မြန်မာ့အနုပညာ မတိမ်ကောစေဘို့အတွက်……………………
“မြန်မာ့ရိုးရာလေးတွေနဲ့ ထိတွေ့မိတဲ့နေ့လေးတစ်နေ့”
ငယ်စဉ်က အငြိ်မ့်တကာ ဇာတ်တကာကိုလိုက်ကြည့်ဘူးတဲ့ ကျနော် အဲဒါတွေနဲ့ဝေးနေခဲ့တာအတော်ကြာခဲ့ပါပြီ။
မန်းလေးမှာ မီးကြီးနှစ်ကြိ်မ်လောင်ပြီးတဲ့နောက်မှာ မန္တလေးမြို့ခံတွေကလဲ မြို့သစ်ကိုရွှေ့သွားကြပါတယ်။
သူတို့နေရာမှာ အဝေးရောက်သားတွေရောက်လာတဲ့အခါမှာ သီတင်းကျွတ်တာနဲ့တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက်
ကျင်းပခဲ့တဲ့ ရပ်ကွက်ဘုရားပွဲတွေကလည်းတစ်စထက်တစ်စကွယ်ပျောက်.
ကထိန်ပွဲတွေလဲပျောက်။
ပွဲဖြစ်ပြန်တော့လည်း အငြိမ့်ဇာတ်ပွဲမိန့်ခံရတာကခက်ခဲ၊
အရပ်ထဲမှာလဲဇာတ်တွေဘာတွေမကြည့်တတ်သူတွေဘဲကျန်ခဲ့ပြန်တော့
ဇာတ်ထဲ့ပြန်ရင်လဲ မင်းစင်ဝယ်မယ့်သူမရှိတော့အရှုံးပေါ်။
အငြိမ့်ထဲ့ပြန်တော့ ပွဲမိန့်တွေဘာတွေခံရတဲ့အလုပ်တွေရှုပ်။
အဲလိုဇယားတွေများတော့ ပြီးလွယ်စီးလွယ် ရပ်ကွက်တီးဝိုင်းလေးနဲ့ဘဲ ဘုရားပွဲကထိန်ပွဲတွေပြီးသွားကြပါတယ်။
အဲတော့ ကျနော်တို့လည်း တဖြည်းဖြည်းနဲ့အငြိမ့်တွေဇာတ်တွေနဲ့ဝေးသွားပါတယ်။
ပြီးခဲ့တဲ့ တစ်ရက်က တော့ ရန်ကုန်အနုပညာတက္ကသိုလ်က ဆရာသန်းက အကူညီတောင်းလာပါတယ်။
မန်းလေး အမျိုးသားကဇာတ်ရုံမှာ အနုပညာတက္ကသို်လ်ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းကလေးတွေ
ကပြကြတဲ့ပွဲကလေးကိုသွားပြီး ဓါတ်ပုံသွားရိုက်ပေးဘို့ပါ။
နောက်သူ့ဆီကို အီးမေးလ်နဲ့ပြန်ပို့ပေးဘို့ပါ.။
နေ့လည်ပိုင်းဆိုတော့ ကျနော်နည်းနည်းလေးအားပါတယ်။
အဲဒါနဲ့သူကဆက်သွယ်ခိုင်းတဲ့သူ့တပည့်ဆရာမလေးတွေကိုလှမ်းဆက်သွယ်ရပါတယ်.။
ပွဲက တစ်နာရီဆိုပေမယ့် ကျနော်က သုံးနာရီလောက်မှဘဲသွားဖြစ်ပါတယ်။
ဖွင့်ပွဲတွေဘာတွေလုပ်ကြအုံးမှာကိုး။
ဒါနဲ့ဘဲသုံးနာရီလောက်ရောက်အောင် အမျုးိသားကဇာတ်ရုံ(နုတ်ကျုးိနေတာကတော့ပန်တျာကျောင်း)ကို
ပြေးရပါတယ်။
ကျနော်ဇာတ်ရုံထဲရောက်တော့ စနေပါပြီ။
အဲဒါနဲ့အမှောင်ထဲမှာ ဟန်းဖုန်းကထွက်တဲ့ပိုးစုံးကြူးလေးအားကိုးနဲ့ရှေ့ဆုံးရောက်အောင်တိုးရပါတယ်။
ကျနော်ရောက်တဲ့အချိန် အခန်းသုံးလေးခန်းတောင်တင်ဆက်လို့ပြီးသွားပါပြီ။
ကျနော်လဲဓါတ်ပုံရိုက်ဘို့နေရာရွေးရပါတယ်။
အထဲတရွေ့ရွေ့တိုးနေရင်းကနေ ပိတ်ကားအနီကြီးကို စမ်းရိုက်.။
ကင်မရာဖန်ရှင်တွေပြောင်း။
ဟော…. ကန့်လန့်ကာပွင့်လာတော့ မမြင်ကြာဝေးနေတဲ့မြန်မာ့ရုပ်သေး။
ခပ်ငယ်ငယ် ဘဝက မန်းလေး 83လမ်း လမ်းသုံးဆယ်ကလမ်းလယ်ဘုရားပွဲမှာ
အဖေခေါ်လို့ ရွှေဘိုတင်မောင်ရုပ်သေးပွဲကို မလိုက်ချင်လို်က်ချင်နဲ့လို်က်ခဲ့ရ။
အခုမှ အဲဒီရုပ်သေးပွဲကိုလွမ်းမိပါတယ်။
ရုပ်သေးအစီအစဉ်ပြီးသွားတော့ အစီအစဉ်ကြေညာပေးတဲ့ ကလေးမလေးထွက်လာ။
“ ပြည်တော်ဝင်“ပါတဲ့။
အဝါရောင်ဝတ်စုံလေးနဲ့ကျက်သရေရှိလှစွာသောမိန်းကလေးထွက်လာ။
မိန်းကလေးစီးထားတဲ့ဖိနပ်က နိုင်ငံခြားဖြစ်မဟုတ်ဘဲ မြန်မာကတ္တီပါဖိနပ်ကလေးသာစီးထားလိုက်မယ်ဆိုရင်
ဆိုတဲ့အတွေးတွေကိုရပ်လို့ ဓါတ်ပုံရိုက်ဘို့ပြင်ရပါတယ်။
ပတ္တလားနှစ်လက် နဲ့တယောဝိုင်း……………..အတောလေးအဆုံး
“ချစ်ခင်ကြတဲ့…………………….”ဆိုတဲ့ကြည်မြပီသတဲ့သီချင်းလေးကိုအကြား
သီချင်းတွေ တူရိယာသံတွေကြားမှာနစ်မျောလို့သွားးးးးးးးးးးးးးးးးးးးး။
ဒီအဖွဲ့ပြီးတော့ သီချင်းကြီးကို သံစုံတီးမယ့်အလှည်ပါတဲ့။
မြန်မာဝတ်စုံ့အပြည့်နဲ့လူငယ်လေးတစ်ယောက် လက်ထဲမှာ တုတ်ကလေးနဲ့ဘာများလုပ်မလို့ပါလဲလို့အကြည့်
သူ့ရဲ့လက်ကလေးက လေထဲမှာမြောက်တက်လို့ ငြင်သာစွာအရွှေ့ ပတ္တလား စောင်းနှစ်လက်နဲ့အတူ တယောသံများ က အိအိနွဲ့နွဲ့ နဲ့ သီချင်းကြီးတပုဒ်ကိုတီးမူတ်ပါတော့တယ်။
ဒုတိယအကြိမ်မြောက် ဂီတနရီထဲမှာစီးမျောရင်း ပုံလေးတွေရအောင်အမိအရ လက်ဆော့ရပါတယ်။
တီးမူတ်နေကြတဲ့သူများကလဲ တေးသွားထဲမှာ ပျော်ဝင်နေသလို ခံစားမူ့အပြည့်။
နားထောင်လို့မှ မဝသေးခင် အသံလေးတွေတိကနဲအရပ်မှာ တိုင်ပင်စရာမလိုတဲ့လက်ခုပ်ဩဘာသံများက
ပျံ့လွင့်လို့လာပါတယ်။
ကန့်လန့်ကာလေးပြန်အတက် တွေ့လိုက်ရတာကတော့ လူရွှင်တော်လေးယောက်။
ကြေငြာသွားသူကတော့ နှစ်ပါးသွားပါတဲ့။
အဖြူရောင်ဝတ်စုံနဲ့မင်းသားလေးထွက်အလာ အဝါရောင်ဝတ်စုံနဲ့မင်းသမီးလေးကဝန်းရံလို့ခစား။
နုတ်ဆက်စကားအပြီးမှာတော့ လှပညက်ညောတဲ့ အကလေးများနဲ့ သူနိုင်ကိုယ်နိုင်အပြိုင်က။
လက်အကွေးအကော့ နဲ့ငြင်သာစွာ လှုပ်ယှားလို့ ရွှေ့လျား မမြင်တာကြာတဲ့မြန်မာ့အက။
ကန့်လန့်ကာကြားမှာတော့ စိတ်မချနို်င်တဲ့ဆရာမတစ်ဦးက သူ့ကလေးတွေကိုရင်မောစွာနဲ့လှမ်းကြည့်
နေတာကိုမြင်ရ။
အငြိမ့်ခန်းအပြီးမှာတော့ ကျနော်လဲအပြင်ဘက်ပြန်ထွက်။
နာရီကြည့်တော့ လေးနာရီကျော်ကျော်။
အပြင်မှာ အပြာရောင်ဝတ်စုံနဲ့ သွေးနွေးနေတဲ့ နောက်တစ်ပွဲနွဲမယ့် မင်းသားမင်းသမီးလေးကိုလက်ဆော့။
ဆရာသန်းရဲ့တပည့်မလေးနှစ်ယောက်ကို ဖုန်းနဲ့လှမ်းချိတ်ပြီး ပြန်တော့မယ်ဆိုတာကို အကြောင်းကြား။.
သူတို့ထွက်လာတော့ အမှတ်တရဓါတ်ပုံရိုက်ပေးပြီး ကျနော်လဲပြန်လာခဲ့ပါတယ်။.
ခေတ်ရေစီးဘယ်လိုပြောင်းပြောင်း ဂီတလမ်းကြောင်းတွေဘယ်လိုဖောက်ဖောက်
ကိုယ့်ရိုးရာ ယဉ်ကျေးမှု့ပျောက်မသွားအောင်တော့ထိန်းသိမ်းထားသင့်တယ်လို့ ခံစားယုံကြည်မိ။.
လက်ဆင့်ကမ်းပေးသူနဲ့လက်ခံသူများကလဲ တကယ်ကို လှိုက်လှဲစွာ ဆောင်ရွက်နေကြတာကို
မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့နေ့။
ဆရာသန်း သာမပြောရင် ကျနော်ဒီပွဲလေးကို ရောက်မှမဟုတ်သလို
အခုလိုအမှတ်တရမှတ်တမ်းတင်ဖြစ်မှာလဲမဟုတ်တာအသေအချာ။
ကျေးဇူးပါ အကိုသန်းရေ………………………………………..
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(27-9-2012)
21 comments
kyeemite
September 28, 2012 at 11:14 am
ကိုပေါက်ရေ..
အငြိမ့်တွေဇာတ်တွေနဲ့ဝေးသွားတာတကယ်ကြာပြီဗျာ..
ကျနော်ငယ်ငယ်က မန်းလေးမှာနေခဲ့စဉ်အချိန်လောက်က
သီတင်းကျွတ်၊တန်ဆောင်တိုင်ပွဲရာသီဆို လမ်းဆုံလမ်းမတွေ
မှာ အငြိမ့်တွေမှ အားကြီးပဲ…ဘယ်အငြိမ့်ကြည့်ရမှန်းတောင်မသိ…
စက်ဘီးလေးအားကိုးပြီး ဟိုနဲနဲ ဒီနဲနဲ ရပ်ရပ်ကြည့်ပြီး တစ်မြို့လုံးအနှံ့
ပါတ်တာပဲဗျို့…လွမ်းသဗျာ…
ခုတင်ပေးတဲ့ ပုံလေးတွေက..မြန်မာ့အနုပညာ မတိမ်ကောစေဘို့အတွက်
ကြိုးပမ်းထားတာလေးကို ကောင်းကောင်းသရုပ်ဖေါ်နိုင်ကြောင်းပါဗျာ….
Mr. MarGa
September 28, 2012 at 12:27 pm
မြန်မာအနုပညာကို နိုင်ငံတကာအဆင့်မီ တင်ပြလာနိုင်တာကို တွေ့လိုက်ရလို့
လေးပေါက်ကို အရမ်း ကျေးဇူူးတင်ပါတယ်။
ဆရာ မြို့မငြိမ်း ကြိုးစားခဲ့တာတွေ အကောင်အထည်ပေါ်လာပြီပေါ့ဗျာ
ရွှေ ကြည်
September 28, 2012 at 12:40 pm
အတီး အဆို အက အစုံကိုခံစားရတဲ့ပွဲပဲနော်။
လေးပေါက်က အပြာရောင်မင်းသားနဲ့မင်းသမီးကိုအပြင်မှာရိုက်ယူထားတာကိုး။
ပုံလေးတွေကူးယူထားလိုက်ပါတယ်လေးပေါက်ရေ..။
ကျေးဇူးအကြီးကြီးတင်ပါတယ်။
ကိုပေါက်(မန္တလေး)
September 28, 2012 at 12:40 pm
ဟုတ်ပါတယ် ကိုကိုမို်က်ရေ
ဆောင်းတွင်းဆိုရင် ဆိုင်းသံဗုံသံကြားတဲ့နောက်လိုက်ပြီး ချမ်းချမ်းစီးစီးပွဲကြည့်ရတဲ့
အရသာကို မမေ့နိုင်စရာပါ။
ဂဂရေ
တကယ်လို့သာ ဆရာသန်းက မပြောရင် ဒီပွဲလေးကို ကျနော်ရောက်ဖြစ်မယ်မထင်။
ဒီလိုပုံလေးတွေလဲရမယ်မထင်။
သူများကိုကူညီရတာ ဒီတစ်ခါ အဆီအသားအပါဆုံးပါဘဲ။
မောင်ပေ
September 28, 2012 at 12:46 pm
လေးပေါက်ရေ လေးစားပါတယ်ဗျို ့
အချိန်ကုန်ခံ အပင်ပန်းခံပြီး ဓါတ်ပုံမှတ်တမ်းများသွားတင် ၊ ပြီး ပြန်ရှဲပေးလို ့
ကျေးကျေးပါဗျို ့
etone
September 28, 2012 at 12:50 pm
လေးလေးရေ … သမီးကတော့ .. ဘုရားပွဲမှာ … ဇာတ်တွေသွင်းလျှင် ရွာလုံး ကျွတ် သွားကြည့်တဲ့ ခေတ်ကို မမှီခဲ့လို့ပဲလား မသိဘူး … …. အငြိမ်တွေ ၊ ဇာတ်တွေ သိပ်မကြိုက်ခဲ့ဖူးဘူး ။ ဆိုင်းတွေ ဗုံတွေ … တီးနေလျှင်လည်း … စိတ်ထဲ … နားအရမ်း ငြီးတာပဲလို့ ထင်မိတယ် … နတ်ကန္နားပေးလျှင် ပိုဆိုးတယ် …. ။ မြန်မာအကကို သဘောကျပါတယ် ၊ မြန်မာအကျီ င်္ကို အရမ်းကို ကြိုက်ပါတယ် …. ၊ မြန်မာ့ဓလေ့ကိုလည်း မြတ်နိုးပါလျှက် အဲ့ဒီ အငြိမ့်တွေ ၊ သဘင်တွေကိုတော့ …. ခံတွင်းမတွေ့လှတာတော့ ထူးဆန်းတယ် … ။ 🙄
တစ်ခါက … ဧည့်သည်ကို ဒင်နာ ဘူဖေးလိုက်ကျွေးတော့ ..သူက မြန်မာမှုအငွေ့သက်မြင်ရတဲ့ ဆိုင်မှာ စားချင်ပါတယ်ဆိုလို့ … ကရဝိတ်ထဲ ခေါ်သွားတာ မြန်မာမှုတွေတော့မြင်ရပါတယ် …. သမီးကတော့ အတော်လေး ဒေါင်ချာဆိုင်းပြီး ပြန်လာခဲ့ရတယ် … ။ အဲ့ဒီနေ့က … ဆင်ကတာလည်း ပါသေးတယ် …. ။ နားနားကပ်ပြီး .. အိုးစည်တီးသံ၊ လင်ကွင်းတီးသံတွေက … နားစည်ပေါက်ထွက်မတတ်ပါပဲ …. ။ ဟိုနိုင်ငံခြားသားကတော့ တဟေးဟေးနဲ့ ပျော်လို့ …. ဒီက မြန်မာမကတော့ …ကိုယ့်နိုင်ငံက ရိုးရာအကနဲ့ .. အသံတွေတောင် .. မခံစားတတ်သလို ၊ နားဆူသလိုဖြစ်တာ …. ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်စိတ်နဲ့ အားမလို အားမရဖြစ်မိပါတယ် …. ။
ကိုပေါက်(မန္တလေး)
September 28, 2012 at 1:11 pm
တုံကလေးရေ
အဲဒါ မနီးကပ်သေးဘဲဝေးနေလို့။.
နောက်ကောင်းကောင်းမွန်မွန် တီးမူတ်ဆိုကနေတာနဲ့မဆုံသေးလို့။
ကြုံရင်မြန်မာသံစဉ်လေးတွေကိုအရသာရှိရှိနားဆင်တတ်အောင်သင်ပေးပါမယ်။
etone
September 28, 2012 at 1:59 pm
အဟီး … ဟုတ်ကဲ့ ။
မြန်မာသံစဉ် ၊ မြန်မာ့ သဘင်နဲ့ … ရင်းနှီးခွင့်ရချင်ပါတယ် လေးပေါက်ရယ် … ။
ဒါပေမယ့်.. ဦးနှောက်က လက်မခံတာမျိုးလား ၊ ရင်ဘတ်က လက်မခံတာမျိုးလား မသိဘူး … မြန်မာသီချင်းလည်း ..ခံစားလို့မရ ၊ နားထောင်လို့မရသေးဘူး …… ဟီး ။
ကိုပေါက်(မန္တလေး)
September 28, 2012 at 2:40 pm
အနီးနားကို တစ်ခါမှမရောက်တော့ ဝင်မကြည့်မိတဲ့ ပန်းခြံလေးလိုပေါ့။
တစ်ခါလောက်ဝင်ကြည့်ဘူးရင် နောက်ထပ်ဝင်ကြည့်ချင်စိတ်ပေါ်သွားမှာ
လေးလေးမှာ mp3 ရှေးသီချင်း အပုဒ်ရေ ငါးရာကျော်လောက်ရှိမယ်ထင်ပါရဲ့
etone
September 28, 2012 at 2:54 pm
ကျေးဇူးပါ လေးလေးရေ … နောက်လထဲမှာ .. ကိုယ်တိုင်လာမှပဲ … ကူးတော့မယ်နော် …။ ဟီး ။ :hee:
Shwe Tike Soe
September 28, 2012 at 1:22 pm
မိုက်တယ်ဗျို.လေးပေါက်…….. မြန်မာ့သဘင် မြန်မာ့အလှ မြန်မာဝတ်စုံအပြည့်အစုံနဲ. မြင်ရတွေ.ရတာ.. ကျက်သရေရှိလိုက်ထာဗျာ…
ရန်ကုန် အပြင်မြို.ထဲ အားလုံး ဘီလူးမပေါင်တိုလေးတွေ ပဲ မြင်နေရတော့ အဲလို မြန်မာဝတ်စုံလေးတွေနဲ. တွေ.ရတော့လဲ မင်းသမီးလေးတွေ တီးခတ်သူလေးဒွေ …. သီဆို သူလေးတွေကြည့်ရတာ… တမျိုးလေးချစ်စရာကောင်းနေတယ်ဗျာ..
နောက်နေ. အုပ်ထိန်းသူကို အဲလို ဝတ်စုံဝတ်ခိုင်းပြီး ထိုင်ကြည့်အုံးမယ်……… ခိခိခိ :hee:
နွယ်ပင်
September 28, 2012 at 1:58 pm
လေးပေါက်ရေ … ပုံလေးတွေကို တစ်ဝကြီးခံစားကြည့်ရှုသွားပါတယ်နော် …
မှန်တာပြောရရင်တော့ ဇာတ်ပွဲတွေကို တစ်ခါမှမကြည့်ဘူးသလို ကြည့်ရကောင်းမှန်းလဲ မသိခဲ့ပါဘူး …
အလျှဉ်းသင့်ရင်တော့ တစ်ခါလောက် ဇာတ်ပွဲကြည့်မယ်လို့တော့ စိတ်ကူးထားတာပါပဲ ………
Shwe Tike Soe
September 28, 2012 at 2:17 pm
အမလေးဟဲ့ ကိုဂကြီး တောင်ရှည်နဲ. ကနေတာတော့ ကြည့်ဖူးတယ်မလားအေ………….
တောင်ရှည် = ပုဆိုး အဟီးးးးးးးးးးးးးးးးးးးးး
kai
September 28, 2012 at 2:31 pm
တကယ်သာမြန်မာဆန်ဆန်.. ကတတ်.. လှတတ်တယ်ဆို.. ယူအက်စ်ကခေါ်နေပါတယ်..။
ယူအက်စ်တင်မဟုတ်.. အနောက်နိုင်ငံတွေကလည်း ခေါ်ကြတာပါ..။
ဒီကတက္ကသိုလ်ကျောင်းတွေက.. အဲဒီလို မတူခြားနားတဲ့.. ယဉ်ကျေးမှုတွေဖလှယ်ဖို့.. လေ့လာဖို့.. သီးသန့်ရံပုံငွေရှိပါတယ်..။
မြန်မာဇာတိနွယ်တွေလည်း.. အနောက်နိုင်ငံတွေမှာ သိန်းချီရောက်ကုန်ပြီပဲ..။
ဝါသနာပါရာအလုပ်ကို….စွဲစွဲမြဲမြဲလုပ်သွား.. တချိန်အောင်မြင်ပါတယ်..
အထူးသဖြင့်.. အနုပညာတက္ကသိုလ်ကကျောင်းသူားတွေကို ပြောချင်မိ.. သတင်းစကား ပါးချင်မိပါတယ်..။
ဒီလိုခေတ်မှာ… မြန်မာ့အနုပညာ မတိမ်ကောနိုင်တော့ပါ…။ :harr:
ရွှေ ကြည်
September 28, 2012 at 3:17 pm
ကြားရတာဝမ်းသားစရာကြီး မြန်မာ့အနုပညာအတွက်တော့ အားရှိစရာပဲ။
အနုပညာကျောင်းသူားတို့ဝမ်းသာကြလော့..။
ကိုပေါက်(မန္တလေး)
September 28, 2012 at 3:52 pm
ကိုခိုင်ရေ
အခုလိုမြောက်စားတဲ့သူရှိဘို့လိုအပ်သလို ပေးဝေသမျှကို ခံယူတတ်သူရှိဘို့လည်း လိုအပ်ပါတယ်
Hnin Hnin
September 28, 2012 at 4:10 pm
မျက်စိထဲရိုးနေတဲ့ မြင်ကွင်းပေမယ့် ဒီလိုဓာတ်ပုံတွေနဲ့ ကြည့်လိုက်ရတော့
လည်း တစ်မျုးိခံစားရတာပါပဲ…..မြန်မာအကကိုလည်း နှစ်သက်တယ်…
အရင်တုန်းက မြန်မာအကမဟုတ်တဲ့ သင်္ကြန်ကကို သင်္ကြန်မတိုင်ခင်
တစ်လလောက်တိုက်ပြီး ကခဲ့ရတာ…..
ပေါ့ပေါ့ပါးပါးအကတောင် နည်းနည်းမြင့်တဲ့ ကကွက်တွေပါရင် ကရတာ
မလွယ်တော့ဘူး…တစ်ကိုယ်လုံး အရိုးတွေကလည်း နာလိုက်တာကို…
နိုင်ငံခြားသား ရာထူးခံတွေရောကြည့်မှာမို့ ရုံးကအစ်မနဲ့နှစ်ယောက်
မြန်မာအက ကတတ်တဲ့ အန်တီကြီးဆီမှာ သွားသင်ရတာ…ကပြီးတော့
ကတာလှတယ်…အရင်က ကဖူးလား..လာမေးလို့ နည်းနည်းတော့
ဘဝင်ခိုက်သွားပါတယ်…ဒါပေမယ့် အဲ့ကတည်းက နောက်ဆိုရင်တော့
သင်္ကြန်အကကို(မြန်မာအက မပြောနဲ့)ဘယ်တော့မှ မကတော့ဘူးလို့ း)
aanyar thar
September 28, 2012 at 8:12 pm
လေဘာတီမမြင်ရ..အဲ့ဟုတ်ပါဘူး လေဘာတီမမြရင် ..ရဲ့မြေဝိုင်းအက ယောကျာင်္းမင်းသမီး မယ်အောင်ဗလ ရုပ်သေးမင်းသားကြီး ဘယ်သူ (ကဖိုးစိန် နာမည်မေ့နေလို့)တိုရဲ့ ပုံရပ်ဟောင်းလေးတွေ ရရင် တင်ပေးပါဦး..ကိုကိုပေါက်ရယ်…မိုက်ကြီးတွေခဲနေတာ..ဂီတာကြီးပက်လက်ထားတီးနေတာ တွေက မြန်မာ့အနု့ပညာမဆန်သေးပါဘူးဗျ..မြန်မာ့အနုပညာ စင်စစ်လေးတွေပြစမ်းပါဦးဗျာ ဒစ်စကို လိုက်တွေနမိုက်ကြိးခဲပြီး ဲ့ဒိုးဒိုးဒန့်ဒန့်တွေက မြန်မာ့အနု့ပညာ မစစ်ပါဘူး..မတွေ့ဘူးလား သူကြီးဆိုတာကြီးက ယူအက်စ်ဆိုတဲ့ နိုင်ငံခြားကြီး ခေါ်နေတာ
ကိုပေါက်(မန္တလေး)
September 28, 2012 at 10:11 pm
အောင်ဗလ ဖိုးစိန် စိန်ကတုံး………………………..
(ကိုကိုပေါက်ရယ်…မိုက်ကြီးတွေခဲနေတာ..ဂီတာကြီးပက်လက်ထားတီးနေတာ တွေက မြန်မာ့အနု့ပညာမဆန်သေးပါဘူးဗျ..)
အဲလိုပြောရင်တော့
တယော စန္ဒယားတွေ သုံးလို့ဘယ်ရတော့မလဲနော်
ခေတ်ကာလအလိုက်ပြောင်းလဲသွားတဲ့ ပစ္စည်းပိုင်းဆိုင်ရာ တိုးတက်လာမူ့ လက်ခံရမှာဘဲဗျ.။
မြေဝိုင်းခေတ်က မိုက်ခွက်မရှိတော့ လည်ချောင်းကွဲမတတ်အော်ရတယ်။
အခုခေတ်မှာအဲလိုအော်စရာမလိုဘူး။
မိုက်ရှိတယ် သုံးရမှာဘဲ.။
စပိန်ဂစ်တာကို မြန်မာသံစဉ်နဲ့ကိုက်အောင်ကြိုးညှိပြီး ပေါင်ပေါ်တင်တီးတယ် ။
တီးခတ်ပုံအမတူဘူး အဲဒါ အခုခေတ်မှတီးတာမဟုတ်ဘူး
ဟိုးရှေးရှေး ကထည်းက တီးတာ။
ဒါကိုလဲ လက်ခံရမှာဘဲ။
အရေးကြိးတာ သံစဉ် စာသား မှန်နေဘို့ဘဲ။
ခေတ်ပေါ်တူရိယာသုံးလို့ မြန်မာမစစ်ဘူးလို့ တော့ ပြောလို့မရပါဘူး။
ခေတ်သစ်နဲ့ခေတ်ဟောင်းပေါင်းစပ်သင့်ရင်လဲပေါင်းရမှာဘဲ။.
ကျနော်ခေတ်ဟောင်းသီချင်း ရေဒီယိုသီချင်းဆိုရင် ပြန်ဆိုမကြိုက်ဘူး။
မူရင်းတွေစုထားတယ် မူရင်းဘဲကြိုက်တယ်.။
ဒါပေမယ့် သားစိုးရဲ့ ရောသမမွှေကိုလည်းကြိုက်တယ်။
ဒါကတော့ ကျနော်နှစ်သက်တာ ကိုပြောပြတာပါ။
YE YINT HLAING
September 29, 2012 at 6:02 am
ကျွန်တော် ဒီမှာ စိတ်ညစ်ညူးမိတဲ့ အချိန် ဒါမှ မဟုတ် စိတ်ကလေး အေးချမ်း နေတဲ့ အချိန်တွေမှာဆိုရင်” ဆောင်း လှိုင်ဝင်းမောင် ( မကွေး )” ရဲ့ ၁ ။ ဆုတောင်း ပနာ ၂ ။ရွှေမန်းဆီသို့ ၃ ။ မြန်မာ့ စိတ်ရင်း မြန်မာ့ ရှုခင်း ၄ ။ စစ်ကိုင်းတောင် ၅။တိမ်တမာန် ၆။မိုး ၇။ဇာတိနွယ် ၈။သဲငွေသောင် ၉။ကြူးအေးငြိမ့်ငြိမ့် စတဲ့ ဆောင်း နဲ့ စည်းဝါး လက်သံလေးတွေ ( အတီးသက်သက် ) ကို နားထောင်မိတယ် ။ Control Room ထဲ ဖွင့်ပြီး နားထောင်တဲ့ အချိန်တွေ ဆိုရင် လုပ်ဖော်ကိုင်ဖက် တခြားနိုင်ငံသား တချို့လည်း ငြိမ်ပြီး နားထောင်နေလေ့ ရှိတယ်ဗျ !
garuda
September 29, 2012 at 8:02 am
မြန်မာ့ ရုပ်သေးအရုပ်တွေ ကြိုက်တယ်။ကျေးဇူး။