အနက်ရောင် ဘဝတစ်ခုရဲ့ အခန်းတစ်

          အနောက်ကောင်းကင်ယံမှာ တိမ်တွေပုပ်နေပြီ။ ညိုမည်းပြီး မကြာခင်မှာ အန်ကျလာတော့မယ့် မိုးစက် မိုးပေါက်တွေကို  မင်းမမျှော်လင့်သင့်တော့ဘူး မင်းညို။ မိုးမရွာခင်မှာ ကျလာတော့မယ့် မင်းရဲ့ မျက်ရည်တွေကိုလည်း အတားအဆီးမဲ့ တံခါးဖွင့်ပေးလိုက်ပါတော့။ ထုတ်ဖော်မပြောဝံ့တဲ့ ဝေဒနာ အစိုင်အခဲတွေကို မျက်ရည်အဖြစ် မင်းပြောင်းလဲလိုက်ပါတော့။ မင်းလည်း ငါ့လို ခုချိန်မှာ မည်းမည်းကျုတ်နေမယ့် ကောင်းကင်ကြီးကိုကြည့်ပြီး တစ်စုံတစ်ခုကို တိုင်တည်ပြောဆိုနေမယ်ဆိုတာ ငါ ယုံတယ်။ အမှန်တရားဆိုတာ တွေးဆနေတာထက် ပြေးကြည့်လိုက်ဖို့လိုတယ်ဆိုတာကို ငါတို့ မသိလိုက်ကြဘူး။

အခန်း(၁)

လက်ထဲမှာရှိနေတဲ့ စာရွက်ဖြူဖြူလေးကိုကြည့်ပြီး သူ့ရင်တွေတဒုန်းဒုန်းခုန်နေတယ်။ ပြီးတော့ သူ့နဘေးမှာထိုင်ပြီး သူ့လို ငူငူငိုင်ငိုင်ဖြစ်နေတဲ့ မင်းညို။ အံ့ဩခြင်း၊ မယုံကြည့်ခြင်း၊ ကြောက်ရွံ့ခြင်းတွေ သူ့တစ်ကိုယ်လုံး ရစ်ပတ်လွှမ်းခြုံနေတယ်။

“မဖြစ်နိုင်ဘူး“

နုတ်က ရုတ်တရက် အဲဒီ စကားတစ်လုံးပဲ ထွက်ကျလာတယ်။ ရှေ့တည့်တည့်မှာထိုင်နေတဲ့ မန်နေဂျာရဲ့မျက်နှာကို ကြည့်မိတော့ သူတော်တော်လေးကို သိမ်ငယ်သွားတယ်။ ပြီးတော့ ရှက်ရွံ့လာတယ်။ အဲဒီ မျက်ဝန်းတွေရဲ့အကြည့်ဒဏ်ကို သူမခံနိုင်ပဲ သူ့အကြည့်တွေကို ဟိုခပ်လှမ်းလှမ်းက တောင်ကတုံးကြီးတွေဆီ ပို့လွှတ်လိုက်တယ်။

“စိတ်မကောင်းပါဘူး ညီ။ ဝန်ထမ်းကောင်းတွေ စွန့်လွှတ်လိုက်ရတဲ့အတွက် ဝမ်းနည်းပါတယ်။ ဒါက မင်းတို့အတွက် သုံးလစာ နှစ်နာကြေးပါ။ “

မင်းညိုက အံကိုတင်းတင်းကျိတ်နေတယ်။ လက်သီးဆုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဝုန်းခနဲ့ မတ်တပ်ထရပ်တယ်။ ပြီးတော့ ချာခနဲလှည့်ထွက်သွားတယ်။ စားပွဲခုံပေါ်မှာ မင်းညိုရဲ့ စာအိတ်ကလေး ကျန်ခဲ့တယ်။

သူ့ရင်ဘတ်ကြီးတစ်ခုလုံး ဆို့နေတယ်။ ဘာစကားလုံးမှ ပြန်မပြောနိုင်ပဲ လည်ချောင်းဝမှာ စကားလုံးတွေ တစ်နေတယ်။ ကျလုကျခင် မျက်ရည်တစ်ချို့ကို ထိန်းနေရတာလည်း ပင်ပန်းသလိုပဲ။ စာရွက်ပေါ်မှာရှိနေတဲ့ အဖြေတစ်ခုဟာ သူ့ကြောင့်ဖြစ်ပေါ်လာတာ မဟုတ်ဘူးလို့ သူ ယုံကြည်တယ်။

တစ်ခုပဲ သူမယုံတာ။ အဲဒါ မင်းညို….ကိုပဲ။

အခန်း(၂)

ရေမွှေးနံ့စူးစူးကြောင့် သူအိပ်ယာက နိုးလာတယ်။ ခြင်ထောင်ထဲကနေ ခေါင်ထောင်ကြည့်တော့ မှန်ရှေ့မှာ အလုပ်ရှုပ်နေတဲ့ မင်းညိုကို တွေ့ရတယ်။ နံနက်စောစော ဒီလောက် ဖီးလိမ်းပြင်ဆင်နေပုံထောက်ရင် မင်းညိုရဲ့ကောင်မလေး မြစ်ကြီးနားက ပြန်ရောက်နေတာ သေချာလောက်ပြီ။

ခါတိုင်း မင်းညိုရဲ့ကောင်မလေး မရှိတဲ့ရက်တွေမှာ နံနက်ဈေးဝယ်သွားရင် ဘာကိုမှ ပြင်ဆင်နေတတ်တာမဟုတ်။ ယုတ်စွအဆုံး ညအိပ်ယာထအဝတ်အစားနဲ့ မျက်နှာကို ရေဆွတ်ထွက်သွားတတ်တယ်။

သူ ခြင်ထောင်ကို အသာမပြီး ခေါင်းပြူထွက်လိုက်တော့ မင်းညိုက

“နိုးသွားပြီလား အတော်ပဲ ပိုက်ဆံ သုံးထောင်လောက်ပေးလိုက်ဦး ငါ ဒီနေ ငွေလိုတယ်“

သူ ကုတင်ပေါ်ကဆင်းပြီး ခြေဆန့်လက်ဆန့်လုပ်နေလိုက်သေးတယ်။ ဒါကို မင်းညိုက စိတ်ရှည်ပုံမရဘူး။

“လုပ်ကွာ။ ကြာတယ် ။ ခဏနေ ဖိုးဝှီးထွက်လာတော့မှာ။“

“ဘာလဲ မင်းကောင်မလေး မြစ်ကြီးနားက ပြန်ရောက်နေပြီမလား“

“သိပ်သေချာတာပေါ့“

သူ ပိုက်ဆံသုံးထောင် ထုတ်ပေးလိုက်တော့ အောစတားဖိနပ်ကို ကောက်စွပ်ပြီး ကော့နေအောင် ထွက်သွားတယ်။ မှန်တင်ခုံပေါ်မှာတော့ မင်းညိုဖွခဲ့တဲ့ ဂျယ်ဗူးတွေ၊ ခရင်မ်တွေက ဗလပွ။ မှန်ထဲကိုကြည့်လိုက်တော့ သူ့ မျက်နှာဟာ ပုပ်သိုးညိုမည်းလို့။

အခန်း(၃)

ညဆယ့်တစ်နာရီတိတိရှိနေပြီ။ ကွန်ပျူတာ ဂိမ်းဆော့နေရင်းက စိတ်က တခြားကိုလွှင့်လွှင့်နေတယ်။ အာရုံတွေ စုစည်းမရတော့ ဂိမ်းက ခဏခဏ ဂိမ်းအိုဗာဖြစ်ဖြစ်နေတယ်။ စီးကရက်ကို နှစ်ဖွာလောက်ရှိုက်ရှူပြီး ပြန်ချ။ ကော်ဖီကိုထပ်ဖျော်ပြီး ခပ်မြင်းမြင်းလေးထိုင်သောက်ကြည့်တယ်။ ပြီးတော့ ထိုင်လိုက်ထလိုက်။ စိတ်တွေ ဂနာမငြိမ်ဖြစ်နေတာ ညနေကတည်းက။ မင်းညိုဘာ လုပ်နေသလဲ။ ဘာတွေများပြောနေတာမို့လို့ အချိန်တွေ သည်လောက်ကြာနေရတာလဲ။ မရိုးမရွစိတ်တွေနဲ့ သူ နေမထိ ထိုင်မသာဖြစ်နေတယ်။

သူ့စိတ်ထဲမှာ စိုးရိမ်စိတ်နဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ဝင်လာတယ်။

“ညဆယ့်တစ်နာရီ နောက်ဆုံး၊ ကျော်လွန်ပါက အလုပ်မှ ထုတ်ပယ်သည်အထိ အရေးယူမည်။ “

ပြင်ပ ထွက်ခွင့်လက်မှတ်မှာ အတိအလင်းရေးထားတာ။ မင်းညိုကိုတာ အလုပ်ထုတ်ပစ်ရင်ဆိုတဲ့အတွေးဟာ ရင်ဝကို မီးတိုက်ပြီးရှို့နေသလို ခံစားနေရတယ်။

မီးကင်းက သံချောင်းခေါက်သံ ဆယ်နှစ်ချက်ကိုကြားလိုက်ရတော့ သူဝုန်းခနဲ ထရပ်လိုက်တယ်။ အကျီလက်ရှည်တစ်ထည်ကိုထပ်ဝတ်ပြီး ပွိုင်ဖိနပ်ကိုကောက်စွပ်တယ်။ လက်နှိပ်ဓါတ်မီးကိုယူပြီး အခန်းထဲက ထွက်ခဲ့တော့ ပြင်ပလေတွေက သူကို အေးစက်စက်နဲ့ကြိုတယ်။

သူ့ခြေလှမ်းတွေ ခါတိုင်းထက် သွက်လက်နေတယ်။ မြေနီလမ်းကွေ့ကွေ့ကောက်ကောက်တွေကို ဘယ်လိုလျှောက်လာခဲ့သလဲ၊ တောင်ကုန်းတွေကိုဘယ်လိုကျော်၊ ဘယ်လိုဆင်းလာခဲ့သလဲဆိုတာ မသိလိုက်ခင်းမှာ ရှေ့မှာ ရွာကိုမြင်နေရပြီ။

ရွာထဲကိုဝင်တော့ တစ်ချို့ ဘိလိယက်ခုံတွေ ဝေးဝေးဝါးဝါးရှိတုန်း။ တစ်ချို့ လောင်းကစားဝိုင်းတွေ ဆူတုန်း ညံတုန်း။ လက်ဘက်ရည်ဆိုင်တစ်ချို့ကတော့ ပိတ်နေပြီ။

သူ့ခြေလှမ်းတွေကို တုန့်ခနဲ့ရပ်လိုက်တော့ မင်းညိုက ကောင်မလေးနဲ့ စကားတွေကောင်းနေတုန်း။ သူ အဲဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ဒေါသတွေ ဆူဝေလာတယ်။ မင်းညိုရဲ့ ပခုံးကို ပုတ်လိုက်တယ်။ပြီးတော့

“ဘာဖြစ်လို့အဲလောက်ကြာနေတာလဲ မင်းညို“

“ဟာ သီဟ လာထိုင် ၊ ဘာသောက်မလဲ၊ ဘာစားမလဲ။ ဖြူ ကို့သူငယ်ချင်းအတွက် တစ်ခုခုလုပ်ပါဦး“

“ဘာမှလုပ်စရာမလိုဘူး မင်းညို အခု ငါလာတာ မင်းကိုလာခေါ်တာ“

သူ စကားသံတွေ မာသွားသလား။ ဒါမှ မဟုတ်ရှင်းလွန်းသွားသလားမသိဘူး။ မင်းညို ဆပ်ခနဲဖြစ်သွားတယ်။

“ဘယ်အချိန်ရှိသေးလို့လဲ ကွ။ ပြန်လာမှပေါ့ မင်းကိုက လျှာရှည်ပြီးလိုက်လာတာ“

ထောင်းခနဲဖြစ်သွားတဲ့ စိတ်တွေကို ပြန်ချုပ်တည်းလိုက်ရတယ်။ ရင်ဝကို မီးစနဲ့ထိုးစိုက်လိုက်သလိုမျိုး ပူလောင်ပြင်းရှလို့နေတယ်။

“ဆယ့်နှစ်နာရီကျော်နေပြီ မင်းညို။ ဆယ့်တစ်နာရီကျော်ရင် ကုမ္ပဏီမှာ ဘာဖြစ်နိုင်သလဲဆိုတာ မင်းသိရင်တောင် မသိသေးတဲ့ မင်းကောင်မလေးကိုပြောလိုက်ပါဦး။ ငါတို့က ဝန်ထမ်းတွေလို့“

စကားဆုံးတာနဲ့ သူ ချာခနဲ လှည့်ထွက်လာမိတယ်။ ဒါပဲ။ စေတနာတွေ  ပြာဖြစ်သွားတာ။ အမှုန့်ဖြစ်သွားတာ။

အခန်း(၄)

“ကိုသီဟ ကိုမင်းညိုကို ချစ်သူလမ်းကြားထဲမှာတွေ့ခဲ့တယ်“

သူ့ကို လာပြောတဲ့ ကျောက်ရှာဝန်ထမ်းလေးကို သူ ဘာမှပြန်မပြောလိုက်မိဘူး။ မင်းညိုနဲ့ သူ စကားမပြောတာ တစ်ပတ်ရှိသွားပြီ။ ပြီးခဲ့တဲ့ တစ်ပတ်က ကိစ္စကို မင်းညိုက အခဲမကျေဖြစ်နေတယ်။ သူကရော..။ မင်းညို မှိုင်းမိနေတာ သေချာတယ်။ မိန်းမတစ်ယောက်ရဲ့ မာယာကျော့ကွင်းတစ်ခုထဲမှာ ရုန်းမရတော့တာ။ ဒါမှမဟုတ် မရုန်းထွက်ချင်တော့တာ။

တစ်ခန်းထဲအတူနေ သူငယ်ချင်းနှစ်ယောက် စကားမပြောကြတာ တစ်ခုခုလိုနေသလိုပဲ။ ခု မင်းညို ဘာတွေလျှောက်လုပ်နေပါသလဲ။ မင်းညိုက လက်တည့်စမ်းချင်တဲ့အကောင်။ ညဘက် သူအိပ်နေပြီအထင်နဲ့ ကွန်ပျူတာနဲ့ ညစ်ညမ်းကားတွေ ကြည့်ကြည့်နေတာ သူသိတယ်။

ပြီးတော့ ယောကျာ်းတစ်ယောက်အတွက် စိတ်ဆန          ္ဒဖြေဖျောက်မှုတွေကို မရှက်မကြောက် သန်းခေါင် သန်းလွဲ လုပ်နေတတ်တယ်။ ယိုသူမရှက် မြင်သူရှက်ဆိုသလို သူက မသိချင်ယောင်ပါ ဆောင်ပေးနေရတယ်။ ခု ချစ်သူလမ်းကြားမှာ တွေ့ခဲ့သတဲ့။

ထားတော့။ သူစိတ်မပူဘူးလား။ ထားတော့။ သူပြောခဲ့ပြီးပြီ။ ဆိုခဲ့ပြီးပြီ။ ခဏတာ ဖြစ်ပေါ်တဲ့ စိတ်ဆန္ဒတွေကို တစ်ဘဝလုံးနဲ့တော့ မလဲလိုက်နဲ့လို့။ မတော်တဆဆိုတာ ချိုမပါဘူး။ ခတ်ချင်သလို ခတ်ပြီး ထိချင်တဲ့နေရာ ထိတယ်။ ပြဲချင်တဲ့နေရာပြဲတယ်။

သူ ပြောခဲ့ဖူးတဲ့ စကားအချို့အချို့ကို မင်းညို မေ့သွားပြီထင်တယ်။ သူငယ်ချင်းဆိုတဲ့ စည်းတစ်ခုကို သူကဖောက်ဖျက်ကျူးကျော်မိခဲ့တယ်ဆိုရင် စည်းဝိုင်းထဲမှာ မကောင်းမှုတွေ ပြည့်နေလို့ပဲ ဖြစ်ပါလိမ့်မယ်။

အခန်း(၅)

မုတ်ဆိတ်ရိတ်နှစ်ထပ်ဓါးကိုကိုင်ပြီး ဖြည်းဖြည်းချင်း နုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးရိတ်နေတဲ့ မင်းညိုကို သူမပြောမဖြစ်ပြောလိုက်တယ်။

“နက်ဖြန် ကုမ္ပဏီက ဝန်ထမ်းတွေ အကုန်အပြင်မထွက်ဖို့ အထက်က ကြေငြာစာထုတ်ထားတယ် မင်းညို“

“အဲဒါ ငါ သွားဖတ်ရမှာလား“

“ငါ့ကို ဘုမတောနဲ့၊ ကုမ္ပဏီတစ်ခုလုံး ဆေးစစ်ရမတဲ့။ “

“ဘာ“

“မင်းနားမလေးဘူးဆိုတာ ငါသိထားတယ်။“

“သောက်ရေးထဲ လာပြီသေချာနေသေးတယ်။ ဘာရောဂါတွေ စစ်မှာလဲ။“

“အသည်းရောင် အသားဝါ ဘီ၊ စီ၊ တီဗီ၊ ကာလသားရောဂါ၊ နောက်တစ်ခုက ခုခံအားကျဆင်းတဲ့ရောဂါ၊ ဘာလဲ ကြောက်နေတာလား“

“ဘာလို့ကြောက်ရမှာလဲ အနေသာကြီးပါကွာ။ စနစ်တကျ ဆက်ဆံတတ်ရင်ဘာမှမဖြစ်ဘူး“

“သေချာလို့လား။ စနစ်တကျဆိုတာ ဘာကိုပြောတာလဲ“

သူမေးခွန်းထုတ်တော့ မင်းညိုကြောင်သွားတယ်။ ပြီးမှ

“ရောဂါမကူးစက်အောင် အဖော်သုံးတာကိုပြောတာ“

သူ ရယ်လိုက်တယ်။ ဟက်ဟက်ပက်ပက်ကိုရယ်လိုက်တယ်။ ပြီးတော့-

“မင်းပြောတဲ့ အဖော်(ကွန်ဒုံး)ဆိုတာ ဆန္ဒနဲ့ယှဉ်ရင် နောက်ဆုံးမှာ ရောက်ရောက်သွားတတ်တာ မင်းမသိဘူးလား။“

မင်းညို သူ့ကို ဘာမှပြန်မပြောတော့ဘူး။ မှန်ကိုကြည့်ပြီး ပြောင်ရှင်းနေတဲ့ မေးစေ့ကို သပ်နေတယ်။ စားပွဲ အံဆွဲထဲက ဟန်ဇာပလပ်(ပ်)တစ်ခုကိုယူပြီး သွေးစို့နေတဲ့ မေးစေ့အလယ့်တည့်တည့်ကို ကပ်တယ်။

သူ ရေချိုးခွက်ကို.ယူပြီး အခန်းအပြင်ဘက်ကိုထွက်လာတော့ အပြင်ဘက်မိုးသားကောင်းကင်ကြီးတစ်ခုလုံး မည်းမည်းကျုတ်လို့။ မကြာခင် မိုးရွာတော့မှာပဲကိုး။

အခန်း(၆)

ကုမ္ပဏီမှာ ဆေးစစ်ချက်တွေ ထွက်လာတော့ ဝန်ထမ်းတော်တော်များများ အလုပ်က အထုတ်ခံရတယ်။ တစ်ချို့က ကိုယ်တိုင် ထွက်စာတင်ကြတယ်။ ဆေးစစ်ချက် အဖြေတွေက ဖားကန့်လို့ မှော်ဒေသမှာတော့ ထူးထူးဆန်းဆန်းရယ်လို့မဟုတ်တော့တဲ့ ရောဂါတွေဖြစ်နေတာများတယ်။ တစ်ချို့က အသည်းရောင်အသားဝါ ဘီ၊ စီ၊ တစ်ချို့ တီဗီ….။ တစ်ချို့ကတော့ ခုခံအားကျဆင်းတဲ့ရောဂါ။

“ဖ“လေးလုံးမကင်းတဲ့ ယာဉ်၊ စက်ဝန်ထမ်းတွေ အေ့စ်နဲ့ ထွက်ရတယ်။ မန်နေဂျာခမျာမှာ ရှေ့မျက်နှာနောက်ထားပြီး ခေါ်ခေါ်ပြောရတာလဲ မျက်နှာပူနေရပြန်တယ်။ တစ်ချို့က လုပ်ရည်ကိုင်ရည်ရှိတဲ့ ဝန်ထမ်းကောင်းတွေ၊ တစ်ချို့ကတော့ ပေရာလကန်သမားတွေ။

ဆေးစစ်ချက်အဖြေတွေကို မင်းညိုနဲ့ သူကိုယ်တိုင် ဖားကန့်မြို့ပေါ်က ပုဂ္ဂလိက ဆေးခန်းကြီးတစ်ခုမှာ သွားယူရတယ်။ ပြီးတော့ ဝန်ထမ်းတစ်ဦးချင်းတစ်ယောက်ချင်းဆီရဲ့ ဆေးစစ်ချက်အဖြေကို မန်နေဂျာက ဖောက်ဖတ်တယ်။ နောက်တစ်နေ့မှာတော့ ပြန်ပိတ်ထားတဲ့ ဆေးစစ်ချက်တွေကို ဝန်ထမ်းတွေကိုယ်တိုင် ဖတ်ခွင့်ရတယ်။ နောက် ကံစီမံရာပေါ့။ သူနဲ့မင်းညိုရဲ့ ဆေးစစ်ချက်ကိုတော့ မန်နေဂျာက ထူးဆန်းစွာပဲ မပေးသေးဘူး။

မင်းညိုက

“သီဟ ဂျာကြီးက တို့ ဆေးစစ်ချက်ကို ဘာလို့မပေးတာလဲ“

“ဘာမှမဖြစ်လို့နေမှာပေါ့။ ငါတို့နှစ်ယောက်က ရုံးပိုင်းမို့လို့လဲ မပေးသေးတာနေမှာ။ “

“ရုံးအကူတွေကျတော့ပေးတယ်ကွ“

“မင်းတို့ငါတို့က ရုံးအကူမှမဟုတ်ပဲ။ “

ဆေးစစ်ချက်အဖြေတွေထွက်ပြီး တစ်ပတ်ခန့်မှာ မင်းညိုနဲ့ သူနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာ မန်နေဂျာက ခေါ်တွေ့တယ်။ ဆေးစစ်ချက် အဖြေစာအိတ်ကလေးတွေကိုဖောက်ပြီး  သူဖတ်လိုက်တော့။

“ဟာ“

မယုံကြည့်ခြင်းများစွာနဲ့ ဦးခေါင်းတွေချာချာလည်သွားခဲ့တယ်။ ပြီးတော့ ကျဆုံးသွားသော အကျင့်သိက္ခာများ။

အဆုံး

          မိုးသားတိမ်လိပ်တွေကိုကြည့်ပြီး မျက်ရည်တွေ စို့တက်လာပြန်တယ်။ မျက်ဝန်းအိမ်က ညိုမည်းပြီး ဟောက်ပက်ဖြစ်နေပြီ။ ပိန်လီသေးကွေးနေတဲ့ လက်နှစ်ဖက်က ဝရံတာကို ကိုင်ထားတာ ကျစ်ကျစ်ကိုပါလို့။ အနောက်ဘက် တောင်တန်းကြီးများနောက်ကွယ်ကို နေလုံးကြီး တရွေ့ရွေ့ဝင်သွားတော့မယ်။ သူ့ဘဝလည်း သည်လိုပဲ နိဂုံးချုပ်ရတော့မယ်။

မင်းညို…..။ မင်းရှိနေသေးလား။ နှစ်ကိုယ့်တစ်စိတ်နေခဲ့ရတာကို ကျေနပ်တဲ့ ငါလေ။ အသုံးအဆောင်ပစ္စည်းတွေကို  မင်းဖို့ ငါဖို့ ခွဲမသုံးခဲ့မိဘူး။ မင်းမေးတတ်တဲ့ စိတ်မသန့်လို့လားဆိုတဲ့ စကားကို ငါက အတူတူမျှဝေသုံးစွဲရင်း မေ့ဖျောက်ပစ်ခဲ့တာလေ။

မတော်တဆဆိုတာ အကြွေစေ့လေးတစ်စေ့လို ခေါင်းနဲ့ပန်း ကျောချင်းကပ်နေတာ ငါမေ့သွားတယ်။

မင်းညို….မင်းရှိနေသေးလား။

ချိုမပါတဲ့ နွားဆိုပြီး မင်းအထင်သေးခဲ့သလို…ချိုကိုမမြင်ရက်နဲ့ နွားလို့မှန်းလဲ သိပါရက်။ ငါ ဘာကြောင့်များ သတိလက်လွှတ်ငေးနေမိပါလိမ့်။ ခု မိုးသားတွေ မည်းနေပြီ။ မင်းမျက်ရည်တွေ ကျဖို့ မိုးရေစက်တွေက ကူညီပေးလိမ့်မယ်။

မင်းညိုရေ သံယောဇဉ်ဆိုတာ ဘာလဲလို့ငါမေးရင် မင်းခုအဖြေကို ဖြေပြီးမှ လူ့လောကကြီးက ထွက်ခွာသွားပေးပါ…။ ဘာလို့လဲဆို အဓိပ္ပါယ်မသိတဲ့ အနက်ရောင် ငါ့ဘဝက ခုမှ အခန်းတစ် စချင်နေလို့လေ။

 

သော်ဇင်(လွိုင်ကော်)

Date-23th-jan-2013

Time-05;43PM

 

5 comments

  • မောင်ပေ

    January 24, 2013 at 11:31 am

    ကိုသော်ဇင်ရေ
    သီဟ က မင်းညို ဆီကနေ ရောဂါ ကူးသွားတာလားဗျ

  • Mon Kit

    January 24, 2013 at 12:48 pm

    ဒါလေးကလဲ ရသ တစ်မျိုးလေးပေါ့နော်……
    ပေးချင်တဲ့ မက်ဆေ့ လေးလည်း စာဖတ်သူတွေကို ထိရောက်အောင် ပေးထားတယ်…..
    ကိုယ်ကအမှား မလုပ်ခဲ့ပေမဲ့ သူငယ်ချင်းကို ခင်တွယ်၊ အားနာမှုတွေကြောင့် တစ်ဘဝလုံး အရှူံးနဲ့ ပေးဆပ်လိုက်ရတယ်…..
    သင်ခန်းစာ ယူသင့်ပါတယ်..

  • ရင် နင့် အောင်

    January 24, 2013 at 2:53 pm

    ဖြစ်ခဲပါတယ် တစ်ခုခု ထပ်မှား စရာ ရှိပါလိမ့်မယ်။

    ဓါးပေါ်မှာ ရောဂါပိုးဟာ ကြာကြာမနေနိုင်ပါဘူး။ ဓါး ခြောက်သွားတာနဲ့ လေထဲမှာ မိနစ်ပိုင်းအတွင်း ရောဂါပိုးဟာ သေသွားတယ်လို့ ဖတ်ဖူးတယ်။

    ဘယ်က ကူးလဲ ဆိုတာထက် ဒီဘက်ခေတ်မှာ ကိုယ်တိုင်က ဆင်ဆင်ခြင်ခြင်နေပြီး ဖြစ်လာတော့လည်း
    ကံတရားပဲလေ။

    ဖြစ်သင့်တာက ရောဂါကူးလာရင် ဘယ်လို ဆက်ပြီး ရပ်တည်မယ်၊ ပတ်ဝန်းကျင်က ဘယ်လို အမြင်နဲ့ နွေးထွေးစွာ ဆက်ဆံသင့်တယ် ဆိုတာလေး ထည့်ရေးပေးဖို့ ပိုလိုအပ်တယ်လို့ ထင်မိ။ ဒီခေတ် နယ်အချို့က လူတွေတောင် ရောဂါကူးပုံတော်တော်များများကို သိနှင့် သလောက် သိပြီးသားဟု ထင်မြင်ယူဆမိ။

  • လူကလေး

    February 8, 2013 at 11:48 am

    ဖတ်လို့ကောင်းလိုက်တာဗျာ ..
    တကယ်တော့ အဲလို အမြင်မှားတတ်တဲ့ကိစ္စလေးတွေကို ရှင်းပြချင်တာဗျ..
    ကျမ်းမာရေးအသိနဲ့ ပြောပြတာကို သူတို့ကရွံတယ်ထင်တယ်..
    ကိုယ်ဖြစ်ရင် ကိုယ်ခံ ဆိုတာကို လူတိုင်းလက်ခံနိုင်ပေမယ့်.. သူများ ဖြစ်တာကို ကိုယ်ကပါခံရရင် ဘဝတစ်ခုလုံးပေးလိုက်ရတဲ့ကိစ္စမျိုးနဲ့ဆို သေပြီဆရာ..တစ်ကိုယ်ကောင်းဆန်ဖို့ပြောတာမဟုတ်ပါဘူး.. သီဟ အဖြစ်က နမူနာပေါ့ ဗျာ…

    မင်းညိုလို …အမိုက်သမား .. ကိုယ်ကောင်းဖို့ပြောတာကို ပြောမှန်းမသိ.. ဆန္ဒကို ပဲဦးစားပေးတတ်တဲ့သူမျိုး….
    သီဟ လို .. ဗဟုသုတတွေ ရှိနေပါရဲ့နဲ့.. နည်းလမ်းတွေသိနေပါရဲ့နဲ့ .. ခင်မင်မှုကို မှားယွင်းစွာ သက်သေပြမိခဲ့တဲ့ သူလိုမျိုး..
    နှစ်ယောက် စလုံးလိုမျိုး .. မဖြစ်ချင်ပါ..

  • Mr. MarGa

    February 8, 2013 at 9:37 pm

    ခင်မင်မှုရဲ့ အကျိုးဆက်လို့ ပြောရမယ်ထင်တယ်
    အဲဒီအချိန်မှာ ဗဟုသုတတွေ နည်းလမ်းတွေက သူငယ်ချင်းဆိုတဲ့ အနောက်ကို ရောက်သွားတာကိုးဗျ
    အပေါင်းအသင်းက အတော်စကားပြောတယ်နော်

Leave a Reply