“ကျွန်မတို့ ဘာတွေလုပ်ရမလဲ”
ကျွန်မ နယ်ကို တစ်ခါပြန်ရင် ပြောစရာတစ်ခု ရလာတတ်ပါတယ်။ သုံးလေးလနေမှ တစ်ခါ၊ တစ်ခါတစ်လေများ တစ်နှစ်နေမှ တစ်ခါလောက်ပြန်ဖြစ်တဲ့အတွက်ရယ်၊ နယ်က သူငယ်ချင်းတွေနဲ့ကလည်း အမြဲတမ်း မဆက်သွယ်ဖြစ်တာရယ်၊ အိမ်နဲ့ဖုန်းပြောရင်လည်း မိသားစုကိစ္စလောက်ပဲ ပြောဖြစ်တာရယ်ကြောင့် နယ်မြို့လေးရဲ့ သတင်းတွေနဲ့ အဆက်ပြတ်နေတတ်ပါတယ်။ ဒီတစ်ခေါက်ပြန်တော့ ကြားရတဲ့သတင်းတွေကတော့ စိတ်မသက်သာစရာတွေပါပဲ။ ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာဆိုပေမယ့် ရန်ကုန်မြို့နဲ့ (၄၆) မိုင်သာဝေးတဲ့ နယ်မြို့လေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြချင်လို့ပါ။
ကျွန်မ အိမ်ပြန်တိုင်း ကျွန်မရဲ့ ငယ်ဆရာမဆီကို အရင်ဆုံးသွားလေ့ရှိပါတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့ ကျွန်မနဲ့ ဆရာမတို့ နှစ်ယောက်သား ပညာရေးအကြောင်း၊ ဆရာတွေအကြောင်း၊ ကျောင်းသားတွေအကြောင်း၊ ကျောင်းအကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံ စကားလက်ဆုံကျဖြစ်ပါတယ်။ ဒီတစ်ခါတော့ နည်းပညာတိုးတက်မှုနဲ့ အချိန်မတိုင်သေးတဲ့ သင်ကြားမှုနောက်ကွယ်က ကျောင်းသားတွေအကြောင်းကို သိခဲ့ရပါတယ်။
ဒီနေ့အချိန်အခါမှာ သိတဲ့အတိုင်း ဆက်သွယ်ရေးပစ္စည်းတွေ၊ နည်းပညာပစ္စည်းတွေ အရမ်းပေါများနေပါတယ်။ ဆိုတော့ နယ်က ပိုက်ဆံရှိတဲ့ အလယ်တန်း၊ အထက်တန်း ကျောင်းသားအတော်များများရဲ့ လက်ထဲမှာ၊ လွယ်အိတ်ထဲမှာ ဖုန်းတွေ၊ အိုင်ပတ်တွေ စတဲ့ ပစ္စည်းတွေ ရှိနေတတ်သလို အဲဒီ ပစ္စည်းတွေထဲမှာလည်း ခေတ်ပေါ် သီချင်းများစွာ၊ ဗီဒီယိုဖိုင်များစွာ၊ ပြီးတော့ (သူတို့အခေါ်) ပညာပေး ဇာတ်လမ်းခွေပေါင်းများစွာ ရှိနေကြပါတယ်။ မြေစာပင် ပုခက်လွှဲခေတ်ကို ရောက်နေတယ်လို့ ဆိုလို့ရတဲ့ ဒီခေတ်မှာ (၆) တန်းကျောင်းသားလေးတွေကလည်း အသိပေါင်းများစွာ၊ အတတ်ပေါင်းများစွာကို တတ်နေကြပါတယ်။
စာသင်နားချိန်တွေ၊ အားလပ်ချိန်တွေမှာ ကျောင်းသားတွေဝိုင်းအုံပြီး တဟိဟိအသံတွေထွက်လို့ တစ်စုံတစ်ရာကို ကြည့်နေတတ်ကြပါတယ်။ ဆရာမတွေတွေ့လို့ သိမ်းရင်လည်း ခဏပါပဲ။ ဖုန်းမယူလာခဲ့နဲ့လို့ ပြောပေမယ့်လည်း လွယ်အိတ်ထဲမှာပါလာတာ၊ မိဘတွေက အဆက်အသွယ်ရဖို့ ထည့်ပေးလိုက်တာတွေအထိတော့ တင်းကျပ်လို့မရပါဘူး။ ဒီလိုမှမဟုတ်ရင်လည်း စာသင်တဲ့ ခုံမြင့်ပေါ်တက်ပြီး လက်ခလယ်တစ်ချောင်းထောင်ပြတာမျိုးတွေ၊ ယောက်ျားလေးအချင်းချင်း မတော်တရော်အမူအရာတွေ လုပ်ပြတတ်ကြပါတယ်။ မိန်းကလေးတွေကို စတာပါတဲ့။ မိန်းကလေးတွေက သူတို့ကို ကြည့်ပြီး ရှက်နေကြပေမယ့် အစပိုင်းကတော့ သူငယ်ချင်းအချင်းချင်းမို့ သည်းခံကြပါသေးတယ်။ နောက်ပိုင်း ဆရာမတွေဆီ လာတိုင်တော့မှသာ ဆရာမတွေမှာ အံ့ဩတကြီးဖြစ်ကြရပါတယ်။
တစ်ခါတစ်လေကျတော့လည်း မိန်းကလေးတွေ ဝိုင်းအုံပြီး စာတွေဖတ်နေတာမျိုးတွေလည်း မိတတ်ပါတယ်။ စာထဲမှာပါတာကတော့..“ကြက်မကြီးတစ်ကောင်ရှိလေသည်..ထိုကြက်မကြီးသည် အစာရှာရင်း…အရက်မူးသမား ကြက်ထီးများနှင့် တွေ့သောအခါ…” စသဖြင့် ရေးထားတာတွေပါ။ မိန်းကလေးတွေကို စနောက်တဲ့သဘောနဲ့ ဒီလိုစာတွေကိုရေးပြီး ပစ်ပေးကြတာပါတဲ့။
ဘာမှမပြောနိုင်လောက်အောင်ကို တဟယ်ဟယ်နဲ့ တအံ့တဩဖြစ်နေတဲ့ ကျွန်မရဲ့ပုံစံကို မြင်တော့ ဆရာမက ဆက်ပြောပါတယ်။ အလယ်တန်းကျောင်းတွေမှာ လိင်ပညာပေးတွေ သင်ရပါတယ်တဲ့။ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် အရွယ်ရောက်တဲ့အခါ အဆင့်ဆင့်ဖွံ့ဖြိုးလာပုံ၊ ပြောင်းလဲပုံ စသဖြင့် အဲဒါတွေကို သင်ကြရတဲ့အခါ ကလေးတွေက ပညာပေးကို ပညာပေးလို့ မမြင်တော့ဘဲ ဒါတွေကိုတောင် တရားဝင်သင်ရတာ ဘာမှ ရှက်စရာမလိုတော့ဘူးဆိုတဲ့ အတွေးနဲ့ ဆင်ခြင်စရာ၊ ထိန်းသိမ်းစရာတွေကို ခွဲခြားရကောင်းမှန်း မသိကြတော့ဘဲ လုပ်ချင်တာ လုပ်နေကြတဲ့ပုံပါပဲ။ တလွဲပွင့်လင်းနေကြတယ်လို့ ထင်ပါတယ်။
ကျွန်မအမြင်ကတော့ နိုင်ငံတကာနည်းတူ လိင်ပညာပေးတွေကို ကျောင်းတွေမှာသင်တာ စောသေးတယ်လို့ မြင်ပါတယ်။ ခေတ်ကာလရဲ့ ရေစီးကြောင်းမှာ အထိန်းအကွပ်မဲ့စွာ မျောနေတဲ့ ကလေးတွေကို ဒီလိုမျိုးတွေ မသင်ခင်မှာ သင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်အောင် အရင်လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဆရာ၊ ဆရာမတွေကိုလည်း သင်ကြားရေးနည်းလမ်းတွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ပေးသင့်ပါတယ်။ သင်ရတဲ့ရည်ရွယ်ချက်ကို သေချာသဘောမပေါက်ဘဲ သင်ရိုးထဲက စာတွေကိုသာ ကူးခိုင်းနေမယ်ဆိုရင် နားလည်ချင်သလို နားလည်၊ လိုရာဆွဲတွေးပြီး သင်ယူလိုက်ကြလို့ ပိုဆိုးသွားမယ့် ကိစ္စပါ။
အဲဒီမှာ ကျွန်မတို့ ကျောင်းသားဘဝက ယိုးဒယားသမိုင်း စာအုပ်ကိုု သွားသတိရမိပါတယ်။ ထိုင်းမှာ မြန်မာမုန်းတီးရေးသင်တာနဲ့ပဲ မြန်မာမှာလည်း ယိုးဒယားအကြောင်းကို သင်ရိုးတစ်ခုအနေနဲ့ ထုတ်တယ်လို့ ထင်ပါတယ်။ (ကျွန်မရဲ့ အထင်သက်သက်ပါ။) ဒါပေမယ့် အဲဒီစာအုပ်တွေကိုသာ ပိုက်ဆံပေးပြီး ဝယ်ခဲ့ရတယ်၊ ဘာမှမသင်ခဲ့ရပါဘူး။ ဆရာမတွေကလည်း ဘာလုပ်ရမှန်း မသိပုံပါပဲ။ မှတ်မှတ်ရရ အရမ်းချောပါတယ်ဆိုတဲ့ ထိုင်းမင်းသမီးကို ပုံနှိပ်ထဲမှာ ရုပ်ဆိုးဆိုးမြင်ရလို့ အငြင်းပွားခဲ့ရပါသေးတယ်။ ပြောချင်တာက ကျွန်မတို့တွေက သူများနိုင်ငံတွေမှာ၊ နိုင်ငံတကာမှာ လုပ်နေတာတွေကို မြင်ရင် ငါတို့ကျောင်းသားတွေလည်း သိသင့်တယ်၊ ဒါ လုပ်သင့်တယ်ဆိုပြီး လုပ်ကြတဲ့ပုံပါပဲ။ ဒါပေမယ့် နည်းစနစ်ဆိုတာက လိုက်မလာတော့ ရှိရင်းစွဲအခြေအနေထက် ပိုဆိုးသွားပါတယ်။
နောက်တစ်ခုက ကလေးတွေက နာခံရကောင်းမှန်း မသိကြတော့တာပါပဲ။ ဂါရဝတရားဆိုတာကိုလည်း မသိကြတော့ပါဘူး။ တပည့်ဝတ္တရားကျေပွန်ဖို့ နေနေသာသာ ဆရာကိုမြင်ရင် ပုခုံးတိုက်မသွားတာကိုပဲ ကံကောင်းတယ်လို့ ဆိုရမယ့် ပုံပါ။ ကျောင်းသားဗဟိုပြုသင်ကြားရေး အောင်မြင်လေသလား၊ မအောင်မြင်သလားတော့ မသိပါဘူး၊ ကျောင်းသားကို မရိုက်ရရေးဆိုတာကြီးရဲ့ နောက်မှာ ဆရာမတွေကို ကျောင်းသားတွေက မကြောက်တော့တာတင်မက မလေးစားတော့တဲ့ အဆင့်ကိုပါ ရောက်သွားပါတော့တယ်။ ထိရဲထိကြည့် တိုင်ပစ်လိုက်မယ် ဆိုတဲ့ အချိုးတွေကြောင့် ကိုယ့်ကို ကလန်ကဆန် ပြုမူဆက်ဆံခံနေရတာကိုတောင် ဆရာမတွေမှာ ရင်နာနာနဲ့ ဘာမှ လုပ်လို့မရဘူး ဖြစ်နေကြပါတယ်။
ဒီတော့ ကျွန်မအတွေးနဲ့ကျွန်မ ပြောလိုက်မိပါတယ်။ ကလေးတွေက သွန်သင်ဆုံးမခံရမှု အားနည်းလို့ ဖြစ်မယ်လို့။ စီးပွားရေးကို အာရုံစိုက်နေရတဲ့ ဒီနေ့ခေတ်မိဘတွေက ကလေးတွေကို အနီးကပ်ဆုံးမမှုဘက်မှာ အားနည်းနေကြပြီး လိုသမျှဖြည့်ဆည်းပေးရင်၊ ကျောင်းကောင်းကောင်းမှာ ထားနိုင်ရင်၊ ဆရာကောင်းကောင်း ခေါ်သင်ပေးနိုင်ရင် တာဝန်ကျေပြီလို့ ယူဆနေပုံရပါတယ်။ မိဘရဲ့ ဆုံးမမှုက အားနည်းတဲ့ကြားထဲမှ စာဖတ်ကျင့်မရှိတော့တဲ့ ဒီခေတ်ကလေးတွေဟာ ဦးနှောက်တွေတုံး၊ အတွေးအခေါ်အားနည်းပြီး အသိတရားမှေးမှိန်လာတဲ့ ခပ်ညံ့ညံ့လူရိုင်းလေးတွေ ဖြစ်လာကြပါတယ်။
ကျွန်မ ထပ်ပြောမိပါသေးတယ်။ ဆရာမတွေက စာမသင်ခင်မှာ ကလေးတွေကို မှန်ကန်တဲ့အသိလေးတွေ၊ ဗဟုသုတလေးတွေကို ပြောပေးပါလား ဆိုတော့ ဆရာမတို့မှာ အချိန်မရှိပါဘူးတဲ့။ paper work ဆိုတာကို ကျွန်မတစ်ခါ ပြောဖူးပါတယ်။ သင်ရိုးညွှန်းတမ်း၊ သင်နည်းမှတ်စု၊ အရည်အချင်းမှတ်တမ်း စတာတွေကို ဖြည့်နေရတာနဲ့ပဲ အချိန်ကုန်နေပါတယ်။ များပြားလှတဲ့ သင်ရိုးတွေကို အလျင်မီအောင် သင်ရတဲ့ကြားထဲ ဝန်ထမ်းဦးရေ (ဆရာဦးရေ) လုံလောက်မှုမရှိလို့ တစ်နေ့မှာ တစ်ချိန်လောက်ပဲ နားရတဲ့အချိန်မှာ အဲ့ဒီ ဖြည့်စွက်ရေးသားရေးတွေကို အသည်းအသန် လုပ်ကြရပါတယ်။ Database လေး တစ်ခု၊ software လေးတစ်ခုလောက်ပဲ ပြီးသွားမယ့်အရာတွေကို စာအုပ်အကုန်ခံ၊ မင်အကုန်ခံ၊ အချိန်အကုန်ခံ၊ ခွန်အားအကုန်ခံပြီး လုပ်နေကြရတဲ့ ဆရာမတွေရဲ့ ဘဝကိုလည်း စာနာမိပါတယ်။ ဒီကြားထဲမှာ ကျောင်းဂိတ်စောင့်ရတဲ့ အလုပ်၊ ကျောင်းရန်ပုံငွေရှာရတဲ့ အလုပ်တွေကိုလည်း လုပ်ရပါသေးတယ်။
ကျွန်မ စိတ်အထိခိုက်ဆုံး သတင်းတစ်ခုကတော့ ကျွန်မတို့မြို့မှာ ဆေးတွေ ရောင်းပါတယ်တဲ့။ မူးယစ်ထိုင်းမှိုင်းစေတဲ့ ဆေးတွေပါ။ ရောင်းတဲ့သူကိုလည်း သိတယ်၊ ရောင်းတဲ့နေရာကိုလည်း သိတယ်၊ ဒါပေမယ့် ဘယ်သူကမှလည်း မတိုင်ကြသလို ဘယ်သူကမှလည်း အရေးမယူပါဘူးတဲ့။ ဒီသတင်းကတော့ အကြားသက်သက်သာဖြစ်နေသေးတဲ့အတွက် သေချာအောင် ထပ်စုံစမ်းဖို့ ဆုံးဖြတ်ထားပါတယ်။
ဗိုလ်ချုပ်တို့ အကြောင်းတွေ ဖတ်ရတဲ့အခါ၊ ဦးသန့်အရေး လှုပ်ရှားမှုမှတ်တမ်းတွေ ဖတ်ရတဲ့အခါ၊ (၈၈) လှုပ်ရှားမှုအကြောင်းတွေ ဖတ်ရတဲ့အခါ အရင်ခေတ်က ထူးချွန်ထက်မြက်ပြီး တော်ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို အရမ်းအားကျမိသလို ဘာမှမသိနားမလည်တဲ့ ကျွန်မတို့တွေအတွက်လည်း ကိုယ့်ကိုကိုယ် အားငယ်စိတ်ဝင်မိပါတယ်။ ဒီလိုပဲ တဖြည်းဖြည်းနဲ့ ကျွန်မတို့ထက် ဗဟုသုတနည်းလာပြီး ဘာမှမသိကြတဲ့ ကလေးတွေကို မြင်ရတဲ့အခါမှာကျတော့ အားမလိုအားမရနဲ့ နှမြောစိတ်တွေ ဝင်မိပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ မွေးဖွားလာတဲ့ ကလေးတွေဟာ ကျွန်မတို့ထက် အများကြီး ထကမြက်ကြပါတယ်။ ဒါပေမယ့် ဦးနှောက်တွေ လှောင်ပိတ်ခံထားရတဲ့၊ အတ္တစိတ်တွေများလာတဲ့၊ ရသခံစားမှုအားနည်းလာတဲ့ ကျွန်မတို့အပါအဝင် နောင်မျိုးဆက်တွေရဲ့ ပုခုံးပေါ်ကို ကျရောက်လာမယ့် အနာဂတ်နိုင်ငံ့တာဝန်တွေအတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိသေးတာ အမှန်ပါ။
ဒါကြောင့် စနစ်ရဲ့သားကောင်တွေဖြစ်ခဲ့ကြတဲ့၊ သက်တမ်းတစ်လျှောက်လုံး အစမ်းသပ်ခံတွေ ဖြစ်ခဲ့ကြတဲ့ ကျွန်မတို့ မျိုးဆက်တွေ အချိန်မီရုန်းထွက်နိုင်ကြဖို့ ဘာတွေလုပ်ရလဲလို့….
ခင်တဲ့
လုံမလေးမွန်မွန်
25 comments
ဦး ကျောက်ခဲ
January 4, 2013 at 11:21 am
ဘာမှမလုပ်နဲ့ တူမ
ဒီနေ့ “လွတ်လပ်ရေးနေ့” ရုံးပိတ်တယ်မဟုတ်လား၊ ကော်ဖီခွက်ဘေးချ စာဖတ်ပြီး နှပ်နေပေါ့…..
နောက်တာပါကွယ်……
ယိုးဒယားမှာ အသက် ၁ဝနှစ် ၁၁နှစ် လောက်နဲ့ အတတ်ကောင်းမျိုးစုံတတ်နေတဲ့ ခလေးတွေကို တူမမြင်ခဲ့မှာပေါ့ကွယ်
ဦးကျောက်ရဲ့ ယိုးဒယားသူငယ်ချင်း တစ်ယောက်က ပြောဘူးတယ်၊ သူအိမ်ထောင်ကျရင် သားသမီးမယူပါဘူးတဲ့
ယောက်ျားလေးဆိုလဲ ဆေးသမား၊ အခြောက်ဖြစ်မှာစိုး
မိန်းခလေးဆိုလဲ အရွယ်မတိုင်ခင် အညွန့်ကျိုးမှာစိုးလို့ပါတဲ့…..
ဟမ်း……ဦးကျောက်တို့ ရွှေပြည်ကြီးမှာလဲ ဒီပုံစံနဲ့တော့၊ သူကြီးပြောတဲ့ နှစ်တစ်ထောင် ကျိန်စာဘဲ…..
လုံမလေးမွန်မွန်
January 4, 2013 at 11:27 am
လေးကျောက်..
ပျောက်နေလိုက်တာ…နေကောင်းတယ်မို့လား..
ပထမဆုံးကွန်မန့်အတွက် ကျေးဇူးပါနော်… ဒီနေ့တော့ ရုံးမှာ အလှည့်ကျတာဝန်နဲ့မို့လို့ ကော်ဖီခွက်ဘေးချပြီး အလုပ်လုပ်နေပါကြောင်း… 🙂
အထွန့်တက်ရရင်တော့ နှစ်တစ်ထောင်ကျိန်စာဆိုပြီး ထိုင်မနေချင်လို့ပါ လေးကျောက်ရေ..
တူမ
မွန်မွန်
မဟာရာဇာ အံစာတုံး
January 4, 2013 at 11:36 am
ကျုပ် သမဒ ဖြစ်ရင် ….
မွန်မွန်ကို ကွင်းဆင်းလေ့လာရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ခန့်မယ်လို့ ..
စိတ်ကူးမိပါတယ် …
ဒီဘက်ခေတ် ကျောင်းသား အများစုကတော့ …..
multimedia ပိုင်းလို့ ပြောမလား .. entertainment လို့ ပြောမလား …
အဲ့ဒီ အပိုင်းတွေပေါ့နော် ….
ဒါတွေကို တလွဲသုံးလို့ အရွယ်မတိုင်ခင် ဟိုဒင်း ဖြစ်သွားတာတွေလည်း ရှိရဲ့ ….။
ကျုပ်တို့တုန်းကတော့ ဒီလောက်ထိ မဖြစ်သေးဘူး …။
ဒါကြောင့် ကျုပ်လည်း ခုထိ လူပိုကြီး ဖြစ်နေတာ နေမှာ …
လုံမလေးမွန်မွန်
January 4, 2013 at 1:17 pm
သမဒ ဖစ်ပါဇေ…
ဒီလူပိုကြီးဆိုတာကလည်း ပါပြန်ပီ… 🙂
ပြောရရင်တော့ စနစ်ကြောင့်ပေါ့အေ… (သူကြီးကြားရင် ဘာပြောမလဲ မသိဝူး.. )
ခိုင်ဇာ
January 4, 2013 at 11:39 am
ဒီလိုထင်ပါရဲ့ (ဝင်ပွါးလိုက်ဦးမယ်)
:harr:
တို့နိုင်ငံက သူများနိုင်ငံတွေ လုပ်သမျှ ကောင်းမယ် ထင်တာတွေ ယူ ယူပြီး စမ်းသပ်နေတာ ၆၅ နှစ်ရှိပြီပေါ့နော့။
ဒါပေမဲ့ တစ်ခုတစ်ခုကို အပေါ်ယံလောက် ယူသုံးလို့ ရမှမရပဲ။ အခြေခံမရှိ၊ အုတ်မြစ်မခိုင်၊ ရူး & ရယ်ဂူလေးရှင်းသတ်သတ်မှတ်မှတ်မရှိ၊ သေသေချာချာမသိပဲ ထင်တာတွေယူသုံးနေကြတာ။
ဥပမာ: သူများ နိုင်ငံ လမ်းက အဝိုင်းပတ်ဆို ကိုယ့်နိုင်ငံ လမ်းကို လိုလို မလိုလို အဝိုင်းပတ်ထဲ့လိုက်ရောဗျ။ ပြီးရင် ပြန်ဖျက်လိုက်ပြန်ရော။
ခုလည်း ပညာ ရေးနဲ့ ပတ်သက်လို့ စံနစ်ကို မပြောင်းပဲ အပေါ်ယံ သင်ရိုးလေးတွေ ဟိုပြောင်းဒီပြောင်းနဲ့ လုပ်နေလို့ကတော့ အစမ်းသပ်ခံလူသားတွေ “”ဘာလုပ်ရမှန်းမသိ”” ဆိုတဲ့ ဘဝက ကျွတ်မှာ ဟုတ်ဘူး။
ယိုးဒယားနဲ့မတဲ့တုန်းက ယိုးဒယားမကောင်းကြောင်းသင်၊ ပြန်အစဉ်ပြေတော့ ပြန်ဖြုတ်နဲ့။
သိတော့ပါဘူးကွယ်။
ဘာလုပ်ရမလဲလို့ မေးရင်လည်း ကိုယ်လည်း ဘာမှဖြေတတ်ဘူး။
အပြစ်ပဲ တင်တတ်တယ်ရယ်။ ခွိခွိ။ :kwi:
လုံမလေးမွန်မွန်
January 4, 2013 at 1:23 pm
ဒီလိုနဲ့ပဲ အသက်တွေလည်း ကြီးလာကြတာပါပဲ… :kwi:
မောင်ပေ
January 4, 2013 at 1:28 pm
ဗိုလ်ချုပ်တို ့ ဦးသန် ့တို ့လောက် မလုပ်နိုင်ရင်တောင်
ကျုပ်တို ့တွေလဲ ရပ်မနေဖို ့လိုပါတယ်
အဲဒါ အဲဒါ
ပုရွတ်စိတ်ထုံး နှလုံးမူရမယ်ကွဲ ့
လုံမလေးမွန်မွန်
January 4, 2013 at 10:34 pm
သူတို့အထိတော့ မမှန်းပါဝူးရယ်… သူတို့ ခြေဖျားလေးတော့ မီချင်တယ်ပေါ့… 🙂
•*¨နန်းတော်ရာသူ •*¨
January 4, 2013 at 1:38 pm
အမွန်ရေ…နည်းပညာပစ္စည်းတွေရဲ့ကျေးဇူးက ယူတတ်ရင်အကျိူးပြုသလို၊အပျော်ဘက်ချည့်လို်ကနေရင်လဲ အင်မတန်ဆိုးပါတယ်။
ကျောင်းသားလူငယ်၊ကလေးတွေဆိုတာမျိုးက အကျိုုးပြုနိုင်တာထက် စိတ်အားထက်သန်ရာတွေ၊ဖျော်ဖြေရေးတွေကိုပဲ အာရုံစိုက်တတ်တဲ့အရွယ်မို့လား။
ဒီတော့ ဝယ်ပေးတဲ့မိဘက ညွှန်ကြားပြသခြင်းဖြင့် အပျော်ဘက်လည်းလိုက်သင့်သလောက်လိုက်၊
ထိန်းကွပ်သင့်သလောက်လည်းထိန်းကွပ် ဖြစ်ထားသင့်ပါတယ်။
နောက် ဆေးတွေသုံးတဲ့ကိစ္စဆိုလို့
ဖျာပုံတစ်ဝိုက်မှာ အဲ့ဒီလို ကင်ဆာရောဂါသက်သာအောင် သောက်တဲ့ဆေးတွေကို လူငယ်တွေက မူးယစ်ဆေးအဖြစ် အစ်ပြိုင်နက် အလုံးနှစ်ဆယ်လောက်အထိ သောက်နေကြတယ်ဆိုတာတွေ သိနေရပါတယ်။ဆိုင်တွေကလည်း ရောင်းနေတာပဲတဲ့။
အဲဒီကိစ္စတွေကို ထိထိရောက်ရောက် ကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်သင့်တယ်လို့ထင်ပါတယ်။
ခက်တာက မြန်မာပြည်မှာက သူများနိုင်ငံတွေလို မဟုတ်ပဲ ဆေးဆိုင်တွေမှာ လိုချင်တဲ့ဆေးကိုအလွယ်ဝယ်လို့ရနေတာပဲ။
အစ်မကြည့်ဖူးတဲ့နိုင်ငံခြားကားတော်တော်များများမှာ ဆရာဝန်ညွှန်ကြားချက်မပါပဲ ဆေးဝယ်လို့မရတာတွေ တွေ့တွေ့နေလို့ပါ။
လုံမလေးမွန်မွန်
January 4, 2013 at 10:36 pm
ဟုတ်တယ် အစ်မရေ…
ဆေးလိပ်ဆိုရာမှာရော..ဆေးဆိုရာမှာရော..ဟော..အခု ပူပူနွေးနွေးမဂ္ဂဇင်းလေး…. ဘာတဲ့.. ၁၈ နှစ်အောက် မဖတ်ရတဲ့..ဘယ်လိုနည်းနဲ့ ၁၈ နှစ်အောက် မဖတ်ရအောင် လုပ်မလဲ… အလကား…
ပြောရင်းနဲ့ ပေါက်ကွဲလာပီ…
ကျေးဇူးပဲ ယောက်ခမ..ယောက်ခမသားလေးကျရင် သေချာထိန်းသိမ်းပေးပါမယ်…
အရီးခင်လတ်
January 4, 2013 at 9:02 pm
သမီးရေ
ဒီနေ့ ခေတ်ကလေးတွေမှာ အရင်ကထက် ပိုပြီး သတင်းရရှိ မှု အခွင့်အလမ်း တွေက ပိုများလာတာ တားလို့မရပါဘူး။
ကောင်းတာလဲ မြင်၊ ဆိုးတာလဲ တွေ့ပေါ့။
ဒါပေမဲ့ အဲဒါကို ဘယ်လို ထိန်းကျောင်းရမယ် ဆိုတာ မသိနိုင်ရင်တော့ အဆိုးဘက်ကို ရောက်သွားကြဖို့ များပါတယ်။
ထိန်းကျောင်းပေးမဲ့ မိဘ၊ ဆရာ အများစု ရဲ့ အတွေးအခေါ် နဲ့ ဆင်ခြင်နိုင်မှု ဟာ အများကြီး အရေးပါပါတယ်။
ဒါဟာ မြန်မာပြည် ရဲ့ မျိုးဆက်သစ် အတွက် အဓိက စိမ်ခေါ်မှုပါဘဲ။
မြန်မာပြည်ရဲ့ စားဝတ်နေမှု ကြပ်တည်းနေတာက လူတွေရဲ့ စိတ်ဓာတ်တွေကို ဖျက်စီးနေတာပါဘဲ။
ထမင်းနပ်မှန်အောင်တောင် မစားရရင် ခိုးဖို့ တိုက်ဖို့ မကောင်းမှု လုပ်ဖို့ ဝန်မလေးပါဘူး။
နောက်တစ်ချက်က မြန်မာပြည်မှာ လူတန်းစားကွာဟ ချက် ကြီးမား နေတာကလဲ လူတွေရဲ့ စိတ်ဓာတ်တွေကို ဖျက်စီးနေတဲ့ အကြောင်းရင်းတစ်ချက်ပါဘဲ။
သူများ ဝတ်သလို၊ စားသလို၊ သုံးဖို့ ရဲ့ နောက်ကွယ်မှာ မသမာမှုတွေ လုပ်ဖို့ ဝန်မလေးပါဘူး။
ငွေကို ရေလို သုံးနိုင်သူတွေ ကို အားကျပြီး မမှားသင့်တာမှား တာတွေ ဟာ အများကြီးရှိနေတာပါ။
အဓိက စိတ်ဓာတ်ရေးရာပေါ့။
တကယ်မတော်၊ မတတ်သူတွေ နေရာရနေတာ
တကယ်လုပ်တတ်သူတွေ ချောင်ထိုးခံနေရတာ
ဘယ်သူက တရားနဲ့ ဖြေနေနိုင်မလဲ။
အဲဒီနောက်မှာ စိတ်ဓာတ်တွေ ဟာ နှမြောဖို့ကောင်းအောင် ပျက်လာတာ မျိုးဆက် တစ်ဆက်လောက် ရှိခဲ့ပြီ။
ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် နောက်မျိုးဆက် ကိုပါ ဆက်ကူး သွားတော့ မှာဘဲ။
သမီးရဲ့ မေးခွန်း “ကျွန်မတို့ ဘာတွေလုပ်ရမလဲ” ဆိုတာက အတွက် အရီး သာဖြေရမယ် ဆိုရင်။
ဒီလို ၁ဝစုနှစ် အတွင်း မှာ မှ တိုင်းပြည်ကို ထိထိရောက်ရောက် ပြောင်းမပစ်နိုင်ရင် ဒီလို အာဏာရူး တွေက တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ် နဲ့ သူတို့ဘဲ စားသောက်လို့ မကုန်အောင် ဖန်တီးနေဦးမှာဘဲ။
မြန်မာပြည် အတွက် လောလောဆယ် တကယ် ထိထိရောက်ရောက် ဦးဆောင်ပေးနိုင်တာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ဘဲ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် လက်ထဲ မှာ အာဏာအပြည့်ရဖို့ဘဲ။
အချိန်လဲ သိပ်မရှိတော့ဘူး။
ဒီတော့ ကိုယ့်တိုင်း/ ကိုယ့်ပြည် ကို ချစ်သူတိုင်း၊ ကိုယ့် မျိုးဆက်ကို တိုးတက်စေလိုသူတိုင်း “ဒေါ်အောင်ဆန်းစုကြည်” ကို ဖြစ်နိုင်သ၍ ပံ့ပိုး ဝိုင်းရံ ပေးဖို့ဘဲ ရှိပါတယ်။
ကချင် မှာ တိုက်နေတဲ့ သေနတ်ပြောင်း တွေကို ဘာမှ မတတ်ဘဲ နိုင်ငံအုပ်ချုပ်သူလုပ် ကိုယ်ကျိုးရှာနေသူ ဘက် ကိုသာ လှည့်လိုက်ကြပါလို့ ဘဲ တောင်းပန်ချင်ပါတယ်။
👿
လုံမလေးမွန်မွန်
January 4, 2013 at 10:44 pm
အရီးရေ…
အရမ်းကျေးဇူးတင်ပါတယ်နော်… အရီးရဲ့ အဖြေအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးပေးနိုင်ဖို့ အရည်အချင်းရှိအောင် ကြိုးစားရမှာပေါ့နော်…
မျိုးဆက်တွေ ပြတ်ကျန်ခဲ့တာ အရမ်းနှမြောမိတယ်… ဒီခေတ်ကလေးတွေကို လမ်းမှန်ပြရမယ့် ဆရာတွေမျိုးဆက်မှာလည်း ဒီလိုပဲ အစမ်းသပ်ခံတွေဖြစ်ခဲ့ကြတယ်…
နောင်ကလေးတွေကို လက်ဆင့်ကမ်းမယ့် သမီးတို့ မျိုးဆက်ကလည်း ဒီလိုပဲ ပိတ်လှောင်ခံထားရတယ်….
အခုဆို တော်တော်လေးပြတ်ကျန်ခဲ့ပြီ ထင်ပါ့နော်…
ခင်ခ
January 5, 2013 at 8:52 am
လုံမလေးမွန်မွန်ရေ
အင်တာနက်စနစ်တို့ ဖုန်းဆက်သွယ်ရေးတို့ ထွန်းကားတိုးတက်လာရင်
အခုလို ဆိုးကျိုးနဲ့အတူ သတင်းလျှင်မြန်မှု့ ဆက်သွယ်လွယ်ကူ အလုပ်အဆင်ပြေမှု့ ကောင်းကျိုး ဒွန်တွဲစွာ ဖြစ်တည်လာတတ်စမြဲပဲလေ၊
တစ်ခုရှိတာက ကျောင်းတွေမှာဆိုရင်တော့ ဆရာ၊ ဆရာမ တွေက ကိုယ်တိုင်ရှက်ရွံမနေဘဲ ကိုယ်တိုင်လည်း ဗဟုသုတအဖြစ် လေ့လာပြီး တပည့်တွေကိုလည်း ဆိုး ကောင်း ဝေဖန်ပညာပေးပြောနိုင်ရင် ကောင်းမယ် လို့တွေးထင်မိတယ်လေ။
လုံမလေးမွန်မွန်
January 5, 2013 at 5:59 pm
ဟုတ်..လေးလေး…
အရင်ဆုံး ဆရာတွေက စပြီး ပြောင်းလဲရမယ်လို့ မြင်ပါတယ်… နယ်က ဆရာမတွေဆိုတော့ သူတို့လည်း မသင်ချင်ဘူးတဲ့… 🙂
surmi
January 5, 2013 at 9:31 am
ဂျီးဒေါ်က ခုမှအလန် ့တကြားဖြစ်နေ
ကျုပ်တို ့ကလေးအဖေတွေကတော ့ ဒီတိုက်ပွဲကိုဝင်နွဲနေရတာကြာပေါ ့
ကိုယ် ့သားသမီးဘယ်အချိုးချိုးနေလည်းဆိုတာ ထောက်လှန်းရတာအမော ။
လွန်ခဲ ့တဲ ့ ( ရ ) နှစ်လောက်ကတည်းက ကျောင်းရှေ ့ ့တွေမှာ
ညစ်ညမ်းဗွီဒီယို ခွေတွေကို ကာတွန်းကားပုံစံ လုပ်ပြီးရောင်းလို ့ရှင်းလိုက်ရသေး
ကျောင်းတစ်ကျောင်းမှာ ရ တန်း ၈ တန်းကလေးတွေရဲ ့လွယ်အိပ်ကို
ရှောင်တခင်ဝင်စစ်တာ အဲဒီ အခွေတွေ တွေ ့ရသဗျာ ။
ကျောင်းအုပ်လည်း မျက်ကလည်းဆံပြာဖြစ်ပြီး အစည်းအဝေးခေါ်ရတော ့တာပဲ
ဆိုတော ့ကာ ……….
ကိုယ် ့သားသမီးနဲ ့ ပွင် ့ပွင် ့လင်းလင်း ဆက်ဆံပြီး ဘာမဆိုတိုင်ပင်ရဲအောင်
လေ ့ကျင် ့ပေးထားသင် ့တယ် ။ ကလေးကို ကြောက်အောင်ဆုံးမတာထက်
ပြောရဲဆိုရဲနဲ ့သင် ့မသင် ့ဆုံးဖြတ်တတ်အောင် လေ ့ကျင် ့ထားသင် ့တာ ။
အရွယ်တစ်ခုမှာ စိတ်ဝင်စားတာဟာ တားမရတဲ ့ သဘာဝပေမဲ ့
အရွယ်မတိုင်ခင်ဆိုရင်တော ့ ဆိုးကျိုးများတာပေါ ့လေ။
ခုလည်း ကျောင်းတွေမှာ မူးယစ်ဆေး နဲ ့ လောင်းကစားမျိုးစုံ
ရနေပါပြီ ။ ဘောလုံးဆိုရင် တစ်ပွဲတစ်သိန်းလောက်ထိ လောင်းလို ့
ရနေပြီလေ ။
ပြောရင် ပို ့စ်တစ်ပုဒ်စာမကပါပဲ …….
လုံမလေးမွန်မွန်
January 5, 2013 at 6:05 pm
မြတ်စွာဖျား..အနော်က ခုမှသိတာ…
သိဆို အဆက်ပြတ်နေတာလည်း ကြာပေါ့….
ပြဿနာက မိဘတွေက စီးပွားရေးထဲ ခေါင်းနှစ်နေရတာနဲ့ပဲ သားသမီးကို အချိန်မပေးနိုင်တာကြောင့်လို့ ထင်ပါတယ်….
မိဘ နဲ့ ဆရာ ပူးပေါင်းရမယ့် ကိစ္စလု့ိ မြင်မိတယ်..
ဦးဆာမိရေ..ဖြစ်နိုင်ရင် အဲ့ဒီအကြောင်းလေးတွေ ရေးပေးပါဦးနော်…သိချင်လို့ပါ….
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 11:27 pm
မမွန်ရေ…….ညီမ တို့မြို့နယ်တွေဘက်မှာလဲအဲ့လိုုမျိုးတွေရှိပါတယ်…..။
ဆရာသမားဆိုပြီးလေးစားတက်မူနည်းပါလားတာတွေရယ်…..။
အသက်အရွယ်ငယ်ငယ်နဲ့အိမ်ထောင်ပြုကြတာတွေအရမ်းကိုများပြာလာပါတယ်…။
ညီမ နေတဲ့မြို့လေးမှာဆိုရင် 18 19 တွေအိမ်ထောင်ကြတာတွေလဲအရမ်းကိုများပါတယ်….။
နယ်စပ် မဟုတ်တော့ ဆေးဝါးတွေတော့ မရှိကြပါဘူး.။
ဒါပေမဲ့..13 16 ကျောင်းသားလေးတွေ ဆေလိပ် လက်ကြားညှပ်.။ကွမ်း တပျစ်ပျစ်တွေတော့အများကြီးပါ.။
ဘယ်သူကြောင့် လဲတော့ မိုက်လေး မဝေဖန်တက်ပါဘူး…..။
ဒါပေမဲ့ မြန်မာ လူငယ်လေးတွေအဲ့ဒါမျိုးတွေဖြစ်နေရတော့ ရင်ထဲကတော့ မကောင်းမိတာ အမှန်ပါ.။
နည်းစပ်ရာ ကလေးတွေတွေ့မိလို့ အကြီးအနေနဲ့ ဆုံးမ ပြန်တော့လဲ လက်မခံကြတာက များတယ်လေ.။
လုံမလေးမွန်မွန်
January 7, 2013 at 10:23 pm
ဟုတ်ပါတယ် မိုက်လေးရေ…
နယ်ပြန်ရင် စိတ်ညစ်ရတယ်..ကလေးတွေက အရွယ်ရောက်လာရင် ကွမ်းစား၊ ဆေးလိပ်သောက်မှ လူရာဝင်တယ် ထင်လားမသိဘူး..မွန်မွန့်မောင်လေးတွေ၊ သူငယ်ချင်းတွေ အားလုံးပဲ… ဘယ်လိုလဲမသိဝူး… 🙄
Foreign Resident
January 7, 2013 at 8:11 am
လုံမလေးမွန်မွန် ရေ ။
ကျောင်းတွေမှာ လိင်ပညာပေးတွေ သင်တာ မမှားလှပါဘူး ။
အကြမ်းဖျင်းအားဖြင့် နိုင်ငံကြီးတွေရဲ့ နည်းစံနစ်တွေကို လိုက်နာတာလည်း မမှားလှပါဘူး ။
သူတို့တွေက နှစ်ရှည်လများ နည်းမျိုးစုံနှင့် တွေးခေါ် မှတ်ကျောက် တင်ထားပြီး ၊
နောက်ဆုံး အကောင်းဆုံး အဖြေတွေ ဖြစ်တာ များပါတယ် ။
ခက်တာက သူတို့တွေရဲ့ နည်းစံနစ်တွေကို အပြည့်အစုံ မလိုက်နာနိုင်ပဲ ၊
တစ်စိတ် တစ်ပိုင်းပဲ လိုက်နာတဲ့ကိစ္စပါ ။
ဆိုလိုတာက လိင်ပညာပေး မသင်ခင် နိဒါန်းမှာကတည်းက ဆရာ / မ တွေက
ကလေးတွေကို ဘယ်လို ဘာကြောင့်ဆိုတာ သေချာ ရှင်းပြရမှာပါ ။
ဘယ် ကိစ္စမဆို နက်နက်နဲနဲ ဆက်လိုက်လိုက်ရင်တော့ ၊
အစိုးရ နှင့် ပိုက်ဆံ မှာပဲ သွားဆုံးမှာပါ ။
ဆရာတွေကိုတော့ ၊ အဘ လည်း သိပ် မ ကိုးကွယ်ပါဘူး ။
မင်း ပိုက်ဆံယူထားတဲ့အလုပ် မင်း တာဝန်ကျေအောင်လုပ် လို့ပဲ သဘောထားပါတယ် ။
ဒီတိုင်းပြည်က တက္ကသိုလ်တွေမှာဆိုရင် ဆရာ ( Sir ) ဆိုတဲ့ စကားတောင် သုံးခွင့် မရှိပါဘူး ။
ဆရာ တွေ နှင့် တပည့်တွေ ၊ မင်း ၊ ငါ ၊ Mr. ဘယ်သူ နာမည်ခေါ်ပြီး ဆက်ဆံကြတာပါပဲ ။
လုံမလေးမွန်မွန်
January 7, 2013 at 10:29 pm
ဟုတ်ကဲ့ အဘဖော…
လုံမလည်း လိင်ပညာပေးသင်တာကို ထောက်ခံပါတယ်… မိန်းကလေးတွေ ဗဟုသုတရစေချင်ပါတယ်… ဒါပေမယ့် အရင်ဆုံး ရည်ရွယ်ချက်ကို သဘောပေါက်အောင် မပြောပြနိုင်တာရယ်… သင်ကြားရေး နည်းစနစ်ရယ်… ဆရာမတွေရဲ့ လိုအပ်ချက်တွေရယ်ကြောင့် လမ်းလွဲသွားတာပါ…
မောင့်ကျက်သရေ ဂီ့
January 7, 2013 at 8:25 am
အဲ့ဒါ တက္ကနော်လော်ဂျစ်ကယ် ဒီဗိုက် ကို ပြတာ..
ပြောရရင် အခု ၄၀-၅ဝ တန်း မစ်ဒယ် မန်းနေ့ချ်မန့် ဘိုတော် တသိုက် ကို ပဲ မော်ဒယ်ယူပြီး
ထုတ်ပြချင်ရဲ့… ကွန်ပူတာဆိုတာ သူတို့ နဲ့ ဝေးနေသေးတဲ့ ဘာသာရပ် ဖြစ်တယ်လေဗျာ..
အပေါ်ကပြောင်းတယ် ပြောပြီး အောက်က မထူးလာတာရဲ့ အဓိက ပြဿနာ က အဲ့သည့် အလယ်သား မှာ ရှိတယ်…
ဖြစ်သင့်တာက သူတို့သည် နည်းပညာကို သဘောတရားပိုင်း လိုက်စား အောက်က ဂျူနီယာမန်းနေ့ချ်မန့်ကိုတော့
ထဲထဲဝင်ဝင် တတ်မြောက်အောင် အားပေး… အထက်က စီနယာ မန်းနေ့ချ်မန့် (၆ဝတန်း ဆိုပါစို့) ကို
နည်းပညာရဲ့ ကောင်းကျိုးတွေ လျှင်မြန်သွက်လက်တာတွေကို သိအောင် သုံးချင်လာအောင်(ဘတ်ဂျက် ချထားပေးအောင်)
ဆွဲဆောင် … သည်လိုဖြစ်သင့်တာ …
လက်တွေ့မတော့ … လူအစားထိုး စက် ကို သုံးရင် အလုပ်ပိုတွင်မှာ မှန်ပေမယ့် ငါ အလုပ်ပြုတ်ရချီရဲ့ ဆိုပီး
နည်းပညာကို ကိုယ်တိုင်လည်း မလေ့လာ အောက်ကလူတွေရဲ့ လေ့လာမှုကိုလည်း အားမပေးတတ်
အထက်ကိုလည်း တင်ပြမှုမရှိ…. ဒုံရင်း ကဒုံရင်း သွားနေကြတာ များရဲ့ …။
အဲ့သည့်အကျင့်တွေ မပြင်သမျှတော့ …. အင်းး….
ပိုဟောင်းနွမ်းလာတဲ့ ထိပ်က လူတွေ
ပို မျက်စိပွင့်လာတဲ့ အောက်က လူတွေ ကြားမှာ
ဇော်ကန့်လန့်တိုက်ရင်းနဲ့ပဲ … တဖြည်းဖြည်း …..
တော်သေးဘီဗျို့ …
:byae:
မောင့်ကျက်သရေ ဂီ့
January 7, 2013 at 8:44 am
ဆက်ဆွဲရရင်ဖြင့် … မြို့ပြအထက်တန်းကျောင်းသား အဆင့်လောက်မှာ
ချာတိတ်က နတ်ဝါ့ခ် စကျူရတီ ကို ဘယ်လို ချိုးရမယ် ဆိုတာ သိနေပြီ
ဆရာ၊ ဆရာမ လုပ်သူတွေက အော့ဖစ်စ် ဆော့ဖ်ဝဲလောက် အဖြစ် သုံးတတ်သူ
အဆင့်ထက် တယောက်မှ မပို …
ကျောင်းတွေမှာ ပီစီတွေ ထားရဲ့ …ဘာအတွက်လဲဆို…
လူကြီးလာရင် …ဘယ်အတန်းက ကွန်ပူတာ ကိုင်တတ်တဲ့ ကလေး ဘယ်နှယောက်
လာဇမ်း ဆိုပီး သရုပ်ပြ တီဗီအရိုက်ခံတယ်… ကျောင်းတွေမှာ ရူတင်းမ် ကွန်ပူတာ သင်တန်း
မပေးထားနိုင်ဘူး … သင်ပေးမယ့်လူလည်း မရှိသလို .. (သင်ပေးနိုင်တာထက် ကျောင်းသားက ပို
လေ့လာနိုင်နေသေးတယ်..)
ဟိုးအမြင့်ကြီး မပြောပါဘူး …. ကျောင်းအုပ်အဆင့်လောက်
မြို့နယ် ပညာရေးမှူး အဆင့်လောက် က ကျောင်းမှာ အိုင်တီပရို ဆြာ တယောက် ထားရမယ်..
သင်ကြားမှု ပေးရမယ်… ဒီ နည်းပညာကို သုံးပြီး သင်-ထောက်-ကူ တွေ ဖန်တီးလာနိုင်တယ်..
ဖန်တီးကြရမယ် စုပေါင်း ဆောင်ရွက်ရမယ် ဆိုတဲ့ အသိ ကို သိသူ အင်မတန် နည်းသေးတယ်…
ကောင်းရော ..
ကျုပ် ဘဝမှာ ပါရမီရှင် လို့ ကိုယ့်ဟာကိုယ် သတ်မှတ်တဲ့ သူငယ်ချင်းတယောက်ရှိဖူးတယ်..
အသက် ၁၈နှစ်မှာ ဆယ်တန်း ဘိုင်အို တစ်အုပ်လုံးကို သူ သင်ထောက်ကူ စီဒီ အနေနဲ့ ပြောင်းရေးနိုင်ခဲ့တယ်…
သူ့စီဒီမှာ ဘာပါသလဲဆို ..
ဖတ်စာအုပ် တစ်အုပ်လုံးကို အိုးလ်အင်းဂလိ နဲ့ အသံထွက်ဖတ်ပြနိုင်တယ်ဗျာ…
အခန်းလိုက် အပိုင်းလိုက် ရှင်းပြတာတွေပါမယ်..
ရောင်စုံ ပုံတွေ ပါမယ် .. သရီးဒီ ပုံတွေပါမယ် … ထပ်သိချင်သေးလို့ ဖတ်ချင်သေးရင်
အိပ်စတာနယ်လ် လင့်ခ် တွေပါမယ်.. ရှင်းလင်း ဟောပြောတဲ့ မူဗီတွေပါမယ်ဗျာ…
အဲ …. ပြောရရင် ဒါဟာ အိုင်တီ ဝါသနာပါသူ လူငယ်တယောက်က လုပ်ရမယ့် အလုပ်မဟုတ်ဘူး
ကျောင်းတွေ ပညာရေး အဖွဲ့အစည်းတွေ က လုပ်ရမယ့် အလုပ်ဖြစ်တယ်..
လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကဆိုတော့ … သူသိပ်စောလွန်းသွားခဲ့တယ်…
မြို့ကျောင်းနေ ၁ဝတန်းကျောင်းသားတွေတောင် တဝက်လောက်က ကွန်ပူတာ မရင်းနှီးကြသေးတော့
တကယ်တမ်း ထုတ်ရောင်းမယ်ဆိုလည်း ရောင်းကောင်းမှာ မဟုတ် …(ခိုးကူးကိစ္စကလည်း ရှိသေး ..အဟေးဟေး…)
လေးစားရတဲ့ဆြာတယောက်ကလည်း တားပါတယ်.. (တကယ်တမ်း ထုတ်ရောင်းတဲ့အဆင့်မရောက်ခဲ့ပါ)
မင်းအခွေက ကောင်းလွန်းတာ မှန်တယ် ..ဆြာတွေ လက်စွဲဖြစ်သင့်တာလည်းမှန်တယ်.. သို့သော်..
ကျောင်းသူကျောင်းသားတွေက စာမေးပွဲနီးရင် ထွက်လေ့ရှိတဲ့ ပရော်ဖက်ဆာကြီးတွေရဲ့
(အရေးကြီး သင်ခန်းစာတွေ ရှင်းပြတဲ့)ဗီစီဒီ ကိုပဲ စိတ်ဝင်စားကြတာကွ ….
တိန်…
ဒီမိုး ဒီရေ ဒီလှေ ဒီလူတွေနဲ့တော့ …
ဖြစ်ဦးမယ် ပညာတတ်ကြီးတွေ ….
အားကြီးကြီးးးးး…..
:byae:
Shwe Ei
January 7, 2013 at 12:11 pm
သင်ယူတတ်မြောက်ဖို့လဲလွယ် လေ့လာမှုအားကောင်းတဲ့ခလေးတွေလဲများလာတဲ့
ခေတ်တခေတ်အဖြစ် အမြင်ပြောင်းယူပြီးဆွေးနွေးကြည့်ပါလား မွန်မွန်ရေ။
အတန်းထဲမှာ ဆဲလ်ဖုန်းသုံးနိုင်တဲ့ခလေးများလာရင် ဆဲလ်ဖုန်းရဲ့ကောင်းကျိုးဆိုးကျိုးကို
ဆရာမက ဦးအောင်ပညာပေးပြောပြထားရမှာပေါ့။ မသိသေးတဲ့ခလေးတွေလဲပညာရ သိပြီးသားခလေးတွေလဲ တလွဲမသုံးတော့ဘူးပေါ့။ ခလေးတိုင်းကိုတော့ ကောင်းတာဘဲယူ မကောင်းတာပယ်လို့ လိုက်ပြောလို့မရဝူး။ အချို့ခလေးတွေက အကောင်းအဆိုးနှစ်မျိုးလုံးသိအောင် စမ်းချင်တယ်၊ အကောင်းဘဲကွက်ယူတတ်သူ အဆိုးဘဲကွက်ယူတတ်သူကတော့
ဆရာမကြောင့်သီးသန့်မဟုတ်တော့ဝူး မိသားစု လူမှုအသိုင်းအဝိုင်းနဲ့ဆိုင်သွားတယ်။
ဆရာမကိုဘဲ ပုံအပ်ထားလို့လဲ မရဝူး။ ကိုယ်ပိုင်လေ့လာလက်ခံနိုင်စွမ်းကလဲ တယောက်နဲ့တယောက်တူကြမှာမဟုတ်ဝူး။ အတန်းတတန်းမှာ ထိန်းမနိုင်သိမ်းမရဆိုးလွန်းတဲ့
ကျောင်းသားဦးရေက အများအားဖြင့် ၁၀%ထက်မကျော်ပါဝူး။ အဲ့လောက်အရေအတွက်နဲ့ ကျောင်းသားအားလုံး အဆင့်ကျနေဘီလို့ မပြောနိုင်ဘူးလေ။
ကျောင်းစာအပြင် အခြားသော ဗဟုသုတနဲ့ လေ့လာစရာတွေကို စိတ်ဝင်စားတတ်လာတာ ကောင်းတယ်လို့ဘဲ မြင်မိပါတယ်။ ယူတတ်သူက ရပါလိမ့်မယ်။
စာတော်တိုင်း စည်းကမ်းလိုက်နာတိုင်း လူတော်ဖြစ်လိမ့်မယ်လို့ အမတော့ တထစ်ချမယုံဝူးကွယ်။
မှတ်ချက်။ ။မြန်မာပြည် အနေအထားနှင့်ချိန်ရွေ့ ပွားခြင်းဖြစ်သည်။ နိုင်ဂံဒဂါ
စံချိန်စံညွှန်းနှင့်ကိုက်ညှိရန် လုံးဝ (လုံးဝ) မဖြစ်နိုင်သေးပါကြောင်း။
တော်သေးဘီ
ခင်တဲ့
မရွှေအိ
mamanoyar
January 7, 2013 at 1:00 pm
ဟုတ်တာပေါ့ ဆရာမတွေလဲ တစ်လတစ်ကြိမ် အရည်အချင်းစစ်စာမေးပွဲ စစ်ရပါတယ်
နေ့တိုင်း နေ့စဉ်မှတ်တမ်း ရေးရပါတယ်
လုံမလေးမွန်မွန်ပြောသလို ရွာတွေမှာ ကျောင်းဆရာမ မလောက်တဲ့ပြဿနာကလဲ ရှိနေပါသေးတယ်
Mr. MarGa
January 7, 2013 at 1:47 pm
တကယ် အရေးကြီးတဲ့ နေရာပါဗျာ ပညာရေးဆိုတာက
ဦးမာဃတို့ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးမယ့်နေရာလေ
သို့သော်လည်း
ထိရောက်တဲ့ သင်ကြားရေးစနစ်၊ ဘာသာရပ်ကို တကယ်ကျွမ်းကျင်တဲ့ ဆရာ၊ဆရာမတွေ မရှိရင်တော့
ဒီလိုပဲ ဆက်ဖြစ်နေဦးမှာပါ။
အထက်ကလူတွေကလဲ သင်ကြားရေးကို နိုင်ငံတကာ အဆင့်မီအောင် အမျိုးမျိုးပြောင်းနေတယ်။
(ပြောရရင် စမ်းသပ်ဆဲကာလပေါ့ ဒါပေမယ့် အဲဒါက နှစ် နှစ်ဆယ်ကျော်နေပြီ)
အထက်က ဘယ်လောက်ပြောင်းပြောင်း
အောက်ခြေမှာတော့
ပြောင်းသမျှကို မီအောင်မလိုက်နိုင်သလိုတွေ ဖြစ်ပြီးတော့
တကယ့် ကျောင်းသူကျောင်းသားတွေက အဓိက နစ်နာကြတယ်။
တကယ်တော့
အခုအချိန်မှာ
သေချာတိကျတဲ့ သင်ရိုး၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ဆရာတွေ၊ ကောင်းမွန်တဲ့ သင်ကြားနည်းစနစ်တွေနဲ့
အသေအချာ ပြင်ဆင်ပြုလုပ်သင့်ပါပြီ
ဆရာ၊ဆရာမတွေ တက်ရတဲ့ မွမ်းမံသင်တန်းတွေကိုလဲ အဆင့် မြှင့်သင့်ပါပြီ
အပေါ်ပိုင်းက ပြင်ဆင်မှုတွေကို အောက်ခြေထိ အကျိုးသက်ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့ လိုပြီဗျ
ဦးမာဃတော့ အဲဒါပဲပြောချင်တယ်။