မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၇)
ပူလောင်ခြင်း၏ ရလာဒ်ကား ဆိုးဝါးလှပေသည်။ သည်ညတော့ ဝတီတစ်ယောက် စာမကျက်နိုင်တော့ပေ။ ကျူရှင်က ပြန်ရောက်ကတည်းက အလုပ်ရှုပ်တော့သည်။
ရောက်ရောက်ချင်း ဘုရားစင်က သောက်တော်ရေကိုလဲ၊ ဆီမီးထွန်းပြီး ဘုရားရှိခိုးတော့သည်။
“ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို မေတ္တာပို့ပေးရမယ်ဆိုပဲ…”
မည်သို့ပင် ကြိုးစားသော်လည်း မေတ္တာထား၍ကို မရ။
“အာ..သိပြီ..သစ္စာဆိုရမယ်…”
“တပည့်တော်မသည် နှင်းဆီအပေါ်တွင် သူတို့စွပ်စွဲသလို မျက်စောင်းလည်း မထိုးခဲ့ပါဘုရား…ရန်ဖြစ်လိုစိတ်လည်း မရှိခဲ့ပါဘုရား…ဤမှန်သော သစ္စာစကားကြောင့် တပည့်တော် အပေါ်တွင် အထင်လွဲစွပ်စွဲမှုများ အမြန်ဆုံး ကင်းဝေးရပါလို၏ အရှင်ဘုရား…”
ဘုရားရှိခိုးပြီး၍ စာဆက်ကျက်ရန် ကြိုးစားသော်လည်း အာရုံက စုစည်း၍ မရချေ။ တွေးလေလေ ဒေါသနှင့် တနုံ့နုံ့ဖြစ်လာလေ။ ဒေါသစိတ်၏ နောက်သို့ အတွေးတွေက လိုက်သွားရင်း ကြားဖူးထားသည့် အလုပ်တစ်ခုကို လုပ်လိုက်လေသည်။
“နှင်းဆီမေ”
စာရွက်ပေါ်တွင် နာမည်ကို အကြီးကြီးရေးလိုက်ပြီး ဖယောင်းတိုင်နှင့် မီးရှို့ပစ်လိုက်သည်။
“ငါ ပူလောင်သလို နင်လည်း ပူလောင်စမ်းဟာ..”
“မဝတီ..စာမကျက်ဘဲ ဘာတွေလုပ်နေတာလဲ…ညှော်နံ့ရတယ်… ဘာတွေမီးရှို့နေတာလဲ…ဆော့နေတာလား…စာကျက်မှာဖြင့်ကျက်..မကျက်ရင်လည်း အိပ်တော့…စာမေးပွဲရက်ကို သေချာအာရုံမစိုက်ဘူး…”
စိတ်တိုနေပါသည်ဆိုမှ အမေ့ဆူသံကို နားဆင်ရသေးသည်။ စာမကျက်နိုင်မည့်အတူတူ ဝင်အိပ်လိုက်သည်က ပိုကောင်းမည်ထင်၏။ စာတွေကတော့ ရသလိုလို၊ မရသလိုလို။ ထားလိုက်တော့မည်။
….
မနက်မိုးလင်းတော့ စာနည်းနည်းပြန်ကြည့်ပြီး စိတ်ကိုပြင်ဆင်ကာ ကျောင်းသွားသည်။ ကျောင်းသို့ စဝင်ကတည်းက ဘာမှမသိထားသည့်ပုံစံနှင့် မျက်နှာကို အချိုသာဆုံးပြုံးထားသည်။ လမ်းတစ်လျှောက် တွေ့သမျှသူငယ်ချင်းများကိုလည်း ပျော်ရွှင်စွာနှုတ်ဆက်လာသည်။ နှင်းဆီကိုတော့ လှည့်၍ပင်မကြည့်။
စာမေးပွဲဖြေနေစဉ်တွင် မြန်မာစာကဗျာဆရာမက အနားသို့လာပြောခဲ့သည်။
“ဝတီ..စာမေးပွဲပြီးရင် ကွန်ပျူတာခန်းရှေ့မှာ ဆရာမကို ခဏစောင့်ပေးနော်..”
“ဟုတ်ကဲ့..ဆရာမ..”
(ထိုဆရာမသည်ကား ရာထူးတိုးပြီး အထက်တန်းကျောင်းသို့ ရောက်ရှိလာသော တတိယတန်းနှစ်က ပထဝီဝင်ဆရာမ ဖြစ်ပေသည်။ စာစီစာကုံးပြိုင်ပွဲက ဝတီဘက်တွင် ရှိပေးသော မြန်မာစာဆရာမသည် စကားပြေသင်ကြားသော ဆရာမဖြစ်သည်။)
ကွန်ပျူတာခန်းရှေ့တွင်စောင့်နေစဉ် ဝတီနှင့်အမျိုးတော်သော ဆရာတစ်ယောက်က လာပြောသည်။
“ဝတီ..အားလုံးသိပြီးပြီမို့လား…ဘာမှမကြောက်နဲ့..ဆရာကြီးအခန်းကို သွားလိုက်တော့…”
ကျောင်းအုပ်ဆရာကြီး၏ အခန်းရှေ့တွင် နှင်းဆီနှင့် အပေါင်းအပါများကို တွေ့ရသည်။ ဝတီမျက်စောင်းထိုးသည်ကို မြင်သော သက်သေ(၅)ယောက်ဟု သိရ၏။ ဝတီဝင်သွားသည့်အချိန်တွင် ဆရာကြီးက ထွက်လာသည်။
“ဆရာကြီး..သမီး ဝတီပါ..”
“အော်..သမီး ရောက်လာပြီလား…အေးအေး ဝင်လာခဲ့..” ဝတီ့ခေါင်းလေးကို ကိုင်၍ ဆရာကြီးက ခေါ်သွားသည်။
“လာ..ထိုင် သမီး..စာမေးပွဲဖြေနိုင်လား…”
“ဟုတ်ကဲ့..ဆရာကြီး..ဖြေနိုင်ပါတယ်..”
“ဆရာကြီးက ထွေထွေထူးထူးတော့ မေးစရာမရှိပါဘူး..ဒီရက်ပိုင်း သမီးအနေနဲ့ တစ်ယောက်ယောက်ကိုများ ရန်လိုတဲ့ အပြုအမူတွေ လုပ်မိခဲ့သေးလား..”
“မလုပ်ခဲ့မိပါဘူး ဆရာကြီး…”
“အေးအေး..သမီး မလုပ်ခဲ့ဘူးလို့ ဆရာကြီး ယုံပါတယ်…နောင်အခါတွေမှာလည်း အဲဒီလိုတွေ မလုပ်မိဖို့ သတိထားနော်..သမီး..နောက်ပြီး သမီးရဲ့ ကြိုးစားမှုတွေကိုလည်း မလျှော့လိုက်ပါနဲ့..ဆက်ပြီး ကြိုးစားပါ..စာစီစာကုံးပြိုင်ပွဲတွေကိုလည်း ဝင်ပြိုင်ပါ..နောက်အခေါက်တွေမှာ ဆရာကြီးကိုယ်တိုင် စစ်ဆေးပြီး ရွေးချယ်ပေးမယ်…ဆယ်တန်းနှစ်မှာလည်း ဆရာကြီးတို့ကျောင်းရဲ့ ဂုဏ်ကိုဆောင်နိုင်မယ့် ထူးချွန်ကျောင်းသားဖြစ်အောင် ကြိုးစားပေးပါ..ဆရာကြီး ပြောချင်တာကတော့ ဒီလောက်ပါပဲ…”
“ဟုတ်ကဲ့ပါ ဆရာကြီး..ဆရာကြီး ဖြစ်စေချင်တဲ့အတိုင်း သမီး ကြိုးစားပါ့မယ်..သမီးကို ပြန်ခွင့်ပြုပါဦး..”
“အေးအေး..သမီး..”
ဆရာကြီးနှင့် ဝတီတို့၏ တွေ့ဆုံမှုကား ငါးမိနစ်ခန့်သာ ကြာမြင့်လေသည်။ ဆရာကြီး၏ ယုံကြည်ချစ်ခင်မှုကိုရရှိခဲ့သော ဝတီ၏ ရင်ထဲတွင်ကား ဝမ်းသာမှုလှိုင်းများဖြင့်..။ အခန်းဝတွင် စောင့်နေသော နှင်းဆီတို့အဖွဲ့ရှေ့တွင် မျက်နှာကိုမော်ချီပြီး ထွက်လာခဲ့သည်။
နောက်ရက်တွင်တော့ သတင်းများကို သဲ့သဲ့ကြားမိပါသည်။ ဝတီ့ကို အပြစ်မယူသော ဆရာကြီးကိုလည်း အမြင်မကြည်သကဲ့သို့ ဆရာကြီးထံတွင် ဝတီ့ကောင်းကြောင်းများပြောပေးသော ဆရာမသီတာကိုလည်း မကျေနပ် ဟူ၍။ စာမေးပွဲနောက်ဆုံးနေ့တွင် ဝတီ့အတွက် သတင်းကောင်းတစ်ခုကို သူငယ်ချင်းများက ယူလာပေးခဲ့သည်။
ဇီဝဗေဒဖြေပြီး အခန်းထဲက ထွက်လာချိန်တွင် ဝတီ့ကို စောင့်နေသော ဝဏ္ဏနှင့် စည်သူ့ကို တွေ့ရ၏။
“ဟဲ့..ဝတီ..သတင်းကောင်းတစ်ခုပြောမယ်…ဘာဝယ်ကျွေးမလဲ..”
“ဟုတ်လား..ဘာသတင်းလဲ…”
“နင်ဘာကျွေးမလဲဆိုတာသာ အရင်ပြောလိုက်ပါ..”
“အေးပါအေးပါ..နင်တို့ စားချင်တာ ကျွေးပါမယ့်..ပြောပြစမ်းပါ..”
“အခုမတ်လထုတ် မင်္ဂလာမောင်မယ်စာစောင်မှာ နင်ပို့ပြီး ပြိုင်ထားတဲ့ လတပေါင်း စာစီစာကုံးကို လက်ရွေးစင်(၅)ယောက်ထဲမှာ ရွေးထားတယ်..”
“ဟယ်..ဟုတ်လား…ဟား..ပျော်စရာကြီး…ငါ ဒီကပြန်ရင် စာအုပ်သွားဝယ်လိုက်မယ်…နင်ဝယ်ပြီးပြီပေါ့..”
“အေး..မနေ့က အဖေဝယ်ထားတာ..အဲဒီအထဲမှာတွေ့တာ..”
“အေးအေး..ညနေ မုန့်ဝယ်ကျွေးမယ်..”
ထိုအခိုက် နှင်းဆီက ဝတီ့အနားက ဖြတ်သွားသည်။ အခွင့်အရေးကို အမိအရပင် အသုံးချလိုက်၏။
“ဟေမာ..ဟေမာ..မြန်မြန်လာ..မင်္ဂလာမောင်မယ်သွားဝယ်ရအောင်…ငါ့စာစီစာကုံး လက်ရွေးစင်ထဲမှာ အရွေးခံရတယ်သိလား…”
………
ဆယ်တန်းနှစ်တွင်တော့ နှင်းဆီက ကျောင်းပြောင်းသွားခဲ့သည်။ ဝတီနှင့် ရန်ဖြစ်မည်စိုးသောကြောင့် အခြားမြို့ကကျောင်းတွင် ပြောင်းထားမည်ဟုဆိုကာ ကျောင်းထွက်လက်မှတ်ယူခဲ့သည်။ သို့သော် တကယ်တမ်းပြောင်းသွားသည်က မြို့ရှိ အ.ထ.က (၂) ကျောင်းသို့သာ။ ထိုကျောင်းတွင် နှင်းဆီကိုယှဉ်ပြိုင်မည့်သူမရှိ၊ အိမ်တွင် စာသင်စာကျက်လုပ်ပြီး နှင်းဆီကျောင်းသွားမတက်လျှင်လည်း ပြောမည့်သူမရှိ။ အပြိုင်အဆိုင်များနှင့် နှင်းဆီကျောင်းခေါ်ကြိမ်မပြည့်လျှင် ငြိမ်ခံမည့်သူများမရှိသည့် သည်ဘက်ကျောင်းထက်စာလျှင် ပြောင်းသွားသည့်ကျောင်းက သူတို့လုပ်ချင်တိုင်း လုပ်၍ရသည်။ ထိုအကြောင်းများကြောင့် ပြောင်းသွားသည်ကို သိသိလျက်ပင် ဝတီ့ကြောင့်ဟု အမည်တပ်ခံလိုက်ရသေးသည်။
ဆယ်တန်းတစ်နှစ်လုံး တစ်မြို့တည်းနေသော ဝတီတို့နှစ်ယောက် တစ်ခါပင် မျက်နှာချင်းမဆိုင်မိသည်မှာ ထူးဆန်းလှပေသည်။ ကျောင်းလည်းမတူ၊ ကျူရှင်လည်းမတူ။ တစ်ချိန်လုံးအိမ်တွင်းအောင်းပြီး စာသင်စာကျက်နေသော နှင်းဆီကို စက်ဘီးတစ်စီးနှင့် မြို့ပတ်နေသော ဝတီက မတွေ့သည်မှာ သဘာဝတော့ ကျပေသည်။
ဝတီက အိမ်တွင် သူငယ်ချင်းသုံးယောက်နှင့် ဝိုင်းခေါ်သင်သည်။ ကျပ်တည်းလှသော စီးပွားရေးကြားထဲတွင် ဂိုက်လည်း မခေါ်ဖြစ်ခဲ့ချေ။ နိုဝင်ဘာလအရောက်တွင်တော့ အမေက ပြောလာသည်။
“ကဲ…ဝတီ..နင့်ကို ဂိုက်ခေါ်ပေးမှ ဖြစ်တော့မယ်…ကျက်ချင်ရင်လည်း ည (၂)နာရီ (၃)နာရီအထိ စာကျက်..မကျက်ချင်ရင်လည်း (၁၀)နာရီလောက်နဲ့ အိပ်..မနက်ဘက်ဆိုလည်း (၇)နာရီမထိုးမချင်း အိပ်ယာမထဘူး..ဒီကြားထဲ ကိုရီးယားကားကလည်း ကြည့်သေးတယ်…ညနေဘက်အားရင်လည်း တံတားပေါ်စက်ဘီးသွားမစီးရရင် စိတ်မကြည်ဘူးလေး ဘာလေးနဲ့…ဒီပုံစံနဲ့တော့ နင် နိုင်ပေဦးတော့မယ်…နင်စိန်ခေါ်ထားတာ နင်သိတယ်နော်…”
“သိပါတယ် အမေရယ်…စာဆိုတာ စိတ်ပါမှ ကျက်လို့ရတာကို…မခေါ်ပါနဲ့..ပိုက်ဆံကုန်တယ်…သမီးဘာသာ ကျက်မယ်..ဘာမှမဖြစ်ဘူး..ရတယ်..”
“မရပါဘူး…မသီတာကို သွားမေး..ဘယ်သူ့ကိုခေါ်ရမလဲလို့…မင်းမင်းကိုလည်းမေးကြည့်…၂၀၀၀ဝ လောက်ဆိုရင် တစ်ယောက် ၁၀၀၀ဝ နဲ့ ခေါ်သင်…”
သည်လိုနှင့် ဝတီတစ်ယောက် သူငယ်ချင်း မင်းမင်းနှင့်အတူ အိမ်တွင် စာကျက်ဂိုက်ခေါ်ဖြစ်ခဲ့သည်။ ဆရာမ၏ စေတနာကြောင့် ဝတီ၏ စာကျက်ချိန်တို့ မှန်ခဲ့သည်။
နှင်းဆီ၏ သတင်းများကိုလည်း ကြားရ၏။ ဘာသာစုံ ဆယ်ယောက်ဝိုင်းအပြင် တစ်ဘာသာကို ဆရာနှစ်ယောက်လောက်နှင့် ဂိုက်ထပ်သင်သည်။ အချိန်ပြည့် စာသင်ပြီး မိဘများကပါ အနီးကပ်ကြီးကြပ်သည်။
တစ်နှစ်ပတ်လုံး မတွေ့ဖြစ်သော်ငြား တစ်ယောက်နှင့်တစ်ယောက် စိတ်ဝင်စားမှုများ ရှိကြသည်။
ခေါ်သင်သော ဆရာအများစုကလည်း နှစ်ဝိုင်းလုံး အတူတူပင် ဖြစ်သောကြောင့် သတင်းများကိုလည်း ကြားရသည်။
“ဆရာမ..နှင်းဆီ စာတွေရနေပြီလား..”
“နင်တို့ နှစ်ယောက် ဘယ်လိုဖြစ်တာလဲ…ရန်ဖြစ်တယ်သာပြောတယ်..တစ်ယောက်နဲ့တစ်ယောက် မေးနေကြတာပဲ..”
“သူကလည်း သမီးကို မေးတယ်ပေါ့..”
“ခဏခဏ မေးတယ်…ဝတီ စာတွေရနေပြီလား ဆိုပြီးတော့…”
“ဆရာမက ဘာပြောလိုက်လဲ..”
“ရတော့ရတယ်..အပျင်းထူနေတယ်လို့ ပြောလိုက်တယ်..”
“ဆရာမကလဲ..သူရော.တော်တော်ရနေပြီလား..”
“သူကတော့ စိတ်ပူတတ်တယ်..သိပြီးသားတွေတောင် စိတ်ပူရင် မှားကုန်ရော..”
“သမီး စာတွေရပြီလို့ မပြောနဲ့သိလား..ဟီး..”
“ပြောလို့ မရဘူး…သူနဲ့ သမီးနဲ့က မတူဘူး..သမီးက သူများစာရနေပြီဆိုရင် မခံချင်စိတ်နဲ့ ပိုကြိုးစားတယ်…နှင်းဆီက ဝတီစာရနေပြီဆိုရင် ဟုတ်လား..ဆိုပြီး ကြောက်သွားရော…သူ့ဆိုရင် ဝတီက သိပ်လျှမ်းတယ်..သမီးနဲ့ ထူးမခြားနားပဲ…သူလည်း ဒီလောက်ပဲ ရောက်သေးတယ်လို့ ပြောမှ…ဟုတ်လား..ဟိဟိ..သမီးလိုပဲလားဆိုပြီး စာကျက်တာ..”
“ဟွန်း..အကျင့်က အခုထိ ဒီအတိုင်းပဲ..”
သည်လိုနှင့် ဝတီတို့နှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက်မေးရင်း၊ ကျူရှင်စာမေးပွဲများကို ပြိုုင်ဖြေရင်း၊ စိန်ခေါ်ပွဲအကြောင်းကို ခေါင်းထဲထည့်ရင်းဖြင့် ဆယ်တန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုခဲ့ကြသည်။
………..
ဆယ်တန်းအောင်စာရင်းကား ထွက်တော့ပေမည်။ နေ့ရက်တို့ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ ဝတီ၏ ရင်ခုန်သံများလည်း မြန်လာခဲ့သည်။ ဖြေကာစက ခြောက်ဘာသာအပြည့် ယုံကြည်ချက်ထားထားသော်လည်း အောင်စာရင်းထွက်ကာနီးသည်နှင့်အမျှ ကြောက်စိတ်တို့က ဖုံးလွှမ်းလာသည်။
“ကံတရားက ကြောက်ရတယ်..ငါကသာ ဖြေနိုင်တာ..စာစစ်ပြီးရင် အဖြေဆိုတာ ပြောင်းနိုင်တယ်..ဘုရားဘုရား..”
ရင်ခုန်ပါသည်ဆိုမှ မီးလောင်ရာလေပင့်သည့် စကားများကိုလည်း ကြားရသည်။
“ဝတီ..အောင်စာရင်းက နောက်အပတ်ထွက်မယ်ဆို…အောင်စာရင်းထွက်မယ့်နေ့ကတော့ ပွဲကြီးပွဲကောင်းပဲ…တစ်မြို့လုံးက စောင့်ကြည့်နေတာနော်…ဝတီက ဘယ်နှစ်ဘာသာ မှန်းထားလဲ..”
“မပြောတတ်ဘူး..ကံတရားက ရှိတယ်လေ..ရသလောက်ပေ့ါ..အဲလိုကြီး မှန်းထားတာတော့မရှိပါဘူး..”
ကြည့်ကောင်းအောင်သာ ဖြေလိုက်ရသော်လည်း အတော်ပင် ကြောက်နေမိသည်။ ထိုအချိန်တွင် ကောလဟာလများကိုလည်း ကြားရ၏။
“နှင်းဆီတို့က ပိုက်ဆံပေးပြီးကြည့်ထားတာ…သူက ခြောက်ဘာသာ..ဝတီက လေးဘာသာလို့ ကြားတယ်..ဟုတ်လား..”
ဝတီ့ကို လာမေးတော့ ဝတီလည်း မျက်နှာကိုအချိုသာဆုံးပြုံးရင်း..
“သမီးကတော့ ဘာမှ ကြိုမသိထားပါဘူး..အောင်စာရင်းထွက်မှပဲ သိမှာ…ဟုတ်ရင်လည်း ဟုတ်မှာပေါ့နော်…လေးဘာသာဆိုတော့လည်း မဆိုးပါဘူး…သမီးကတော့ ကျေနပ်ပါတယ်…”
ပြောသာပြောလိုက်ရသော်လည်း ရင်ထဲတွင် ဗလောင်ဆူနေခဲ့သည်။
“ငါတော့ ရှုံးရင် ဒုက္ခပါပဲ…”
…
အောင်စာရင်းထွက်ရင် သုံးရက်သာလိုတော့သည်။
“မမ ဝတီ…ဆရာမသီတာက ခဏလာခဲ့ပါဦးတဲ့.”
“အော်..အေး..အမေ..သမီး ဆရာမဆီ သွားလိုက်ဦးမယ်…”
……..
“အီး..ဟီး..ဟီး..အမေရေ…”
ငိုပြီး တက်လာသော ဝတီ၏ အသံကြောင့် အမေတစ်ယောက် ထိတ်လန့်တကြားဖြစ်သွားသည်။
“ဟဲ့..သမီး..မဝတီ..ဘာဖြစ်လာတာလဲ..အမေ့ကိုပြောစမ်း..မထိတ်သာမလန့်သာ ရှိလိုက်တာ…”
“ဆရာမကပြောတယ်..နှင်းဆီတို့က ကြိုပြီးကြည့်ထားတာ သေချာသွားပြီတဲ့..သုံးရက်ပဲ လိုတော့တာကို..အဲဒါ သူက ငါးလုံး..သမီးက လေးလုံးတဲ့…ဟုတ်ရင်ဟုတ်မှာ…သမီးတော့ သွားပြီထင်တယ်…ဟီး…အီး..အီး..”
“အော်…သမီးရယ်..အောင်စာရင်းကို မျက်လုံးနဲ့မြင်ရမှသာ ယုံစမ်းပါ သမီးရယ်..နှစ်တိုင်း ဒီလို ထွက်နေကျပဲကို..လေးလုံးလည်း ဘာဖြစ်လဲ..အမေလုပ်ပေးနိုင်သလောက်..အမေတို့ တတ်နိုင်သလောက်နဲ့ သမီး လေးဘာသာရတာ အမေကျေနပ်တယ်..ဘာမှ မဖြစ်နဲ့..ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ပဲကို…စိတ်မကောင်းမဖြစ်နဲ့..တိတ်..တိတ်…အောင်စာရင်းထွက်လာမှပဲ ကြည့်..ဟုတ်ပြီလား..”
အမေ့၏ အားပေးစကားများကြောင့်သာ စိတ်သက်သာရာရပေသည်။
…..
မနက်ဖြန်မနက်တွင် အောင်စာရင်းထွက်တော့မည်။ ဝတီတစ်ယောက် မည်သို့ နေရမှန်းမသိ။ တစ်ညလုံးမအိပ်ဘဲ အခွေထိုင်ကြည့်ပြီး အောင်စာရင်းစောင့်မည်ဟုဆိုကာ အခွေသုံးခွေငှားထားသည်။ သို့သော်..မီးက ပျက်နေ၏။ တစ်မြို့လုံးမှောင်မည်းတိတ်ဆိတ်လျက်။ မိုးကလည်း တစ်ဖွဲဖွဲနှင့် စွေနေသည်။
“ရင်ခုန်လိုက်တာ..”
အိမ်ရှေ့ခန်းတွင်ထိုင်ရင်ခုန်နေရင်း အိပ်ငိုက်လာသည်။ ခဏလှဲနေစဉ် အမေက ပြောလာ၏။
“သမီး…အေးတယ်…လှဲချင်ရင် အိပ်ယာထဲသွားနေ..”
အိပ်ယာထဲတွင် ဆက်ရင်ခုန်ရင်း..ရင်ခုန်ရင်းဖြင့် မျက်ခွံများလေးလာသည်။
“ရင်ခုန်လိုက်တာ..ရင်ခုန်…ရင်..”
…
အိပ်ပျော်နေရာမှ ဆတ်ကနဲနိုးလာသည်။
“အောင်စာရင်း..”
ဝုန်းဒိုင်းကြဲပြီး အောက်ထပ်ဆင်းလာရင် နာရီကြည်ေ့တာ့ (၃း၃၀)..
“အမေ..အမေ..ကျောင်းက ဘယ်သူ လာအော်သေးလဲ..”
“ဘယ်သူမှ လာမပြောဘူး…ကာယကံရှင်တဲ့..အိပ်နိုင်သေးတယ်..ငါ့မှာ အခုထိ မအိပ်ရသေးဘူး…နင့်အဖေလည်း သွားသွားကြည့်တယ်..မထွက်သေးဘူးတဲ့..”
“မထွက်သေးလည်း ကျောင်းက ဆရာတွေက သိနေပြီပေါ့..နှစ်တိုင်းက ဒီအချိန်ဆို ဆရာမသီတာကို ကျောင်းကတစ်ယောက်ယောက် လာပြောနေကျလေ…အခြေအနေမကောင်းလို့လား မသိပါဘူး အမေရာ..
“လာ..အမေတို့ သွားကြည့်ရအောင်..”
မိုးက စွေနေဆဲ။ အမေနှင့် မောင်လေးက စက်ဘီးတစ်စီး။ ဝတီက စက်ဘီးတစ်စီး။ ကျောင်းရှေ့တွင်တော့ စောင့်နေသော လူအုပ်ကြီးကို တွေ့ရသည်။ အောင်စာရင်း မထွက်သေးပါတဲ့။ မနက် ငါးနာရီခွဲလောက်မှ ကပ်ပါမည်တဲ့။
မိုးရေတွေကြားထဲတွင် အမေ့လက်ကို တင်းတင်းဆုပ်ထားမိသည်။
“အမေ..လေးဘာသာလည်း ဘာမှ မဖြစ်ပါဘူးနော်..”
“အော်..ရသလောက်ပေါ့ သမီးရယ်..စိတ်ငြိမ်ငြိမ်ထား..ဟဲ့..ဟိုမှာ နှင်းဆီ အဖေမို့လား..”
“အယ်..ဟုတ်ပါ့..သူတို့က ကြိုသိထားတာ မဟုတ်ဘူးလား..သေချာအောင် လာကြည့်တာထင်တယ်..”
မကြာမီပင် ကျောင်းထဲမှ လက်နှိပ်ဓာတ်မီးရောင်များကို မြင်ရသည်။ ဆရာတွေက နီးစပ်ရာကို လာပြောနေသည်ထင်၏။ သူအောင်လား..ငါအောင်လား စသည့် အသံများကိုလည်း ကြားရသည်။
“သမီး..ရှေ့သွားပြီး မေးကြည့်ပါလား..သူများတွေ မေးနေကြတယ်မို့လား..”
“အာ..မမေးချင်ဘူး..သမီးပါတယ်ဆိုရင် အသံထွက်လာမှာပေါ့…သွားတော့မမေးရဲဘူး..”
“သွားမေးစမ်းပါ သမီးရယ်…တိတိကျကျ သိရတာပေါ့.. သူများတွေ သိနေကြပြီ..”
အမေ၏ တိုက်တွန်းမှုကြောင့် ရှေ့တိုးသွားလိုက်တော့ ဝတီတို့နှင့် အမျိုးတော်သော ဆရာကို တွေ့ရသည်။
“ဘဘ..ဘဘ..သမီး သမီး..”
“အေး..ဝတီ..ရောက်လာပြီလား..”
“ဟုတ်..ဟို..သမီး ဘယ်နှစ်လုံးပါလဲဟင်…”
17 comments
လုံမလေး မွန်မွန်
October 8, 2012 at 2:15 pm
အဟီး..ဝိုင်းမဆဲကြနဲ့နော်… (၈) ကို ရေးနေပါတယ်… အမြန်ဆုံးလေး တင်ပါမယ်နော်.. :kwi:
(၆) နဲ့ (၇) နဲ့ကြားမှာ ကြာသွားတာ တောင်းပန်ပါတယ်ရှင်..အောက်တိုဘာ (၁) ရက်နေ့ကစပြီး အရှုပ်ထုပ်တွေနဲ့ ကြုံနေရတာ ဒီမနက်မှ နည်းနည်း ရှင်းသွားလို့ပါ…
ခင်မင်ရသော
လုံမလေး
ဂျူဂျူး
October 8, 2012 at 2:24 pm
လုံမတို့ကတော့ လုပ်ချလိုက်ပြန်ပြီ… ရင်တထိတ်ထိတ်နဲ့ ဖတ်နေတာကို ကောင်းခန်းဆို တိခနဲပဲ… နောက်အပိုင်း ဆက်မျှော်နေတယ်နော်…
jullies cezer
October 8, 2012 at 2:40 pm
ကောင်းခန်းရောက်မှ လုပ်ချလို်က်ပြန်ပြီနော် ဆက်ရန်ကိုမျှော်နေပါတယ်…..
Khaing Khaing
October 8, 2012 at 2:51 pm
ဟယ် .. တိုးလိုးတန်းလန်းကြီး …. အိုက်ဒါကြောင့် အခန်းဆက်တွေ မဖတ်ချင်တာ … ကိုရီးယားကားတောင် မကြည့်ဘူး … စောင့်ကြည့်ရတာ စိတ်မရှည်လို့ ………
Novy
October 8, 2012 at 2:53 pm
နှင်းဆီနဲ့ဝတီတော့ ရင်ခုန်မခုန်မသိဘူး
နိုဗွီတော့ ရင်တွေခုန်ပြီးရှော့တောင်ရချင်တယ်
ကိုခင်ခ
October 8, 2012 at 2:58 pm
လုံမလေးရေ ဝတီတို့ စာမေးပွဲအောင်စာရင်းကြည့်ဖို့ ကျောင်းနားရောက်တော့မှ ပြောသံကြားရတယ်
အောင်စာရင်းက အဆင်သင့်ကပ်ပြီးကျောင်းအုပ်ဆရာမကြီးရုံးခန်းထဲမှာ မနေ့ညကသိမ်းထားခဲ့တာ၊ ဒီမနက်ကျောင်းအုပ်ဆရာမကြီး အခန်းသော့ပျောက်နေလို့ ခဏစောင့်ပါတဲ့။
ကဲ အပိုင်း(၈)သာ မျှော်ပေါ့ဗျာ။
Crystalline
October 8, 2012 at 2:59 pm
ကွက်တိဖြတ်ချလိုက်ပြန်ပြီ.. တင်းတယ်တော့..
Mon Kit
October 8, 2012 at 3:11 pm
ဝတီ နဲ့ နှင်းဆီရေ……..
ရင်ခုန်ရလွန်းလို့ ရူးပါဘဲ…… :hee:
ညန်ညန် ဆက်ရေး…
Shwe Tike Soe
October 8, 2012 at 3:12 pm
ဟာတောက်စ်စ် (မူပိုင် ဂ) သူလုပ်တာနဲ. ကော်ဖီခွက်တောင်မှောက်တွားဘီ…….. မုန်းထာအေ.. တန်းလန်းကြီး………. အခုတော့ မလုံမလေး လုပ်တာနဲ. စိတ်ထဲ မတင်မကျနဲ. မှောက်နေတဲ့ကော်ဖီ လျှာနဲ.ကောက်လျှက်ပလိုက်မယ်…….. ငါနော် ငါ့နှယ့်…
တူညားတားတမီးကို စိတ်ထိခိုက်အောင်လုပ်ဒယ်…. မြန်မြန်တင်နော်… ကြာလို.ကတော့… လုံမလေးတော့ ကော်ဖီနဲ.တို.ချားပစ်မယ်………. ခွီးးးးးးးးးးးးးးးးးးးးးး
Shwe Tike Soe
October 8, 2012 at 3:21 pm
ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ငါးလုံးတဲ့ ငါးလုံးတဲ့ ဟေးးးးးးးးးးးးးးးးးးးးးးး ဝတီ……………..
တို.အိမ်ဘေးက ကြက်မကြီးက ဥတာပြောပါဒယ်…………. ခွီးခွီးခွီး :kwi: :kwi:
Shar Thet Man
October 8, 2012 at 3:21 pm
အရှည်ရေးပြီးရင် အတိုလည်းရေးဦးနော်…အတိုဆိုတော့မြန်မြန်နဲ့ပိုထိရောက်တာပေါ့
လုံမလေး မွန်မွန်
October 8, 2012 at 3:40 pm
တူများက ကြိုပြောထားတယ်လေ.. ဟွန့်..ဝိုင်းပြောနေကြတယ်.. ဒီနေ့ (၈) ကို တင်ပေးမယ်နော်… စိတ်မကောက်ကြနဲ့…တိလား… :kwi:
shwe pont
October 8, 2012 at 4:21 pm
လုံမရေ
အရေးသားကောင်းလေးတွေနဲ ့ နှိပ်စက်လှချည်လား 😀
မနက်က တခေါက်တက်မျှော်သေးတယ် (၇) ကို၊ ခု (၇) ဖတ်ပြီးတော့ (၈) ဖတ်ချင်ပြန်ရော… ရောဂါ….. :(:
မောင်ပေ
October 8, 2012 at 7:18 pm
မွန်လေးရာ
မွန်လေး ဘယ်နှစ်လုံး ပါပါ
ကိုပေ က တော့
အရင်လို ဂျစ်သွားမှာပါကွာ… ( ခရက်ဒစ် တူ ကိုထူးအိမ်သင် )
padonmar
October 8, 2012 at 8:04 pm
လုံမလေးရေ
အန်တီ ၁ဝ တန်းအောင်စာရင်းထွက်တုံးက အကြောင်းသတိရပြီး ငိုချင်လာရော။
ကြောင်ကြီး
October 9, 2012 at 10:09 am
နှင်းဆီမေ
ထင်းသီဖွေ
ပျင်းအီခွေ
မြင်းဟီနေ..
လင်းညီဆွေ
ဒင်းပလီထွေ
ချင်းပြည်နွေ
သင်းကြည်ဝေ..။
လုံမလေး မွန်မွန်
October 9, 2012 at 1:14 pm
@မိတိုက်-
ရွှီးလိုက်တာ မှန်သွားတယ်ပေါ့.. ငါးလုံးဆိုတာ.. :kwi:
@Shar Thet Man-
ရှေ့တွေမှာ အတိုလေးတွေ ရေးထားပါတယ်ချင့်…ထပ်ရေးဖို့ ကြိုးစားနေပါတယ်..
@shwe pont-
“ဒုန်း”..အရေးအသားကောင်းတယ်ဆိုလို့ မြောက်သွားပြီး ခေါင်းမိုးနဲ့ တိုက်မိတဲ့အသံ..
@ကပေ-
ဂျစ်ပါ ..ဂျစ်ပါ… ဂျစ်လို့မဝရင် အိမ်မှာရှိတဲ့ ဂျစ်ကို ငှားရဦးမလား… :harr:
@အန်တီပဒုမ္မာ-
ငိုချင်တဲ့အကြောင်းလေး သိချင်လိုက်တာ..အန်တီတို့က ဒီလောက်တော်တာကို…ဂုဏ်ထူးအများကြီး ရခဲ့မှာပေါ့…
@ဦးကြောင်-
ကာရန်စဉ်းစားလိုက်ဦးမယ်နော်.
ဝတီ
….
….