အဲဒီတုန်းက ကြုံဆုံခဲ့ရာ ကြည့်မြင်တိုင်ဘူတာ။
အဲဒီတုန်းက ကြုံဆုံခဲ့ရာ ကြည့်မြင်တိုင်ဘူတာ။
ပီ—ပေါ်——ပီ——-။ ပီ———————ပေါ်—————–ပေါ်——-ပီ။
အင်းစိန်ဖက်သွားမယ့် မြို့ပတ်ရထား ဥဩရှည်ဆွဲပြီး ကြည့်မြင်တိုင်ဘူတာထဲဝင်လာလို့ လိုက်မယ့်ခရီးသည် များ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီး ထိုင်နေသူများထကြသလို အိတ်တွေ ပစ္စည်းတွေကိုလည်း လက်ကဆွဲ ပုခုံး က ထမ်းနဲ့ တက်လိုက်မည့် အဆင့်သင့်ဖြစ်ကြကုန်ပြီ။ အခုမှ ဘူတာနားရောက်လာသည့် ခရီးသည်ကလည်း ရထားစီးခွင့်လက်မှတ် အလောတကြီးဝယ်ကာ တက်ရောက်စီးမည့်ရထားစီသို့ပြေးသူကပြေးပေါ့။
ပေါ်—————- ပီ—။
ခဏတာရပ်ပြီး ရထားပေါ် ဆင်းသည့်ခရီးသည်က ဆင်း၊ လိုက်မည့်ခရီးသည်က တက် ကာ၊ ရထားဥဩ တစ်ချက်ဆွဲလို့ အင်စိန်းဖက်ဦးတည်ပြီး မြို့ဘက်ရထားကြီးထွက်သွားလေပြီ။
ဒီနေ့ အလုပ်အားနေတာနဲ့ ရန်ကုန်မြို့လယ် ဟိုဟိုဒီဒီ သွားလာကြည့်ဘို့ မြို့ပတ်ရထားစီးပြီးသွားမယ်ဆိုကာ ကြည့်မြင်တိုင်ဘူတာကို ခင်ခ တစ်ယောက်ရောက်ခဲ့တာပေါ့၊ ရထားအချိန်ဇယားကိုကြည့်တော့ မနက် ရုံးသွား ချိန်နဲ့ ညနေရုံးဆင်းချိန် ဝန်းကျင်တွေမှာ မြို့ပတ်ရထား ရှေ့စီးနဲ့ နောက်စီး ၁၅ – ၂ဝ မိနစ်ဘဲကွာပေမယ့် ခင်ခ စီးမယ့်နေ့လည်ပိုင်းမှာတော့ ရှေ့စီးနဲ့နောက်စီးက ၃၅-၄ဝ မိနစ် လောက်ကွာဟပြီး ခုနလေးတင် ရှေ့အစီးက ထွက်တာမို့ နေ့လည် ၁၁းဝ၅ နာရီမှာ တစ်စီးဆိုက်မှာဆိုတော့ မိနစ်သုံးဆယ်လောက် ထိုင်စောင့်နေရအုံး မှာလေ။ ခင်ခ ထိုင်နေတဲ့မလှမ်းမကမ်းမှာ နေ့လည်ခင်းရပ်ကွက်တွေထဲ မြို့လယ်လမ်းထဲမှာ လည့်လည် ရောင်းမယ့် ဈေးသည်တွေလည်း ရထားနဲ့သွားဖို့စောင့်ရင်း ဈေးတောင်း၊ ဈေးဗန်းတွေ ဘေးနားချ စကားဝိုင်း ဖွဲ့နေတာကို ဘာရယ်လို့မဟုတ် လှမ်းကြည့်နေမိတယ်လေ။
“ အဲ ဒေါ်စိန် ဒီနေ့ ဘာလို့နောက်ကျနေတာလဲ ´´ အဲဒီ ဝိုင်းဖွဲ့နေတဲ့နား အဒေါ်ကြီးတစ်ယောက် တောင်း ကြီးရွက်ပြီးရောက်လာလို့ ထိုင်နေတဲ့သူထဲကတစ်ယောက်က လှမ်းပြောလိုက်တာလေ။
“ ဟဲ့ စကားနောက်မှလုပ်ပါ ဒီမှာအောက်ချဖို့ ကူးအုံးဟဲ့ ´´ ဆိုတော့ ခင်ခ နားထိုင်နေတဲ့ ကောင်ကလေး တစ်ယောက်က မနေနိုင်လို့ ထကာ ကူလို့ချပေးရင်း
“ အင်— အစ်မတောင်းကလည်း အလေးကြီးဘဲ ´´
“ မင်းနဲ့အေ– ဖွဟဲ့၊ ဈေးရောင်းမယ့်တောင်းကို ကလေးရဲ့ ဒီလိုမပြောရဘူးကွယ့် ´´ လို့ စိတ်ဆိုးမဲ့ဟန်ပြော လိုက်တော့ ကူညီမိတဲ့ ကောင်ကလေးမျက်နှာမှာ အားနာသလိုအရိပ်အယောင်ဖြစ်သွားပြီး၊
“ ဟုတ်လားအဒေါ်၊ ကျွန်တော်တမင်ပြောတာမဟုတ်ပါဘူး မသိလို့ပါနော်၊ ဒါနဲ့ အဒေါ်က ဘာရောင်းတာ လဲဟင်´´
“ နိုင်လွန်ပြောင်းဖူးပြုပ်နဲ့ မြေပဲပြုပ်တွေလေ ´´
“ ၁ ဖူးဘယ်လောက် ရောင်းလဲဗျ´´
“ ၁ ဖူး ၂၀ဝ ၊ ၃ ဖူး ၅၀ဝ ပါ ´´
“ အဲဒါဆိုလည်း ၃ ဖူးပေးပါဗျာ ´´ ဆိုပြီး ၅၀ဝ ကျပ်တန် တစ်ရွက် ကောင်လေးက အိတ်ထဲကထုတ်ပြီးလှမ်း ပေးတော့၊ ပြောင်းဖူးသည်အဒေါ်ကြီးလည်း ပြောင်းဖူး ၃ ဖူးကို အိတ်နဲ့ထဲ့ပေးပြီး၊ ခုန ကောင်လေးလှမ်းပေးတဲ့ ၅၀ဝ ကျပ်တန်နဲ့ သူရောင်းမယ့်ပြောင်းဖူးတွေထဲ့ထားသောတောင်းကို ခေါက်ပြီးပါးစပ်ကလည်း တိုးတိုးနဲ့ ရေရွတ်ကာ ၅၀ဝ ကျပ်တန်လေးကို စလွယ်သိုင်းလွယ်ထားတဲ့ လွယ်အိတ်သေးထဲထဲ့လိုက်တယ်လေ။ ကောင်လေးလည်း ပြောင်းဖူး ၃ ဖူးထဲ့ထားတဲ့ အိတ်လေးဆွဲပြီး ကျွန်တော်နားပြန်ထိုင်ရင်းနဲ့
“ အကိုပြောင်းဖူးစားပါအုံးလား´´ ဆိုပြီး ပြောင်းဖူး ၁ ဖူးလှမ်းပေးတယ်
“နေပါစေ ညီလေးရေ စားပါ´´ လို့ငြင်းတော့
“ ရထားက စောင့်ရအုံးမှာအကိုရဲ့ လုပ်ပါ ၁ ဖူးလောက်တော့ အားပေးပါဗျာ၊ ကျွန်တော်လည်း အပြောမှား သွားလို့ အားနာပြီးဝယ်လိုက်တာ များနေလို့ပါ´´ လို့ထပ်ဆိုလာတာမို့ ခင်ခ လည်းအားနာစွာနဲ့ ကောင်လေး ပေးတဲ့ပြောင်းဖူးကိုလှမ်းယူစားတော့ ကောင်လေးကလည်း တစ်ဖူးထုတ်စားနေလေရဲ့လေ။ ခုန ဈေးသည်တွေ ဝိုင်းဖွဲ့ထိုင်တဲ့ စကားဝိုင်းကလည်း ရယ်လိုက် အော်ပြောလိုက်နဲ့ စည်းကားနေတာမို့ အာရုံကအဲဒီရောက်သွားပြီး သူတို့ပြောတာ နားစွင့်နေမိသလိုဖြစ်နေခဲ့ပေါ့။
“ဟဲ့ မပွင့် ညဉ်းကုလားပဲကဈေးတက်တယ်ဆို´´
“ဟုတ်ပ ဒေါ်စိန်ရေ ဗရာကြော်ကိုခါတိုင်း ဖောင်းဖောင်းလေးတွေကြော်ရတာ ခုတော့မသိမသာ နည်းနည်း ပြားပြီးကြော်ထားရတာပေါ့´´
“အမယ် ဗရာကြော်သုတ်က ကပ်ကြေးနဲ့ ညှပ်ပစ်တာဘဲဉ္စာ ဘယ်သူမြင်မှတ်လို့´´
“ဟဲ့ မထင်နဲ့ ရွှေရေ တစ်ချို့လူတွေက နေတော့ခြံဝင်းအကြီးကြီး တိုက်ကြီးကလည်းကြီးတာမှဟီးနေပေမယ့် ဗရာကြော်သုတ် ဆို လာအုံးခေါ်ပြီး သူတို့ခြံထဲဝင်း ဈေးဗန်းချတာနဲ့ သုတ်ပေးနေတုန်း ဗရာကြော်ကသေးလို့၊ ကြက်သွန်ထည့် တာကနည်းလို့ ပဲရည်လေးပိုထဲ့ဖို့ အိုပြောတတ်လိုက်တာ နေတဲ့တိုက်နဲ့ခြံမှ အားမနာပါ အေ´´
“အမယ်လေး မပွင့်ရေ အဲလို စစ်စီလို့လည်းချမ်းသာတာနေမှာပေါ့ဟ´´
“အင်း ဟုတ်မယ် ဟုတ်မယ် တော်ရေ´´
“အဲ ဒါနဲ့ မနေ့က မြန်မာအသံကလာတဲ့ ရုပ်ရှင်ကား ကြည့်လိုက်လားတော်၊ ကောင်းတယ်အေ့´´
“အေး ဟုတ်တယ်၊ ခေါင်းတုံးကြီးနဲ့ ငတေဆိုပြီး ကျော်ဟိန်းက သိပ်လိုက်တာပဲအေ၊ သရုပ်ဆောင်ကလည်း ပီပြင်သလားမမေးနဲ့´´
“မေးပါဘူးအေ၊ ငါတော့ သူရယ်တာကို မြင်းပြင်းကပ်ပ´´
“ဟဲ့ အဲဒါ အနုပညာအေ့ သူ့အခန်းကိုသူ ပီပြင်အောင်သရုပ်ဆောင်ရတာပေါ့´´
“အမယ်အနုပညာတွေဘာတွေနဲ့ ဒေါ်စိန်က ဘယ်လောက်နားလည်လို့လဲ´´
“အောင်မာ ညဉ်းကလည်း ငယ်ငယ်လေးထဲက ဓာတ်ရှင်တွေကြည့်လာတာ အခုလည်း ဇာတ်ကားတွေအခွေ သစ်ထွက်ရင် သွားဌားကြည့်ပြီးသားပါအေ၊ ဒီလောက်တော့သိနေပါ့´´
“ဟဲ့ မပွင့်နေစမ်း နင်ခေါင်းမှာသန်းတွေ့လိုက်သလိုဘဲ လာစမ်းနင်ခေါင်း´´ ဆိုပြီး ဒေါ်စိန်ဆိုတဲ့ပြောင်းဖူးသည် က ဗရာကြော်သုတ်သည် မပွင့်ရဲ့ခေါင်းကဆံပင်ကိုဖြဲကာ ဆောင့်အောင့်စွာ သန်းတုပ်ချနေတော့
“အော် ဒေါ်စိန်ကလည်းလုပ်ပြီး အရောင်းဗန်းတွေဘေးချပြီး တော်ကြာသူများတွေမြင်လို့ခက်နေအုံးမယ်´´
“အေးပါ ငါကလည်းသန်းတွေ့ရင်တုပ်ချင်နေတာမို့ပါအေ ကဲတော်ပြီ ညနေပြန်ဆုံမှ တုပ်ပေးတော့မယ်´´
ဆိုကာ တုပ်လက်စကိုရပ်လိုက်တာပေါ့။
“ ဝယ်စားကြပါဦး ချိုတယ် ဆိမ့်တယ် ကျွတ်တယ်နော် ခါဂျာမုန့်တွေ တစ်ခုမှ တစ်ရာငါးဆယ်နော်´´
ဆိုပြီး ခါဂျာမုန့်ရောင်းတဲ့တစ်ယောက် အော်သံကြားလာတော့မှ ခင်ခလည်း ခါဂျာမုန့်သယ်ဆီလှမ်း ကြည့်ရင်း စားလို့ကုန်သွားပြီဖြစ်တဲ့ ပြောင်းဖူးရိုးကို အနီးနားက အမှိုက်ပုံးဆီ သွာထဲ့ပြီး ပြန်ထိုင်တော့
“အကို ကျွန်တော်တစ်ခုလောက်သိချင်လို့ မေးမလို့´´ ဆိုပြီးခုနပြောင်းဖူးကျွေးတဲ့ ကောင်လေးက အနား လေးတိုးပြီး လေသံတိုးလေးနဲ့စကားဆိုလာတာမို့
“ဘာများလဲ ငါ့ညီရဲ့´´
“ဟိုဟာလေ ခုန ပြောင်းဖူးသယ်အဒေါ်ကြီးရဲ့တောင်းက လေးလို့ အလေးကြီးဘဲဆိုပြီး ကျွန်တော်က အမှန်တိုင်းပြောတာ ဘာလို့ အဲဒီအဒေါ် ကြီးက မကြိုက်ရတာလဲဟင် အကိုသိလားလို့´´
“အော် အဲဒါလားငါ့ညီ ဒီလိုကွယ့် ငါ့ညီက လေးလို့ အလေးကြီးဆိုပြီး အမှန်တိုင်းပြောပေမယ့် တစ်ချို့အရာ တွေကအမှန်တိုင်း ပြောမကောင်းတဲ့အရာတွေ အမှန်တိုင်းပြောရင် လက်မခံချင်ကြတာတွေ ရှိတတ်ကြတယ် လေ၊ အခုဟာကလည်း ဈေးဗန်းရောင်းကြတဲ့သူတွေက သူတို့ရောင်းမယ့်ပစ္စည်းကို လေးတယ်လို့ အပြောခံရ ရင် အဲဒီအပြောခံရတဲ့ပစ္စည်းက အရောင်းထိုင်းတတ်တယ်လို့ ယူဆကြတယ်လေ၊ အဲဒါကြောင့် ငါ့ညီက အလေးကြီးပြောတာကို သူလက်မခံတာပေါ့ဗျာ´´
“အော် အဲလိုလား၊ ကျွန်တော်ကသိမှမသိတာ ဒါနဲ့ အကိုအမြင်ကရော အဲလိုပြောရင် တကယ်အရောင်းထိုင်း တတ်သလားဟင်´´
“အန် အရောင်းထိုင်းမထိုင်းတော့မသိဘူး အရောင်းထိုင်းရင် အကြွေးသာရောင်းကြည့်ပါလား အရောင်းထိုင်း တဲ့ပစ္စည်း သွက်တာမှ ဘာသွက်သလဲမမေးနဲ့လေ´´
“ဟာ အကိုကတော့နောက်ပြီ´´
ခင်ခ လည်းဒီလိုကိစ္စတွေကဝိဝါဒကွဲနိုင်တာရယ် အယူရှိတယ် မရှိဘူးငြင်းနေလို့ တော်နေဟိုအုပ်စုကြားသွားခဲ့ ရင်အခက်တွေ့မှာရယ် တွေးရင်း အနောက်ကလေးဖောက်ကာပြောဖြစ်လိုက်တယ်လေ။
ပီ——————–ပေါ်—————–ပီ——ပီ—————–ပေါ်——————-။
“ဟော ရထားလာပြီဟေ့´´ လို့ ခုနဝိုင်းဖွဲ့နေတဲ့ ဈေးသည်တသိုက် ဝမ်းသာတဲ့လေသံနဲ့အော်လိုက်သံကြောင့် ကောင်လေးလည်း ရထားစီးဖို့ဟန်ပြင်ကာထလိုက် ခင်ခ လည်းထိုင်နေရာကထလိုက်မို့ အမေးအဖြေလုပ်တာ ရပ် ခဲ့ကြတာပေါ့လေ။
အဲလိုနဲ့ ရထားတွဲကြီးအရှိန်လျော့ကာရပ်မယ့်စဲစဲမှာ တစ်ချို့ကလည်း အလုအယှက်လှမ်းတက်တော့ ရထားပေါ် က ဆင်းမယ့်ခရီးသည်ထဲက
“ ဆင်းတဲ့သူဆင်းပါရစေဦးလား၊ ရထားက ဘယ်မှထွက်မပြေးပါဘူး´´ လို့ဆိုတော့ တက်မယ့်ခရီးသည်ထဲက
“ ဆင်းမှာ မြန်မြန်ဆင်းမှပေါ့၊ ဆင်မယဉ်သာ လုပ်ချင်ရင် မယ်ရွှေးပွဲမှာသွားလုပ်´´ တဲ့လေ။
ဒါနဲ့ဘဲ ခင်ခလည်း နောက်ကတွဲမှာသွားစီမယ်ဆိုပြီး ခြေလှမ်းလေးနည်းနည်းလျှောက်လှမ်းလို့ ရထားပေါ်တက် ခဲ့ပြီး အလျဉ်းသင့်တဲ့နေရာလေးမှာထိုင်လိုက်ကာ
တစ်ချို့အရာ တွေကအမှန်တိုင်း ပြောမကောင်းတဲ့အရာတွေ အမှန်တိုင်းပြောရင် လက်မခံချင်ကြတာတွေ ရှိတတ် ကြတယ်လေ၊
ဆိုပြီး ကောင်လေးအားပြောဖြစ်ခဲ့တဲ့စကားရပ်လေးကို ပြန်ပြီးရေရွတ်မိလိုက်ပါတော့တယ်ဗျာ။
ပီ——————–ပေါ် —-။ ခင်ခ စီးမယ့် မြို့ပတ်ရထားကြီးလည်း ကြည့်မြင်တိုင်ဘူတာကနေ ရန်ကုန်ဘူတာ ကြီးဘက်ဆီသို့ ထွက်ပါပြီလို့အချက်ပေး ဥဩဆွဲကာ စတင်ခုတ်မောင်းလေသတည်း။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
ခင်ခ။
20 comments
Mobile
December 13, 2012 at 10:37 am
mိုခင်ခ ရေမင်္ဂလာပါခင်ဗျာ။
ပို့လေးကို ဖတ်ရတာ အဆင်ပြေပါတယ်ဗျာ။
လူသားတွေအနေနဲ့ အချို့အရာတွေက အမှန်အတိုင်းပြောမှ ကောင်းတာ တစ်ချို့အရာတွေက
အမှန်တိုင်း ပြောလို့မကောင်းဘူး ဆိုရာမှာ ကျနော် ကြုံတွေ့ဖူးသလောက်တော့
အမှန်ကို နည်းနည်းပြောပြီး အမှားကို များများပြောမှသာ တစ်ဖက်လူနဲ့ ပေါင်းသင်းဆက်ဆံရာ
ရေရှည် အဆင်ပြေနိုင်မယ်လို့ မြင်မိတယ်ဗျ။ အသက်ကြီးနေတဲ့ လူတစ်ယောက်ကို သေခါနီးနေပြီလို့
ပြောကြည့်ပါလား။ မှန်တယ်လေ လူ့သက်တမ်းအရ တွက်မယ်ဆိုရင် ကြီးတဲ့လူက ငယ်တဲ့လူထက်
သေခါနီးနေပြီပဲ။ ကဲဒါကြောင့် လူ့လောက လူ့ပတ်ဝန်းကျင်မှာ လူတွေနဲ့ အဆင်ပြေပေါင်းသင်း
နိုင်ရန် အမှန်ကို နည်းနည်းပြောပြီး အမှားကို များများပြောကြရအောင်ခဗျားးးးးးးးးးးးးးးးးးး
မောင့်ကျက်သရေ ဂီ့
December 13, 2012 at 10:43 am
အားပေးသွားပါတယ် ကိုခ ရေ..
စကားမစပ်
ပိုစ့်ထဲပါတာလေးဗျာ..
အစလေး ဆွဲထုတ်ရရင် .. မောင်ရင် ငတေ မိုက်ကန်းသည် ဆိုတဲ့ ကား ဖြစ်ရမယ်..
အမေရိကန် ကောင်းဘွိုင်ကား the good, the bad, the ugly ကို ဖျက်ဆီးထားတဲ့ကားလေ…
ဟီဟိ…
အဲ့သည့် ဦးပဇင်းကြီးရယ် အူးနွေအောင်ရယ် ယန်အောင် ရယ်လေ…
ဒီအချိန် ဒီလူတွေ အဲ့သည့်ကား ပြန်ကြည့်မိရင် ဘယ်လို တွေးကြ ပြောကြမယ်မသိ..
အာ..ဟိ
:harr:
ခင်ခ
December 13, 2012 at 10:56 am
ဦးဆုံးကွန်မန့်လေးနဲ့ ဆွေးနွေးလာသူ ကို Mobile ရေ၊ မင်္ဂလာပါဗျာ။ တစ်ခါတလေတော့လည်း မှန်တိုင်းပြောချင်ပေမယ့် အခြေအနေကမလွယ်လို့ မျိုသိပ်ရတဲ့စကားတွေက ရင်နဲ့အမျှရှိတတ်တာကို တွေးမိလို့ ကြုံခဲ့တာလေးနဲ့ နှိုင်းပြီးရေးလိုက်တာပါ။
ဒါကြောင့်လည်း ရှေးလူကြီးတွေပြောကြတာ ချင့်ချိန်စား ချင့်ချိန်ပြော ချင့်ချိန်သွား လို့လေ။
မောင့်ကျက်သရေ ဂီ့ ရေ မောင်ရင် ငတေ မိုက်ကန်းသည် ဆိုတဲ့ ကား ဟုတ်ပါတယ်ဗျ။
ဟုတ်တယ်နော် ဒီလူတွေဒီအချိန်ပြန်ကြည့်ရင် ဘယ်လိုများပြောကြအုံးမလဲလို့ တွေးလိုက်မိပြန်ရဲ့။
ဗုံဗုံ
December 13, 2012 at 11:21 am
လေးခရဲ့ အတွေ့အကြုံလေးတွေက ဗဟုသုတရစရာလေးတွေပါဘဲ
အမှန်တိုင်းပြောရရင် လေးခရန်ကုန်ကို လွမ်းနေတယ်နဲ့တူတယ် :hee:
ခင်ခ
December 13, 2012 at 11:45 am
မဗုံဗုံရေ မန်းမှာလည်းနေပျော်ပါ့ဗျာ အလုပ်အဆင်ပြေလို့ ပိုက်ပိုက်လေး ရတာကိုး။ ရန်ကုန်ကိုတော့ တစ်လတစ်ခေါက် တစ်ချို့လတွေ နှစ်ခေါက်လောက်တော့ ရန်ကုန် ရောက်လို့ လွမ်းရတယ်လို့ မရှိသလောက်ပါဘဲ၊ ရန်ကုန်နဲ့ပက်သက်တာကို အခြေခံရေးတာက စာဖတ်ပရိတ်သတ်အများမြင်သာမှု့ ရှိလို့ပါဗျ။
ခိုင်ဇာ
December 13, 2012 at 1:14 pm
မောင်သာရ စာ ဖတ်ရသလိုပါပဲလား ကိုခ။ :hee:
ကျနော်က ရန်ကုန်တစ်ပတ်က အတော်ကုန် ခဲ ပြီး မန်းလေးကိုပဲပြန်ချင်တာ။
မွေးမြေ အစွဲ ထင်ပါရဲ့။ 🙂
ခင်ခ
December 13, 2012 at 1:31 pm
မခိုင်ဇာရေ မွေးရပ်မြေ အစွဲကလည်း ရှိတတ်ကြပါတယ်လေ။
ဒါပေမယ့် တော်ရာမှာ ပျော်သလိုနေတတ်ရင် ကျေနပ်စရာတွေလည်း အများသားပါဗျာ။
ဝင်ရောက်ဖတ်ရှု့ကာ ကွန်မန့်ပေးလို့ကျေးဇူးနော်။
ကြည်ဆောင်း
December 13, 2012 at 2:12 pm
အရင်စတိတ်ကျောင်းတက်ခဲ့တုန်းက အချိန်တွေကိုတောင်ပြန်သတိရမိတယ်..
မြို့ပတ်ရထားနဲ့ကျောင်းတက်ခဲ့တာမို့လို့
ဒီလိုဘဲ ဈေးသည် ရုံးသမားဦးလေးကြီးတွေ အန်တီကြီးတွေ အမကြီးတွေ..
တခြားကျောင်းကကျောင်းသားကျောင်းသူတွေ အစုံဘဲ..
ရထားရပ်တာနဲ့မြန်မြန်ဆင်း မြန်မြန်တက်.. ရီမောပျော်ရွှင်ခဲ့ရတာတွေကို ပြန်လွမ်းမိသွားပြီ…
kyeemite
December 13, 2012 at 2:22 pm
အော်…အော်…စာရေးတတ်သူများကျတော့လည်း
မြို့ပါတ်တစ်ခါစီး ဝတ္ထုတစ်ပုဒ်ဖြစ်ပါ့ဗျာ…ဖတ်ကောင်းပါတယ်ကိုခင်ခရေ…
Novy
December 13, 2012 at 3:03 pm
ရထားစောင့်ရင်နဲ့ ပြောင်းဘူးတစ်ဖူးတောင်းစားသွားပါတယ်
မြို့ပတ်ရထားကိုတခါသာစီးဘူးသူ
မင်းနန္ဓာ
December 13, 2012 at 3:50 pm
အဲလို အယူသည်းကြတာနဲ့ပတ်သက်လို့ ရှိသေးတယ်
၀ဝကစ်ကစ် ကလေးတွေကို ချစ်စနိုးကောက်ချီပြီး .. အား အလေးကြီးပဲလို့ ပြောမိရင် မကြိုက်ကြတာ ကြုံဖူးတယ်.. အဲလိုပြောရင် ဖျားတတ်နာတတ်တယ်တဲ့.. ဝလိုက်တာလို့လဲ မပြောရဘူး ကလေးပိန်သွားလိမ့်မယ်တဲ့လေ.. ကလေးက ဖွံ့တယ်လို့ ပြောရသတဲ့..
koyinmaung
December 13, 2012 at 5:36 pm
ကိုခင်ခရေ…မြန်မာတွေအယူသီးကြပုံရှိသေးတယ်…
ကားစီးပြီးခရီးသွားလို့ဘယ်အချိန်ရောက်မှာလဲမေးယင်
မကြိုက်ပြန်ဘူးဗျာ…
ဒါကြောင့်မို့ထင်ပါရဲ့ ဘယ်တော့မှာသူတို့သတ်မှတ်တဲ့အချိန်ရောက်တယ်ဆိုတာ
အရှားသားနော့…………
အလင်းဆက်
December 13, 2012 at 8:05 pm
တစ်ချို့အရာ တွေကအမှန်တိုင်း ပြောမကောင်းတဲ့အရာတွေ အမှန်တိုင်းပြောရင် လက်မခံချင်ကြတာတွေ ရှိတတ် ကြတယ်လေ၊
မှန်ပါ့..လေးလေးခရေ..
အတွေးကောင်း.
အရေးကောင်း..
ကိုမောင်
December 13, 2012 at 9:21 pm
ခင်ခရေ အားပေးသွားပါတယ် ကျနော်ကကြည့်မြင်တိုင်သားပါ။
ဟိုးကောင်းလေးက အလာကားဝယ်စားလိုက်ရတာကို လေးစားပါတယ်။ စိတ်ဓာတ်ကိုပါ ။
MaMa
December 14, 2012 at 6:34 am
မောင်ရင် ငတေ မိုက်ကန်းသည် ဆိုတဲ့ ဇာတ်လမ်းကြည့်ဖူးတယ်။
ဇာတ်လမ်းတစ်ခုလုံး မြန်မာဇာတ်လမ်းမို့ အိုဗာတွေချည်းပဲလို့ ပြောလို့ရပေမယ့်…..
လူဆိုတာ မိုက် လို့ ရတယ်။ မယုတ်မာနဲ့။
လို့ ပြောလိုက်တာလေးက ကီးပွိုင့်လို့ ထင်မိပါရဲ့။
P chogyi
December 14, 2012 at 8:57 am
သဘာဝသရုပ်ပေါ်အောင်ရေးပြီး ဆွဲဆောင်နိုင်လို့
နှစ်သက်မိပါတယ်။
ရထားအထွက် ဇာတ်အသိမ်းက ဆန့်တငင်ငင်ဖြစ်သွားတယ်။
ရထားပေါ်က ဇာတ်လမ်းလေးဆက်ရေးပါလား။
ခင်ခ
December 14, 2012 at 9:46 am
ကိုကြည်ဆောင်းရေ တစ်ခါတလေတိုက်ဆိုင်တာလေးတွေက အတိတ်ကိုပြန်သတိရ လွမ်းစရာလေးတွေ
ယူဆောင်လာတတ်ပါတယ်ဗျ။
ကိုကြီးမိုက်ရေ ခင်ခကို စာဖတ်ပရိတ်သတ်မိတ်ဆွေတစ်ချို့က အကြားအမြင်ဆရာလို့ နောက်ခေါ်ခံရ ဖူးတယ်ခင်ဗျ၊ အကြားအမြင်ဆိုလို့ ဘာတွေဖြစ်မယ်ကြိုတင်သိတဲ့သူလို့ အထင်မကြီးလိုက်နဲ့နော် ကြားတာ မြင်တာ ကိုရေးတတ် သရော်တတ်လို့နောက်ခေါ်ကြတာလေ။
မနိုဗွီရေ ပြောင်းဖူးတောင်းစားသူက ခင်ခ ဆိုရင်တော့ အကြွေးတောင်းမလားဘဲနော်။
ကလေးတွေကို အဲလိုမခေါ်စေချင်ကြတာတော့ ကြုံဖူးတယ် မင်းနန္ဓာ ရေ။
လေယာဉ်တွေပျံသန်းတဲ့အခါ လေယာဉ်မယ်တွေက အခုလေယာဉ်က ဘယ်မြို့ကိုဦးတည်ပြီး ပျံသန်းမယ် မောင်းချိန်ဘယ်လောက်ကြာမယ် ဆိုပြီးပြောတတ်တော့ koyinmaung ရေးသလိုသာဆို ခဏခဏပျက်ကျရမယ့်သဘောဖြစ်နေပ၊ ဒါပေမယ့် ခရီးစဉ်ပျံသန်းမှု့က ချောလို့ပါဘဲဗျာ။
ခက်တော့ခက်သားလားနော်။
ဟုတ်တယ် အလင်းဆက်ရေ အမှန်တိုင်းပြောမရတွေကတော့ အများကြီးရှိကြတယ်ဗျ။ ဒီနိုင်ငံမှာက ပိုပြီးများနေသလိုပါဘဲ။
ကြည့်မြင်တိုင်သား ကိုမောင်ရေ ဖတ်ရှု့အားပေး ကွန်မန့်လေးအတွက်ကျေးဇူးနော်။
နောင်လည်းအားပေးပါအုံးလို့။
အမ မမ ရေ တစ်ချို့မြန်မာကားတွေက အိုက်တင်တွေထပ်နေသလို အလွန်အကျူးလည်းလုပ်ကြတယ်ဗျ။
P chogyi ရေ sorry ပါနော်။ ရထားပေါ်က ဇာတ်လမ်းလေးတွေ ဆက်ရေးနိုင်အောင် ကြိုးစားလိုက်ပါ့မယ်။
ခင်ခက ( တစ်ချို့အရာ တွေကအမှန်တိုင်း ပြောမကောင်းတဲ့အရာတွေ အမှန်တိုင်းပြောရင် လက်မခံချင်ကြတာတွေ ရှိတတ် ကြတယ်လေ၊ ) အဲဒီအချက်လေး ဖော်ညွှန်းဖို့ဘဲ အတွေးရသွားလို့ပါ။
ဦးကြောင်ကြီး
December 14, 2012 at 11:32 am
ကြုံဆုံ
ဗုံလုံ
ထုံပုံ
ယုံနုံ
ဂုဏ်ခြုံ
သုံမှုန်
ဇုံလှုံ
ငုံခုန်…။
ခင်ခ
December 14, 2012 at 11:41 am
ဦးကြောင်ကြီးရဲ့ ကွန်မန့်အတွက်ကျေးဇူးပါ။ ဒီပိုစ့်လေးရဲ့အဆက်အဖြစ် ( အဲဒီတုန်းက ကြည့်မြင်တိုင် ဘူတာမှ စီးခဲ့သောမြို့ပတ်ရထားပေါ်ဝယ်။ ) ခေါင်းစဉ်လေးနဲ့ ဒီနေ့ဆက်တင်ထားတယ် ခင်ဗျ။
http://myanmargazette.net/159750/creative-writing မှာပါ။
Hnin Hnin
December 16, 2012 at 9:44 am
ခဲထားသမျှ မစီးရသေးတဲ့ အရာတွေထဲမှာ မြို့ပတ်ရထားပဲ ကျန်တော့တယ်…..
(ဘဝတွေ ခံစားကြည့်ချင်လို့)
ကိုခက အရေးကောင်းပဲနော်…ဈေးသည်တွေရဲ့ပြောနေ၊ဆိုနေဟန်တွေပါ မြင်ယောင်လာတယ်…
ပြောင်းဖူးပြုတ်သည် ဟိုအဒေါ်ကြီး သန်းတုပ်တာ ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိပြီး နှင်းနှင်း
ကြိုက်လွန်းတဲ့ ပြောင်းဖူးပြုတ်တောင် စားချင်တော့ဘူးရယ်..မမအိရေ…ကော်ပြန့်စိမ်းလည်း
အခုထိ စားရသေးဘူး…ဟိ…ဆိုင်ဆိုင်..မဆိုင်ဆိုင်..ရေးချင်လို့… :kwi: