GTCအကြောင်းသိကောင်းစရာ
မန္တလေးနည်းပညာတက္ကသိုလ်။ဒီနာမည်ကြားရင် လူတွေကနှာခေါင်းရှုံ့ချင်ကြတယ်။သူတို့သားသမီးတွေ GTC တက်ချင်တယ်လို့ပြောရင် ကန့်ကွက်ကြတယ်။ဒီကျောင်းတက်ရင်ပျက်စီးကြတယ်လို့ ထင်ကြတယ်။ထင်လည်းထင်ချင်စရာပါပဲ တက္ကသိုလ်ရှိတဲ့နေရာကိုက အိုးဘိုထောင်နားကမြို့ပြင်မှာ။ပတ်ပတ်လည်ကိုကြည့်လိုက် လယ်ကွင်းတွေချည်းပဲ။မြို့ထဲကနေ ၁၅မိနစ်လောက်သွားမှ ကျောင်းရောက်တယ်။ကျောင်းသားတွေ break time ဆင်းရင် ကန်တင်းသွားရင်သွား မသွားရင် beerဆိုင်တွေပဲရောက်နေတယ်။ကျောင်းကနေ ၁ဝမိနစ် လောက်သွားလိုက်ရင် ထန်းတောတွေများပေါမှပေါ။နည်းပညာတက္ကသိုလ်တဲ့ နာမည်နဲ့လိုက်အောင် ဆောက်ထားတဲ့အဆောင်တွေက ကျွံတဲ့ဟာကကျွံ၊အင်ဂျင်နီယာကျောင်းလို့ပြောရမှာတောင်ရှက်တယ်။ဆေးတက္ကသိုလ်ကျတော့ မြိုလယ်ခေါင်မှာ နည်းပညာတက္ကသိုလ်ကျတော့ မြို့ပြင်ထုတ်ထားတယ်။နိုင်ငံတစ်နိုင်ငံမှာဆေးပညာပဲ အရေးပါတာမဟုတ်ပါဘူး။နည်းပညာမရှိရင် ခေတ်နောက်ကျနေမှာ အသေအချာပါပဲ။ကျွန်တော်တို့နိုင်ငံမှာ ဆရာဝန်ဆိုရင် အထင်ကြီးကြတယ်။အထင်ကြီးတာလည်း မပြောနဲ့ ၁ဝတန်းအောင်ပြီးလို့အမှတ်ကောင်းရင် ဘယ်တက္ကသိုလ်တက်မှာလည်း မမေးနဲ့။ဆေးတက္ကသိုလ်လို့ပဲဖြေ မှာသေချာပါတယ်။ဒါကိုကြည့်ရင် လူတော်တွေ ဆေးတက္ကသိုလ်သွားပြီး လူညံ့တွေကို အခြားတက္ကသိုလ်တွေက မျှယူရသလိုဖြစ်နေတယ်။နိုင်ငံတိုးတက်ချင်ရင် အခြေခံကစပြီးပြင်ရမှာပါ။ကျောင်းသားတွေအမှတ်ကောင်းရင် ဆေးကျောင်းသားတွေဖြစ်ကုန်တော့တာပါပဲ။ဝါသနာပါလား၊မပါလားမမေးနဲ့။ရှေ့ကသွားတဲ့လူတွေက မှားရင် နောက်ကလိုက်တဲ့လူကမှားတာ မဆန်းပါဘူး။ဆေးတက္ကသိုလ်မကောင်းကြောင်းရေးတာမဟုတ်ပါဘူး။ကျောင်းသားတွေ၁ဝတန်းအောင်လို့ တက္ကသိုလ်ရွေးရင် ကိုယ်ဝါသနာပါတာကို ရွေးတာအကောင်းဆုံးပါပဲ။အမှတ်ကောင်းလို့ အမှတ်မြင့်တဲ့ တက္ကသိုလ်တက်တယ်ဆိုတာ ရေရှည်ကျရင် နိုင်ငံအတွက်မကောင်းပါဘူး။သားသမီးတွေတက်ချင်တဲ့ တက္ကသိုလ်ကို မိဘတွေက ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ဒါဟာတခြားဖွံဖြိုးပြီးနိုင်ငံတွေက လက်ခံထားတဲ့အချက်ပါပဲ။အနာဂတ်မှာ မျိုးဆက်သစ်လူငယ်(generation)တွေကသာ နိုင်ငံကို ဦးဆောင်မှာပါ။ဒါကြောင့် generation မြင့်ဖို့လိုအပ်ပါတယ်။ငါ့တို့မိဘလက်ထက်မှာ ဒီလောက်အောင်မြင်တယ်ဆိုရင် ငါတို့လက်ထက်ကျရင်ဒီထက်အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုမွေးရပါမယ်။ဒါမှ ကမ္ဘာမှာမြန်မာဆိုပြီး လက်မထောင်နိုင်မှာပါ။ဒါကြောင့် တက္ကသိုလ်ရွေးချယ်ရင် မိမိဝါသနာပါတဲ့တက္ကသိုလ်ကို ရွေးချယ်မိဖို့အရေးကြီးပါတယ်။ကျွန်တော်တို့GTC ကျောင်းကိုတက်ချင်တဲ့ ကျောင်းသားတွေကိုလည်း ကျွန်တော်က welcome ပါပဲ။ဒါပေမယ့် ဖြစ်နိုင်ရင် ကျွန်တော်တို့ကျောင်းကို မြို့ထဲမှာပဲ ဖြစ်စေချင်ပါတယ်။ဒါမှ မိဘတွေလည်း သားသမီးတွေကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ကျောင်းကို လွှတ်နိုင်မှာဖြစ်ပါတယ်။နည်းပညာတက္ကသိုလ်ဆိုတာကလည်း ကျောင်းသားတွေအတွက်အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်စေချင်တာ ကျွန်တော်ဆန္ဒပါပဲ။GTC ကျောင်းတက်တိုင်းလည်း ပျက်စီးကြတာမဟုတ်ပါဘူး။
(အချိန်ရရင်ဆက်ရေးပါဦးမည်)
13 comments
ကောင်းသီဟ ဇော်
August 28, 2012 at 2:23 pm
ဟုတ်ပါတယ်။အဓိက ကမိမိဝါသနာပါတဲ့ဘာသာကိုသင်ယူရင်ပိုကောင်းတာပေါ့။ဆေးပညာရှင်တွေလိုသလို နည်းပညာရှင်တွေလဲနိုင်ငံတော်ကလိုအပ်ပါတယ်။
ပန်းစံပါယ်
August 28, 2012 at 4:27 pm
အင်း တက္ကသိုလ်တွေက မြို့ပြင် ဒါမှမဟုတ် မြို့နဲ့ဝေးတဲ့နေရာတွေမှာဆိုတော့ ကျောင်းသားတွေအနေနဲ့ တခြားသွားစရာမရှိ ရှိတဲ့နေရာတွေပဲသွားကြတော့ အဲဒီလိုတွေဖြစ်နေကြမှာပေါ့။ မိဘတွေကလည်း အဖြစ်အပျက်တွေကြားနေရတော့ ကိုယ့်သားသမီးအတွက် စိတ်မချမှုနဲ့ပူပန်ကြလို့တားတာအမှားပါဘူး။ ဒီလိုအချိန်ဆို မိဘတွေနဲ့ သားသမီးတွေကြားမှာ တားမြစ်လိုက်၊ ကလေးက သူတက်ချင်တာကိုတားလို့ စိတ်ကောက်လိုက်၊ ပြန်ချော့လိုက်နဲ့ ကသိကအောင့်လေးတွေ ဖြစ်တတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျွန်မတို့လည်း ဒီလိုပဲ ကလေးနဲ့ လူကြီးတွေကြား သဘောထားကွဲခဲ့ကြတာလေးတွေရှိခဲ့ဖူးတယ်။ စကားတွေ အများကြီးပဲ ပြောခဲ့ကြရတာပေါ့။ အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြတယ် ထောက်ပြတယ်။ ဘယ်လိုပဲပြောပြော ကလေးက ဒါမှဒါဆိုတဲ့ ဆန္ဒရှိနေတော့ နောက်ဆုံးတော့လည်း ကလေးဆန္ဒကိုပဲ လိုက်လျောလိုက်ခဲ့ရတာပါပဲ။ အဲဒီအပိုင်းမှာ ကျောင်းပြီးတဲ့သူမရှိသေးတော့ နောက်ပိုင်းအခြေအနေတော့ မသိသေးဘူးပေါ့။ တစ်ချို့ကလေးတွေကတော့ အကျိုးအကြောင်းရှင်းပြ ထောက်ပြလိုက်ရင် နားလည်ပြီး သဘောတူ လက်ခံသွားတတ်ကြပေမယ့် တစ်ချို့ကလေးတွေကတော့ မရဘူးပေါ့။
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 4:33 pm
ရန်ကုန်ရယ် မန္တလေးရယ်မှာ အသစ်ဖွင့်မယ့် နည်းပညာတက္ကသိုလ်တွေက အမှတ်မနည်းဘူးဘဲ။
အမှတ်နဲ ့ဖြတ်ခေါ်တဲ့ စနစ်အရ မကြိုက်သေးဘူးလို ့ဘဲ။
ရွှေ ကြည်
August 28, 2012 at 4:44 pm
ကျောင်းသားတွေလမ်းမမှားဖို့လိုပါတယ်။
GTC ရောက်ရင်ပျက်စီးမယ်လို့အများကထင်နေတယ်ဆိုရင် မပျက်စီးအောင်နေရင်း GTC သိက္ခာကိုဆည်ပါ။
စီနီယာတွေကဂျူနီယာတွေကိုတွဲခေါ်ပါ။ အကောင်းအဆိုးခွဲခြားနိုင်အောင်လမ်းညွှန်ပါ။
ရွှေကြည်တို့ခေတ်တုန်းက ကျောင်းသူားအချင်းချင်းစည်းလုံးပါတယ်။ ဂုဏ်တုဂုဏ်ပြိုင်တွေမရှိပါဘူး။
ဆိုးတယ်ဆိုတာမှာလည်းချစ်စရာကောင်းအောင်ဆိုးကြတာပါ။ စာရိတ္တပိုင်းကိုမထိခိုက်ရအောင်နေပါတယ်။
မြို့ပြင်ကိုပို့လည်းစိတ်ဓါတ်က စည်းအပြင်မရောက်ဘူးဆိုတာပြကြဖို့လိုပါတယ်။
ရွေးချယ်မှုပိုင်းကတော့ ဝါသနာပါတာကိုရွေးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲလို့။
Mobile
December 16, 2012 at 4:22 pm
မှတ်သားသွားပါ၏။
•*¨နန်းတော်ရာသူ •*¨
December 16, 2012 at 7:18 pm
ဘယ်ကျောင်းမှာပဲတက်တက် ကောင်းတဲ့ကျောင်းသား၊ဆိုးတဲ့ကျောင်းသားကွဲပြားပြီးသားပါ။
တံငါနားနီးတံငါ၊မုဆိုးနားနီးမုဆိုးမဖြစ်အောင်တော့ ကိုယ့်ကိုယ်ကိုစောင့်ရှောက်ရတော့မှာ
တက္ကသိုလ်ကျောင်းသားအရွယ်ဆိုတာ မိဘကလိုက်အုပ်ထိန်းဖို့မလွယ်
အဓိကကကိုယ်ရွေးထားတဲ့ ဘာသာအပေါ်စိတ်ဝင်တစားနဲ့ ကြိုးစားလေ့လာမယ်၊
မိမိကိုယ်ကိုမပျက်ဆီးအောင်ထိန်းသိမ်းမယ် ဆိုရင် ထူးချွန်ကြမှာပါပဲ။
ပညာရေးအဆင့်အတန်းကတော့ ကုသိုလ်လို့ပဲသဘောထားပါဦး။
လောလောဆယ် ပို့ချတဲ့နည်းစနစ်လေးတွေလောက်နိုင်နင်းအောင် ကြိုးစားကြစေလိုပါတယ်။
မောင်ငယ်၊ညီမငယ်တို့ရေ…
Mr. MarGa
December 16, 2012 at 7:39 pm
အော်…………..
ဂျီတီစီ ဆိုလို့
အိုက်ထက် ပိုဝေးတဲ့ နောင်တစ်ခေတ်ရဲ့ အိုင်တီသူရဲကောင်းတွေကို ကျ မေ့ထားတယ်
ဂျီတီစီက မြို့ အထွက်လေးတင်ကွယ့်
ကွန်ပျူတာက အဲဒီကို ကျော်ပြီး လယ်ကွင်းဘက် ထပ်သွားရတယ်
အနည်းလေး မိနစ် နှစ်ဆယ်ပေါ့
ရွှေ ကြည်
December 16, 2012 at 7:58 pm
အူးသကြားရေ ပြည်မှာတော့ အဆက်ဆက်တက်လာတဲ့ တက်ခဲ့တဲ့ တက်နေဆဲ ကျောင်းလေးကို ကွန်ပြူတာကိုလွှဲပေးလိုက်ရပြီး အားလုံးမြို့ပြင်ထွက်ရပါရောလား။ မြို့ပြင်မှာက regular နောင်တော် အစ်မတော်တွေအမွေပေးခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ကျောင်းကြီးရှိနေတာကိုး 😆
Mr. MarGa
December 16, 2012 at 8:10 pm
အိမ်းးးးးးးးးးးးးး
ကျောင်းတွေလဲ ဟိုရွှေ့လိုက် ဒီရွှေ့လိုက်နဲ့
ကျောင်းသားတွေမလဲ မသက်သာ
ဦးမာဃတို့ ကျောင်းကတော့
တောင်ပတ်လည် ဝန်းရံခလို့ စစ်တပ်က ဝင်ခြံရံ ထားပါတယ်ကွယ်
မန္တလေး-မတ္တရာ လမ်းနံဘေးက ရွာကလေးမှာပေါ့
Swal Taw Ywet
December 16, 2012 at 8:31 pm
မန်းGTI က ဆင်း မုံရွာ GTC မှာ ဆရာလုပ်ခဲ့ရသူမို့ ကိုယ်ချင်းစာမိပါတယ်ဗျာ။
ကျနော် အနှမျောဆုံးက တစ်စစီဖြစ်သွားရရှာတဲ့ သင်ထောက်ကူပစ္စည်းတွေပါ။
မုံရွာ GTI မှာ တုံးက ကျနော်တို့ စနစ်တကျတည်ဆောက်ပေးထားခဲ့တဲ့ လက်တွေ့ခန်း နဲ့သင်ထောက်ကူပစ္စည်းတွေဟာ အခု GTC ကျောင်းသစ်ကြီးမှာ အမှိုက်ပုံကြီးလိုကို ပစ်ထားတာခံနေရပါတယ်။ ကျောင်းမှာ ဆရာမပြန်လုပ်နေတဲ့ ကျနော့တပည့် က ကျနော် စိတ်မကောင်းမှာစိုးလို့ လာမကြည့်ပါနဲ့လို့ တော့ တားရှာသား။
အော် ….သွားကြည့်မိတဲ့သူ အမှားလား၊ မသုံးတတ်တော့သူတွေ အမှားလား။
BTW, Let’s try our best for our mother land.
With respect,
Swal Taw Ywet.
MaMa
December 17, 2012 at 9:35 am
ဒီနှစ်တော့ YIT ကို ကြို့ကုန်းကျောင်းမှာ ပြန်ဖွင့်ဖို့ လုပ်နေတာနဲ့အတူ သင်ထောက်ကူပစ္စည်း၊ စက်ရုံလေ့လာရေးခရီးတွေပါ ပြန်သွားဖို့ ပြင်ဆင်နေကြပါပြီ။
ဟိုးးး အရင် BE လို အပြည့်အဝ ပြန်လုပ်နိုင်အောင် အဖက်ဖက်က ကြိုးစားနေကြပါတယ်။ :hee:
Kaung Myat Thu
December 17, 2012 at 12:51 pm
ကျွန်တော်တာဝန်ခံကျောင်းအုပ်လုပ်နေစဉ်အချိန်တုန်းက ကျောင်းသားတစ်ယောက်ကျောင်းခေါ်ချိန်မပြည့်
လို့ နှစ်ဝက်စာမေးပွဲမှာလည်းကျလို့ သူ့မိဘတွေကိုခေါ်တွေ့တယ်။ သူ့အမေကဘာပြောသလဲဆိုတော့
သူ့သားကဆယ်တန်းအထိတစ်ခါမှမကျဘူးပဲ နှစ်စဉ်အမှတ်ကောင်းကောင်းနဲ့အောင်ကြောင်းပြောပါတယ်။
ဟုတ်ပါတယ် သူ့ကိုယ်ရေးဖိုင်ကိုယူကြည့်တော့ GTI ဝင်ခွင့်ကိုအမှတ်အကောင်းဆုံးနဲ့ဝင်လာတာပါ။ ကျောင်း
ရောက်တော့မှ အတန်းချိ်န်မကြာခဏပြေး။အပေါင်းအသင်းတွေနဲ့ဖဲရိုက် နောက်ဆုံးGTC ဝင်ခွင့်တောင်မရပဲ
GTI အထိပဲတက်လိုက်ရပါတယ်။
အဲဒီအချိန်တုန်းကသူ့မိဘပြောတော့ အကြောင်းရင်းကိုသိပေမယ့်ကျွန်တော်ပြန်မပြောဖြစ်ခဲ့ပါဘူး။
ပညာရေးစနစ်ကြောင်.လား?ဆရာ၊ဆရာမတွေကြောင်.လား? အပေါင်းအသင်းကြောင့်လား?
အဓိကကတော့ ” အဖြူကိုဘယ်သူအရောင်ဆိုးသလဲ”
nigimi77
December 17, 2012 at 2:27 pm
ကြားဖူးတာပြောတာပါ ။
G = ဂျလေဘီ
T = ထရိမ်နင်
C = စင်တာ
ဘာလို ့အဲလို ခေါ်ကြလည်းတော့မသိဘူး ။
ဈေးထဲ ၊ ရုပ်ရှင်ရုံ ၊ ပန်းခြံ ၊ အစရှိတဲ့ နေရာအတော်များများမှာ တွေ ့ဖူးတယ် ။
ကျုပ်တို ့ အထက်တန်း ကျောင်းသားဘဝ တုန်းက နေ ့လည် ၁၂ ထိုးလို ့ ကျောင်းချိန်ပြီးရင်
အပြင်ထွက်ကြပေမဲ့ အပြင်ဝတ်တော့ အိတ်ထဲ ထည့်လာတယ် ။ ကိုယ့်ကျောင်း သိက္ခာကျမှာ စိုးတာကြောင့် ။
တက္ကသိုလ် ရောက်တော့ အပြင်ဝတ်နဲ ့ပဲ ဆိုတော့ ဘယ်နေရာမှာ ဘာသွားလုပ်လုပ် မသိသာဘူး ။
GTC အတန်းသူ အတန်းသားတွေကတော့ ဝတ်စုံကလည်း မချွတ်ချင် လူငယ်သဘာဝ သွားချင်လာချင် ဆိုတော့
နေရာတကာ ဘယ်နေရာပဲ ဖြစ်ဖြစ်တွေ ့နေရတော့ အပေါ်ကလို ဂုဏ်ပုဒ်မျိုး ရလာတယ်လို ့ ထင်ပ ။