အချိန် နဲ့ အတွေ့အကြုံ

ကျနော် စီးပွားရေးနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာလေး နည်းနည်း ဆွေးနွေးကြည့်ချင်ပါတယ်။
ဒါပေမယ့် ကျနော်က ပရို အဆင့် စီးပွားရေးသမား လဲ မဟုတ်၊ စာရေး ကောင်းတဲ့ သူ တစ်ယောက်လဲ မဟုတ်၊ အတွေ့အကြုံ တွေ အများကြီး ရှိတဲ့ သူတစ်ယောက်လဲ မဟုတ်သေးတဲ့ အတွက် သဘောထားမတူတွေ အမှားပါသွားတာတွေ ရှိခဲ့ရင် နာလည်ခွင့်လွှတ်ပေးကြဖို့ နဲ့ အမှားပြင်ဆင် ပေးကြဖို့ အရင်ဆုံး ဝန်ခံ တောင်းပန်ချင်ပါတယ်။

ကျနော် အရင်ဆုံး ဆွေးနွေးချင်တာက တော့ စီးပွားရေး ကိစ္စ အရေးကြုံလာလို့ ဆုံးဖြတ်ချက်ချ တဲ့ အချိန်မှာ နဲ့ အကောင်အထည်ပေါ်တဲ့ အချိန် ကြားမှာ လိုအပ်တဲ့ အချိန် တစ်ခု ရှိတယ် ဆိုတာလေး ဖြစ်ပါတယ်။
ကျနော်သိသလောက်တော့ ဆုံးဖြတ်ချက်တစ်ခု ချပြီးတိုင်း ချက်ချင်း လက်ငင်း အကျိုးသတ်ရောက်မှု ဖြစ်လာတာက အရမ်းနည်းပါတယ်။
လုပ်ငန်း အမျိုးအစားအလိုက် အကျိုးသတ်ရောက်မှုကို စောင့်ဆိုင်းရတဲ့ အချိန် တွေ မတူနိုင်ကြပါဘူး။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ လုပ်ငန်း အပေါ်မှာ သိရှိနားလည်ဖို့ နဲ့ အကျိုးသတ်ရောက်မှု  အချိန်ကို သိနိုင်ဖို့က ထပ်တူကျနေပါတယ်။ အရောင်းအဝယ် သမားက ဈေးချပေးလိုက်လို့ လက်လီ ဈေးသည်လေးတွေ အဝယ်လိုက်ကောင်းလိုက်နိုင်ပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်း အမျိုးအစား ပေါ်မှာ မူတည်ပြီး တစ်ခုနဲ့ တစ်ခု တော့ တူညီမှာ တော့ မဟုတ်ပါ။ အမျိုးအစားတူ ကုန်ပစ္စည်းတွေ ဈေးကစားတဲ့ အခါမှာ လဲ နေရာ ဒေသ အခြေနေပေါ်လိုက်ပြီး အကျိုးသတ်ရောက်မှုက ကွဲပြားနိုင်ပါသေးတယ်။ ဒါအပြင် အခြေနဲ့ အချိန်အခါ ဆိုတာကြီးကလဲ ရှိနေသေးပြန်ရော။ ကျနော့် အတွတ်တော့ စဉ်းစားရမယ့် အကြောင်းအရာတွေ မကုန်နိုင်အောင် ဖြစ်နေတယ်။ လူငယ်တွေ အဖို့ ကိုယ်ဆုံးဖြတ်ချက် ချပြီးတိုင်း၊ လုပ်ငန်းအကောင်အတည်ဖေါ်ပြီးတိုင်း ပြန်လာမည့် အကျိုးသက်ရောက်မှု အတွက် အချိန်တစ်ခုလိုအပ်ဆိုတာလေးကို သတိထားစေချင်ပါတယ်။ လူငယ်တော်တော်များများက စိတ်မြန် တတ်ကြတယ်။ ဆုံးဖြတ်ချက် မချခင်မှာ အများကြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်၊ ပြင်ဆင်ပြီး လို့ ဆုံးဖြတ်ချက်ချပြီး၊ လုပ်ငန်းအကောင်အထည်ဖေါ်ပြီးပြီ ဆိုရင် ပြန်လာမည့် အကျိုးသက်ရောက်မှု အတွက် စိတ်လောနေလို့မရပါဘူး။ သူအတွက် လိုအပ်တဲ့ အချိန်တစ်ခုတော့ ပေးထားရလိမ့်မယ်။ လုပ်ငန်းအကောင်အထည်ဖေါ်ပြီးလို့ အကျိုးသက်ရောက်မှု ပြန်မလာသေးခင်မှာ ဖြစ်နေတဲ့ အခြေနေတွေကို ဂရုတစိုက် လေ့လာကြည့်ဖို့၊ မှတ်သားထားဖို့ လိုပေမယ့်၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို အလွယ်တကူ ပြင်ဖို့မလိုပါဘူး။ အချိန်အတိုင်းအတာ တစ်ခုပေးပြီးလို့မှ  အကျိုးသတ်ရောက်မှု မရှိဘူး၊ ကောင်းတဲ့ရလဒ် မရဘူး၊ လိုချင်တဲ့ အကျိုးရလဒ် မထွတ်ဘူးဆိုရင်တော့ တစ်မျိုး ပြောင်း စဉ်းစားရမှာပေါ့။

လုပ်ငန်း အတွေ့အကြုံ ဆိုတာကလဲ အရေးကြီးဆုံး စဉ်းစားစရာတစ်ခုပါ။

လူတစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံတွေ တူကြမှာ မဟုတ်ပါဘူး။ အတွေ့အကြုံများတဲ့သူတွေ က အတွေ့အကြုံနည်းတဲ့သူတွေထက် စဉ်းစားစရာအကြောင်းအရာ တွေ ပိုများနိုင်ပါတယ်။ များများစဉ်းစား နိုင်တဲ့သူက နည်းနည်းစဉ်းစားထက်သူ ထက် ရေရှည်မှာ အမှားအယွင်း နည်းပါတယ်။ မှားခဲ့ရင်တောင်မှ ဆုံးရှုံးမှု နည်း ပါလိမ့်မယ်။ ဒါကြောင့် အတွေ့အကြုံရှိသူတွေနဲ့ စကားများများ ပြောပေးရန်လိုအပ်သလို၊  မိမိ လေးစားအားကျသူတွေရဲ့ အကြံဉာဏ်ကိုလဲတောင်းခံ သင့်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံရှိသူတိုင်းမှာလဲ သူတို့ရဲ့ ဘဝဖြစ်စဉ်တွေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်တွေ မတူနိုင်ကြပါဘူး။ သူတို့ရဲ့စဉ်းစားပုံတွေ ၊ သူတို့ရဲ့ လုပ်ဆောင်ပုံတွေ မတူနိုင်ကြပါဘူး။  ဒါကြောင့် အတွေ့အကြုံရှိသူ တစ်ဦးတစ်ယောက်တည်းထံမှ အကြံဉာဏ်တောင်းခံတာထက် မိမိလေးစားအားကျတဲ့  အတွေ့အကြုံရှိသူတွေနဲ့ စကားများများပြောပေးသင့်တယ်၊ အကြံဉာဏ်တွေ တောင်းခံသင့်တယ်။ သူတို့တွေရဲ့ မတူညီကြတဲ့ စဉ်းစားပုံတွေ၊ လုပ်ဆောင်ပုံတွေ ကို လေ့လာသင့်တယ်၊ မှတ်သားသင့်တယ်။ နောက်ဆုံးမှ ကိုယ်လုပ်ငန်းနဲ့ လိုက်ဖတ်မယ်ထင်တဲ့ အကြံဉာဏ်မျိုးကို ရွေးချယ်သင့်တယ်။

ကျနော်သိတဲ့ စီးပွားရေးက အနုပညာဆန်တယ်။ ဖန်းတီးယူရတယ်။ ခံစားလို့လဲရတယ်။ အများကြီးလဲ ဖန်တီးလို့ရတယ်။ လေးလေးနက်နက် အဓိပ္ပါယ်ရှိရှိ ဖန်တီးလို့လဲရတယ်။ ပေါ့ပေါ့ပါးပါးလေး ဖန်တီးလို့လဲရတယ်။ မျိုးစုံ ဖန်တီးလို့ရတယ်။ လူတွေလက်ခံတာ လက်မခံတာ တစ်ပိုင်းပေါ့။ ကိုယ်လိုချင်တဲ့ ပုံစံကို သိနားလည်သူတွေ နဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဖန်တီး နိုင်ကြပါစေ….။

 

5 comments

  • P chogyi

    August 28, 2012 at 11:06 am

    ရှေးလူကြီးတွေပြောခဲ့ကြတာတော့
    သမားဆို အိုမှတဲ့။
    သူတို့ပြောချင်တာ အသက်ကြီးတော့ အတွေ့အကြုံပိုများတယ်လို့
    ဆိုလိုချင်တာဖြစ်မယ်။

  • မောင်ပေ

    August 28, 2012 at 1:40 pm

    အခုခေတ်ထဲမှာ စီးပွားရေးအတိုင်ပင်ခံ ပညာရှင်တွေ အများကြီး ရှိနေတာ အားရစရာပါပဲ ။ အသက်အရွယ်အားဖြင့်လဲ ၃ဝကျော်တွေမို ့ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် တိုင်ပင်လို ့ရတာပေါ့ ။
    လုပ်ငန်းကြီးတစ်ခု ကို လုပ်မယ့်ဟေ့ ဆိုရင်တော့ ကိုယ့်ထက်ထမင်းအရင်စားခဲ့တဲ့ ၊ လက်ရှိလုပ်နေတဲ့ ဆရာသမားတွေရယ် နဲ ့အတိုင်ပင်ခံ တွေ နဲ ့တိုင်ပင်ပြီးမှ လုပ်ရင် ဆုံးရှုံးမှု သိပ်မရှိနိုင်ဘူးလို ့ထင်တာပါပဲ
    ( ကိုရွှေမင်းသားရေ.. ခင်ဗျားက ပရိုအဆင့်မဟုတ်သေးရင် ၊ ကျုပ်က မူကြိုလောက်ပါပဲ ၊ ကျွန်တော် ထင်တာတွေ ရမ်းတုတ်ခဲ့တာ မှားခဲ့လို ့ရှိရင် စိတ်မရှိပါနဲ ့ဗျို ့)

  • pooch

    August 28, 2012 at 10:08 pm

    အတွေ့အကြုံများတဲ့ လူတယောက်ရဲ့ ရင့်ကျက်မှု တွေးခေါ်မှုတွေကနေပြီးတော့ အကြံဉာဏ်ကောင်းတွေ ရနိုင်တယ် ဆိုတာ အမှန်ပါပဲ။ အဲ့လို လူမျိုးတွေနဲ့ စကားများများပြောရတာကိုလည်း နှစ်သက်ပါတယ်။

    ဒါပေမဲ့ အသက်သာကြီးတယ် ဦးနှောက်က လိုက်မကြီးသွားတဲ့ ကလေးလူကြီးများနဲ့ တွေ့ရတဲ့အခါမှာလည်း အလွန်စိတ်ညစ်စရာကောင်းပါတယ်။

    ကျမသိတဲ့ စီးပွားရေးကတော့ အနုပညာမဆန်ပါဘူး။ လှိုင်းလေထန်ပါတယ်။ ဇွဲနပဲ နဲ့ အားကုန်ထုတ်ပြီး ကြုံးမှ ရနိုင်တာမျိုးပါ။ စွန့်စားမှုတွေ များပါတယ်။ ဖန်တီးတိုင်း မဖြစ်နိုင်တာတွေလည်း ရှိတာမို့ ညှိုယူရပါတယ်။
    ခုထိကတော့ ပန်းတိုင်ရောက်ဖို့ စလုံးရေစတုန်းမို့ ဘနဲ့ဝကို နားလည်ဖို့ အတော်ကြိုးစားအားထုတ်ရအုန်းမှာပါ။

  • ရွှေမင်းသားရေ
    အရင်ကတော့ ကျနော်အတွေ့အကြုံတွေကိုပြောပြလေ့ရှိပါတယ်။
    ဒါပေမယ့်အလကားပြောပြတော့ တန်ဘိုးမထားတတ်ကြဘူး။
    လူအတော်များများက ခန်းမထဲမှာခုံနဲ့ထိုင်ပိုက်ဆံပေးနားထောင်ရမှ
    “အတွေ့အကြုံရှိသူ”က ပြောတယ်လို့ သတ်မှတ်တတ်ပါတယ်။

    လူတစ်ယောက်အတွေ့အကြုံဆိုတာ အသက်ကြီးလာလို့အလိုလိုရမလာပါဘူး။
    ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် လေ့လာမှ အတွေ့အကြုံဆိုတာကပ်ပါလာတာပါ။
    အဲတော့ လူကြီးများနဲ့ စကားများများပြောပါ။
    အားလုံးလိုက်လုပ်ဘို့မလိုပါ။
    သေချာတာ တစ်ခုပြောရရင် တစ်ကယ်ထဲထဲဝင်ဝင်လုပ်နေတဲ့လူကြီးများက ကြိုမြင်တတ်တာ အမှန်ပါဘဲ။

Leave a Reply