် စာနဲ့ပဲသင်ရတော့ အဲဒါကို မျက်စိထဲမှာပေါ်လာအောင် ဆရာမက အာပေါက်မတတ် ရှင်းပြခဲ့ရပါတယ်တဲ့။ ဒီတော့ သူအလွတ်ကျက်ပြီး မာစတာရောက်လာတာကို ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး။ နောက်သူငယ်ချင်းတစ်ယောက်ကတော့ အဝေးသင်ပဲတက်တယ်။ IDCS တက်ပြီး အခု IT ပိုင်းမှာ အလုပ်လုပ်နေပါတယ်။ ဒါကြောင့် လူရော၊ supporting ရော နှစ်ခုစလုံးဘက်ညီမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။

    @snow white:
    တကယ်တော့ ဆယ်တန်းကို ဘဝအလှည့်အပြောင်းအဖြစ် သတ်မှတ်တာ တကယ်ရင်နာဖို့ကောင်းပါတယ်။ ရှိကြပါတယ်။ မွန်မွန်သူငယ်ချင်းတစ်ယောက် ဆယ်တန်းမှာ အမှတ်နည်းနည်းနဲ့အောင်ပေမယ့် ဘွဲ့ရပြီးတဲ့အချိန်မှာ LCCI level 3 ကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်သွားပါတယ်။ သူက ဆယ်တန်းမှာစိတ်လေပြီး စာမလုပ်ခဲ့တဲ့သူပါ။ တကယ်တော့ သူ့ရဲ့ ပင်ကိုက တော်ပြီးသားပါ။ အဲဒီလိုမျိုးတွေ ရှိတတ်ကြတော့ ဆယ်တန်းကအမှတ်နဲ့ ဘဝကိုရွေးရတယ်ဆိုတာ နှမြောဖို့ကောင်းပါတယ်။

    @ko khin kha:
    ဟုတ်ကဲ့။ UFL ကတော့ တကယ်သာ ကြိုးစားသင်ယူခဲ့မယ်ဆိုရင် ကျောင်းပြီးတာနဲ့ ပြန်အသုံးချလို့ ရပါတယ်။

    @super man:
    နေ့သင်တန်းတက်ပြီး တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းရတာ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အဝေးသင်တက်ရင်းနဲ့လည်း ကိုယ့်အတွက် အသက်မွေးဝမ်းကျောင်းပညာတစ်ခုကိုသင်ပြီး အချိန်ကို အကျိုးရှိစွာအသုံးချလို့ ရပါတယ်။ စိတ်မညစ်ပါနဲ့ လို့ ပြောချင်ပါတယ်။

    @pooh:
    ဆေးအမှတ် ၅၂ဝ ဆိုရင်တော့ တကယ်အရည်အချင်းရှိပြီး တကယ်ဝါသနာပါတဲ့ ဆရာဝန်တွေ ပေါ်ထွက်လာမယ့်လို့ ထင်မိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုပွင့်လာနိုင်ပါတယ်။

    @ဂီဂီ
    အဲပုံပြင် မကြားဖူးဘူးတော့… 🙂

    @တီချာ
    အားပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ။ သမီးလည်း စာပြန်သင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အရင်ပြန်ဖြည့်နေပါတယ်ရှင့်။

    @ကပေ
    ဘယ်သားအတွက်ပဲဖြစ်ဖြစ် ကူးသွားပါ။ ဒါနဲ့ စကားမစပ် အဲဒီသားက ဘယ်အရွယ်တုန်း… 😀

    @အရီး
    ပိုပြည့်စုံသွားစေတဲ့ ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်။
    အရီးပြောသလိုပဲ ယောင်ဝါးဝါးနဲ့ ရွေးချယ်သွားကြတဲ့သူတွေကိုတွေ့ရင် နှမြောမိပါတယ်။ တကယ်ဝါသနာ မပါဘဲနဲ့ မိဘက တိုက်တွန်းလို့၊ ပိုက်ဆံပိုရမှာမို့လို့ ဆေးကျောင်းတက်တဲ့သူတွေဟာ တကယ်လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်မလာပါဘူး။ ဝါသနာမပါဘဲ တက်ခဲ့တော့ အရည်အချင်းကလည်း သူများထက် နိမ့်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် သေချာဆန်းစစ်ဖို့နဲ့ မိဘတွေရဲ့ နားလည်ပေးမှုက အရေးကြီးတယ်လို့ ထင်ပါတယ်။

    အခု ပတ်ဝန်းကျင်မှာလည်း အရီးပြောသလို ဘာဘွဲ့ရရ စိတ်ဝင်စားရာ သွားကြတာများပါတယ်။ ဒါကြောင့် ဘွဲ့တစ်ခုအတွက် အချိန်ကုန်မခံရပဲ ဝါသနာပါရာကို သေချာလေ့လာခွင့်ရမယ့် စနစ်တစ်ခု အမြန်ဆုံးပေါ်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Leave a Reply