“ကျွန်မတို့ရဲ့ မိခင်စာပေ”
မနေ့ညက ကျွန်မစာသင်နေရတဲ့ ကိုးတန်းကျောင်းသားက မေးခွန်းတစ်ခုမေးလာခဲ့ပါတယ်။ “မြန်မာစာကို ဘာလို့ အမှတ်ပြည့် မပေးတာလဲ” တဲ့။ ဒီမေးခွန်းကို ကျွန်မဆယ်တန်းနှစ်မှာ မြန်မာစာဆရာကြီးကို မေးခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ အဖြေက- “စာပေတစ်ခုရဲ့ အနှစ်သာရ၊ စာပေတစ်ခုရဲ့ တန်ဖိုးအရ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး…သမီးအနေနဲ့ သိင်္ဃသူ့သမီးကျောက်စာအရ သိင်္ဃသူ့သမီးရဲ့ စိတ်ထားကို ရေးမယ်ဆိုရင် ဘယ်လိုပဲရေးရေး သူ့ရဲ့စိတ်ထားကို ပြည့်စုံအောင် ဖော်ပြနိုင်မှာမဟုတ်ဘူး…ဒီလိုပဲ နွေရာသီအကြောင်း စာစီစာကုံးရေးမယ်ဆိုရင်လည်း ဘယ်လိုပဲဖြေဖြေ ပြည့်စုံတယ်လို့ မယူဆဘူး…ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေမှာ အမှတ်ပြည့်မပေးဘူး…ဒါက စာပေတိုင်းမှာရှိတယ်…အင်္ဂလိပ်စာမှာဆိုရင်လည်း essay/letter တွေကို အမှတ်ပြည့်မပေးဘူးလေ…”
ဆရာကြီးရဲ့ အဖြေအတိုင်းပဲ ကျွန်မလည်း ပြောပြလိုက်ပါတယ်။ စာစီစာကုံးနဲ့ မေးခွန်းရှည်တွေကလွဲလို့ ကျန်တဲ့မေးခွန်းတွေမှာ အမှတ်ပြည့်ပေးတဲ့အကြောင်းလည်း ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက ထပ်မေးလာခဲ့တယ်။
“ဆရာမတွေ ပေးထားတဲ့အတိုင်း မဖြေရင်လည်း အမှတ်လျှော့တာပဲလား..”
“ဘယ်လိုလျှော့တာလဲ..သူတို့အတိုင်း တစ်လုံးမကျန် ရေးရတာလား…”
“ဟုတ်…သူတို့ရေးပေးထားတဲ့အတိုင်း တစ်လုံးမလွဲဖြေရတာ…”
“အဲ့လိုဖြေရင် ဘယ်နှစ်မှတ်ပေးလဲ..”
“၆ မှတ်…”
“မဖြေရင်ရော..”
“တစ်မှတ်မှကို မပေးတော့တာ…”
“ဖြစ်နိုင်ပါ့မလားဟယ်…ပြစမ်းပါဦး..ဘယ်လိုစာတွေလဲလို့…”
ကျွန်မရဲ့ကျောင်းသား ပိုပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ သူ့ရဲ့ မြန်မာစာစာအုပ်ကို ပထမဆုံးအကြိမ်အဖြစ် ယူကြည့်မိလိုက်ပါတယ်။ (ကျွန်မ သူ့ကို စာသင်တာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်တွေနဲ့ အသစ်တွေသိပ်မသင်သေးတဲ့အတွက် အဓိကတာဝန်ယူထားရတဲ့ သိပ္ပံဘာသာတွေကိုပဲ သင်ဖြစ်နေလို့ မြန်မာစာတွေကို မကြည့်ဖြစ်သေးပါဘူး။) သူ့စာအုပ်ကို ကြည့်ပြီးတဲ့အချိန်မှာတော့ အဲ့ဒီအမှတ်ပေးတဲ့အကြောင်းကို သေချာဆက်မမေးဖြစ်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ သူမြန်မာစာရေးထားတာတွေကိုကြည့်ပြီး တော်တော်လေး အံ့ဩသွားမိလို့ပါ။
ကိုးတန်းကျောင်းသားတစ်ယောက်က မြန်မာစာတွေကို စာပုဒ်မခွဲဘဲ တစ်ဆက်တည်းရေးထားပါတယ်။
“ဟင်..မြန်မာစာတွေကို ဘယ်လိုရေးထားတာလဲ..အကုန်တစ်ဆက်တည်းတွေပါလား…ခွဲမရေးဘူးလား..”
“မရေးဘူး..တီချယ်..သားတို့တွေ ဒီလိုပဲရေးတာ…”
“စကားပုဒ်အလိုက် ခွဲရေးရတယ်လေ…ဒီမှာတွေ့လား..ပုံနှိပ်စာအုပ်ထဲမှာ ရေးထားတာ..ယေဘုယျအားဖြင့် ဝိဘတ်တွေ၊ သမ္ဗန္ဓတွေ နဲ့ ဆုံးရင်၊ ပုဒ်ကလေး၊ ပုဒ်မတွေရေးပြီးရင် နောက်စာပုဒ်ကို နည်းနည်ခြားပြီး ခွဲရေးတယ်…ဆရာမတွေက ဘာမှမပြောဘူးလား…”
“ဘာမှမပြောဘူး..သားတစ်ယောက်တည်း မဟုတ်ဘူး…သားတို့သူငယ်ချင်းတွေအကုန်လုံး ဒီလိုပဲရေးကြတာ…”
ကျွန်မစိတ်ထဲကနေ ဘုရားတလိုက်မိပါတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကြီးကျောင်းက တစ်ချို့သော ကိုးတန်းကျောင်းသားတွေက မြန်မာစာကို စာပုဒ်ခွဲရေးရမှန်း မသိကြပါဘူးတဲ့။ ကျွန်မရဲ့ကျောင်းသားကို အချိန်မီလေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တော့ သူပြတဲ့စာတွေကို ကြည့်လိုက်ပါတယ်။ “ချစ်လှစွာသောသား” စကားပြေထဲက ကောလိပ်ကျောင်းသား မောင်ဘဖေအပေါ်မှာ ထားရှိတဲ့ ဖခင်ရဲ့မေတ္တာတရားကို ရေးခိုင်းထားတာပါ။ စကားပြေထဲက စာတွေကို ကောက်နုတ်ချက်အနေနဲ့ မူရင်းအတိုင်း ယူသုံးတာကလွဲရင် သည်၊ ၏ မလွဲ ဖြေစရာမလိုပါဘူး။ ကျောင်းသားတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာရေးပိုင်ခွင့် ရှိပါတယ်။ လမ်းကြောင်းလွဲသွားလို့ အမှတ်လျှော့တာက တစ်မျိုးပေါ့။ သူနားလည်အောင် တတ်နိုင်သလောက် ရှင်းပြပေးခဲ့ပါတယ်။
အဲဒီမှာ သူထပ်ပြောတဲ့ စကားတစ်ခွန်းက ကျွန်မကို ပိုပြီး အမောဆို့သွားစေပါတယ်။
“အခုမှ တော်သွားသေးတာ…အရင်နှစ်တွေကဆို ဝါကျကအစ ဆရာမရေးပေးထားတဲ့အတိုင်းပဲ ဖြေရတာ..မဟုတ်ရင် အမှတ်မပေးဘူး…”
(ဝါ ကျ လို့လည်း အသံထွက်သွားပါသေးတယ်။)
စာသင်ပြီးပြန်အလာမှာတော့ ကာလအတန်ကြာ ကျွန်မခေါင်းထဲမှာရှိနေတဲ့ အကြောင်းအရာတွေကို ပိုပြီးစဉ်းစာမိသွားပါတယ်။ အခုနောက်ပိုင်းကျောင်းသားအများစုဟာ (အားလုံးနီးပါးတောင် ဖြစ်နိုင်ပါတယ်) မြန်မာစာကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ပါဘူး။ ဆရာတွေကလည်း တန်ဖိုးထားတတ်အောင် မသင်ပေးနိုင်လို့လားလို့ ထပ်ဆင့်တွေးမိပါတယ်။ မိခင်စာပေဖြစ်တဲ့အတွက် ဘယ်လိုဖြေဖြေ အချိန်တန်ရင်အောင်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့ ပစ်ပယ်ထားကြပါတယ်။ ကျူရှင်နဲ့ဂိုက်တွေယူရင်တောင် မြန်မာစာကို ချန်ထားလေ့ရှိကြပါတယ်။
ဟုတ်ပါတယ်။ မြန်မာစာက အောင်မှတ်ရနိုင်ပါတယ်။ သဒ္ဒါပိုင်းဆိုင်ရာ၊ ခက်ဆစ်၊ ဝါကျ၊ အလင်္ကာ၊ မေးခွန်းတိုတွေကို အသေအချာသာ ဖြေနိုင်ရင် အောင်မှတ်ရပါတယ်။ ဒါပေမယ့် မိခင်စာပေ၊ မိခင်ဘာသာစကားကို အောင်မှတ်ပဲရအောင် ဖြေနိုင်တယ်ဆိုတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ မြင်မိပါတယ်။ ကျွန်မတို့ရဲ့ မြန်မာစာပေကို နားအလည်ဆုံး၊ အမြတ်နိုးဆုံး၊ တန်ဖိုးအထားဆုံးက မြန်မာလူမျိုးတွေပဲ ဖြစ်ရမှာပါ။ မြန်မာစာပေကို မြန်မာလူမျိုးကမှ တန်ဖိုးထားမထိန်းသိမ်းရင် မြန်မာစာပေ ကွယ်ပျောက်သွားဖို့ပဲ ရှိပါလိမ့်မယ်။
အဲဒီမှာ ကျွန်မသူငယ်ချင်းတစ်ယောက် မေးဖူးတာကို သတိရမိပါတယ်။ (ရွာသူရွာသားတွေသိအောင် အတင်းစပ်ပြီး ပြောရရင်တော့ အဲဒီသူငယ်ချင်းက ကျွန်မရဲ့ဇာတ်ကောင် နှင်းဆီပါ။) သူက ဆရာကြီးကို ဘာပြောခဲ့လဲဆိုရင် “ဒီရေသည်ပြဇာတ်ကို သင်ရတာ စိတ်တောင်ညစ်လာပြီ…အဲဒီစလေဦးပုညတို့ကလည်း ဘာလို့ ဒီစာတွေကို ရေးခဲ့တာလည်း မသိဘူး..သူတို့က ရေးခဲ့တော့ သမီးတို့က သင်နေရတာပေါ့..မရေးခဲ့ရင် ဘာမှသင်စရာလိုမှာ မဟုတ်ဘူး..” တဲ့။
ဆရာကြီး ပြန်ပြောတာကို အသေးစိတ်တော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် သိသလောက် ပြောရမယ်ဆိုရင် စာပေကြောင့်သာ လူသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာခဲ့ပါတယ်။ စာပေသာ မရှိခဲ့ဘူးဆိုရင်၊ ရှေးကလူတွေသာ စာတွေမရေးခဲ့ဘူးဆိုရင် လူသားတွေဟာ ကျောက်ခေတ်မှာပဲ ဆက်ရှိနေပါလိမ့်မယ် လို့ ပြောခဲ့ပါတယ်။
စာပေကို ထိန်းသိမ်းဖို့ဆိုရင် အဓိကက စာပေအပေါ် ချစ်မြတ်နိုးစိတ် ရှိရပါမယ်။ စာပေရဲ့ အနှစ်သာရကို သိရပါမယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ စာတစ်ပုဒ်ကို သင်ရပြီဆိုရင် အဲဒီစာရဲ့ ဆိုလိုချက်၊ အနှစ်သာရတွေကို အသေအချာသိဖို့ လိုအပ်လှပါတယ်။ ဥပမာအနေနဲ့ “မိခင့်သောက” စကားပြေကို သင်တဲ့နေရာမှာ စာမေးပွဲဖြေဖို့အတွက် အလွတ်ကျက်နေမယ့်အစား မေးလာတဲ့မေးခွန်းအပေါ်မှာ လိုက်လျောညီထွေစွာ ကိုယ့်အမြင်ကို တင်ပြနိုင်ဖို့က ပိုအရေးကြီးပါတယ်။ “မိခင့်သောက စကားပြေပါ မဒ္ဒီဒေဝီ၏ သောကကို ဖော်ပြပါ။”၊ “မိခင့်သောက စကားပြေတွင် မဒ္ဒီဒေဝီ၏ သောကကို ပေါ်လွင်အောင် ရေးဖွဲ့ထားသော အရေးအဖွဲ့ကို ရေးသားပါ။”၊ “မိခင့်သောက စကားပြေတွင် မဒ္ဒီဒေဝီ၏သောကကို ပေါ်လွင်အောင် စာရေးသူက မည်သို့ ရေးဖွဲ့တင်ပြထားသနည်း။” စသဖြင့် အကြောင်းအရာရှုထောင့်၊ အရေးအဖွဲ့ရှုထောင့်၊ စာရေးသူရဲ့ တင်ပြပုံရှုထောင့်တွေကို အသေးစိတ်နားလည်နေဖို့ လိုပါတယ်။ ဘာပဲမေးမေး ကျက်ထားတာကိုပဲ ချရေးမယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။
ဒါတွေကို တွေးမိတိုင်း ဆရာကြီးရဲ့ ကျေးဇူးကို အမြဲတမ်းဆင်ခြင်မိပါတယ်။ တကယ်တမ်း အရင်းစစ်လိုက်ရင်တော့ ကျွန်မရဲ့မိဘတွေပေါ့။ အဖေနဲ့အမေရဲ့ ခွင့်ပြုချက်ကြောင့် စာမျိုးစုံကို ဖတ်ရင်းနဲ့ ကြီးပြင်းခဲ့ပါတယ်။ စာဖတ်ဝါသနာအရင်းခံနဲ့ ဆယ်တန်းရောက်လာတဲ့ကျွန်မကို စာပေချစ်စိတ်သွင်းပေးခဲ့တာကတော့ ကျွန်မရဲ့ဆရာကြီးပါပဲ။ ဆရာကြီးရဲ့ သင်ကြားမှုအောက်မှာ သင်ရိုးညွှန်းတမ်းပါ စာတစ်ပုဒ်ချင်းစီရဲ့ အနှစ်သာရ၊ ဆက်စပ်အကြောင်းအရာတွေရဲ့ နောက်ခံတွေကို အလေးအနက်သိရှိခဲ့ရပြီး မြန်မာစာကို ချစ်မြတ်နိုးလာပါတယ်။ ချစ်မြတ်နိုးလာတာနဲ့အမျှ လွဲချော်သွားမှာ၊ ပျောက်ကွယ်သွားမှာတွေကို စိုးရိမ်လာပါတယ်။ အကျိုးဆက်အနေနဲ့တော့ သူငယ်ချင်းတွေကြားမှာ အမြင်ကတ်ခံရတဲ့သူတစ်ယောက် ဖြစ်လာတော့တာပါပဲ။ စာလုံးပေါင်းအမှားမခံ၊ အသုံးအနှုန်းအလွဲမခံ၊ တစ်ခုခုအမှားတွေ့ရင်လည်း ပြင်မဆုံးနဲ့ “နင်က ဆရာမကြီးလား” ဆိုပြီး ချဉ်ဖတ်ဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ မြန်မာစာနဲ့ ပတ်သက်ရင် အမုန်းခံပြီး တတ်နိုင်သလောက် ပြင်ပေးနေဦးမှာပါပဲ။ ဒီလိုပဲ ကျွန်မရဲ့အမှားတွေကို ပြင်ပေးရင်လည်း ဝမ်းသာစွာနဲ့ လက်ခံဦးမှာပါပဲ။
ဒီနေရာမှာ ကြုံကြိုက်လို့ ကျွန်မစိတ်ထဲ မကျေမလည်ဖြစ်နေတဲ့ ကိစ္စတစ်ခုကို ပြောချင်ပါတယ်။ “သူမ” ဆိုတဲ့ အသုံးအနှုန်းပါ။ ကျွန်မရဲ့ဆရာကြီး အဆိုအရ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆရာမောင်ခင်မင် (ဓနုဖြူ) အပါအဝ်င ဆရာအတော်များများက အကြိမ်ပေါင်းများစွာ ပြောခဲ့၊ ရေးခဲ့ပြီးပါပြီတဲ့။ ဒါပေမယ့် ကျွန်မကတော့ ကျွန်မအမြင်လေးကို ထပ်ပြောချင်လို့ပါ။
“သူမ” ဆိုတဲ့နာမ်စား မြန်မာစာမှာ မရှိပါဘူး။ ဒီအသုံးအနှုန်းကို ဘာသာပြန်ဆရာတွေက စတင်သုံးခဲ့ကြပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ he/she ဆိုတဲ့ စကားကို ဘာသာပြန်တော့ ကွဲပြားမှုရှိအောင် he ကို “သူ”၊ she ကို “သူ(မ)” လို့ ပြန်ဆိုရေးသားခဲ့ပါတယ်။ ဒါကို ဘာသာပြန်ဆရာတွေက she ကိုရေးတဲ့နေရာမှာ အမျိုးသမီးနာမ်စားမှန်းသိအောင် ရေးထားတဲ့ “(မ)” မှာ ကွင်းကိုဖြုတ်ပြီး “သူမ” လို့ သုံးခဲ့ရာက အရေးစာပေမှာ “သူမ” တွေ ခေတ်စားလာပါတယ်။
အခုနောက်ပိုင်းမှာတော့ အပြောစကားမှာပါ သုံးလာကြပါတယ်။ ကျွန်မစိတ်ထင် MRTV-4 က အစီအစဉ်တင်ဆက်သတွေက စခဲ့ကြတယ်ထင်ပါတယ်။ အပြောစကားမှာ လုံးဝမပြောတဲ့ “သူမ” ဆိုတဲ့ စကားလုံးကို အရေးနဲ့အပြော ရောထွေးနေတဲ့ သူတို့ရဲ့ တင်ဆက်မှုစာကြောင်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ အမှားကို အမှားမှန်း မသိလို့လား၊ ဒါမှမဟုတ် ကျား၊ မ ခွဲပြောချင်တဲ့ ရည်ရွယ်ချက်နဲ့ အမှန်ထင်နေလို့လားတော့ မသိပါဘူး။ အခုချိန်အထိ ဘယ်သူမှ မပြင်ကြပါဘူး။ နောင်လည်း ပြင်မယ် မထင်ပါဘူး။
ကျွန်မတို့ နေ့စဉ်ပြောနေကျ စကားထဲမှာ မိန်းမတစ်ယောက်ကို ညွန်းမယ်ဆိုရင် “သူမ” လို့ ဘယ်တော့မှ သုံးလေ့မရှိပါဘူး။ အဲ့ဒီ “သူမ” လို့ပြောတိုင်း ကျွန်မနားထဲကို ကန့်လန့်ဝင်လာတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် မြန်မာစာမှာ လုံးဝမရှိတဲ့ “သူမ” ဆိုတဲံ အသုံးအနှုန်းကို အရေးမှာရော အပြောမှာပါ ပျောက်စေချင်ပါတယ်။ ကျား၊ မ ရောထွေးနိုင်တယ်လို့ ထင်ရင် နာမည်တွေနဲ့ အစားသုံးပြီး ပြောနိုင်ရေးနိုင်ပါတယ်။
ဒါကြောင့် မြန်မာစာ၊ မြန်မာစကားဆိုတာ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ မိခင်စာပေ၊ မိခင်ဘာသာစကားပါ။ ဒါကြောင့် မြန်မာစာပေ မပျောက်ကွယ်အောင်၊ အဆင့်အတန်းမြင့်မားအောင် မှန်မှန်ကန်ကန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။ နောင်မျိုးဆက်ပေါင်းများစွာတိုင် စာပေချစ်စိတ်ကို လက်ဆင့်ကမ်းရင်၊ အများညီ ဤ ကို ကျွဲ ဖတ် မဖြစ်ရလေအောင် တတ်နိုင်သလောက် ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ချင်ပါတယ်ရှင်။
မွန်မွန်
၁၈.၁၁.၂၀၁၃
မနက် ၁ နာရီ ၃ဝ မိနစ်
ထုံးစံအတိုင်း တွေးမိသလောက်လေးတွေ ရေးထားတာဖြစ်တဲ့အတွက် အားဖြည့်ဆွေးနွေးမှုတွေကို စောင့်နေပါတယ်လို့….
28 comments
Mလုလင်
November 18, 2012 at 1:14 pm
ဆိုတာလေး တွေ့လိုက်လို့ … သူတို့ တွေက .. အလုပ် က မအားကြတာလား .. ပြင်ပေးမယ့် သူမရှိကြတာ လားတော့ မသိဘူး .. မြန်မာ စာ အသံထွက် တင် မဟုတ် … အင်တာနေရှင်နယ် အသံထွက် ပါ .. မှားတတ်ကြ တာတွေ့ရပါကြောင်း .. အားဖြည့်ပါသလေ ..။
ဝင့်ပြုံးမြင့်
November 18, 2012 at 1:18 pm
မြန်မာစာကို တန်ဖိုးထားတဲ့ ညီမကို လေးစားမိပါတယ်။ အမတို့လည်း အင်္ဂလိပ်စာနောက်ကို လိုက်ပေမယ့်၊ အမ အစွဲမက်ဆုံးက အင်္ဂလိပ်စာ ဖြစ်နေပေမယ့် တကယ်တမ်းမှာ မြန်မာစာမြင့်ဖို့ သိပ်အရေးကြီးမှန်း သိပါတယ် ညီမရေ။ ညီမပြောလို့ အခုအိမ်မှာ သမီးကို ဘိုလိုမှုတ်နေတာ ပြင်သင့်သလောက် ပြင်ရတော့မယ်။ အမက သမီးကို ဘာသာစကားနှစ်ခုကျွမ်းကျင်စေချင်ဇောနဲ့ လုပ်တာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်။ အခုညီမစာဖတ်မှ လန့်သွားတာ။
”သူမ” ကိစ္စကလည်း ညီမ ပြောသလိုပါပဲ။ အမ ဘာသာပြန်တဲ့အခါ စာပြောမှာ သုံးပါတယ်။ စကားပြောမှာ ထည့်မသုံးပါဘူး။ အတတ်နိုင်ဆုံး မြန်မာဆန်အောင်ရေးပေမယ့် မြန်မာမှုတော့လည်း မပြုဘူး။ ကိုယ့်ဟန်နဲ့ကိုယ်ပေါ့နော်။ အမ လက်ကိုင်ထားတာက explicit ဖြစ်ဖို့ပါ။ “သူမ” ကိစ္စမှာ ညီမပြောတာကို ထောက်ခံ ပါတယ်။ ၉တန်း ပညာရေးထဲက မြန်မာစာကိစ္စကိုတော့ အမ တကယ်မသိဘူး။
ခင်မင်သော အမ။
ဝင့်ပြုံးမြင့်
November 18, 2012 at 1:20 pm
၁ဝ တန်းနဲ့ ၉ တန်းမှားသွားလို့ ညီမရေ။ ကွန်မင့် ၂ခုဖြစ်သွားတယ်။
Thu Wai
November 18, 2012 at 1:20 pm
ကျွန်တော့်တုန်းကလဲ ၁ဝ တန်း စာမေးပွဲကြီးမှာ မြန်မာစာကို ၁ နာရီပဲဖြေခဲ့ပြီးထွက်လာတာ ကျန်တဲ့ဘာသာတွေကျမယ်မှန်းထားတော့ ပြီးစလွယ်ဖြေပြီးထွက်လာတာပေါ့ ။
အဲဒါငါးဆယ့်နှစ်မှတ်ရတယ် နောက်ဘာသာတွေလဲပြီးစလွယ်ဖြေလိုက်တာ ကျမယ် ထင်တာအောင်သွားတော့ သုံးစားမရတဲ့အမှတ်နဲ့ပဲ တက်ကသိုလ် ရောက်သွားတယ် အခုပြန်တွေးလိုက်ရင် နောင်တရစရာတွေချည်းပဲ။
surmi
November 18, 2012 at 1:32 pm
ကျုပ်လည်း ကျုပ်ကလေးတွေကိုစာသင်ပေးနေရင်း မကြာခဏ
ဒေါသထွက်ရတယ်။ သူတို ့ရဲ ့ ဆရာတွေကြောင် ့ပါ ။
အဲဒီ ဆရာတွေကိုပဲ အကြိမ်ကြိမ်ပစ်မှားမိပြန်တယ် ။
ခက်တာက ဆရာဆိုတဲ ့သူတွေမှာ စေတနာရော ပညာပါနုံချာသွားပြီထင်တယ်။
ဆရာအားလုံးမဟုတ်ပါ ။ ကျုပ်ရေးဖူးပါတယ် ….”စာတ်ပြီးမှ သူငယ်တန်းတက်ပါ ” ဆို တဲ ့ခေါင်စဉ်နဲ ့
ပြောချင်တာကတော ့ တပည် ့ညံ့တာ ဒီလိုကိစ္စမှာဆိုရင် ဆရာမှာတာဝန်ရှိတယ် ။
မကျိုးစားတာက တပည် ့တာဝန် ။ ခုလိုအမှတ်ပေးနည်းကတော ့
လုပ်ပိုင်ခွင် ့ကိုအသုံးချပြီး အာဏာပြ လူပါးဝတာပဲ ။ ကျောင်းဆရာလောကထဲမှာလည်း မျက်ခွက်ပြောင်တဲ ့ ဆရာမတွေပဲ
ခတ်များများကျန်တော ့တယ် ။ဆရာတွေက အလုပ်ထွက်ကုန်ပြီ။
ယေဘူယ ပျမ်းမျှအားဖြင် ့ အသင်အပြမှာ ဆရာက ဆရာမထက်
ပိုကောင်းပါတယ် ။ အင်းးးးးးးးး ကျုပ်လည်း လာငှားတဲ ့သူရှိရင်
ကျောင်းဆရာလေးများ လုပ်ရင်ကောင်းမလားလို ့……..ဟဲဟဲ
:harr:
မဟာရာဇာ အံစာတုံး
November 18, 2012 at 2:14 pm
ကျွန်တော် ကျောင်းသားဘဝကလည်း ဒီလိုမျိုး ညည်းခဲ့မိပါတယ်။ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) မှသည် တက္ကသိုလ် ကို ရောက်တဲ့အထိ ကျက်ဖြေ ဆိုတဲ့ စနစ်ကိုပဲ ကျင့်သုံးခဲ့မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မှာ လုံလောက်တဲ့ ဗဟုသုတမှ မရှိခဲ့ဘဲကိုး။ ရှိအောင်လည်း မလေ့လာခဲ့ဘူး။ စာအုပ်ထဲကစာကို ကျက်တယ်။ ပြီးရင် ဖြေတယ်။ မေးခွန်းလေး နည်းနည်း လှည့်လိုက်တယ် ဆိုရင်တောင် ခေါင်းတစ်ခုလုံး ချာချာ လည်သွားရပါတယ်။
စာအုပ်ကြီး အတိုင်း ကျက်တယ်။ ဖြေတယ်။ ဒီလိုနဲ့ တက္ကသိုလ်အထိ ရင်းနှီးခဲ့ရပါတယ်။ မြန်မာ စကားပြေ၊ စာစီစာကုံးလည်း ဒီလိုပဲ အပြင်က စာစီစာကုံး စာအုပ်တွေ ဝယ်ပြီး ကျက်တယ်။ ခေါင်းစဉ် တူပြီ၊ နီးစပ်ပြီ ဆိုတာတဲ့ တစ်သွေမသိမ်း ကျက်ထားတဲ့အတိုင်း ဖြေချလိုက်တော့တာပဲ။ ကိုင်း … ဒါဖြင့် ဒီလိုမျိုး ကျောင်းသားတွေ ဘယ့်နှယ် စာ တတ်တယ် ပြောလို့ ရနိုင်ပါ့မလဲ။ ဒီလိုမျိုး ကျောင်းသားတွေက ကိုယ့်မိခင် ဘာသာစကားကို ဘယ်လိုမျိုး ထိန်းသိမ်းနိုင်ကြမှာတဲ့လဲ။ ဒါက ကျွန်တော်တို့ ကျောင်းသားဘဝက အဖြစ်ကို ပြောပြတာပါ။
ဒါ့ထက် ““သူမ” ဆိုတဲ့နာမ်စား မြန်မာစာမှာ မရှိပါဘူး။” ဆိုတဲ့ စကားရပ်တွေကို သိရှိခွင့် ရလိုက်တဲ့အတွက် မမွန်မွန်ကို ကျေးဇူး အထူးပင် တင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့် အနေနဲ့ ဒီစာကို မဖတ်ရသေးခင် အထိ “သူမ” ဆိုတဲ့ စကားလုံးကို မြန်မာစာ စကားပါပဲလို့ ထင်မှတ်မိခဲ့တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
Hnin Hnin
November 18, 2012 at 2:29 pm
မွန်ရေ…
အစ်မလည်း မြန်မာစာကို ချစ်မြတ်နိုးသူပါ..ကျောင်းသူအရွယ်တုန်းကလည်း
အကြိုက်ဆုံး ဘာသာရပ်တစ်ခုပါ…
‘သူ နှင့် သူမ’ အသုံးကို တစ်သက်လုံး အစ်မ အရိုးစွဲနေတာလေးကို ခွဲခြား
ရှင်းပြသွားလို့ ခုသိသွားပါပြီ…
ဒီပို့စ်ဖတ်ပြီးတော့ အများနဲ့တစ်ယောက် ဖြစ်နေသလို ခံစားသွားရလို့
မြန်မာစာအတွက် ရင်လေးသွားရတယ်…မြန်မာပီပီ မြန်မာစာကို ထိပ်ဆုံးမှာထားပြီး
ရှိနေစေချင်တာပါပဲ…
ရွှေ ကြည်
November 18, 2012 at 2:52 pm
အမွန်ရေ သဘောထားချင်းတိုက်ဆိုင်တယ်ကွယ် ရွှေကြည်မြန်မာစာကို ၇၁ မှတ်နဲ့အောင်တာ (ကြုံကြွား ခိ) လက်ရေးညံ့လို့ဆိုပြီး ဂုဏ်ထူးပြုတ်တယ်လို့ဆရာမကပြောတယ်..။
အမွန်လောက်မလေ့လာမလိုက်စားဖြစ်ပေမယ့်မြန်မာစာကိုတော့ချစ်တယ်..။
မြန်မာစာဆိုတာအလွတ်ကျက်စရာမလိုဘူးဆိုတာကို သင်ခဲ့တဲ့ဆရာမကျေးဇူးနဲ့သိခဲ့ပါတယ်..။
သဒ္ဒါ၊ ခက်ဆစ်တွေလောက်ပဲကျက်ဖြစ်တယ်။
ိဆရာကောင်းတွေ့ခဲ့တယ်ပြောရမယ်။ စာစီစာကုံးရေးနည်းတွေ၊ ဝါကျဖွဲ့နည်းတွေ၊ စကားပြေရေးဖို့စဉ်းစားနည်းတွေကိုအတန်းထဲမှာတင်
မှတ်မိအောင်သင်ပေးတာ အတန်းထဲမှာ ကဗျာကို စကားပြေလက်တန်းထပြန်ခိုင်းတယ် တယောက်ယောက်ပေါ့ တယောက်မှမပြောရင်အတန်းမလွှတ်ပေးဘူးဆိုပြီးပြောတော့
ကြိုးစားပြီးပြောကြတယ်..။ ဆရာမကထောက်ပြဆွေးနွေးတယ် ရေသည်ပြဇာတ်လည်း အဲဒီလိုပဲ..။
အခုတော့အဲဒီဆရာမဆုံးသွားရှာပါပြီ ရောဂါကြောင့်ပါ..။ မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့ရတယ်..။
နောက်ကလေးတွေအတွက်ဆရာမကောင်းတယောက်ဆုံးရှုံးခဲ့ရရှာတယ်..။
သူ၊ သူမ ကိစ္စကတော့အမွန်ပြောမှသိခွင့်ရလို့ ကျေးဇူးတင်တယ်အမွန်ရေ..။
Hnin Hnin
November 18, 2012 at 3:04 pm
မမလည်း ၇၃ မှတ် နဲ့အောင်တာ..ဘာကြောင့်တော့မသိ..လက်ရေးတော့ ဝိုင်းတယ်
‘ရွှေကြည့်နောက်လိုက် ကြောင်းကြုံကြွား ‘ (အကြောင်းတိုက်ဆိုင် ကြုံလို့ကြွား 🙂 )
ရွှေ ကြည်
November 18, 2012 at 3:24 pm
ဟယ် တော်လိုက်တဲ့ အူဝဲရဲ့မမ..
ဂုဏ်ထူးမရတာဘာကြောင့်လဲဆိုတော့ သူတို့ကမြန်မာစာဆိုအမှတ်ကိုမပေးချင်တာလေ..ဟိုလိုအကြောင်းရှာဒီလိုအပြစ်ရှာနဲ့ (ကိုယ်ဂုဏ်ထူးမရလို့ပြောချင်းဖြစ်ပါသည် :harr: )
Mလုလင်
November 18, 2012 at 4:11 pm
အနာဟောင်း ကို လာဆွ ကြတာကိုး …..
Hnin Hnin
November 18, 2012 at 5:01 pm
၈ တန်းတုန်းက ၄ဘာသာ ထွက်တာ..
မြန်မာစာ ပါတယ်…အူဝဲရေ့
ဖြစ်ချင်ခဲ့တာ ‘ချာဝန်မကြီး’ အခုတော့ ‘ချာတူးလန်ကြီး’ တော်ပါတယ်ဆိုမှ :kwi:
‘က ၃လုံး မမ’
(ကေ ၃လုံး Ko Khin Ka နဲ့ အမျိုးတော်တယ် မထင်ကြပါနဲ့..ဟီဟိ..)
မောင်ပေ
November 18, 2012 at 7:01 pm
အလို…အလို
ကျုပ်ဖြင့် ၁ဝတန်းတုန်းက ကျူရှင်မှာ မြန်မာစာဖြေတိုင်း အမှတ် ၁၀ဝ + ၁၀၀ဝ ချည်း ရခဲ့တာကလား
:kwi:
သကြားလုုံးကြော်
November 18, 2012 at 3:13 pm
“မိခင်စာပေဖြစ်တဲ့အတွက် ဘယ်လိုဖြေဖြေ အချိန်တန်ရင်အောင်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့ ပစ်ပယ်ထားကြပါတယ်။ ”
အစ်မမွန်ရေ ၊ ကျမတိုု့လက်ထက်က ကျောင်းသားတွေက မြန်မာစာကိုု အကြောက်ဆုုံးပါ။ ဘာသာစုုံဂုုဏ်ထူးမထွက်တဲ့လူ အများစုုဟာ မြန်မာစာမှာ မရလိုု့ All D နဲ့ လွဲကြတာများတယ်။ အစ်မမွန်ပြောသလိုုပဲ မြန်မာစာကိုု perfect score ရဖိုု့ အရမ်းခက်တာကြောင့် ကြောက်ကြပါတယ်။
“ဘာပဲမေးမေး ကျက်ထားတာကိုပဲ ချရေးမယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။”
ဇွန်းနဲ့ခွန့်ကျွေးတာစားလာတဲ့ ပညာရေးစနစ်မိုု့လိုု့ပါ။ အလွတ်မကျက်လိုု့လဲ ငယ်ငယ်ကတည်းက ကိုုယ်တုိုင်သုုံးသပ်ချက် analytical skills တွေအားနည်းလေတော့ မကျက်ရင် ဘာမှမရေးနိုုင်ဖြစ်မှာ။ ကိုုယ်တိုုင်သုုံးသပ်စဉ်းစားဆင်ခြင်နည်းတွေ မှန်မှန်လေ့ကျင့်ပေးရင်ကောင်းမယ်။ ဒါတောင် ၁၅နှစ် ၁၆နှစ် သားတွေရဲ့ ကိုုယ်ပိုုင်ရေးအဖြေတွေက အလွတ်ကျက်အဖြေတွေလောက် မကောင်းလိုု့ အမှတ်ရဦးမှာ မဟုုတ်ဘူး။ ကျမ ၁ဝတန်းတုုန်းက ကျက်ရတဲ့ အဖြေတွေကိုု အခုုစဉ်းစားကြည့်တော့ ဟိုုက်ရှားပါး၊ ငါ ၁ဝတန်းတုုန်းကရေးတဲ့ အဖြေတွေက မြင့်လှချည်လားလိုု့။ ဆရာတွေက သုုံးသပ်စီကုုံးပေးထားတာဆိုုတော့ ၁၆နှစ်သားတွေရဲ့ စဉ်းစားဥဏ်ထက် ပိုုမြင့်နေသလားလိုု့။
pooch
November 18, 2012 at 3:28 pm
မွန်မွန် ညီမလေး တခါက အမတို့ ပြောဖူးတယ် မြန်မာစာအကြောင်း ။
ဒီလင့်လေးမှာ သွားဖတ်ကြည့်နော်။ မစ္စတာဂီတင်ဖူးတာပါ။
https://myanmargazette.net/94798/creative-writing
အဲ့ဒီတုန်းက အမလည်း သူမဆိုတဲ့ အကြောင်းကို ရေးခဲ့ဖူးတယ်။
အဲ့ဒီ ကွန်းမန့်လေးကိုပဲ ပြန်ကောက်လိုက်မယ်။
“အသံထွက်တွေ အကြောင်းကို ပြောရမယ် ဆိုရင် မြန်မာလူမျိုးဟာ ကမာ္ဘပေါ်မှာ အင်္ဂလိပ်အသံထွက်ကို သူတို့ လူမျိုး များနဲ့ တူအောင်အမှန်ဆုံး အနီးစပ်ဆုံး ထပ်တူကျအောင် ထွက်နိုင်တဲ့ လူူမျိုးလို့ မှတ်သားဖူးပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာစကားလုံး အသံထွက်များက သံနေသံထား သံတိုသံရှည် စသဖြင့် အစုံအလင် ရှိပါတယ်။ မြန်မာလူမျိုး မထွက်နိုင်တဲ့ ဘာသာခြား အသံထွက် နည်းပါတယ်တဲ့
ဒါကြောင့် မို့ ဘယ်ဘာသာကို ပဲ ပြောပြော သူတို့နီးပါးတူအောင် ထွက်နိုင်တဲ့ အသံမျိုးရှိပါတယ်လို့ လည်း မှတ်သားဖူးပါတယ်။
နောက်စကားလုံးများကို ဖန်တီး ဆန်းသစ်ပြီး အသစ်တီထွင်ရာမှာတော့ ဟိုတုန်းကထဲကရှိပါတယ်။
ပြုတ်တူ၊ ဂွရှင်၊ ခွေးသွားစိပ် ၊ ဝက်အူလှည့် အဲ့ဒါတွေကို တီထွင်ပြောဆို သုံးနှုန်းခဲ့တာ စက်ရုံ အလုပ်ရုံထဲက အလုပ်သမားတွေပါ။
နောက် atomic bomb ကို အနုမြူဗုံး
rocket ကို ဒုံးပျံ ၊ missile ကို ဒုံးကျည် ၊ sattelite ကို ဂြိုဟ်တု ၊ machine gun ကို စက်သေနတ် လို့ စတင်ဘာသာပြန်သုံးစွဲခဲ့သူတွေက သတင်းစာဆရာများပါ လို့ ဆိုပါတယ်။
နောက် မြန်မာ စာပေမှာ” သူမ” ဆိုတဲ့ ဝေါဟာရဘ အရင်က လုံးဝမရှိခဲ့ပါဘူးတဲ့ ။နောက်ပိုင်း she ဆိုတဲ့စကားလုံးကို ဘာသာပြန်ခဲ့တာပါတဲ့။
နောက် မြန်မာ စာမှာ ” ယောက္ခထီး ” ဆိုတဲ့ ဝေါဟာရ မရှိပဲ “ယောက္ခမ” ဆိုတဲ့ ဝေါဟာရသာရှိခဲ့ပေမဲ့ နယ်က လာတဲ့ ခုခေတ် ကပြားတိုင်းရင်းသားများက စတင်ခေါ်ဝေါ်သုံးစွဲ ခဲ့တာပါ။ အဲ့ဒီလို ခေါ်တော့လည်း မြန်မာစာပေကို ဖျက်ဆီး ပျက်စီးသွားတာမှ မဟုတ်တာ ။ ပိုပြီးရှင်းလင်းသွားတာမို့ တိုးလာတဲ့ ဝေါဟာရ အသစ်တခုအနေနဲ့ အားလုံးက လက်ခံ သုံးစွဲ ခဲ့ကြတာပါ။
အနီးစပ်ဆုံး ခုလက်ရှိကို ပြောရရင် “ကြောက်လိုက်တာ” ကို ” ကြောက်ထှာ” လို့ သုံးတော့လည်း စီးစီးပိုင်ပိုင်နဲ့ အဓိပ္ပါယ် ပြည့်နေတာပဲလေ။
ကနဦး သုံးပြတဲ့သူရှိတော့လည်း နှစ်သက်သူများက လိုက်သုံးရင်းနဲ့ ဒီအသုံး မတွင်ကျယ်လာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ ။ ဘာသာစကားဆိုတာ ဒီလိုပဲ ကူးလူးယှက်နွှယ် ရောနှော ပေါင်းစပ်ပြီး တိုးတက်ဖွံ့ဖြိုးလာတာပဲလေ။(ပြောရရင် ကိုယ်ကတောင် စွန့်ဦး တီထွင်သူဖြစ်သွားနိုင်ပါသေးတယ်)
အဲ့ဒီတော့ အစဉ်အဆက်က သူ့ဟာလေးနဲ့ သူ တီထွင်ပြီးသုံးလာခဲ့ကြတာပါ။
အင်တာနက် ခေတ်ရောက်မှ လူတွေက မတီထွင် မကြံဆတော့ပဲ အတည့်အတိုင်း ပဲရေးကြတော့တာပါ။
အထူးသဖြင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွေ ၊ နည်းပညာဆိုင်ရာ ဆောင်းပါးများမှာ ဒီလိုပဲ အင်္ဂလိပ်လို ရေးကြတော့တာပါ။ ပိုပြီး ဆိုးတာက ဘာသာပြန်ပြီးသား ရှိပြီးသား အဓိပ္ပါယ် များကိုပါ ဘိုလိုပဲ ရေးကြပါတော့တယ်။
အဲ့ဒီတော့ ကြာတော့ ကိုယ်မြန်မာစကားက စကားလုံးချို့တဲ့တယ် ဆိုပြီး ပြောသူတွေက ပြောလာကြပါတယ်။ ပြောသူများရဲ့ အလွန်လည်း မဟုတ်ပါဘူး။ မြင်တာကို မြင်တဲ့အတိုင်း ပြောကြတာပါ။ အမှန်က စကားလုံးချို့တဲ့တာ မဟုတ်ပါဘူး။
နောက်လူများက မတီထွင် မကြံဆတော့တာပါ။
မြန်မာ က ဝေါဟာရ ကြွယ်လိုက်တာမှ အင်္ဂလိပ်တွေ I, you, brother , sister , cousin ဆိုပြီးရောထွေးထားပေမဲ့ ကျမတို့ သုံးတဲ့ အဲ့ဒီစကားလုံးတွေ ဝေါဟာရ ကြွယ်လိုက်တာမှ အားလုံးသိတဲ့ အတိုင်းပါပဲ။
ဒီလို စကားလုံးတွေ ဘာသာပြန်ဖို့ အားလုံးမှာ သူ့ ဆိုင်ရာနဲ့ သူ တာဝန်ရှိပါတယ် ။ ကိုယ့်ရှိပြီးသား အက္ခရာ အသုံးတွေကိုလည်း ဖြုတ်ဖို့ မလိုပါဘူး ။ လိုအပ်လို့ ထဲ့ထား သုံးထားတာပါ၊ သုံးတဲ့ နေရာ သိချင်ရင် ပိဋကတ်သုံးပုံး ဖတ်ကြည့်ပါ။ သိပ်ဝေးနေတယ်ထင်ရင် အနီးစပ်ဆုံး အရှင်ဇနကာဘိဝံသရေးတဲ့ ကိုယ်ကျင့် အဘိဓမ္မာ လို စာအုပ်မျိုး ရှာဖတ်ကြည့်လိုက်ပါ။
ရှေးတုန်းကလို ခက်ခဲနက်နဲတဲ့ ဘုရားဟောကြားချက်များကိုတောင် မြန်မာလို အနက်ရအောင် ပြန်နိုင်ခဲ့သေးတာ ခုခေတ် နည်းပညာ ဆိုင်ရာ ပညာရပ်ဆိုင်ရာများကိုလည်း တယောက်တလက် ကြိုးစားပြီး ဝေါဟာရ အသစ်တွေ တီထွင်သွားရင် ဖြင့် များမကြာမီမှာ ဘာသာပြန်နိုင်မှာပါလို့ ယုံကြည်နေပါတယ်။ မလုပ်ပဲ ပျင်းနေကြလို့ပါ ၊ အလွယ်လိုက်နေကြလို့ပါ။
မပြန်နိုင်ခင် မတီထွင် နိုင်ခင် စပ်ကြားမှာတော့ ဒီလိုပဲ သုံး ကြရမှာပေါ့လေ။ အဲ့လိုမှ မသုံးလဲ ဘယ်လို လုပ်ကြမလဲလေ။
သိပ်မကြာခင်မှာလည်း ပြတင်းပေါက် ၈ က မြန်မာယူနီကုတ်နဲ့လာမယ် လို့ သိထားပါတယ် ။ ဘာသာပြန်မရတာတွေ လည်း ပါအုန်းမှာပါ။ သို့သော် တီထွင်နိုင် ကြံဆနိုင်မယ် ဝေါဟာရ အသစ်များ ဖန်တီးနိုင်မယ်လို့ ခုခေတ် မျိုးဆက်သစ်များရဲ့ အစွမ်းကို ယုံချင်ပါတယ် ။ မျှော်လင့်နေပါတယ်။
ဒါလေးက ကျမ ဖတ်ခဲ့ မှတ်သားခဲ့ ဖူးတဲ့ စာလေးတွေကို ကိုးကားပြီး ကျမရဲ့ ကိုယ်ပိုင်အမြင်လေးကို ပြောကြည့်တာပါ။ မှားတာရှိရင်လည်း ထောက်ပြပေးပါ။”
kai
November 18, 2012 at 4:05 pm
ကျုပ်က.. မြန်မာဘာသာစကားမဟုတ်တဲ့.. ဘာသာခြားစကား..စာ(ဂျပန်၊ အင်္ဂလိပ်)ကို.. ဆယ်စုနှစ်တခုစီမက..သူတို့ယဉ်ကျေးမှုထဲမှာပါ.. နေထိုင်အလုပ်လုပ်..ရှုံးကန်ရင်း.. အသုံးပြုခဲ့ရသူဖြစ်တာမို့တကြောင်း..
မြန်မာစာ..စကားကိုလည်း.. အဘိုးလက်ထက်ကစလို့.. ..စာရေးစားတဲ့မျိုးရိုးဆက်ဖြစ်တာကြောင့်တကြောင်းကြောင့်.. မြန်မာစာတွေဖတ်ရင်း… ရေးရင်း.. မြန်မာစာပေဟာ.. ဝေါဟာရကြွယ်တယ်လို့.. မမြင်နိုင်တော့ပါ…။
ရှေးကိုလိုနီခေတ်ကတည်းက.. မြန်မာတွေအတွက်.. ဝေါဟာရအသစ်တွေ.. မြန်မာစာသစ်တွေကို.. ဦးဖေမောင်တင်လို.. သခင်ကိုယ်တော်မှိုင်းလို..လယ်တီပဏ္ဍိတဦးမောင်ကြီးလို.. ဘာသာပြန်ဝေါဟာရသစ်တွေကို.. ဆရာယုဒသန်၊ သခင်ဘသောင်းလို လူတွေကစလို့.. အသစ်ထီထွင်လုပ်ပေးခဲ့ကြတယ်..
မဆလခေတ်..စစ်အုပ်ချုပ်ရေးခေတ်တွေမှာ.. မြန်မာစာပေ.. အညွှန့်ချိုးခံရပါတယ်..။ အဲဒီနောက်ပိုင်းတွေမှာ.. မြန်မာဝေါဟာရတွေဟာ.. ခေတ်နဲ့တန်းညှိ.. မလိုက်လာပဲ.. စာပေစိစစ်ရေးရုံးခွင့်ပြုတဲ့ဘောင်ထဲ..( နိုင်ငံရေး.. အတွေးအခေါ်မပါတဲ့). )အတင်းနှပ်ကြောင်းချရေးခွင့်ပြုတဲ့.. ချစ်ညှစ်ပစ်သတ်စာတွေကြား.. လုံးလည်လိုက်ကျန်ရစ်ခဲ့တယ်.. မြင်မိတယ်..။
ဆိုတော့..
တိုတိုနဲ့လိုရင်းပြောရရင်.. မြန်မာစာဟာ.. ဝေါဟာရအသစ်.. စကားလုံးသစ်တွေအများကြီးအဓိပ္ပါယ်တိတိကျကျဖွင့်.. စာပေကိုလည်း.. စံနှုန်းသတ်မှတ်ချက်ချ.. တိုင်ပင်..ပြန်လုပ်ကြဖို့.. လိုနေပြီလို့..ထင်ပါကြောင်း..
Mr. MarGa
November 18, 2012 at 4:32 pm
လေးလေးနက်နက် (သံတုံးအား ကတ္တရာသုတ်၍) ထောက်ခံပါကြောင်း
Inz@ghi
November 19, 2012 at 8:09 am
SaaS, PaaS, IaaS စတာတွေ ကို ဗမာလိုရေးဖို့ စဉ်းစားဖို့ ဝေးစွ…
အမေ့မောင် ကို ဘယ်လိုခေါ် အဖေ့ညီကို ဘယ်လို သမုတ် …
အမေ့အစ်ကိုက ဘယ်သင်း အဖေ့အစ်ကိုက ဘယ်ဝါ …လုပ်နေရင်တော့…
အင်း ….တိုးတက်အုံးမယ်…မဟာပညာကျော်များရယ်…
:kwi:
aye.kk
November 18, 2012 at 4:34 pm
ပုချ်ရေ…
ပုချ်ရဲ ့အမြင်အယူအဆကို….
အန်တီအနေနဲ ့က အင်မတန် လျှော်ကန်သင့်မြတ်လှတယ်လို ့သာပြောချင်ပါတယ်။
MaMa
November 18, 2012 at 6:26 pm
သတ်ပုံအဖွဲ့ရဲ့ အဖွဲ့မှုးတာဝန်ကို လွှဲပြောင်းပေးလိုက်ပြီ။ 🙂
အဓိက တပည့်မကောင်း ဆရာ့ခေါင်း လို့ပဲ အပြစ်ပုံချရမယ်။
ကိုယ့်တုန်းကတော့ ရတန်း ၈တန်းမှာ မြန်မာစာကို လေးကြောင်းမျဉ်းနဲ့ စာရေးခိုင်းတဲ့ မြန်မာစာဆရာမကြီးတွေနဲ့ တွေ့ခဲ့ရတယ်။
ခုခေတ်သင်နေကြတဲ့ ဆရာ/မ လေးတွေတောင် အဲလိုဆရာသမားတွေနဲ့ တွေ့ခဲ့ရရဲ့လား။
သူတို့ကိုယ်တိုင်လည်း သင်ခဲ့ သိခဲ့ကြရရဲ့လားလို့ စဉ်းစားမိတယ်။
မွန်မွန်တို့အရွယ်တွေ မွန်မွန့်လိုမျိုး အသိရှိကြရင် နောက်မျိုးဆက်တစ်ဆက်ကို ကောင်းအောင် သင်ပေးနိုင်ကြမှာမို့ ကုသိုလ်လည်း ရ ဝမ်းလည်းဝတဲ့ စာသင်ပေးတဲ့အလုပ်ကို အားပေးတယ်။
အဲဒီတော့ ဆရာမလေး မွန်မွန်ရေ ကြိုးစားလိုက်အုံး…………..
•*¨နန်းတော်ရာသူ •*¨
November 18, 2012 at 6:55 pm
ဆရာကြီးမောင်သာချိုရေးတဲ့ တိုက်စစ်အကြောင်းကိုဖတ်ရတာအရမ်းမှန်ကန်တာပဲ။
မြန်မာပြည်ကကျောင်းသားတွေမှာ တိုက်စစ်ဆင်နေတဲ့ဆရာ၊ဆရာမတွေကိုကြောက်ပြီး ၏၊သည် မလွဲ ကျက်ဖြေနေကြတဲ့ကျောင်းသားတွေမနည်းဘူး။
လုပ်သက်မရင့်သေးတဲ့ဆရာမလေးတွေကပိုဆိုးမှာပေါ့နော်။
တိုက်တိုက်ပြီးစစ်သတဲ့။
ကျောင်းသားတွေကို ကိုယ်ပိုင်ဉာဏ်အသုံးပြုပြီးမှတ်ခိုင်း၊ရေးခိုင်းရမယ့်အစား ဆရာ၊ဆရာမရေးပေးတာကို ကူးကျက်ခိုင်းလာတာတွေဟာ ဟိုးယခင်တည်းကပါပဲ။
စိန်ဗိုက်ဗိုက်
November 18, 2012 at 7:03 pm
မြန်မာစာသင်ရင် အတော်အိပ်ငိုက်တာဗျ..
ဆယ်တန်းမြန်မာစာ အကြောက်ဆုံး
မြန်မာဘာသာ သင်မဲ့အချိန်ဆို ထွက်ပြေးချင်စိတ်ပေါက်တယ်..စိတ်ဝင်စားမှု နဲတယ်..
တခြားဘာသာတွေလောက်ပဲ ခိုးခိုးအိပ်တာ..မြန်မာစာဆို ပျင်းလို ့ သိပ်မသင်ချင်ဘူး..
အဲတော့..တော်တော်လေး လေ့လာရဦးမယ်..
Inz@ghi
November 19, 2012 at 8:02 am
ဟမ်. ..
မြန်မာစာပေမှာ သူမ မရှိဝူး ဟုတ်စ …
အေးအေး .. မရှိကြနဲ့ ….
ကောင်းတယ်..ကောင်းတယ်…
ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်… မြန်မာစာကို ၂ပိုင်းခွဲပြောကြည့်မယ်…
ရှေးမြန်မာစာက ပင်ကိုယ် ပကတိ တန်ဖိုး ပျောက်ဆုံးနေတယ်…
ပါဠိကို အားကိုးလွန်းလို့ … ပါဠိသက်လေးမှ မပါရင် … ဆြာမကျသလို
လုပ်ကြလွန်းလို့ …ကိုယ်ပိုင်တန်ဖိုး သနားဇယာကောင်းအောင် ကင်းမဲ့နေပြန်တယ်..
ခေတ်မြန်မာစာကတော့ .. အသစ်အသစ်သော ကမာ္ဘကြီးက ဖွံ့ဖြိုးတိုးတက်လာတဲ့
စကားလုံးတွေကို ခြုံမိ ငုံမိခြင်း ရှိဖို့ ….လိုအပ်နေပြန်တယ်…
ကမာ္ဘက အသစ်အသစ်တွေကို သွားနေတယ် ..ကျုပ်တို့က
အပြေးမသန်ဘူး ..အောက်နားနောက်နားကနေ အမောတကောလိုက်နေရတယ်…။
အဟတ်…သည်ကြားက ကြံဖန်ဂုဏ်ယူကြသေးရဲ့ …ဝေါဟာရ ကြွယ်ဝတယ် တို့ ဘာတို့နဲ့
အံ့ရော …. ဘယ်တုန်းကမှ မသန်စွမ်းခဲ့ပဲနဲ့များ ….
မယုံဝူးလား …. ကြိုက်တဲ့ ဆော့ဖွဲ တခုခုဖွင့်လိုက်…
အဲ့ဆော့ဖွဲက မီနျူးက အင်္ဂလိစာကို မြန်မာစာ မီနျူး ပြောင်းကြည့်ဗျာ …
ဘယ်လောက်ဂွ ကျသလဲ ဆိုတာ တွေ့ရမယ်…
ဦးခင်ခ
November 19, 2012 at 8:46 am
မြန်မာစာသည် ဒို့စာ
မြန်မာစကားသည် ဒို့စကား
ဒို့ပြည်ကိုချစ်ပါ ဒို့စကားကိုလေးစားပါ
ဆိုပေမယ့်
ကမ္ဘာကြီးကို ပတ်မယ်၊ ကမ္ဘာနဲ့ရင်ဘောင်တန်းလို့ အလုပ်တွေလုပ်မယ်
ဆိုရင်တော့ဖြင့်
အင်္ဂလိပ်စာကို အနည်းငယ်လေးတောင် မသိ မတတ်ရင် မဖြစ်ဖူးလားလို့ တွေးမိပြန်ရော။
P chogyi
November 19, 2012 at 2:26 pm
တစ်ချို့တွေက ဝလုံးနဲ့ ဇီးရိုးကို
ပုံစံတူပဲရေးနေကြတယ်
မြန်မာစာနဲ့ အင်္ဂလိပ်စာ မကွဲပြားကြဘူး။
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 19, 2012 at 2:49 pm
မွန်မွန်ရေ…
ဒီပိုစ့်ကိုဖတ်ကြည့်တဲ့အခါ တစ်ခုကပြင်ဆင်ရမှု (Change)နဲ့ ပေါ့လျော့မှု(Careless)ကို တွေ့ရတယ်…
ပြောရမယ်ဆိုရင် C&C ပေါ့… (လေးဖြူကြော်ငြာသောအဝတ်အထည်မဟုတ်)…
အရင်ဆုံးပြောချင်တာက လမ်းလွဲနေသောအမှတ်ပေးစည်းမျဉ်းပါ…
ကျွန်တော်ရေးခဲ့ဖူးပါတယ်…
Change, Update & Upgrade မှာပါ…
http://myanmargazette.net/150923/creative-writing
ကျွန်တော်တို့နိုင်ငံက ကလေးတော်တော်များများရဲ့ခေါင်းထဲမှာ ဆရာမပေးတဲ့စာကို ၏၊ သည်မရွေ့ အလွတ်ကျက်ပြီးတော့ ဖြေထားတာတစ်လုံးမှမမှားရင် (၁၀)မှတ်ပေး… (၁၀)မှတ်ရရမယ်လို့သူထင်တာ ကျွန်တော်အပြည့်အဝထောက်ခံပါတယ်…
ဥပမာဗျာ… ကျောင်းမှာကဗျာတစ်ပုဒ်သင်တယ်… ဆရာမက ကဗျာကိုရှင်းပြတယ်…
ပုံနှိပ်ထဲကအတိုင်း ဖတ်ပြတယ်… ပြီးတော့ ကျောင်းသားတစ်ယောက် (သို့) ဆရာမက စာခေါ်ပေးတယ်…
ကျွန်တော်တို့က မှတ်စုစာအုပ်မှာလိုက်ရေးရတယ်… အဲဒါကိုကျက်… အဲဒါဖြေ…
အဲဒီတော့ ကျောင်းသားဘက်ကလဲ အပင်ပန်းခံနိုင်လို့စာကျက်ရင် (၁၀)မှတ်ရသင့်ပါတယ်…
ဒါမှမဟုတ်လို့ (၁၀)မှတ်အပြည့်မပေးချင်ရင်… စာစစ်တဲ့စနစ်ကိုပြောင်းသင့်ပါတယ်…
ကဗျာတစ်ပုဒ်ကို ဒီကျောင်းသားကိုယ်တိုင်ခံစားပြီးစကားပြေပြန်ရေးတယ်…
စာကြောင်းအထားအသိုနဲ့ စာလုံးပေါင်း… လက်ရေးလက်သားများကောင်းတယ်ဆိုရင် ဒါပေမယ့်တင်ပြမှုအပိုင်းမှာ အဲဒီအရွယ်ကျောင်းသားတစ်ယောက်အနေနဲ့ ၁၀၀% သပ်ရပ်ပြီး တင်ပြပုံကောင်းနေဖို့ သိပ်မဖြစ်နိုင်ပါဘူး… အဲဒီတော့ (၁၀)မှတ်ပေးဘဲ အရမ်းကောင်းလွန်းလို့ (၉)မှတ်ပေးတာဟာ သဘာဝကျပေမယ့်… ဆရာရေးပေးထားတာကို ၁၀၀% မှတ်အောင် ပြန်ရေးနိုင်ပေမယ့် (၁၀)မှတ်အတိမရတာကတော့ ကျောင်းသားတာဝန်မဟုတ်ဘဲ… ဆရာတာဝန်အမှတ်ပေးသူတာဝန်လို့မြင်ပါတယ်… ကျောင်းသားဘက်က ၁၀၀% တာဝန်ကျေပါတယ်…
အဲဒီလိုမဖြစ်အောင် အမှတ်ပေးတဲ့ပုံစံနဲ့ ဒါကျက်ဒါဖြေစနစ်ကိုပြောင်းပြစ်သင့်နေပါပြီ…
ဒါလေးကိုတော့ Change အဖြစ်အားထပ်ဖြည့်ချင်ပါတယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
အလင်းဆက်
November 19, 2012 at 8:07 pm
မြန်မာစကား.မြန်မာစာပေကို တန်ဖိုးထားတဲ ့
စိတ်ထားလေးကို..
လေးစားမိတယ်ဗျ ။
ကျွန်တော်..လည်း.အဲဒီ မြန်မာ စာ / မြန်မာ စကား နဲ ့ပက်သက်ပြီး..
ပြောချင်တာလေးတွေ .ရှိနေတာ ။
နောက်မှ..ပြောတော့မယ် ။
=====================
အခု..နည်းနည်းပြောသွားရရင်တော့…
အခုပေါ်နေတဲ ့ မြန်မာ သီချင်းတွေ…
ဟစ်ဟော့ ဆိုလား..ဘာဆိုလား…..
ဟစ်ဟော့ကို ကျွန်တော်.. ကြိုက်ပါတယ် ။
ဒါပေမယ် ့…
ဟစ်ဟော့ပ် အဆိုတေ်..ဂျေးမီ…. ဆိုတဲ ့စာသား အသုံးအနှုန်း တွေ.နဲ ့အသံ… ယူ ပုံကို..လက်ခံလို ့ရလို ့ကြိုက်ပါတယ် ။
တချို ့ သူတို့ကိုယ် သူတို ့ ဟစ်ဟော ့ ဂီတ အနုပညာသည်တွေပါလို ့… ပြောနေကြတဲ ့
လူငယ်တွေ .ဆိုတဲ ့ သီချင်းတွေကိုတော့..
တော်တော်လေး..နားလည်ရ ခက်ပါတယ် ။
မြန်မာစကား နဲ ့မြန်မာလို ဆိုသွားတာတောင်…
ဘာ ကို ဆိုသွားမှန်း…မသိလို ရအောင်……
ဘယ်စကားလုံး အဓိပ္မါယ် ကို…ဖမ်းဆုပ်ပြီး..
ဘယ်လို ခံစားရမှန်းမသိလောက်အောင်…
ဆိုနေကြတယ်လေ ။
သေချာ နားထောင်ကြည့်တော့…
သူတို ့ ဂီတ…အနုပညာဆိုတာ….
သူတို့ပြောတဲ ့အနုပညာ…ဆိုတာ………..
အင်း..နောက်မှပဲ.ပြောတော့မယ်ဗျာ ။
====================
🙂
လုံမလေးမွန်မွန်
May 16, 2014 at 4:04 pm
ဟမ်မလေး.. ခုမှ ကြည့်မိတယ်..
နာ တစ်ခုမှ ပြန်မပြောထားပါလား..
အားလုံးကို တောင်းပန်ပါအိ..
ခုချိန်ပြန်ဖတ်တော့ ကွန်မန့်တွေကို အရမ်းသဘောကျမိလို့ ဘေးလိုင်း ပြန်ပို့ပေးလိုက်ပါတယ်…