သုဿန်သို့ အလည်သွားကြည့်ခြင်း
ကျွန်မရဲ့ ဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဘူးတဲ့ တွေ့ကြုံမှုတစ်ခုကို တွေ့ကြုံခဲ့ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာမှာတော့ တစ်ခါဖူးမှ မကြားဖူးပါဘူး။ တရုတ်အခေါ်ဆိုရင်တော့ တစ္ဆေကြီးပွဲ ပုံစံမျိုးပေါ့။ တူ မတူတော့ မသိပါဘူး။ နှစ်စဉ် ကျင်းပခြင်းလည်း မရှိခဲ့ပါဘူး။ ပြောရရင် ‘ဒီလို အလှူဒါနမျိုးကို ခုမှသာ မြင်ရကြုံရခဲ့ ရခြင်း ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားအသင်းမှာ တစ်ပတ်တစ်ခါဆိုသလို တံမြက်စည်းလှဲ၊ သန့်ရှင်းရေးလုပ်၊ ဘုရားပန်းလဲ ဆိုသလို သွားရောက်ကုသိုလ်လုပ်ဖြစ်ခဲ ့ပါတယ်။ ထူးထူး ခြားခြား ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့မှာ ရွှေတိဂုံဘုရားသန့်ရှင်းရေး အသင်းက ကြီးမှူးပြီး မကျွတ်မလွတ် သေးတဲ့ နာနာဘာဝတွေကို အစာသွားကျွေးမယ်လို့ ပြောပါတယ်။ မနောလည်း တစ်ခါမှ မကြားဖူး၊ မမြင်ဖူးလို့ သွားကြည့်ချင်တာလည်းပါတယ်လေ။ ‘ဒါကြောင့် လိုက်သွား ခဲ့ပါတယ်။ ညနေဘက် ၅ နာရီ လောက် ရွှေတိဂုံဘုရားကနေ ကားထွက်မယ်။ ရေဝေးမှာ အစာ သွားကျွေးမှာတဲ့ လိုက်ရဲတဲ့သူမှ လိုက်ခဲ့လို့ ဘုရားဂေါပက လူကြီးကတော့ ပြောပါတယ်။ ဒါနဲ့ ကျွန်မလည်း သူငယ်ချင်းကို အဖော်ခေါ်ပြီး လိုက်သွားခဲ့ပါတယ်။ ပြီးတော့ ဒီလိုပွဲဟာ တစ်ခါမှ မကျင်းပဖူးဘူးတဲ့။ လိုက်တဲ့ သူတွေကလည်း လိုက်ရဲလို့ လိုက်တာ ဟုတ်ပုံမရပါဘူး။ မမြင်ဖူးလို့ ကြည့်ချင်တဲ့သူက များမယ် ထင်ပါတယ်။
ညနေ ၅ နာရီဆိုပေမဲ့ လူစုံမှ ကားထွက်တော့ ၅ နာရီခွဲသွားပါတယ်။ ဒါနဲ့ ကားက နှစ်စီးဆိုပါတော့ ပြီးတော့ ကျွေးမှာက ဒံပေါက်ဆိုပဲ။ ဟင်းနဲ့ သတ်သတ်လွတ်သီးစုံလည်း ပါတယ်။ ပင့်သံဃာက ၁ဝ ပါး ပါပါတယ်။ ဘုန်းကြီးတွေကလည်း ဒီလိုပွဲကို တစ်ခါမှ မကြားဖူး ဘူးတဲ့။ ဒါနဲ့ ရေဝေးရောက်တော့ ည ရ နာရီထိုးနေပြီပေါ့။ အဲဒီမှာ သက်ပျောက်သပိတ်သွပ်တဲ့ခန်းမမှာ အလယ်ကနေ စည်းသဘောမျိုးနဲ့ ကြိုးတစ်ကြိုး တားပါတယ်။ ဘုန်းကြီး ၁ဝ ပါးကတော့ ရှေ့မှာပေါ့။ ပြီးတော့ အဲဒီဝန်းကျင်မှာ စောင့်ရှောက် ကြတဲ့ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမှာပေါ့။ သူတို့ကိုလည်း ပင့်ဖိတ်နေတာကိုလည်း တွေ့ရတယ်။ မနောကတော့ လူတွေအတွက်လို့ ပြောထားတဲ့နေရာမှာ ထိုင်ပြီး လိုက်ကြည့်နေတာပေါ့။ စိတ်က အရမ်းအံ့ဩဖို့ကောင်းတယ်နော်။ အဲဒီအချိန်ထိ ကြောက်လန့်တဲ့စိတ် မဖြစ်ပေါ်လာဘူး။ ပြီးတော့ အသင်းက ယောက်ျားလေးတွေက ဖယောင်းတိုင်တစ်တိုင် ကိုင်ပြီး၊ တစ်ယောက်က ကြေးစည်နဲ့ သုဿန်တွင်းမှာ ရှိတဲ့အုတ်ဂူတွေ ကြားတဲ့ တရားနာလာဖို့ သွားခေါ်တာကို တွေ့ရတယ်။ ပြီးတော့ စည်းတားထားတဲ့အထဲကိုဝင်ဖို့ ပြောတယ်။ ပြီးတော့ ဘုန်းကြီးတွေက တရားဟောတယ် ပြီးတာနဲ့ သုဿန်မှာ အစားတွေရယ်၊ ဖယောင်းတိုင်တွေရယ်၊ အမွှေးတိုင်တွေရယ် အစားတစ်ထုပ်မှာ တစ်တိုင်စီ ထွန်းရတယ်။ မနောက ဖယောင်းတိုင်လိုက်ထွန်းရတယ်။ အစာတွေချတဲ့အခါ တချို့နေရာတွေမှာ တူတောင်ပါသေး။ တူနဲ့မှ စားတတ်တဲ့နာနာဘာဝတွေလည်း ရှိတာပဲတဲ့။ ဒါနဲ့ မနောလည်း ဘယ်မှမကြည့်ဘဲ ဖယောင်းတိုင်လိုက်ထွန်းရော ဆိုပါတော့။ သွားရင်း သွားရင်းနဲ့ ရှေ့ဆုံးကို ရောက်မှန်းမသိ ရောက်နေတာကို သတိပြုမိပြီး ဘေးဘီကို ကြည့်လိုက်တော့ ရင်ခွဲရုံရဲ့ ဘေးချင်းကပ်ရက်နဲ့ တစ်ဖက်က အုတ်ဂူတွေနား ရောက်နေတယ်။ ဘေးမှာ ပါလာတဲ့ သူငယ်ချင်းက အမွှေးတိုင်ထွန်းနေတယ်။ မနောလည်း ဖယောင်းတိုင်ကို မီးအကူးမှာ လေကအဝေ့ ဖယောင်းတိုင်မီးက ငြိမ်းသွားရော ဒါနဲ့ မနောလည်း မကြောက်ဘူးဆိုပေမဲ့ စိတ်က နည်းနည်းချောက်ချားသွားတာပေါ့။ ဘေးက သူငယ်ချင်း ပခုံးကို လှမ်းကိုင်လိုက်တယ်။ ဟာ ဘာပြောကောင်းမလဲ ‘အဲဒီနေရာမှာတင် သူငယ်ချင်းက လန့်ပြီး ထအော်ပါတော့တယ်။ သူ အော်တော့ မနောလည်း အရမ်းကြောက်သွားတယ်။ ပတ်ဝန်းကျင် မှာက မှောင်မည်းနေတာကိုး။ နောက်က မိန်းမကြီးကလည်း ထပ်အော်ပြီး ပြေးပါလေရော။ လူတွေ ယောက်ယက်ခတ်ကုန်ရော။ ဘုရားဂေါပကလူကြီးတွေလည်း ဓာတ်မီးတွေနဲ့ ပြေးလာကြရော။ လူတွေ ပြောပါတယ်။ ဘာမှမဟုတ်ဘဲနဲ့လည်း စိတ်က ကြောက်နေကြ တာလေ။ ဒါနဲ့ကျွေးပြီး မီးတွေ အကုန်ငြိမ်းတော့ ပြန်လာကြတော့တာပေါ့။ ပြန်ရောက်တော့ အချိန်က ည ၉ နာရီထိုးနေပြီလေ။ ဒီလိုပွဲမျိုးကို ဒီတစ်ခါပဲ တွေ့ကြုံခဲ့ရ ပါတယ်။ ပြန်လာတော့ မှတ်သားစရာပါလာခဲ့ပါတယ်။ အတွေ့အကြုံသစ်တစ်ခုပေါ့လေ။ ဪ… သေခြင်းတရာ ဆိုတာ ဘယ်သူမှ မလွန်ဆန်နိုင်ပါလား။
11 comments
winne
July 15, 2010 at 6:31 am
ဒီလိုပွဲမျိုးကို စိတ်ဝင်စားပါတယ် နောက်များကြုံရင် သတင်းပေးပါ လိုက်ကြည့်ချင်တယ်။ သရဲ အစာကျွှေးတာတော့ လုပ်ဘူးတယ် ပုဂံမှာ ဘုရားပုထိုးပျက်တွေ ပြုပြင်တာတွေ ဆရာလေးတပါးနဲ့ တူတူလုပ်ခဲ့ဘူးတယ် ၂၀၀၈ ဖေဖော်ဝါရီတုန်းက အဲဒီက အလှူအပြီးမှာ အလှူမှာ ကြော်ထားတဲ့ ကြာဇံတွေ အလှူမဏပ် ထောင့်လေးထောင့်မှာ လိုက်ပုံပြီးကျွှေးတယ်။ ထူးဆန်းတာကတော့ အနံတွေ ရတယ် တော်တော် ဆိုးတယ် အစကတော့ အဲဒီ ကြာဇံတွေက မကောင်းတော့လို ပုတ်နေတာထင်နေတာ လူတွေ စားတုန်းကတော့ အနံမရှိဘူး နောက်ပြီး ဇလုံထဲ ထည့်တုန်းကလည်း မနံပါ အပြင်ဘက်ကိုထွက်ပြီး ကဲ လာ စားကြ စားကြဆိုပြီး ချပေးလိုက်တဲ့ အချိန်မှာ အနံတွေ ထွက်လာတာပါဘဲ
naung
July 15, 2010 at 7:10 am
စိတ်ဝင်စားရင် မန္တလေးကို လာခဲ့ပါလား
မန္တလေးမှာ သီတင်ကျွတ်လပြည့်နေ့ညထင်တယ်(မဟုတ်ရင် တဆောင်မုန်းလပြည့်နေ့) မှာ မန္တလေးကသုသန်နှစ်ခုမှာ တောင်စလင်းတိုက်ဆရာတော် ဦးတိက္ခ ဦးစီးပြီးလုပ်တယ်။ ၅ နှစ်တောင်မကတော့ဘူးထင်တယ်။
etone
July 15, 2010 at 7:39 am
ကြားရတာအထူးဆန်းပါလားနော် စိတ်တော့ဝင်စားပါတယ် ။ အရင်က ဒါမျိုးလုပ်တယ်ဆိုတာတစ်ခါမှမကြားဖူးဘူး ။ တရုပ်တွေကတော့ဟုတ်တာပေါ့ ။ သုုဿန်မှာသွားတာ ကြားဖူးတာ ပထမဆုံးပဲ ။
winne
July 15, 2010 at 8:58 am
မန်းလေးတော့ မသွားနိုင်သေးဘူး အခွင့်အခါသင့်လို့ ကြုံရင်တော့ သွားကြည့်ချင်တာ အမှန်ဘဲ သုသာန်တွေ ပြောင်းရင်လည်း မင်းမိန့်နဲ့ ကားစီစဉ်ပေးပြီး ပြောင်းပေးရတယ် ကြားဘူးတယ် ပြောင်းပေးတဲ့ ကားတွေဆို လေးလွန်းလို့ မထွက်နိုင်လို့ ခဏနေအုန်း နောက်မှ တခါလာမယ်ဆိုပြီး ပြောမှ ကားနဲနဲပေ့ါပြီး ထွက်လို့ရတာမျိုးတွေလည်း ရှိဘူးတယ်လို့ တော့ လူကြီးတွေ ပြောတာ ကြားဘူးတယ်။
kai
July 15, 2010 at 9:03 am
ဓါတ်ပုံလေးများ ရိုက်မလာဘူးလား သိချင်ပါတယ်။ ဓါတ်ပုံသာ ပါရင် …ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့က ဆိုတော့ တော်တော်ကြာနေပြီဖြစ်ပေမဲ့ အင်မတန်တန်ဖိုးရှိမဲ့သတင်းတပုဒ်ပါ။
manawphyulay
July 15, 2010 at 9:24 am
မရိုက်လာဖြစ်ဘူးရှင်။ ညနေဘက်ထွက်တာဆိုတော့ သုဿန်ရောက်တော့ နည်းနည်းမှောင်နေပြီလေ။ ဒါကြောင့် တစ်ခါမှလည်းမမြင်ဖူးတော့ လုပ်တာတွေ ကျွေးတာတွေ လိုက်ကြည့်နေမိတယ်။
winne
July 15, 2010 at 9:34 am
ဓါတ်ပုံ ဆိုလို့ သတိရတာလေး ပြောပြလိုက်အုန်းမယ်။ တရားစခန်းတခုမှာ ဆရာတော် တရားဟောကြွ ကားပေါ်က ဆင်းတာကို ဓါတ်ပုံရိုက်တာ အချိန်ကတော့ ၆နာရီ တရားပွဲဆိုတော့ အဲဒီ အချိန် ဝင်းကျင်ပေါ့။ ဓါတ်ပုံ ဆရာက ဝါးနေလို့ ပြန်ဖျက်မယ် အလုပ်မှ အမှတ်တမဲ့ သတိထားမိတာတွေ ရှိလို့ မဖျက်ဘဲ နောက်မှ အကြီး ကူးပြီး ပြန်ကြည့်တော့ ဝိုးတိုးဝါးတားနဲ့ ပုံလေးတွေ ပေါ်နေတာတော့ မြင်ဘူးတယ် ပုံတော့ တင်ပေးချင်တယ် ဘုန်းကြီးကို နာမည် ကြီးအောင် လုပ်သလို ဖြစ်မှာ စိုးလို့ မတင်တော့ဘူး။ သိထားတဲ့ အချက်အလက်အနေလောက်ဘဲ ပြောပြတာပါ။
manawphyulay
July 15, 2010 at 9:53 am
အမှတ်တမဲ့ သတိထားမိတာတွေ ရှိလို့****
ဆိုတာ ဘာကိုမြင်လို့လဲဟင်
winne
July 15, 2010 at 10:02 am
ပုံထဲမှာတော့ ကားပေါ်က ဆင်းတဲ့ ဆရာတော် ကို ဘုရားလူကြီးတွေ ဝတ်တဲ့ အဝတ်အစားနဲ့ ခေါင်းပေါင်းနဲ့ လူကြီးတွေလို လူတွေက ကြိုနေသလိုမျိုး နောက်ပြီး ဘာမှ မရှိတဲ့ ကွင်းပြောင်ပြောင်ပြီးမှာ အဆောင်တွေနဲ့ တရားနာနေသလိုမျိုး အဆောင်မှ နှစ်ထပ် အဆောင်လိုမျိုး အဆင့်နဲ့ ဆံပင်ရှည်နဲ့ အမျိုးသမီးတွေလည်းပါတယ်။
Shwemannmay
July 16, 2010 at 3:00 am
မန ္တလေးမှာ အကျွတ်အလွတ်ပွဲဆိုတာရှိပါတယ်။ သေချာစနစ်တကျနဲ ့နှစ်စဉ်လုပ်နေကြတာပါ။ ကိုယ်တိုင်တော့မရောက်ဖူးပေမယ့် သွားဖူးသူတွေကတော့ မျက်စိရှေ ့မှာတင်ဖက်ပေါ်တင်ထားတဲ့ အစားအစာတွေပျောက်သွားတာ ( စားတာကိုပြောတာပါ) မြင်ဖူးတယ်လို ့ဆိုပါတယ်
zuugyi
July 27, 2010 at 4:02 am
မန္တလေးက တောင်မြင့် သချင်္ိုင်းမှာလုပ်လာတာ တော်တော်ကြာပါပြီ… ကျွန်တော်နေတဲ့ အမရပူရမြို့မှာ တစ်နှစ်လုပ်ပါသေးတယ်…. မလုပ်ခင်မှာတုန်းကတော့ ဝေဖန်မှုတွေအများကြီးကြုံခဲ့ရတယ်… အဓိကဝေဖန်သူတွေကတော့ ဘာသာခြားတွေပေါ့… သူတို့တွေရဲ့ဘာသာမှာ သရဲ တစ္ဆေဆိုတာမှမရှိတာ… ဒါပေမယ့် တကယ် အကျွတ်အလွတ်ပွဲလုပ်တော့ ထူးခြားချက်တွေ အများကြီးတွေ့ရတယ်…. အကောင်အထည်ကို မမြင်ရပေမယ့် အသံတွေကြားရတယ်… လာကြည့်တဲ့သူက သိပ်မများပေမယ့် အသံတွေကတော့ ပွဲတော်ကြီး တစ်ခုအတိုင်းပဲ ဆူညံနေတာပဲ… သူတို့အားလုံးကို ကျွေးမွေးပြီးတော့ ရေစက်ချပြီးအမျှဝေတယ်… အကုန်လုံး မကျွတ်ပေမယ့်… ကျွတ်တဲ့သူလည်းကျွတ်သွားမှာပဲလို့တော့ထင်တယ်…. လုပ်သင့်တယ်လို့လည်းထင်ပါတယ်….